Subscribe:
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

ပုံပြင်များနှင့် ကခုန်ခြင်း ( ၂ )



ခင်ဗျားတို့ ကျွန်တော်တို့အားလုံးဟာတချိန်တုန်းက ငယ်ငယ်လေးတွေ မဟုတ်ကြပါလားဗျာ ။း)
သိပ်ဟုတ်တာပေါ့ဗျာ ။ ကျွန်တော်တို့အားလုံးဟာ တစ်ချိန်တွေတုန်းက ငယ်ငယ်လေးတွေပါ ။
အရွယ်ငယ်ငယ် ဗဟုသုတငယ်ငယ် ဦးနှောက်ငယ်ငယ်နဲ့ အတွေးအခေါ်ခပ်ငယ်ငယ်လေးတွေကို ကျွန်တော်တို့
အပိုင်ရခဲ့ကြတယ် ။ ခြွင်းချက်တစ်ယောက်တစ်လေကလွဲရင် အများစုဟာ ကလေးဘ၀ ကလေးလိုသာတွေး
ကလေးလိုသာ သင်ယူခဲ့ကြရမှာပါပဲ ။ ကျွန်တော့ရဲ့ ပုံပြင်များနဲ့ကခုန်ခြင်း ( ၁ ) မှာ
ကုဋေရှစ်ဆယ်သူဌေးသားလေးအကြောင်းပြောခဲ့တယ် ။ စာရေးသူက ပညာမတတ်တဲ့အခါ ခံစားရနိုင်တာတွေကို
သင်ခန်းစာပေးခဲ့ပါတယ် ။ ကျွန်တော်က ကုဋေရှစ်ဆယ်သူဌေးသားကိုမကြည့်ပဲ စာရေးသူကိုကြည့်ပြီး
ကိုယ်ဖြစ်ချင်တာတစ်ခုထဲ ရှေ့တန်းတင်လွန်းတဲ့အခါ အခြားဖြစ်နိုင်ခြေရှုထောင့်တွေကို မေ့လျော့သွားတတ်ကြောင်း
သင်ခန်းစာရယူခဲ့ပါတယ် ။ ထားပါ ။ ဒါက အပိုင်းတစ်မှာ ပြီးခဲ့ပြီးသား ။ အခုက ဒုတိယတပုဒ် ။
ပုံပြင်များနဲ့ကခုန်ခြင်း ( ၂ ) ။ ဒီတစ်ခါလဲ ကျွန်တော်ပုံပြင်လေးတစ်ပုဒ်ကို ခွဲစိတ်ကြည့်မိတယ် ။ ပုံပြင်လေးက
ခင်ဗျားတို့ကြားဖူးပြီးသားဖြစ်နေမှာပါ ။ မှတ်မိဦးမယ်ထင်တယ် ။ ရွှေဥ ဥတဲ့ငန်းကို ဗိုက်ခွဲတဲ့ပုံပြင် ။ သိကြမယ်ထင်တယ် ။
ဒီပုံပြင်လေးကို ခွဲစိတ်ကြည့်မိတယ် ။
        ပုံပြင်လေးရဲ့ဆိုလိုရင်းကို ပြန်ပြောပြရမယ်ဆိုရင်တော့ဖြင့် . . . .
တစ်ခါတုန်းက ရွာကြီးတစ်ရွာမှာ လူတစ်ယောက်ဟာ ငန်းလေးတစ်ကောင်မွေးထားပါသတဲ့ ။ အဲ့ဒီငန်းလေးဟာ
အရွယ်ရောက်လာပြီး ဥ ဥပါသတဲ့ ။ ငန်းပဲ ဥ ဥတာဆန်းသလားဆိုတော့ ငန်းက ငန်းဥ ဥရင်တော့မဆန်းဘူးပေါ့ဗျာ ။
ဒါပေမဲ့ အဲ့ဒီငန်းလေးဥတဲ့ ဥဟာ ရွှေဥတွေဖြစ်ပါသတဲ့ ။ Narrator ဟာ ပုံပြင်လေးကို အဲ့ဒီလိုဖရိမ်ချလိုက်ပါတယ် ။
ပြီးတော့ အရှိန်တင်လိုက်တယ် ။ ငန်းလေးဟာ ရွှေဥတွေ ဥတာဆိုပေမဲ့ တနေ့ကိုမှ ရွှေဥ တစ်လုံးပဲ ဥပါသတဲ့ ။
အဲ့ဒီငန်းပိုင်ရှင်ကလဲ ရွှေဥ တနေ့တစ်လုံးရောင်းပြီး စားသောက်နေထိုင်သတဲ့ ။ ဒါပေမဲ့ သူ့စိတ်ထဲမှာ မရောင့်ရဲနိုင်
ဖြစ်လာပါသတဲ့ ။ တနေ့ကိုရွှေဥတစ်လုံးဥတဲ့ ငန်းဗိုက်ထဲမှာ ရွှေဥတွေအများကြီးရှိကောင်းရှိနိုင်မယ်လို့ သူထင်မိတယ် ။
ဒါကြောင့် ငန်းကို ဗိုက်ခွဲကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့ ။ ဒီလိုနဲ့ နေသာလေသာတဲ့တနေ့မှာ လက်ထပ်မည် ( အဲ့လေ )
နေသာလေသာတဲ့တနေ့မှာ ငန်းဗိုက်ကို သူခွဲကြည့်လိုက်ပါတယ် ။ အဲ့ဒီမှာ . . . . .
ရွှေဥနဲ့တူတာဆိုလို့ လေဥတောင် မတွေ့ပါဘူးတဲ့ကွယ် ။ ငန်းလဲ သေပါလေရော တဲ့ ။ Narrator က ပုံပြင်လေးကို
အဲ့လိုအဆုံးသတ်လိုက်ပါတယ် ။ ပြီးတော့မှ သူ Highlight လုပ်ပြချင်တဲ့ အရာကို သင်ခန်းစာအနေနဲ့ ချပြလိုက်ပါတယ် ။
တစ်နေ့ကို ရွှေဥတစ်လုံး ရတာကို မတင်းတိမ်နိုင်ပဲ လောဘကြီးတဲ့အတွက် ငန်းသေသွားခဲ့ရတယ် ။ နေ့စဉ်ရနေကျ
ရွှေဥတွေလဲ မရတော့ဘူး ။ ဒါကြောင့် အလိုကြီးရင် အရနည်းတတ်ပါတယ် မောင်ညီမလေးတို့ရေ . . .  ဆိုပြီး
ပုံပြင်လေးကို အဆုံးသတ်သွားခဲ့ပါတယ် ။ သူပေးတဲ့သင်ခန်းစာလေးဟာလဲ အင်မတန်ကောင်းမွန်ပြီး တင်ပြပုံလဲ
အလွန်လှပါတယ် ။ ဒါပေသိ . . . .
        ကျွန်တော်အဲ့ဒီပုံပြင်လေးကို ငယ်ဘ၀က ဖတ်ခဲ့ရတုန်းကတော့ သိပ်ပြီးတွေးမိတယ်မရှိပါဘူး ။ အခုအရွယ်ဖတ်မိတော့
ပုံပြင်ဆုံးသွားတာနဲ့ အတွေးဟာမဆုံးနိုင် အစရှည်နေခဲ့ပါတယ် ။ အဲ့ဒီအတွေးလေးက ပုံပြင်များနဲ့ ကခုန်ခြင်း ( ၂ )
ဖြစ်လာပါတော့တယ် ။ ကဲ . . . စကြမယ်ဗျို့ ။ စစချင်း မေးခွန်းလေးတစ်ချို့ပြန်မေးကြည့်ချင်ပါတယ် ။
  1.        ကျွန်တော်တို့လူသားတွေဟာ တင်းတိမ်ရောင့်ရဲခြင်းနဲ့ ကျေနပ်နိုင်တဲ့သတ္တ၀ါမျိုးတွေဖြစ်ပါသလား ။  ဒါမှမဟုတ်
  2.        အသစ်အသစ်တွေကိုဆာလောင်နေပြီး အမြဲတစေ ကြံစည်အားထုတ်နေတဲ့သတ္တ၀ါတွေဖြစ်ပါသလား ။
ဒုတိယမေးခွန်းရဲ့အဖြေဟာ ကျွန်တော်တို့ရဲ့လက်ရှိဘ၀ဖြစ်ပါလိမ့်မယ် ။ ကျွန်တော်တို့တွေဟာ အရာရာဆီမှာ
အားသွန်ခွန်စိုက် ဆာလောင်တတ်ခဲ့ကြတယ် ။ ပုံပြောသူရဲ့ အဆိုအရဆိုရင် လောဘကြီးတတ်ခဲ့ကြပါတယ် ။
အဲ့ဒီလောဘတရားကြောင့်ပဲ ကမ္ဘာဦးအစတုန်းက တုတ်ချောင်းလေးတစ်ချောင်းကို ကိုင်တွယ်ဖို့ ကိုင်တွယ်ခြင်းဆိုတာကို
ပင်ပန်းကြီးစွာအားထုတ်ခဲ့ရတဲ့ လက်တွေဟာ ဒီနေ့မှာ အာကာသသွား လွန်းပြန်ယာဉ်များကိုတောင်
တည်ဆောက်နေတတ်ခဲ့ပါပြီ ။ နေပူဒါဏ်ခံဖို့ အရေပြားသာရှိတဲ့ဘ၀ကနေ ဒီနေ့ခေတ် တန်ဖိုးကြီးအ၀တ်အထည်တွေအထိ
ထုတ်လုပ်ခဲ့နိုင်ပါပြီ ။ လိုအပ်ခြင်းဟာ တီထွင်ခြင်းရဲ့ မိခင်မဟုတ်ပါလားဗျာ ။ ဒါကြောင့် ပုံပြင်လေးဆီ ပြန်သွားရရင်
ငန်းပိုင်ရှင်ဟာ သူ့ဆီ တတောက်တောက်ကျနေတဲ့ရေစက်လေးတွေနဲ့ အာသာမပြေနိုင်လို့  ရေတံခွန်ကိုရှာမိခဲ့သူ
တစ်ယောက်အဖြစ်ကျွန်တော် မြင်မိတယ် ။ သူ့ရဲ့ လောဘဟာ သူ့ရဲ့လူသားဆန်မှုကို အကြွင်းမဲ့ဖော်ပြလိုက်ခြင်းပါပဲ ။
သူလဲ လူတွေထဲက လူတစ်ယောက်ပါပဲလေ ။ သူ့မှာ မျှော်လင့်ချက်တစ်ခု ပေါက်ဖွားခဲ့တယ် ။ ဘာလဲဆိုတော့
ငန်းဗိုက်ထဲမှာသာ ရွှေဥတွေအများကြီး ရှိနေခဲ့ရင် . . . . .
သူ တွေးခဲ့တယ် ။ သူတက်မက်ခဲ့တယ် ။ နောက်ဆုံး သူ ဆုံးဖြတ်ချက် ချခဲ့တယ် ။ အဲ့ဒီဆုံးဖြတ်ချက်ဟာလဲ
သူ့ကို ချီးကျုးချင်စရာကောင်းသွားစေတယ် ။ ငန်းဗိုက်ကိုခွဲရင် ငန်းသေသွားနိုင်တယ်ဆိုတာတော့ သူသိမှာပါ ။
ဒါပေမဲ့ . . .သူစွန့်စားခဲ့တယ် ။ Risk ယူခဲ့တယ် ။ ဆုံးရှုံးလာနိုင်ခြေတွေကို သူမေ့ပစ်ထားနိုင်ခဲ့တယ် ။
သူ့ရဲ့ ဆုံးဖြတ်ချက်ကို သူအကောင်အထည်ဖော်ခဲ့တယ် ။ ဒါဟာ သာမန်လူတစ်ယောက်မလုပ်နိုင်တဲ့ အရာပါပဲ ။
အကယ်၍များ သူမျှော်လင့်ထားခဲ့သလို ရွှေဥတွေရှိနေခဲ့ရင် သူ့ရဲ့ပြောင်းလဲသွားနိုင်မှုဟာ အများကြီးမြင့်သွားမှာပါပဲ ။
မိုးရွာတာကိုစောင့်ပြီး စပါးတွေရှင်လာတာကိုစောင့်နေမလား ။ ကိုယ်တိုင်ရေထလောင်းပြီး မြန်မြန်စပါးရိတ်နိုင်အောင်
လုပ်မလား ။ ထမင်းမြန်မြန်ဖြစ်ဖို့ဆိုရင်တော့ မိုးကိုမျှော်နေရုံနဲ့ မရပါဘူး ။ ရေလောင်းရပါမယ် ။
         အရာရာမှာ မျက်နာပြင်ဟာ သုံးဖက်ဆီရှိနေပါတယ် ။ ကောင်းတဲ့ဘက် ။ ဆိုးတဲ့ဘက် နဲ့ မူလဘက် ဆိုပြီးရှိနေတယ် ။
ကျွန်တော်တို့ဟာ မူလဘက်ကနေ စလိုက်တယ်ဆိုပါတော့ ။ ကောင်းတဲ့ဘက်ကိုရောက်သွားနိုင်တယ် ။
ဆိုးတဲ့ဘက်ကိုရောက်သွားနိုင်တယ် ။ မူလဘက်မှာလဲ ပြန်ရှိချင်ရှိနေနိုင်တယ် ။
  • ကောင်းတဲ့ဘက်ကို ရောက်သွားရင် အကျိုးရှိမယ်  ( မရှုံးဘူး )
  • မကောင်းတဲ့ဘက်ကိုရောက်သွားရင် နစ်နာမယ်   ( ရှုံးမယ် )
  • မူလဘက်မှာပြန်ရှိနေမယ်ဆိုရင် အရင်းပဲ     ( မရှုံးဘူး )
ဖြစ်စဉ်တိုင်းဟာ ဒီမျက်နှာပြင်သုံးခုကိုပဲ အခြေခံနေပါတယ် ။ ရှုံးမှာ တစ်ခု ။ မရှုံးမှာ နှစ်ခု ။
ရာခိုင်နှုန်းအရဆိုရင် ၆၆ / ၃၄ ။ ဒါကြောင့် ကျွန်တော်ဟာ ဒီပုံပြင်လေးကို ဖတ်ပြီးတဲ့အခါမှာ ပုံပြောသူပေးတဲ့
သင်ခန်းစာကို သိပ်အာရုံမကျတော့ပဲ ဒိပြင်သင်ခန်းစာတစ်ခုကို ပိုင်ပိုင်နိုင်နိုင်ကြီး ယူလိုက်မိပါတယ် ။ အဲ့ဒါကတော့
  • တစ်ခုခုကိုလိုချင်ရင် တစ်ခုခုကိုဆုံးရှုံးသွားနိုင်တယ် ။ ကိုယ့်ဘက်မှာ ခြောက်ဆယ့်ခြောက်ရာခိုင်နှုန်းရှိတယ် ။
  • ဖြစ်ချင်တဲ့ ဆုံးဖြတ်ချက်ကို ဖြစ်အောင်လုပ်ရမယ် ဆိုတဲ့အသိပါပဲ
   ပုံပြင်ထဲက ငန်းပိုင်ရှင်ကို အပြစ်ပြောချင်တာတစ်ခုတော့ ကျွန်တော့်မှာရှိပါတယ် ။ ဘာလဲဆိုတော့
သူဟာ Back Up Plan တစ်ခုခုကို ကြိုတင်မစီစဉ်ထားခဲ့ခြင်းပါပဲ ။ ဆိုကြပါစို့ . . .
ငန်းကိုဗိုက်ခွဲတော့မယ်ဆိုရင် မေ့ဆေးပေးဖို့ ၊ ရွှေဥတွေမရှိဘူးဆိုရင် အချိန်မှီပြန်ချုပ်ဖို့ သူဘာမှမပြင်ဆင်ထားခဲ့ဘူး ။
အဲ့ဒီတစ်ခုမှာလဲ သင်ခန်းစာနောက်တစ်ခု ထပ်ရလိုက်ပါတယ် ။
  • ဆုံးရှုံးနစ်နာနိုင်ခြေရှိတဲ့ ဆုံးဖြတ်ချက်တိုင်းမှာ Back Up Plan ရှိသင့်တယ် ဆိုတာပါပဲ
ဒါကြောင့် အဲ့ဒီပုံပြင်ထဲက ငန်းပိုင်ရှင်ဟာ ပုံပြောသူ စွပ်စွဲသလို လောဘကြီးလွန်းတဲ့သူတစ်ယောက်မဟုတ်ပါပဲ
ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရဲသူတစ်ယောက်သာဖြစ်ကြောင်း ကျွန်တော် ကောက်ချက်ချမိပါတော့တယ် ။
ကျွန်တော်သာဆိုရင် မေ့ဆေးပေးပြီးမှ ဗိုက်ခွဲကြည့်မှာဖြစ်တဲ့အကြောင်း ပြောရင်း ပုံပြင်များနှင့်ကခုန်ခြင်း ( ၂ ) ကို
အဆုံးသတ်လိုက်ပါတယ် ။

- မင်းလုလင် -

ပုံပြင်များနှင့် ကခုန်ခြင်း ( ၁ )



တခါတလေများ ပျင်းပျင်းရှိတဲ့အခါစာအုပ်အဟောင်းလေးတွေရှာကြံဖတ်ရတာဟာလဲ
အရသာတကယ်ရှိတဲ့အပျင်းဖြေနည်းတစ်မျိုးပါပဲ ။ အခြားသူတွေအဖို့ဘယ်လိုလဲမသိပေမဲ့
ကျွန်တော့်အတွက်ကတော့ အဲ့ဒီနည်းကအတော်ကြီးကို စိတ်အပန်းပြေစေပါတယ် ။
စာအုပ်တွေရှာဖတ်တယ်ဆိုတာတောင် စာအခန့် ( စာအုပ်ထူထူ အကြောင်းအရာထူထူ ) ကြီးတွေ
မဟုတ်ပဲ ပေါ့ပေါ့ပါးပါးစာအုပ်လေးတွေရှာဖတ်မိတယ် ။ စိတ်အညောင်းမိနေတဲ့အချိန်ဆို
စာအုပ်ထူထူ အကြောင်းအရာထူထူကြီးတွေကလဲ စိတ်ကိုပိုပိစေတတ်ပါတယ် ။ ဒါကြောင့်
ပေါ့ပေါ့ပါးပါး စာအုပ်လေးတွေပဲရှာဖတ်တယ် ။ ပေါ့ပေါ့ပါးပါးစာအုပ်ဆိုလို့ အဖုံးမပါတဲ့စာအုပ်တော့
မဟုတ်ဘူးပေါ့ဗျာ ။ အကြောင်းအရာပေါ့ပေါ့ပါးပါးလေးတွေပေါ့ ။
   စာတစ်အုပ်ဖြစ်လာဖို့ စာရေးသူတစ်ယောက်ဟာ သာမန်ထက်ပိုတွေးပြီးရေးရပါတယ် ။
ဒါကြောင့် သူတို့သူတို့အများကြီးတွေးပြီးရေးထားတဲ့ စာအုပ်တွေအများကြီးသာ စုံအောင်ဖတ်နေမယ်
ကိုယ်က ဘာမှမတွေးဘူးဆိုရင်တော့ သင်ဟာဗဟုသုတများတဲ့ လူညံ့တစ်ယောက်ပဲဖြစ်နေမှာပါ ။
သူတို့တွေအများကြီးတွေးပြီးရေးထားတဲ့ စာအုပ်နည်းနည်းဖတ် ကိုယ်တိုင်က များများလိုက်တွေးရင်တော့
သင်ဟာကိုယ့်အတွေးအခေါ်ကို ကိုယ်ပိုင်တည်ဆောက်သူဖြစ်လာမယ် လို့ ကျွန်တော်ခံယူထားတယ် ။
ဒါကြောင့် ကျွန်တော် တွေးခေါ်မှုတွေကို သဘောကျတတ်ခဲ့ပါတယ် ။
    အခုလဲ ငယ်ငယ်ကသင်ခဲ့ကြားခဲ့ ကျက်ခဲ့မှတ်ခဲ့ရတဲ့ကဗျာလေးတပုဒ် ပြန်ဖတ်မိပြီး ဆက်တွေးမိခဲ့တယ် ။
ပုံပြင်ဆန်ဆန် ကဗျာလေးတပုဒ်ပေါ့ ။ ဒီနေ့ခေတ်အထိ လူတွေပြောနေကျ နှိုင်းနေကြတုန်းပဲ ။
ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာတဲ့မိဘနှစ်ပါးရဲ့ တစ်ဦးတည်းသော သားလူမိုက်ကြီးအကြောင်းပေါ့ ။
ရှေးသရောခါ   ၊ ပြည်ဗာရာဝယ်  ၊ ကုဋေကြွယ်ထား ၊ သားတစ်ယောက်ဖြစ် ၊ ချစ်၍တစေ ၊ အိမ်မှာနေ၍
စာပေမတတ်  ၊ ဘာညာကွိကွက် အစချီတဲ့ ကဗျာလေး ။ ကျွန်တော်လဲ အလွတ်တော့မရတော့ပါဘူး ။
ဒါပေမဲ့ ကဗျာရဲ့ဆိုလိုရင်းကိုတော့ ပြက်ပြက်ထင်ထင်မှတ်မိနေတုန်းပဲ ။ ခင်ဗျားတို့ရော . . . .
မှတ်မိကြသေးလား ။ အရမ်းချမ်းသာတဲ့ မိသားစုမှာ လူလာဖြစ်တယ် ။ မိဘတွေက ချမ်းသာလွန်းတော့
သူတို့စည်းစိမ်တွေ တသက်စားမကုန်ဘူးလို့ထင်ခဲ့ကြပြီး သူတို့သားလေးကို အိမ်မှာပဲနေခိုင်းခဲ့တယ် ။
ကျောင်းမနေခိုင်းတော့ဘူး ။

                    ဒီလိုနဲ့ . . . . မိဘတွေ ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်ကုန်ကြတဲ့အခါ . . . . .

     ကလေးလေးဟာ လူကြီးလေးဖြစ်လာတယ် ။ အပေါင်းအသင်းတွေရှိလာတယ် ။ ဒီနေ့ခေတ်လိုပါပဲ ။
ပိုက်ဆံချမ်းသာတော့ အပေါင်းအသင်းတွေက ကပ်တယ် ။ ဒီကောင်လေးက ပညာမတတ်ခဲ့လေတော့
အပေါင်းအသင်းတွေပြောသမျှယုံတယ် ။ ဟိုကမြှောက် ဒီကပင့် နဲ့ ဟိုကတို ဒီကလျှို ဥစ္စာစည်းစိမ်တွေ
ကုန်ပါလေရောပေါ့ ။ အဲ့ဒီအခါ အထည်ကြီးပျက်ကလေးဟာ တောင်းရမ်းစားသောက်လေသတဲ့ ။
    သူတောင်းတဲ့အခါကျတော့ အပေါင်းအသင်းတွေ ပတ်ဝန်းကျင်တွေက သူ့ကိုပညာမတတ်တဲ့ငမိုက်သားပါဆိုပြီး
ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ကန်ကြောက် မြို့ကမောာင်းထုတ်လိုက်သတဲ့ ။ ဒီလိုနဲ့ ကောင်လေးဟာ
တောကိုထွက်သွားရ . . . ငတ်ပြတ်ပြီး ဇာတ်ပေါင်းတော့ ကောင်သေ ဠင်းတ ကျ၏တည်း ပေါ့ ။
   အကြောင်းအရာကောင်းကောင်း နဲ့ ကလေးလေးတွေစိတ်ဝင်စားအောင် ဖရိမ်ချထားတဲ့ အဲ့ဒီကဗျာလေးနဲ့
စာရေးသူဟာ ပညာမတတ်ခြင်းရဲ့ အပြစ်ကို Highlight လုပ်ပြခဲ့ပါတယ် ။ သူပြသွားတဲ့ သင်ခန်းစာလေးလဲ
အတော်ကောင်းပါတယ် ။ ဒါပေသိ . . . . .
   ဒီကဗျာကိုဖတ်ပြီး ကျွန်တော့စိတ်ထဲ အတွေးတွေတန်းစီဝင်လာခဲ့တယ် ။ အဲ့ဒီအတွေးတွေနောက်
တောက်လျှောက်လိုက်သွားမိတော့ စာရေးသူကိုပြန်မေးချင်စရာ မေးခွန်းတွေတန်းစီပြီးပေါ်လာခဲ့တယ် ။
အဲ့ဒီအတွေးတွေကပဲ ပုံပြင်များနှင့်ကခုန်ခြင်း ဖြစ်လာပါတော့တယ် ။ ကဲ . . . စရအောင်ဗျာ ။
  ကဗျာလေးကိုဖတ်ပြီး ကျွန်တော်ပထမဆုံးတွေးမိတာက ဒီကောင်လေးပညာမတတ်ရခြင်းရဲ့ ဇစ်မြစ်
ကလေးတစ်ယောက်ရဲ့ မွေးစဘ၀ကနေကျောင်းနေအရွယ်ရောက်သည်အထိ အဲ့ဒီကလေးဟာ
အုပ်ထိန်းသူအပေါ်မှာ ရာနှုန်းပြည့်နည်းပါးမှီတည်နေပါတယ် ။ အုပ်ထိန်းသူက အပူဆို သူပူရပါမယ် ။
အုပ်ထိန်းသူက အအေးဆို သူအေးရပါမယ် ။ ဒါကြောင့် ဒီကောင်လေးပညာမတတ်ရခြင်းရဲ့ ဇစ်မြစ်ကို
အစဆွဲထုတ်ကြည့်တဲ့အခါ သူ့ရဲ့ အုပ်ထိန်းသူတွေအပေါ်ရောက်သွားပါတယ် ။ မေးခွန်းရှိလာပါတယ် ။
   ဒီကောင်လေးပညာမတတ်ရခြင်းဟာ . . .
  1. သူ ကျောင်းမနေချင်ခဲ့တာလား
  2. မိဘတွေက ကျောင်းမထားခဲ့တာလား
    ဒီကောင်လေးပုံစံအခြေအနေအရ ( စာရေးသူအာဘော်အရဆိုရင် ) မိဘတွေကပဲ ကျောင်းမထားခဲ့တာ
ဖြစ်ပါတယ် ။ ဒါကြောင့် သူပညာမတတ်ရခြင်းဟာ သူ့တစ်ယောက်ထဲရဲ့အပြစ်မဟုတ်ပါဘူး ။ ဒီလိုနဲ့
မွေးတယ် ။ ကြီးပြင်းတယ် ။ နေထိုင်နေတယ် ။ မိဘတွေသေဆုံးသွားတဲ့အခါကျတော့ . . .
သူ့မှာစည်းစိမ်တွေကျန်နေရစ်ခဲ့တယ် ။ ဒီနေရာမှာ စာရေးသူရဲ့အာဘော်ကို လုံးဝကောက်နှုတ်ကြည့်ကြစို့ ။
သူဟာ ပညာမတတ်တဲ့အတွက် သူ့ကိုဝိုင်းဝန်းလိမ်လည်လှည့်ဖြားပြီး သူ့ဥစ္စာတွေကို ခိုးယူခဲ့ကြတယ် ။
သူဟာ သူ့စည်းစိမ်တွေအားကိုးပြီး ဗိုလ်ကျခဲ့တယ်လို့ အနိုင်ကျင့်ခဲ့တယ်လို့ ကဗျာထဲမပါခဲ့ဘူး ။
ဒီနေရာမှာထွက်လာတဲ့ ကောက်ချက်က -
  • သူပညာမတတ်ဘူး ။ လူတွေက သူ့ဆီက လိမ်ယူတယ် ။
ဒီလိုဆိုရင် သူကအလိမ်ခံလိုက်ရတာပေါ့ ။ တစ်ခါအလိမ်ခံရရင် လိမ်သူအပြစ် ၊ နှစ်ခါအလိမ်ခံရရင် လိမ်သူအပြစ် ။
သုံးခါအလိမ်ခံရရင် အလိမ်ခံရတဲ့သူအပြစ်လို့ ဆိုနိုင်သော်ငြား အများနဲ့တစ်ယောက် ဖြစ်နေတဲ့အခြေအနေမျိုးမှာ
အမှောင်ထဲကလူကို သူမြင်နိုင်ပါ့မလား ။ တွေးစရာဖြစ်သွားပြီ ။ ဒီလိုနဲ့ သူ ဆင်းရဲမွဲတေသွားခဲ့ပြီ ။ အဲ့ဒီအချိန်မှာ
သူဘာလုပ်ခဲ့လဲ ။ သူ ခိုးမစားခဲ့ပါဘူး ။ သူ လုမစားခဲ့ပါဘူး ။ ကြိုက်မရှက် ၊ ငိုက်မရှက် ၊ ငတ်မရှက် ဆိုတဲ့အတိုင်း
သူ့ကိုယ်သူ အရိုးသားဆုံးပြဌာန်းပြီး သူတောင်းစားခဲ့တယ် ။ တောင်းစားတယ်ဆိုတဲ့သဘောက ပေးမှရတာမျိုး ။
မပေးလဲဘာမှမဖြစ်ပါဘူး ။ လုတာနဲ့မတူပါဘူး ။ ဓါးပြတိုက်ခြင်းဆိုတာက တောင်းခြင်းအမည်ခံထားတဲ့ လုယူမှုပါပဲ ။
သူ ရိုးရိုးသားသားတောင်းစားခဲ့တယ် ။ သူတောင်းတဲ့အလှည့်ကျတော့မှ သူ့ကိုဝိုင်းဝန်းရိုက်နှက်ကြတယ် ။
အကြောင်းရင်းက ဘာလဲဆိုတော့ . . . . .သူပညာမတတ်လို့ တဲ့ ။ လူမိုက်ရယ်လို့ သမုတ်ပြီး ရိုက်ကြတယ် ။
မြို့ကနေ နှင်ထုတ်ကြတယ် ။ အင်အားဟာ အမှန်တရားဖြစ်သွားခဲ့တယ် ။ အများညီတော့ သူတို့တွေ ဤ ကို ကျွဲ လို့
ဖတ်ခဲ့ကြတယ် ။ အထည်ကြီးပျက်ကောင်လေးဟာ တောအရပ်ဆီ ထွက်ပြေးသွားရတယ် ။ တော မှာ ငတ်ပြတ်ပြီး
သေဆုံးသွားခဲ့ရတယ် ။ အတွေးတွေ အများကြီးဝင်လာပါတော့တယ် ။
  • လူတစ်ယောက်ဟာ ပညာမတတ်ရုံနဲ့ လူမိုက်ဖြစ်သွားပါသလား
  • ပညာမတတ်တဲ့လူတစ်ယောက် တောင်းရမ်းစားသောက်ခြင်းဟာ ရိုက်နှက်စရာ မြို့ကနှင်ထုတ်စရာ လိုပါသလား
  • သူ့ဆီမှာ ရှိတုန်းက သူ့ဆီကဥစ္စာပစ္စည်းတွေယူငင်သုံးစွဲခဲ့ပြီး သူငတ်ပြတ်နေတဲ့အချိန်မှာ ထမင်းလေးတလုတ်အတွက် ပတ်ဝန်းကျင်က ဘာကြောင့်ငြိုငြင်နေပါသလဲ
ဒါကြောင့် ဒီပုံပြင်ဆန်တဲ့ကဗျာလေးကို ဖတ်အပြီးမှာ ကျွန်တော်ဟာ  ကဗျာထဲက သူဌေးသားလေးကို မမြင်တော့ပဲ
စာရေးသူကိုသာ သွားမြင်မိပါတော့တယ် ။စာရေးသူဟာ သူဌေးသားလေးကိုကြည့်ပြီး သင်ခန်းစာယူစေချင်ပေမဲ့
ကျွန်တော်က စာရေးသူကိုကြည့်ပြီး သင်ခန်းစာတွေရလိုက်ပါတယ် ။
စာရေးသူဟာ ပညာ ဆိုတာကို Highlight လုပ်ပြချင်စိတ်တွေ အရမ်းလွန်ကဲနေခဲ့ပုံရတယ် ။
သူပြချင်တဲ့ ထောင့်တစ်ခုထဲအတွက် ကျန်တဲ့ထောင့်ပေါင်းများစွာကို လျစ်လျူရှုထားခဲ့တယ် ။
အဲ့ဒီ အတိအကျမှန်သယောင်ထောင့်တစ်ခုထဲကိုပဲ လူတွေရဲ့စိတ်ထဲ ရိုက်သွင်းချင်ခဲ့တယ် ။
ပိုဆိုးတာက အဲ့ဒီကဗျာလေးကို သင်ကြားဖို့ပြဌာန်းတဲ့ ပညာရေးအဆင့်အတန်းဟာ ကိုယ်ပိုင်အသိဥာဏ်တွေးခေါ်နိုင်စွမ်း
နိမ့်ပါးသေးတဲ့ ကလေးလေးအရွယ် သူငယ်တန်း တစ်တန်းအရွယ်တွေအတွက် ဖြစ်နေတာပါပဲ ။
ဒီတော့ ကလေးတွေရဲ့ စိတ်ထဲမှာ အဲ့ဒီအသိကြီးကိုပဲ စွဲမြဲနေခဲ့ပြီး ကုဋေကြွယ်သူဌေးသားလေးဟာ
ရာဇ၀င်လူဆိုးကြီးဖြစ်ခဲ့ရတယ် ။ ဒီနေ့ ဒီအချိန်အထိ သူဟာ ဥပမာပေးစရာ နာမည်ဆိုးကြီးနဲ့လူတစ်ယောက်ဖြစ်နေခဲ့တယ် ။
ကျွန်တော်တို့ သူ့ဘက်က တွေးကြည့်ပေးခဲ့သင့်တယ် မဟုတ်ပါလားဗျာ ။
ဒီကဗျာလေးကို ဖတ်အပြီးမှာတော့ ကျွန်တော်ဟာ သင်ခန်းစာတစ်ခုကို ကောင်းကောင်းရလိုက်ပါတယ် ။ ဘာလဲဆိုတော့
  • ကိစ္စတစ်ခုကိုလူတွေကြားထဲချပြတဲ့အခါ ကိုယ်ပြချင်တဲ့ထောင့်တစ်ခုကို အားပြုလွန်းရင် ကျန်တဲ့ဖြစ်နိုင်ခြေရှုထောင့်ပေါင်းများစွာကို မေ့လျော့သွားနိုင်တယ် ဆိုတာပါပဲ ။

- မင်းလုလင် -

ကျွန်တော် နှင့် ရောက်တတ်ရာရာများ ( ၃ )

ကပေါက်တိကပေါက်ချာ မင်းလုလင် 's စာ



    စာရေးတဲ့အလုပ်က ထင်သလောက်မလွယ်မှန်း ရေးဖူးတဲ့သူတိုင်း သိကြပါလိမ့်မယ် ။
    ကျွန်တော်နှင့်ရောက်တတ်ရာရာများ လို့ခေါင်းစဉ်ပေးထားတာတောင်မှ ရောက်တတ်ရာရာ ရေးဖို့
    အကြောင်းအရာက မရှိဖြစ်နေတယ် ။ ဒါနဲ့ပဲ ယခင် ရယ်စရာ ယခု ပြုံးစရာမဂ္ဂဇင်းရဲ့ အယ်ဒီတာ
    မောင်မောင်စနေရဲ့ ထုံးနှလုံးမူပြီး သူ့ရဲ့ခေါင်းစဉ်ကို ခပ်တည်တည်ပဲ ယူတတ်လိုက်တယ် ။
    ကပေါက်တိကပေါက်ချာ မင်းလုလင်ရဲ့စာ ပေါ့ဗျာ ။ ဆရာမောင်မောင်စနေရဲ့အရင်
    ဘယ်သူတွေက ဒီခေါင်းစဉ်ကိုသုံးခဲ့ဖူးလဲဆိုတာမသိပေမဲ့ ကျွန်တော်ကတော့ ဆရာမောင်မောင်စနေရဲ့
    စာတွေကို ဖတ်ပြီးတော့ သူ့ခေါင်းစဉ်ကို ခပ်တည်တည်ပဲ ပုံတူကူးချလိုက်တာပါ ။
    ပြောမဲ့သာပြောတာ ၊ ဒီခေါင်းစဉ်အောက်မှာ စာရေးရတာ တော်တော်လွတ်လပ်တယ်ဗျ ။
    ကပေါက်တိကပေါက်ချာရေးထားတဲ့စာတွေဆိုတော့ မှန်တာရှိရင်လဲရှိမယ်  မှားတာရှိရင်လဲရှိမယ် ။
    ဆင်ဝှေ့ရန်ရှောင် အပြစ်လွတ်တယ်ပေါ့ဗျာ ။ ခေါင်းစဉ်အောက်မှာ စာရေးတဲ့အကြောင်းပြောရင်းနဲ့
    တလောက မျက်နှာစာအုပ်ကြီးရဲ့ စာမျက်နှာတစ်ခုမှာဖတ်လိုက်ရတဲ့ ကိုလူပအောင်ရဲ့
    ခေါင်းစဉ်အောက်က ကဗျာ ၊ ကဗျာအောက်က ခေါင်းစဉ်ဆိုတဲ့ စာလေးတပုဒ်ကို သွားသတိရမိတယ် ။
    အွန်လိုင်းကဗျာဆရာတစ်ချို့ကို ရည်ညွှန်းတဲ့ စာတပုဒ်ပါ ။ တကယ်တော့ အွန်လိုင်းမီဒီယာဆိုတာက
    လွတ်မြောက်နယ်မြေ တစ်ခုလိုပါပဲ ။ မိမိဖန်တီးချင်တဲ့ အနုပညာကို လွတ်လွတ်လပ်လပ် ဖန်တီးတင်ဆက်လို့ရတယ် ။
    ဒါပေမဲ့ လွတ်လပ်မှုကို အလွဲသုံးစားတော့ မလုပ်သင့်ဘူး ။ ယခုနှစ်ပိုင်းမှာ အွန်လိုင်းကဗျာအသိုင်းအ၀ိုင်းမှာ
     အလှုပ်အရှားတွေ အမြောက်အများတွေရပါတယ် ။အပြောင်းအလဲတွေနဲ့ အသစ်တွေကို
     ကြိုးစားဖန်တီးမှုတွေလဲ တွေ့ရပါတယ် ။ တစ်ချို့တွေကျတော့ တဆိတ်လွန်လွန်းတယ်ဟုပြောရမလိုပင် ။
     အသစ်ဆိုမှ အသစ် ။ အဟောင်းဆို ဖတ်တောင်မဖတ်ချင်ဘူးဆိုတာမျိုးတွေလဲ တွေ့ရပါတယ် ။
     ဒါမျိုးကျတော့ ကဗျာကိုစော်ကားနေသလိုပင် ။ ကျွန်တော် ကဗျာဖတ်ပါတယ် ။
     ကဗျာဖတ်တာမှ ဟိုးငယ်ငယ် ကလေးဘ၀ကတည်းက ဖတ်တာပါ ။
     တို့ကျောင်းတို့ ၊ တို့ဖေဖေတို့ ၊ ဒီလိုကနေ စပြီး သပြေနုချိန် ၊ နွေဦးကာလမြူထသောအခါ စသည်စသည်ဖြင့်
     ကဗျာနဲ့ ရင်းနှီးခဲ့တာပါ ။ အဟောင်းဆို ဖတ်တောင်မဖတ်ချင်ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေကတော့
    ဘယ်လိုကဗျာမျိုးတွေ ဖတ်ပြီး ကဗျာနဲ့ ရင်းနှီးခဲ့သလဲတော့ မသိဘူးပေါ့ဗျာ ။
     အဟောင်းတွေဆို ဖတ်ကိုမဖတ်ချင်ဘူးဆိုတာကတော့ ..... စာရွက်တွေဟောင်းနေတော့
    စာလုံးတွေပျက်တဲ့ဟာကပျက်နဲ့ ဖတ်ရတာ အရသာပျက်လို့ထင်ပါရဲ့ ။ တစ်ချို့တွေကပြောကြသေးတယ် ။
     စွန့်လွတ်ရမယ် ။ အသစ်ကိုလိုချင်ရင် စွန့်လွတ်ရမယ် ။ ကျွန်တော်ကလဲ ပြောလိုက်ချင်ပါတယ် ။
     တကယ်စွန့်လွတ်ရဲတယ်ဆိုရင် ကဗျာဆရာဘ၀ကိုပါ စွန့်လွတ်လိုက်ပြီး ဆိုက်ကားနင်းကြပါလားလို့ ။
     အဲ့ဒီထက် စွန့်လွတ်ပြီး အဲ့ဒီထက်သစ်တာတော့ မရှိတော့ဘူးထင်တယ် ။
    ဘ၀တစ်ခုလုံးပါ အသစ်ဖြစ်သွားနိုင်ပါတယ် ။ ရယ်စရာအဖြစ်ပြောတာပါ ။
    တစ်ချို့ကကျတော့လဲ နာမည်ကြီးတွေနဲ့ ခင်မင်မှုရှိကြောင်း သိပ်ကို သိစေချင်ကြတယ်ဗျ ။
     စိန်နားကပ်အရောင်နဲ့ ပါးလေးလဲ နည်းနည်းပြောင်နိုင်ကောင်းရယ်လို့ တွေးတာမျိုးလဲ ဖြစ်ချင်ဖြစ်မှာပေါ့ ။
    နာမည်ကြီးဆိုတာကတော့ ရှင်းပါတယ် ။ ကဗျာဆရာမောင်ချောနွယ်နဲ့ ကဗျာဆရာမင်းလုလင်
     ဘယ်သူ့ကို လူပိုသိသလဲလို့မေးရင် ကလေးတွေခွေးတွေ မမေးပဲနဲ့ကို သိနိုင်ပါတယ် ။
     မင်းလုလင်ဆိုတာက ငချွတ်တာတေပေါက်စလေး ။ ဒီတော့ ဆရာမောင်ချောနွယ်ကို လူပိုသိတာပေါ့ ။
    ဒီတော့ မောင်ချောနွယ်က နာမည်ကြီးပေါ့ ။ အဲ့လိုပုဂ္ဂိုလ်မျိုးတွေကို ကျွန်တော်ကလဲ ပြောချင်ပါတယ် ။
    ကျွန်တော်လဲ နာမည်ကြီးတွေနဲ့ သိပါတယ် ။
    ဥပမာ - ခရစ်စတီယာနို ရော်နယ်ဒို တို့ ၊ အိုဘားမား တို့ ဇာဂနာတို့ စသည်ဖြင့်ပေါ့ ။
    ဘယ်လိုသိသလဲဆိုရင် တီဗီထဲမှာ မြင်ဖူးပါတယ် ။  ဒီတော့ သူတို့ကို လမ်းမှာတွေ့ရင် တွေ့တာနဲ့
   ဘယ်သူတွေလဲဆိုတာ ကျွန်တော်သိပါတယ် ။ နာမည်ကြီးဆိုတာလဲ လူတွေပဲ မဟုတ်ပါလား ။
    ရောက်တတ်ရာရာတွေပြောလာလိုက်တာ ကဗျာတွေ နာမည်ကြီးတွေအထိတောင်ရောက်သွားပြီ ။
    ကျွန်တော်ဆိုတာကလဲ ကဗျာနဲ့ပတ်သတ်ရင် မူလတန်းကလေးအဆင့်တောင်မရှိသေးဘူးဆိုတော့
    ဒါတွေလိုက်ပြောနေတော့လဲ ရယ်စရာဖြစ်တာပေါ့ ။
    အခုမှ ကပေါက်တိကပေါက်ချာဆိုတဲ့ ခေါင်းစဉ်နဲ့ စပ်မိ ဟပ်မိ ဖြစ်လာတယ် ။
    နောက်တစ်ခုက ကျွန်တော်တို့ကမ္ဘာမှာ ကယ်တင်ရှင်ဖြစ်ချင်တဲ့သူတွေလဲ အရမ်းများလာပုံပဲ ။
    Save the seahorse ၊ Save the shark ၊ Save the children ၊Save the ayeyarwady စသည်စသည်ဖြင့်
   Save the တွေ တော်တော်များလာတယ် ။ တကယ်လိုအပ်နေတဲ့ကယ်တင်မှုတွေရှိသလို ပေါ်ပြူလာဖြစ်ချင်လို့
    ကယ်တင်ကြတာတွေလဲ ရှိပါတယ် ။ တကယ့်ကယ်တင်မှုတွေအတွက်တော့
     စိတ်ရောကိုယ်ပါ လက်ခုပ်လက်ဝါးတီးပြီး အားပေးအားမြှောက်ပြုပါတယ် ။
    နောက်ပြီး အဲ့ဒီ ကယ်တင်ရှင်တွေကို အကူအညီတစ်ခုလောက်တောင်းချင်ပါတယ် ။
    ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် Save the POET ဆိုတာလေးပါ လုပ်ပေးနိုင်ကြမလားရယ်လို့ပေါ့  ။     ။




- မင်းလုလင် -

ကျွန်တော်နှင့်ရောက်တတ်ရာရာများ ( ၂ )

အာနီ လျှာနီ မြန်မာပြည်


တံတားဦးက ကွမ်းနုဝါ

ငါန်းမြှာ က ဆေး
ကွမ်းသီး တောင်ငူနဲ့
ကိုင်းထုံးဖြူ ပြည်ရှား
သာဝါးလို့ထွေး ။    ။
ဒီစာချိုးလေးက မြန်မာတွေ ဘယ်လောက်တောင် ကြီးကြီးကျယ်ကျယ်
ကွမ်းစားခဲ့သလဲဆိုတာ ပေါ်လွင်စေပါတယ် ။ ကွမ်းရွက်ကို တံတားဦးက ၊
ဆေးကို ငါန်းမြှာ က ၊ ကွမ်းသီးကို တောင်ငူက အစရှိသည်ဖြင့် ကောင်းပေ့ဆိုတဲ့
နေရာတွေက ကွမ်း ကွမ်းသီးတွေစုပေါင်းပြီး ဘုရင်ကိုဆက်သ ။
ဘုရင်က ကွမ်းတော်ကို စားတော်မူတယ်ပေါ့ ။ အဲ့သလိုကြီးကျယ်ခဲ့ကြပါတယ် ။

အခုခေတ်မှာတော့ တစ်ချို့အိမ်တွေမှာ ကွမ်းအစ်နဲ့ ကွမ်း ကွမ်းသီးခြမ်း တည်ပြီး
စားတာကလွဲရင် ကွမ်း ဘယ်က ရ ၊ ကွမ်းယာဆိုင်က ရဆိုသလို ဖြစ်နေပါပြီ ။
ရပ်ကွက်တိုင်းမှာ ဘုန်းကြီးကျောင်းမရှိချင်နေရမယ် ။ ကွမ်းယာဆိုင်တော့ ရှိတယ် ။
ကွမ်းယာရောင်းရင်း တိုက်ဆောက်ကြတယ် ။ ကားစီးကြတယ် ။ ကွမ်းယာရောင်းတဲ့လုပ်ငန်း
တွင်ကျယ်နေတာပြောပါတယ် ။ ဒါက မြန်မာနိုင်ငံမှာ ။ ကွမ်းစားချင်ရင် အလွယ်လေး ၀ယ်စားလို့ရတယ် ။

ကွမ်းကို နှစ်နှစ်ခြိုက်ခြိုက်စားတတ်တဲ့လူတစ်ယောက် နိုင်ငံရပ်ခြားကို ရောက်ပြီဆိုရင်တော့
အခက်တွေ့တော့တာပဲ ။ မြန်မာလူမျိုးတွေ ဖွင့်ထားတဲ့ ဆိုင် ( မြန်မာဆိုင်လို့ပဲ လွယ်လွယ်ဆိုကြပါစို့ ) နဲ့
နီးတယ်ဆိုရင်တော့ သိပ်အခက်မတွေ့လှပါဘူး ။ မြန်မာဆိုင်က မြန်မာပြည်မှာလောက်မကောင်းပေမဲ့
စားလို့ဖြစ်တဲ့ ၀ါးလို့ဖြစ်တဲ့ ကွမ်းယာ ရောင်းတယ် ။ နောက်ပြီး ကွမ်းရွက်တွေ ကွမ်းသီးတွေလည်း
ရောင်းတယ်ပေါ့ ။ ဒီတော့ မြန်မာဆိုင်နဲ့ နီးတဲ့ ကိုရွှေမြန်မာတွေအဖို့တော့ ကွမ်းစားဖို့ ကွမ်းဝါးဖို့
သိပ်အပန်းမကြီးလှပါဘူး ။

မြန်မာဆိုင်နဲ့ ဝေးတဲ့ ကွမ်းသမားတွေအဖို့ကတော့ တော်တော့ကို အခက်တွေ့စေတာပဲ ။
တစ်ပတ်တစ်ခါလောက်ဖြစ်စေ တစ်လတစ်ခါလောက်ဖြစ်စေ မြန်မာဆိုင်ရောက်တဲ့အခါ ကွမ်းရွက်တွေ
ကွမ်းသီးတွေ ၀ယ်လာ ။ အိမ်မှာ ထားပြီး ခြိုးခြိုးခြံခြံ စားရတာ ဆိုတော့ .. တော်တော့်ကို အခက်တွေ့စေပါတယ် ။
ကျွန်တော်ကိုယ်တိုင်ကလည်း နိုင်ငံရပ်ခြားကို ရောက်နေတဲ့ ကွမ်းသမားတစ်ယောက်ပဲ ဆိုပါတော့ ။
ဒီတော့ အထက်မှာပြောခဲ့သလို မြန်မာဆိုင်ရောက်တဲ့အခါ ကွမ်းရွက်တို့ ကွမ်းသီးတို့ ၀ယ်ထား ၊ အိမ်မှာ ရေခဲသေတ္တာထဲထည့်ပြီး
ကွမ်းယာ ရေခဲရိုက်ထား ။ စားချင်တဲ့အခါ အာသာပြေ တစ်ယာ နှစ်ယာလောက် ကောက်ယာပြီး စားလိုက်တယ် ။

ကျွန်တော်လုပ်တဲ့အလုပ်မှာက ကွမ်းယာပေါင်းထုတ်ကလေးတွေငုံတဲ့ နီပေါလူမျိုးတွေ အများကြီးရှိတယ် ။
အဲ့ဒီ နီပေါလူမျိုးတွေထဲက တစ်ယောက်က ကျွန်တော်တို့စားတဲ့ကွမ်းယာမျိုးကို အရမ်းသဘောကျတယ်ဗျ ။
ပါးစပ်ကို နီနီကလေး ဖြစ်သွားစေတယ်ပေါ့ ။ သူပြောပုံပြောပါတယ် ။ နှုတ်ခမ်းနီနီ လျှာနီနီလေးနဲ့ တော်တော်လှတယ် တဲ့ ။
အဲ့သလို ကွမ်းယာမျိုးကိုလည်း သူက သိပ်စားချင်နေရှာတယ် ။ ဒါပေမဲ့ ကျွန်တော့ဆီမှာ တောင်းရမှာလဲ အားနာတဲ့ပုံပဲ ။
ကျွန်တော် ကွမ်းဝါးတဲ့အခါ အားကျတဲ့ မျက်နှာလေးနဲ့ ထိုင်ငေးနေတတ်တော့ ကျွန်တော်လည်း အားနာလာတယ် ။

ဒါနဲ့ တစ်နေ့တော့ ကျွန်တော့်အိမ်ကို လိုက်ခဲ့ ... အိမ်မှာ ခင်ဗျားစားချင်တဲ့ ကွမ်းယာမျိုးရှိတယ်ဆိုပြီး
အိမ်လိုက်ဖို့ ခေါ်တော့ သကောင့်သားက အားတက်သရောကို ချက်ချင်းထလိုက်လာတယ် ။
အိမ်ရောက်တော့ ရေခဲရိုက်ထားတဲ့ ရေခဲစိမ်ကွမ်းရွက်တွေ ကွမ်းသီးတွေကို ထုတ် ။
ထုံး အထုပ်သေးသေးလေးကို ထုတ် ။ သူ့ကို ကွမ်းတစ်ယာ ယာပေးလိုက်တယ် ။
သူက ကျွန်တော်ယာပေးတဲ့ကွမ်းယာကို မယူသေးဘဲ ကျွန်တော့်ကို ကြောင်ငေးငေးနဲ့ကြည့်နေတယ်ဗျ ။
ကျွန်တော်လည်း “ဟေ့လူ .. ဒီမှာ ခင်ဗျားစားချင်တဲ့ ကွမ်းယာလေ”  ဆိုတော့
သူက “ခင်ဗျား တစ်ခုထည့်ဖို့ မေ့နေတယ်ထင်တယ်” တဲ့ ။

ကျွန်တော်လည်း ဘာကျန်သေးပါလိမ့် လို့ တွေးပြီး ပစ္စည်းတွေ သေချာစစ်ကြည့်တော့လည်း အကုန်အပြည့်အစုံပဲ ။
ကွမ်းရွက်စိမ်းစိမ်းလေးပေါ်မှာ ထုံးဖြူဖြူလေး ကွက်လို့ ။ အဲ့ဒီအပေါ်မှာမှ ရေခဲရိုက်ထားတဲ့ကွမ်းသီး ညိုညိုကလေး ။
သူ့ဘေးမှာ မြန်မာဆေးရွက် အပိုင်းသေးသေးလေး ။ အကုန်စုံပါတယ်ပေါ့ ။ ဘာမှမမေ့ပါဘူးလို့ ပြောလိုက်တော့ ....
သကောင့်သားက ခင်ဗျား နီတဲ့ဟာ မေ့နေတယ်လေဗျာ တဲ့ ။ ကျွန်တော့် အတွေးထဲမှာ နီတဲ့ဟာဆိုတော့ ရှားဆေးကို
ပြောတယ်မှတ်တာပေါ့ ။ အဲ့ဒါနဲ့ နီတဲ့ဟာမရှိဘူး ။ အဲ့ဒါက မြန်မာပြည်မှာပဲ ရှိတာ .. လို့ပြောတော့
ခင်ဗျားလိမ်တယ်တဲ့ ။ ဟောဗျာ ... ကျွန်တော်လည်း ကိုယ့်နဖူးကိုယ်ရိုက်ပြီး ဘာလိမ်လို့လဲ ပေါ့ ။
ဒီတော့မှ သကောင့်သားက ခင်ဗျားကွမ်းဝါးလိုက်ရင် နှုတ်ခမ်းတို့ လျှာတို့မှာ နီနီလေး ဖြစ်သွားတယ် ။
အဲ့ဒီနီတဲ့ဟာကိုပြောတာ ဆိုတော့မှ .. ၊ ကျွန်တော် တဟားဟား အော်ရယ်လိုက်မိတယ် ။
ကွမ်းရွက်စိမ်းစိမ်းရယ် ကွမ်းသီးညိုညိုရယ် ထုံးဖြူဖြူရယ် သုံးမျိုးပေါင်းလိုက်ရင် နီသွားတယ်ဆိုတာ သူမသိရှာဘူးကိုး ။

ဒါနဲ့ပဲ ကျွန်တော်က သူ့ကိုပေးတဲ့ကွမ်းယာကို ကိုယ့်ပါးစပ်ထဲကိုယ်ပြန်ထည့်ပြီး ခင်ဗျား ခဏစောင့်ကြည့်နေ ဆိုပြီး
စောင့်နေခိုင်းလိုက်တယ် ။ တအောင့်ကြာတော့ ကိုရွှေကွမ်းယာက နီလာပါလေရော ။ အဲ့ဒီတော့မှ ငနီ
( နီပေါလူမျိုးကို ကျွန်တော်ခေါ်တဲ့ အခေါ် ) သဘောတွေကျပြီး အတင်းကို နောက်တစ်ယာ ယာခိုင်း ။
အငမ်းမရ စားတော့တာပဲ ။ နှုတ်ခမ်းတွေရော နှာခေါင်းတွေပါ ပေပွလို့ ။ ကျွန်တော်လည်း သဘောတွေကျလို့ပေါ့ ။

မြန်မာပြည်မှာလို ကွမ်းယာဆိုင်မြောက်များစွာနဲ့ နေရာမျိုးကို ငနီ့ ကို ခေါ်သွားချင်မိတာ အမှန်ပဲ ။
ကျုပ်တို့မြန်မာတွေက ခင်ဗျားမျက်စိထဲ လှပါတယ် ဆိုတဲ့ အာနီ လျှာနီ မျိုး တွေဗျ လို့ ကြွားချင်မိတာလည်း ပါတာပေါ့ဗျာ ။    
ဒါပေမဲ့ ကျွန်တော် မြန်မာပြည်ဒေသတစ်ခုမှာ တွေ့ဖူးခဲ့တဲ့ ကွမ်းယာဆိုင်တစ်ဆိုင်ကိုတော့ ငနီ့ ကို မမြင်စေရဘူး ။
အဲ့ဒီဆိုင်နာမည်က အရည်မရ အဖတ်မရ ကွမ်းယာဆိုင် တဲ့ ။ ဆိုင်ထဲမှာလည်း စာလုံးမည်းမည်းကြီး အကြီးကြီးတွေနဲ့
ရေးထားသေးတယ် ။ ဘာရေးထားတာလဲ ဆိုတော့ ...

" ကွမ်းစားခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းပါ "    ။      ။



- မင်းလုလင် -

ကျွန်တော် နှင့် ရောက်တတ်ရာရာများ ( ၁ )



လူနှင့် အမြင်တရား

တလောက အီးမေးလ် တစ်ခု တွင် ဖတ်လိုက်ရသည် ။ မြန်မာပိုက်ဆံ နှစ်ရာကျပ်တန်မှာ
စာလုံးပေါင်းမှားနေပါတယ်တဲ့ ။ သူပြောမှ ကျွန်တော်လည်း အပြေးအလွှား ရှိတဲ့နှစ်ရာတန်လေး
ထုတ်ကြည့်မိတယ် ။

သူထောက်ပြထားတာက မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဆိုတဲ့နေရာမှာ နိုင်ငံတော် ကို
စာလုံးပေါင်း မှားနေတယ် တဲ့။  ( နိုင် ) ကို စာလုံးပေါင်းတဲ့နေရာမှာ ( နိုင်) လို့ ပေါင်းထားပါတယ်တဲ့ ။
အမှန်က နငယ်အသေးကို တစ်ချောင်းငင်ပြီး ( နိုင် ) လို့ဖြစ်ရမှာပါ ။
အဲဒါအထိ သိပ်ပြီး ထူးဆန်းတာတော့မဟုတ်ပါဘူး ။

ထွေထွေထူးထူး တွေးမိစရာလည်း မလိုပါဘူး ။ ဒါပေမယ့် သူက ဆက်ပြောသွားသေးတယ် ။
အဲဒီအမှားကို သူ့ရဲ့သား သုံးတန်းကျောင်းသားလေးက ရှာတွေ့တာပါ တဲ့ ။

တွေးစရာတွေအများကြီး ဖြစ်လာပါတယ် ။

လူတွေရဲ့ အမြင်ကိုပါ ။ ကျွန်တော်တို့တွေ လောကကြီးထဲ အမှားတွေ ဘယ်လောက်များများကို
မျက်ကွယ်ပြုထားမိသလဲ ဆိုတာကိုရောပေါ့ ။ ကျွန်တော်တို့တွေ ( အထူးသဖြင့် ) ပိုက်ဆံကို ပိုက်ဆံလို
တန်ဖိုးထားရမှန်းသိတဲ့ လူတွေဖြစ်လာရင် ပိုက်ဆံပေါ်က စာလုံးပေါင်းအမှားကို မြင်ဖို့ဆိုတာ
တော်တော်ခဲယဉ်းပါတယ် ။ ကျွန်တော်တို့က ပိုက်ဆံကို ပိုက်ဆံလိုပဲ မြင်ကြပါတယ် ။
ပိုက်ဆံပေါ်က စာလုံးပေါင်းသတ်ပုံ အမှားထက် ပိုက်ဆံရဲ့ တန်ဖိုးကို ပိုပြီး မြင်တတ်ကြပါတယ် ။

ဒီပိုက်ဆံတစ်ရွက်ပေးလိုက်ရင် ဘယ်လောက်အထိ ကိုယ်ပြန်ရနိုင်မလဲ ၊ ဒီပိုက်ဆံတစ်ရွက်က
ဘယ်လောက်တန်သလဲ ၊ ဒီမေးခွန်းတွေပဲ ကြည့်မိ ဖြေမိမှာ မလွဲပါဘူး ။ ဒါပေမယ့်
သုံးတန်းကျောင်းသားလေးနဲ့တော့ မတူနိုင်ဘူး ။ သူက ပိုက်ဆံကို သုံးကောင်းသုံးတတ်မှာဖြစ်ပေမယ့်
ပိုက်ဆံရဲ့တန်ဖိုးကို ကျိမ်းသေပေါက်သိနိုင်မယ်လို့ မပြောနိုင်ဘူး ။ ဒါကြောင့် သူ့ရဲ့ အမြင်ထဲ ပိုက်ဆံပေါ်က
စာလုံးပေါင်းသတ်ပုံအမှားကို လွယ်လွယ်ကူကူ မြင်သွားနိုင်တာလဲ ဖြစ်နိုင်ပါတယ် ။

အမှန်တော့ လောကကြီးထဲ အဲ့လိုအမှားတွေကိုချည်း လိုက်လံရှာဖွေနေမယ်ဆိုရင် ကျွန်တော်တို့တွေ
တအား ကလေးဆန်သွားကြပါလိမ့်မယ် ။ မှန်နေရင်တော့ ပိုကောင်းတာပေါ့ ။ ဒါပေမဲ့ အမှားတွေကို
လိုက်ထောက်ပြနေတာထက် အဲဒီအမှားတွေဖြစ်တည်နေတဲ့နေရာရဲ့ တန်ဖိုးကို သိတာက
ပိုပြီး ကောင်းမယ်ထင်တယ် ။  သုံးတန်းကျောင်းသားလေးတစ်ယောက်ရဲ့ ပိုက်ဆံပေါ်မြင်တဲ့အမြင်နဲ့တော့
ကျွန်တော်တို့ အရာရာကို တန်ဖိုးထားနိုင်ခြင်း ရှိမရှိဆိုတာ ...။

အဲဒီကလေးကိုလည်း ချီးကျူးပါတယ် ။ အရိုးသားဆုံး မြင်တတ်လို့ပါပဲ ။

မှန်တယ် မှားတယ် ဆိုတာထက် သူမြင်တတ်တဲ့ အရာလေးက ကလေးတွေရဲ့ မြင်ကွင်းမှာ
အညှီအဟောက်ကင်းတယ်ဆိုတာ ပေါ်လွင်နေသလိုပဲ ။ ပိုက်ဆံဆိုတာ အင်မတန်ကို ခေါင်းကိုက်စေတဲ့ အရာလို့
ဆိုနေကြတဲ့အထဲ ဒီဖြစ်ရပ်လေးကလဲ ခေါင်းကိုက်စေတဲ့ အကြောင်းလေးအဖြစ် အသစ်တိုးလာတယ် ။
မှန်ပါတယ် ။ ပိုက်ဆံဆိုတာ အင်မတန်ကို ခေါင်းကိုက်စေပါတယ် ။ 
ဒါပေမဲ့ ကျွန်တော်ကတော့ ခေါင်းကိုက်ချင်ပါတယ် ။

ခင်ဗျားတို့ရော .... ခေါင်းမကိုက်ချင်ကြဘူးလား ။




- မင်းလုလင် -