Subscribe:

အလွမ်းရောင်ပြဇာတ်

အလွမ်းတွေက

ငါ့ကောင်းကင်တခုလုံး မှိုင်းညို့ပြာလွင်

ဗုံသံမပါပဲ ကကြိုးဆင်ခဲ့တယ်

မိကြယ်ဖြူရေ....

ညတွေနက်နက်လာတိုင်း

နင့်အရိပ်တခြမ်း

ငါ ...မမှီမကမ်းလွမ်းတယ်

လက်တဆန့်စာ ဝေးသွားရုံလေးပါပဲ

ငါမက်တဲ့ အိပ်မက်တွေက နင်ဖြစ်နေတာတော့

ခပ်တိုးတိုး ရှိုက်တဲ့ ဂစ်တာသံတွေတောင်........ဆွေးတယ်

လွတ်ကျသွားတဲ့ သတိရစိတ်တွေတိုင်းက

ငါ့ကို ရင့်ရော်သွားစေတယ်

မိကြယ်ဖြူရေ...

တခါတခါ ဖူးပွင့်လာတဲ့ ရနံ့တွေမှာ

သနပ်ခါးရနံ့လေးတွေ ကပ်ညှိပါနေတုန်းပဲ ကွဲ့

တခါတခါ ပြိုကျလာတဲ့ မိုးတိမ်တွေမှာ

နင့်အရိပ်တွေ ကပ်ညှိပါနေတုန်းပဲ ကွဲ့

တခါတခါ တီးခတ်မိတဲ့ ငါ့ဂစ်တာမှာ

နင့်သံစဉ်တွေ ကပ်ညှိပါနေတုန်းပဲ ကွဲ့

တခါတခါ ရေးသားမိတဲ့ ငါ့ကဗျာတွေမှာ

နင့်ကာရံတွေ ကပ်ညှိပါနေတုန်းပဲ ကွဲ့

မိကြယ်ဖြူရေ...

ငါတို့လက်တွေ ပြန်မဆက်နိုင်သေးတော့လဲ

မိုးတခြမ်း လေတခြမ်းနဲ့

( ငါနင့်ကို..)

သည်းသည်းမဲမဲ လွမ်းတယ်....။

0 comments:

Post a Comment