Subscribe:

Labels

Showing posts with label ကျွန်တော်ဖတ်၍ ကျွန်တော်ကြိုက်သောကဗျာများ. Show all posts
Showing posts with label ကျွန်တော်ဖတ်၍ ကျွန်တော်ကြိုက်သောကဗျာများ. Show all posts

တန်ဖိုးနည်းအိမ်ယာ




အရေပြားအနှံတက်တူးထိုးပြီးကာစ အခြေအနေလို
နေရာပေါင်းစုံမှာ နာကျင်မှုတွေ တွယ်ကပ်နေ
သွေးလွှတ်ကြော ၊ သွေးပြန်ကြော အားလုံး
လားရာဆန့်ကျင်လျှက် စီးဆင်း
အသက်ရှူမ၀သလို အလုအယက်
ကိုယ့်နာမည်ကိုဖွဖွလေး လက်ခုပ်ထဲ ထည့်လို့
ပတ်သက်သမျှဟာ အလဂျစ်ထနေတယ်
အိမ်ကလေး ။

ပြတ်ရာ ရှရာတွေ တစ်ခုပေါ်တစ်ခု ထပ်
အော့အန်ပစ်လိုက် ဖို့တောင်
အစာအိမ်ထဲမှာ အစာမရှိ
ခေတ်ပညာတတ်တစ်ယောက်ရဲ့ အိပ်တန်းပြန်ချိန်ဟာ
အမှိုက်အဟောင်းတွေလို ထိုးသိပ်ထည့်ခံရ
မာကျူရီ မီးရောင်အောက်မှာ
နေလောင်ခံ အရေပြားစတွေ ဖွေးကနဲ လက်ကနဲ
အိမ်ကလေး။

အိမ်ကလေးတစ်လုံးအတွက်
ကိုယ်ဟာ အသက်ကို ခပ်ကြမ်းကြမ်း
မွေးမြူနေခဲ့ရ၊ ၀မ်းနည်းနေခဲ့ရ၊ ပျှော်ရွှင်နေခဲ့ရ

“ခင်ဗျားသားရဲ့ အဖေဟာ ခင်ဗျားမဟုတ်ပဲ
ခင်ဗျားရဲ့ ဘွဲ့လက်မှတ်ပဲ ဖြစ်ရလိမ့်မယ်”
လိုအပ်ခြင်းနဲ့ မလိုအပ်ခြင်း ကြားမှာ
အလွှာပါးပါးလေး ခြားနေတယ်
လူ့အဖွဲ့အစည်းဟာ ကွန်ပျူတာတစ်လုံးပဲ
ဝမ်းခေါင်းသံပါတဲ့ ရှက်ရွံ့မှုတွေရဲု့အဆုံးမှာ
အိမ်ကလေး ။

ကြမ်းရှပူနွေးတဲ့ လက်အစုံပေါ်မှာ
နုညံ့ပြီး ပွင့်ဖတ်လေးနဲ့ တူတဲ့ အသက်ရှူသံတွေရှိတယ်
ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်စဉ်ဟာ
ပစ္စုပ္ပန်ကို မြေပေါ်မှာ ဒရွတ်ဆွဲသွား
သွေးရိုးသားရိုး အမှားမျိုးဆိုတာ
ဘယ်လိုအရောင် ဘယ်လိုအရသာလဲ
သုံးဆင့်ချိုင့် ချောင်ချောင်ကလေးလိုပါပဲ
အသင်ရှင်နေထိုင်မှုက
လျော့ရဲပြီး တွဲကျနေတယ် ။

လက်သန်းတစ်ချောင်းလုံး ဒဏ်ရာတွေ အပြည့်ပဲ
သွေးစတွေ ပြည်ဝတ်တွေ နံစော်မှု့တွေနဲ့
ဘာကိုမှ ဆုပ်ကိုင်မထားချင်လောက်အောင်
မင်းရဲ့အဖျားက ကူးစက်လာပြီ
ရှင်သန်မှုတွေက အမြစ်ကစပြီး ပေါက်ထွက် ကုန်ကြ
ခြေဖ၀ါးကြားက တိမ်စတွေ
ဒီအတိုင်းပဲ ထားလိုက်ကြတာပေါ့
မအားလပ်တဲ့ ကြားကပဲ
သက်ပြင်းကို အချိန်လုပြီး မှုတ်ထုတ်ရ
စကားလက်စ် ဂျိုဟန်ဆန်(မ်)ရဲ့ အလှကို ဆိုင်ကယ်ပေါ်တင်ပြီး
တောင်ကြီး မြို့အနှံ့ လျှောက်လည်ဖြစ်ဦးမယ်ထင်မိ
ရုတ်တရက် မိုးရွာလိုက်သလား
စကားသံတွေဟာ ထက်မြလွန်းနေခဲ့
ငှက်ပျောပင်ရဲ့ အစည်းတွေလိုပဲ
ကိုယ်ဟာ မျက်ရည် အရမ်းလွယ်တယ် ။
နောက်ပြီး မလိုအပ်တာတွေကိုပါ
တနင့်တပိုးလွယ်လွယ် ထားတတ်သေးတယ်
ဘ၀သေးသေးလေးနဲ့ပါ
အိမ်ကလေး  ။

လူလေးငါး ယောက်ကိုပဲ မြိုထားမဲ့
အမိုးအကာနဲ့ သွေးနွေး သတ္တ၀ါ
အများသုံး အိမ်သာလောက်မှ သန့်ရှင်းမှု မရှိတဲ့
လုပ်ရပ်နဲ့ စိတ်ကူးစိတ်သန်း တစ်ချို့
ကိုယ့်မှာ ရှိနှင့်နေခဲ့တယ်
အနာတရတွေကို ထွေးထုတ်ရင်း
အော် ညည်းဖို့ကို မေ့နေသလိုပါပဲ
မောပမ်းရင်းနဲ့ ပြေးနေခဲ့ရ
လူ့အဖွဲ့စည်းနဲ့ ယဉ်းကျေးမှုတန်ဖိုးဟာ
လိုက်မမှီအောင် တရိတ်ရိတ် မြင့်တက်လာခဲ့
ရာတန် ခပ်လတ်လတ် တစ်ရွက်လောက် များရှိရင်
လန်ဒန်စီးကရက်တစ်လိပ်လောက်
အားပါးတရ ၀ယ်သောက်ပစ်လိုက်ဦးမယ်
လင်းထက်အောင်နဲ့လည်း သိပ်မတွေ့ဖြစ်တော့ဘူး
အာရုံတွေကို အံသွားနဲ့ ဖိကြိတ်ဝါးနေရင်း
အိမ်ကလေး ။

အမေရယ်၊ မမသဲရယ်၊ ဒဏ်ရာရ မီးသီးတွေရယ်
ဆောင်းတွင်းအတွက် အိပ်ယာကလေး ပြင်ဆင်ထားမယ်
မျက်လုံးတွေလဲ ကျိန်းစပ်ပူလောင်လို့
မနက်ဖြန်ဟာဘယ်လို ရပ်နေလဲဆိုတာတောင်
ကြည့်ဖို့ အဆင်မပြေဘူး
ငွေကြေး ၊ဘွဲ့လက်မှတ် ၊ အနာဂတ်အာမခံချက်
ကိုယ့်ကို လက်မထပ်ပါနဲ့တော့ အချစ်ရယ်
ဒါတွေကိုပဲ သေချာလေး သယ်ယူသွားလိုက်ပါ
လိင်လိုအပ်ချက်က လွဲလို့ပေါ့
ဒါဆို မင်းအိမ်ထောင်ကျသွားပြီလေ
ဒါဟာမင်းရဲ့ လက်ထပ်ပြီးစီးခြင်း လက္ခဏာပဲ
ခံစားမှုဝါဒီတစ်ယောက်ရဲ့ ကျဆုံးခြင်းဟာ
သူ့ကိုယ်သူ ပိုင်ဆိုင်နေခြင်းပဲ ဖြစ်နေလိမ့်မယ် ။

ပင်လယ်ကဗွီးပင်၊ မိန်းမတစ်ယောက်ရဲ့ပြင်းထန်လှတဲ့ စွပ်စွဲချက်
ပညာတတ်အန်ဖတ်  ၊အပေါင်လက်မှတ်
ချစ်သူရဲ့ လျော့ရဲလုနီးပါး အသားစိုင်များ
ဘွဲ့လက်မှတ် ၊အကျင့်စာရိတ္တကောင်းကြောင်းထောက်ခံစာ
အားလုံးကို ထားခဲ့လိုက်တော့မယ်
အိမ်ကလေး
၂၀၀၂ ခုနှစ် ၁၉၉၅ ခုနှစ် ၊ ၂၀၁၂ ခှနှစ် ။
မသေခင်မှာ ရောက်ခဲ့ချင်တယ်
အလင်းရောင် ကောင်းကောင်းနဲ့ မြင်ခဲ့ချင်တယ်
အသက်မျှင်းမျှင်း ရှူနေရတဲ့
ကိုယ် အရေပြားရောဂါသည်လို
အနိုင်နိုင် ရပ်တည်နေရ ၊ ဖွင့်ထုတ်နေရ
ဝမ်းခေါင်းထဲက ထွက်လာတဲ့ အံဖတ်တွေနဲ့
ဆောက်လုပ်ထားတယ်
အကြော အပြိုင်းပြိုင်းထနေတဲ့ လက်အစုံနဲ့
အုပ်မိုး ကာကွယ်ထားတယ်
ဘာသာတရားရဲ့ လှစ်လျုရူမှုကို ခံနေရတယ်
အိမ်ကလေး  ။   ။
                           -    မောင်မိုးမြင့်
                                 ၄.၅.၂၀၁၂


( ဒီကဗျာကို ဖတ်အပြီးမှာ ကျွန်တော် ရွတ်ကြည့်ချင်စိတ်ဖြစ်လာတယ် ။ ဒါကြောင့် ရွတ်ဆိုဖြစ်ခဲ့ပါတယ်
တန်ဖိုးနည်းအိမ်ယာ ရွတ်ဆိုမှု အသံဖိုင်အား အောက်ပါလင့်ခ်တွင် ဒေါင်းလုပ်ရယူခံစားနိုင်ပါတယ် ။
မောင်မိုးမြင့် ၏ ကဗျာအား မင်းလုလင်မှ ပြန်လည်ရွတ်ဆိုခြင်းပါ )

တန်ဖိုးနည်းအိမ်ယာ ( အသံဖိုင် )

- မင်းလုလင် -

အဲ့ဒီနေ့ ရဲ့ ကိုက်တစ်ရာအကွာမှာ ကိုယ်ရပ်နေတယ်



ပုလင်းထဲ သံယောဇဉ်ကျန်သေးတယ်ထင်တယ်

ဘယ်လိုလုပ်မလဲ စစ်နိုင်

လမ်းတဲ့

သူ့ ကိုယ်သူ တစ်ခြမ်းစောင်းပြီး မောင်းနေတယ်။



လက်သည်းကြားကို အလွမ်းစိုက်ပြီး တူနဲ့ ထုလိုက်တော့လည်း

တစ်ကိုယ်လုံးတုန်ရင်သွားတာက လွဲလို့ ။



မြင်နေကျ နက္ခတ်ဆီက

တံခါးပိတ်သံ ကြားလိုက်ရသလို

သိမ်းထားတဲ့ စံပယ်တစ်ချို့ 

အလိုမတူပဲ အလင်းဝင်ကြ

သေချာတယ် သူမ ကိုယ့်ကို ရန်သူမျိုးတစ်ပါးပါးနဲ့  လူမှားနေပြီ။



ဟိုမှာ မုဆိုးငိုက် ငိုက်နေတာ တွေ့ လား

အိမ်ပြန်ချိန်နောက်ကျ ဖျားနေတဲ့ ဓာတ်တိုင်

ကိုယ်သူ့ ကို အစာတွေ ကျွေးနေမိတယ်။

လန်ချားတစ်စီးဟာ ကိုယ့်ကို မနက်စာပါမုန့် တစ်လုံးလို ကြည့်နေတယ်

ကိုယ့်လက်ဖ၀ါးပြင်မှာထင်ရှားနေတာ အသက်ရှူမှားခြင်းတွေ

ကိုယ့်ကိုယ်ရွံရှာနေတာ ကိုယ့်ကဗျာထဲက မနက်ခင်းတွေ

ဖုန်းနံပါတ်အမှားတွေမှာပဲ အမွှေးတိုင်တစ်ချို့ ထွန်းမိတယ်။



ကိုယ်မလိုချင်ပါဘူး စစ်နိုင်

ဘယ်ကမ်းနားမှလည်း မထိုင်ဖြစ်ဘူး။



ဦးစစ်နိုင် သိလား

ချွန်မြနေတာပဲ

အသည်းကွဲတယ်ဆိုတာလည်း

သူ့ ဂျိုနဲ့ သူပဲ။



မီးမထွန်းပဲ ထ ထ လင်းနေတဲ့ ညရယ်

ယောင်ယမ်းဆွဲနှုတ်မိတဲ့ မျက်ခုံးမွှေးတစ်ချို့ ရယ်

ကိုယ့်ဆီ မပျက်မကွက် ဂါရ၀ပြုနေတဲ့ ညနေငါးနာရီရယ်

သူမ တံတွေးစွတ်ပြီးဖတ်သွားတဲ့ ကဗျာဆရာတစ်ယောက်ရယ်။



ကိုယ်အခြေအနေမကောင်းဘူး စစ်နိုင်

သူမ လမ်းပြောင်းပြန်ကြီးမောင်းနေတယ်။



- ညီဇံလှ  -


( ကဗျာဆရာ ညီဇံလှရဲ့ လက်ရာကောင်းလေးတစ်ခုပါ ။ ကျွန်တော်ကတော့ 
   အရမ်းကိုကြိုက်ပါတယ် ။ )

ညီမလေးအိပ်ပျော်နေတုန်းမှာ အစ်ကိုဟာ ညီမလေးမျက်ခွံလေးတွေဖြစ်တယ်

ပင်လယ်မှာ ကျွန်တော် လျှပ်ပေါ်လောလီ နေခဲ့တာတွေ နောင်တရသလို ဖြစ်မိပါတယ်
တစ်ခါတစ်ခါ ကော်ဖီသောက်တတ်ပေမဲ့ ကိုယ်တိုင် ကော်ဖီ မှောက်ကျတဲ့ ကိုယ်ခန္ဒာ အခိုက်အတန့် မျိုးမှာ
အလေးချိန်က ဒလိမ့်ခေါက်ကွေး ၁ပိဿာ ၂ပိဿာ စသဖြင့် ဘယ်လောက်ပေါ့ပေါ့ ဘယ်လောက်ပါးပါး
ညီမလေး အတွက်တော့ ဟောဒီ ၅ ပေ ၇ လက်မ ပေါင် ၁၁၀ လေးဟာ အမြဲ အသင့်ပါပဲ ပြောမရဆိုမရ
ရန်ကုန်နဲ့ မန္တလေးဟာ ၁ နာရီ မိုင် ၁၀၀ နှုန်း နဲ့  ခုတ်မောင်းဆန့် ထွက်ရင်တောင် သွေးကြောမိုင်ပေါင်း
ခုနှစ်သောင်းကျော် ကြားက ယိုစိမ့်ကျကျလာမယ့် ဖြစ်မှု ပျက်မှု နှလုံးသားအာရုံခံစား စေ့စော်မှု
စိတ်မထင်ရင် မထင်သလို အော်ငိုတတ်မှု ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ကျိန်ဆဲရင်း တံတားပေါ်က
ခုန်ချလိုက်ရင် ကောင်းမလား ဘုရားရှေ့ သွားပြီး အပြစ်တွေ ၀န်ခံရမလား တရားမရသေးဘူး
သတင်းစာနေ့ စဉ်မဟုတ်ရင်တောင် တစ်ရက်ခြားစီလာပါ ညီမလေး နေကောင်းပါရဲ့ လား
ကောင်းကောင်းနေပါရဲ့ လား အကိုတို့ ကြုံနေရတာ အချစ်ဇာတ်လမ်း ကောင်းကောင်း တစ်ပုဒ်သာဆို
ညီမလေး မှာ အစာအိမ်ရောဂါ ရှိခဲ့မှာ မဟုတ်ဘူး ကိုင်ထားတဲ့ဖုန်း စကားပြောခွက်ကို မချလိုက်ပါနဲ့ 
သတိရရင် အဲဒီသတိက အကိုပေးလိုက်တဲ့ သတိပါ ညီမလေး ရထားတဲ့ သတိဟာ အကို့ လွယ်အိတ်ထဲက
ကဗျာစာအုပ်လေးဖြစ်တယ် C D လေး တစ်ချပ်ဖြစ်တယ် အကိုဘက်ကစပြောချင်တဲ့ " ဟဲလို " တစ်ခွန်း
ဖြစ်တယ် ကက်ဆက်ဖွင့်လိုက်ရင် ဒီသီချင်းက ရင်သို့ တိုးဝှေ့ နေဆဲပဲ ရထားလက်မှတ်ထဲ ခုန်ဝင်ချင်နေတဲ့
ပဋိပက္ခ မသိစိတ် ယန္တရားက ထိုင်မသိမ်းစလို ထိန်းမရ သိမ်းမရနဲ့ ပါလား ဆေးလိပ်ကို လမ်းမပေါ်
ပစ်ထည့်လိုက်တာ အဲဒီနေ့ က အဲဒီနေ့ က ညီမလေးကို လွမ်းလို့ ပေါ့ကွာ ယနေ့ ကျွန်တော်တို့ ကမ္ဘာဟာ
ခရစ်နှစ် ၂၀၁၀ ဖြစ်ပါတယ် ဧရာဝတီလည်း အရင်လောက် မနုပျို တော့ ကျွန်တော်တို့ လည်း
အရင်လောက် မဖြတ်လတ်တော့ အနာတရ တွေ ဧဒင်မှာပဲ လာလာပွင့်ကြတယ် ဖြန့် ခင်းထားတဲ့
သက်တန့် တစ်ခင်းစာလို ခွေခွေကလေး ရောထွေးနေရင် အကောင်းသား လှုပ်ခတ်လိုက်တော့
ကမ္ဘာကြီး မပြားဘဲ ကောင်းကင် ကြီး ပြားသွားတယ် အပေါ်က သက်တန့် ကြီး ပြုတ်ကျတော့မယ်
အိပ်စက်နေတဲ့ ငါ့ညီမလေး လန့် နိုးတော့မယ် အသံဗလံတွေ ဆူညံပွက်လောရိုက် စံပယ်တွေလည်း
တစ်သိုက်သိုက် တစ်ရှိုက်ရှိုက် ရာသီဥတုက အစစအနန ပွန်းပဲ့ကြွေ ဘာမှ ထွန်ယက်မရတဲ့
ကွင်းပြင်လို မနက်ခင်းမှာ အကို့ ကို မလိုအပ်တော့လို့  ထစ် , အ ပစ်ချလိုက်ခဲ့တာလည်း ညီမလေး
စုတ်ဖြဲလိုက်တော့မေ့လိုက်တော့ အိပ်ရာကနိုးလာရင် ကမ္ဘာကြီး ကို မြင်အောင်ကြည့်လိုက် တစ်ခါတစ်ခါ
ကမ္ဘာက ကြီးလွန်းပြီး မျက်လုံးတွေက သေးငယ်လွန်းတော့ မမြင်ရဘဲ ဖြစ်တတ်တယ်
ဒီအခါမှာ လူအဖြစ် ပီသအောင် အချစ်ကားကောင်းကောင်း တစ်ကားလောက်ကြည့်လိုက်
ပြီးမှ ချစ်သောမျက်စိနဲ့  မျက်စိတစ်ဆုံး ထပ်ကြည့်လိုက် မမြင်ရသေးဘူး ဆိုရင် နှစ်နှစ်ခြိုက်ခြိုက်
အိပ်ရေးဝအောင်ထပ်အိပ်လိုက် အကို က အမြဲရှိနေမယ် အမြဲမှ အမြဲတမ်းကိုရှိနေမယ်
ညီမလေးအိပ်ပျော်နေတုန်းမှာ အကိုဟာ ညီမလေး မျက်ခွံလေးတွေဖြစ်တယ် ။ 



- မောနွေ -




( ကဗျာဆရာ မောနွေ ရဲ့ နောက်ထပ်လက်ရာကောင်းလေးတစ်ခုပါ )

ညနေ

လေပြေလေညင်းကအစ ငိုတယ် ။
နေ့၊ ည တွေဟာ နေရဲ့အခွံဆီကနေ ငါ့ဆီကို လွင့်မျောထိမှန်လာပြီး ငါ့ကိုထပ်မံ
ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင် ငါက ငါ့အသက်ရှင်ခြင်းကို ပြန်ငြီးငွေ့လာပြီး ငါ့နာမည်ရဲ့
အသက်ရှင်ခြင်းဟာ စက္ကူငှက်ထဲက ‘ငါ’ ပါနဲ့ဆို ထုံသလိုလို၊ ကျဉ်သလိုလို ကမ္ဘာကို
ငါရတယ်။ ငါ့အာရုံအရပ်ရှစ်မျက်နှာမှာ မော်တော်ယာဉ်ဝေးကြီးတစ်စင်းဟာ ဂြိုဟ်သားရဲ့
မီးခိုးလို လျှာတွေထဲက အငွေ့နှုတ်ခမ်းနဲ့ နမ်းတယ်ဆိုပြီး အိတ်ဇောပြွန်ထဲကနေ
မျက်ရည်ငွေ့နဲ့ လှမ်းမှုတ်တယ်။ ငါ ပူပူလောင်လောင်မုန်းတယ် နင်စီးတဲ့ လိုင်းကားကအစ
ငါမဝယ်ပေးနိုင်မယ့် လက်ဆောင်တွေအဆုံး။ ငါ့ကို လိပ်ပြာလုံအောင် ပိတ်လှောင်ဖုံးထားနိုင်တဲ့
နင့်စိတ်ထားကိုတော့ ငါချစ်တယ် ငါ့ကိုချစ်တဲ့အတွက်လည်း နှလုံးသားက နင့်ကို
ကျေးဇူးတင်ပါတယ် နင်ချစ်လိုက်မိတဲ့ကောင်က ခပ်ပျော့ပျော့ကောင် အွန်လိုင်းမှာ
စာသားချင်းနမ်းလိုက်တဲ့ အချိန်ဆိုရင်ပဲ ဘဝက ကိုယ်တိုင်သစ်ပင်တစ်ပင်
ဖြစ်သွားတဲ့ ပုံပြင်တစ်ပုဒ်ထဲ ဝင်ထိုင်နေရတယ်လို့ မှတ်နေတာ စိတ်ဆွေးလွန်းလို့
ကွာကျသွားမှာကို စိုးရိမ်ကြောင့်ကြနေရတာ ငါ့ကို အဝေးကြီးတွေကို အတူ
ခေါ်သွားပြီး မထားခဲ့ပါနဲ့ လူတွေအများကြီး ရှိတဲ့နေရာမှာ မထားခဲ့ပါနဲ့ ငါ့ကို
အပေါ်ယံ ပူနွေးမှုမျိုးပဲပေးမှာ ငါကြောက်တယ် နင်မရှိရင် အိပ်မက်အနက်ကြီးတွေထဲ
ငါပြုတ်ကျမှာ။ ငါ့နှလုံးသား ခြေတွေလက်တွေ ကျိုးပဲ့သွားမှာ။ ငါငိုမှာ။ မျက်ရည်ရှော့ခ်နဲ့
ဦးနှောက်ကို ရိုက်ပစ်မှာ။ နင်က နေရဲ့အင်္ကျီလေး ပူနွေးစိုစွတ်တဲ့ အာကာသလက်ချောင်းငယ်
လေးတွေမှာ ခေါင်းစည်းကြိုးလေးတွေရှိတယ် ငါ့ရင်ထဲမှာ သိမ်းထားတယ်။
ငါဆံပင်တွေကို လက်နဲ့ ထိုးဆွမိနေတယ် နင်ကားပေါ်တက်သွားပြီ ငါ့တို့
စိတ်ကူးချင်းသဘောတူညီစာချုပ်ဟာ သင်္ချိုင်းတစ်ခုဖြစ်သွားမလား အချစ်ဟာ
အိုအောင်မင်းအောင် ငါတို့နှစ်ယောက်နဲ့ အတူ အသက်ရှည်ပေါင်းသင်းနေနိုင်ပါ့မလား
ငါကြောက်တယ် ဘာတွေကိုမှန်းလည်း ငါမသိဘူး ငါ့ကိုယ်ငါ အထင်သေးတယ်
နင်ဟာ ငါ့မြင်ကွင်းထဲက တဖြည်းဖြည်း ဝေးဝေးသေးသေးသွားတယ် ငါ့ရင်ထဲမှာ
‘ဟာ’ ခနဲ။ လေဟာနယ်တစ်ခုထဲမှာ ဘာနဲ့မှ ထိတိုက်ခွင့်မရလိုက်တဲ့ ဒဏ်ရာဟာ
အတော်ပြင်းပြင်းထန်ထန် နာကျင်လာတယ် ငါဝမ်းနည်းနည်းနဲ့ စာရွက်ပေါ်ပဲ
စာသားတွေ အားနဲ့ဖိရေးလိုက်တဲ့အခါ ငါ့နှလုံးသား အရမ်းအောင့်လာတယ်
“နာတယ်၊ နာတယ်” လို့ တအားအော်တယ် ငါ့သူငယ်အိမ်မှာ သွေးအညစ်အကြေးတွေနဲ့
ငါ့နားထဲမှာ မုန်တိုင်းအစိုင်အခဲလို အသံတွေအော်ဟစ်နေတယ် ငါဘာတွေဖြစ်နေတာလဲကွာ
ငါ့မသိတော့ဘူး ငါအရမ်းဝမ်းနည်းနေတယ်။ မဖြစ်မနေမို့ပါ နင့်လက်ကလေးတွေကို
ငါ ဘဝလို့ မှတ်လိုက်တော့မယ် နင်ငါ့ကို ခေါ်တဲ့ "ဟေ့ကောင်" ဆိုတဲ့ စကားလေးကို
ဘဝလို့ မှတ်လိုက်တော့မယ် ခုချိန်ဆို ငါ့နူးညံ့မှုတွေမှာ နင် မှတ်ဥာဏ်တွေ အိပ်ပျော်
နေမလား ငါ့စိတ်တွေအိပ်မပျော်ဘူး ငါ့ကိုဂရုစိုက်ပေးပါဟာ ငါနင့်ကိုချစ်တယ်
ငါ့ကို ဂရုစိုက်ပေးပါ ....
ကြေကွဲနေ့ညတွေမှာ ငါရှိနေတယ်  ‘      ’ ။


- မောနွေ -



( ကျွန်တော့ကို နှစ်ဝင်သွားစေတဲ့ ကဗျာဆရာမောနွေ ရဲ့ ကဗျာတစ်ပုဒ်ပါ )

ကျေးပုရပိုက်

တိ မ် မျှ င်ေ တွ ကို တ စ် စ စီ ဆွဲ ထု တ်
စိ တ် ကူး အ ပု ပ်ေ တွ နဲ့
ေ န ေ လ ာ င္ ေ န တဲ ့အ ေ ရ ျပ ာ း
မိ ေ က် း ေ ရ...
ပူ စ ပ် ပူေ လာ င် နဲ့ေ န သား မ ကျ တို င်း
က ဗ် ာ ေ တြ ပဲ ထု တ္ ေ ရ း ေ န ရ တ ယ် ။

မြို့ ကြီး ပြ ကြီး
လို င်း ကား တိုး စီး ဖူး တ ယ်
ဒါ လ ည်း ဘ ၀ မ ဟု တ် ပြ န် ဘူး
ငါ တို့...အ မြ င်ေ တွ ၀ါး
သ တ် ပုံ ေ တြ မွ ာ း ေ န ၾက တ ယ် ။

ဆို ကြ ပါ စို့...မိေ ကျး ရ ယ်
က မ္ဘာ ကြီး လုံး တ ယ် ေ ပါ့
အ ရွိ တ ရ ာ း ကို ခ ဏ ေ မွ ာ က် လို့
သိ ချ င် စ မ်း ရဲ့
ဘာေ ကြာ င့် လုံး ရ သ လဲ
ငါ မ သိ ဘူ း...မိ ေ က် း ။

ဒီ လိုပါ ပဲ လေ...
ငါ က လ ည်း န င့် ကို
က မ္ဘာ ကြီး လုံးေ န သ လို ချ စ် တာ က လွဲ ရ င်
အိ မ်ေ မွး တိ ရိ စ္ဆာ န်ေ တာ င်
ချ က် စား တဲ့ေ ကာ င်ေ ပါ့ ။

လ မ်းေ ဘး လ္ဘ က် ရ ည် ဆို င် ထို င်
ရှိ တဲ့ ပို က် ဆံ ( ၂၀၀ ) တ န် အ နွ မ်းေ လး နဲ့
ညေ န ခ င်း ကို ၀ ယ်
ဒု က္ခ သ ည် ဖြ စ် မှ န်း မ သိ ဖြ စ်
အ ပြ စ်ေ တွ သာ တိုး
" မ ရှိ ခိုး နိုး " ရ ယ် တဲ့ေ လ ။

ဘ ၀ ကို စိ တ် တို င်း ကျ တ ည်ေ ဆာ က် ဖို့
စိ တ် ထဲ မှာ န စ် ေ န တဲ့ အ ရ ာ ေ တြ
တ စ် စ စီ ပြ န်ေ ဖာ်ေ န မိ
( ၁ ) ယ င်း မာ တံဆိ ပ် မိ န်း မ စီး ဖိ န ပ် တ စ် ရံ
( ၂ )ေ ခါ င်း စီး ကြိုး နှ စ် ကွ င်း
( ၃ )ေ ရှာ က် ချို သီး တ စ် လုံး
( ၄ ) ငါး ပိ ရ ည် တ စ် ခွ က် နဲ့
( ၅ ) ကြာ ဇံချ က် တ စ် ပွဲ
ပြီး ပြ ည့် စုံ တဲ့ ဘ ၀ ရ ပြီ ။

ငါ့ တာ ယာ ဖိန ပ်ေ လး ပြ တ်
သဲ ကြိုး အ သ စ် တ ပ် တု န်း ကေ ပါ့
ကြ ယ် မ ေ ၾကြ ပဲ...
ေ န ပူ စ ပ် ခါး အ ပြေး အ လွှား နဲ့
သ တိ တ ရ ဆုေ တာ င်းေ ပး တ ယ်
မိ ေ က် း....
န င့် နု တ် ခ မ်း ေ တြ ထ ာ ၀ ရ ခ်ိဳ ပါ ေ စ ။

အ င်္ကျီ တ စ် ထ ည် နဲ့ေ ဆး လိ ပ် မီးေ ပါ က်
က င်း ချ ည် တွ ယ် မဲ့ လ က် တ စ်ေ ချာ င်း
အို...အ ေ တြ း ေ တြ
သ ရဲ စီး ကုန် ပြီ ထ င် ပါ ရဲ့
မေ ပြာေ ကာ င်းေ ပြာေ ကာ င်း မိေ ကျး ရ ယ်
တ က် နှို င် ရ င်
အိ မ် မ က် ထဲေ တာ င် ဧ ည့် ၀ တ် မ ပြု ပါ နဲ့ ။

ဒုံးေ ပ က တ် သ တ်
အ တ္တေ တွ ဒ ရွ တ် ဆွဲ
ခ ပ် ထူ ထူ ဘ ၀ ထဲ မှာ
ေ လ ခ်ိဳ ေ သြ း ျပီ း ေ ခ် ာ့ သိ ပ် ဖို့
ေ စာ င် ကြ မ်း တ စ် ထ ည်ေ တာ င် မ ရှိ ဘူး ။

မိ ေ က် း....ေ ရ
ပ် င္ း ရိ ေ လ း တွဲ့...
တ စ်ေ ယာ က် ထဲ ရှိ တဲ့ အ ခါ
ေ လာ က ဓံ ထိုး နှ က်
က ၾကိဳ း ေ တြ ပ် က် လို့
အိ ပ် စ က် အ နား ယူ လို ရ င်
ငါ့ ကို ေ ခၚ ပါ
ည ေ ယ ာ င် ဖ န် ဆ င်း
ငါ့ ကို ယ် ငါ အေ မှာ င် ခ င်း လို့
ခ ပ် ဖွ ဖွေ လး က ဗျာ ရွ တ်
န င် တ စ်ေ ယာ က်..
စိ တ် လွ တ် ကို ယ် လွ တ် အိ ပ် စ က် နှို င်ေ စ ရ ပါ့ မ ယ် ။

ေ ဟ ာ ... မိ ေ က် း
စံ ပါ ယ္ ေ တြ ေ ဖြ း ေ ဖြ း လွဳ ပ် ပွ င့်
န င့် ရာ သီေ ရာ က် ပြီ
သူ တို့...ပ င် လုံး ကျွ တ်
ပွ င့် ေ ၀ ၊ ေ ၾကြ က် ၊ ေ မြ ခ
တ စ် ခါ တ စ် ခါ က ေ လ း ဘ ၀ ကို သ တိ ရ သ လိ ုပဲ
ငါ ရို း ရို း ေ လ း လြ မ္ း ေ န မ ယ် ။ ။

(တာယာ)

ကိုတာယာရဲ့ ကဗျာတွေထဲက ကျွန်တော် အကြိုက်ဆုံးကဗျာလေးပါ....။

မမမြို့ကြီးသူ

လှည်းယာဉ်ကလေးစီး
ထီးနီနီလေးဆောင်းပြီး
ခေါင်းမဖြီးဘဲ လှနေတဲ့ မမ။

ကိစ္စမရှိဘူး
ကြယ်သုံးလေးပွင့်လောက် ဆွဲခူး
အိပ်မက်အထွေအထူးတွေနဲ့ 
ကျွန်တော့်ဖာသာရူးတာ။

မမ
သနပ်ခါးပန်းလေးပန်
ညဥ့်ယံမှာလည်း
မွှေးတယ်။

မမ
ပုထုဇဉ်မမ
လူဝတ်ကြောင်နဲ့ လှတယ်။

မမဟာ
စံပယ်ဖြူဖြူ
ကံကော်ဖြူဖြူ
စံကားပန်းဖြူဖြူ။

မမဟာ
ကျွန်တော့် မျက်ကြည်လွှာ
မမဟာ
ကျွန်တော့် လက်ဗွေရာ။

ကျွန်တော့် နံဘေးက
ပုရိသတို့ ရဲ့ ရှေ့ ရေး
မမအကြောင်းပဲ ကျွန်တော် တွေးမိပေါ့။

မမအပြုံးကိုရတဲ့နေ့ ကစလို့ 
အမှောင့်ပယောဂတွေနဲ့ 
တရေးနိုးတိုင်း
ကျွန်တော် ထထကတယ်။

မမ မျက်စောင်းက
အကြောင်းသုံးပါးမရွေး
ကျွန်တော့်မှာ
ပုံပြင်သေးသေးလေးတွေထဲ
ပြုတ်ပြုတ်ကျရ။


မမက မြို့ ကြီးသူ
ကျွန်တော်က ကျေးတောသား
မတရားတာတော့ အမှန်ပဲ။

မမခြေတစ်လှမ်းအရွေ့ 
ကမ္ဘာ့ ဘဏ်ထဲက ကုဋေတစ်သန်း
ကျွန်တော့် ရှေ့ ကို ရောက်လာစေ့ချင်တယ်။

မမက ဒေါက်မြင့် ဖိနပ်စီးတဲ့အခါ
ကျွန်တော်က တာယာဖိနပ်စီးတယ်၊
မမက ကိုယ့်ကားကိုယ်မောင်းသွားတဲ့အခါ
ကျွန်တော်က သူများနွားကျောင်းရတယ်။

မမ
မမဟာ
ကိုလွှမ်းမိုးသီချင်းထဲက
ဟိုအစ်ကိုကြီးရဲ့  မခင်နှင်းဆီ။

မမဟာ
ဆရာအောင်ခြိမ့်ရဲ့  ဂန္တ၀င်မမ။

လောကများရဲ့  ကောင်းမြတ်ခြင်းတရား
မမ ဖ၀ါးမှာကပ်တွယ်နေပါလား။

ကျွန်တော်ဆိုတာက
ငရဲကျမှာထက်
မမ မုန်းမှာကို ပိုကြောက်တဲ့ သွေးနွေးသတ္တ၀ါ။

မမ ပြုံးရင်
ကျွန်တော့်ကိုယ်ကျွန်တော် ပိုပို မုန်းမိရဲ့ ။

သလင်းကျောက်သား၊
စကားမဲ့ ရေအိုးစင်၊
အမေ့ ပုံပြင်ထဲက နတ်သမီး၊
မမ ဟာ ကျွန်တော်မပိုင်တဲ့ ထီးကလေးဖြစ်တယ်။

ကျွန်တော်က နွားကျောင်းသား
မြက်ခင်းစိမ်းကို ချစ်တယ်။

မမက စစ်ဘုရင်မ
မြင့်မိုရ်တောင်ထိပ်က
အလံဖြူကို ရသွားခဲ့သူ။

စစ်မြင်းတွေမောင်း
တံပိုးခရာတွေ တထောင်းထောင်းနဲ့ 
အရှင်လတ်လတ် ဘ၀ပြောင်းရပေါ့။

မမက
မြန်မာလို ယဉ်တယ်၊
အင်္ဂလိပ်လို လှတယ်။


မြစ်ရေကြီးမယ့် နောင်နှစ်များ
နယူးယောက်မြို့ ရဲ့  အခေါင်အမြင့်ဖျားမှာ
မမ ဟောမယ့်တရား
ကျွန်တော် နာမယ်။

နောင်နစ်များစွာ
နောင်နှစ်များစွာ
ကျွန်တော့် မမ
ဒီလိုလေးပဲ
လှနေပါစေ။

ဤကမ္ဘာမြေ
ဤကမ္ဘာရေ
ဤကမ္ဘာလေ
မမပဲ ပိုင်ဆိုင်စေ။

တိုက်ပုံမ၀တ်တတ်ဘူး
ဖိနပ်ပါးပါးပဲ စီးတယ်
ကားမှန်မှာတော့ ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်ဖူးတယ်
ဒီလိုပဲ ကျွန်တော်က
ပေါ့ပါးတယ်။

ကျွန်တော့် ရုပ်ပုံကားချပ်
မမ အသက်ရှူရတာ မွန်းမှာ စိုးရဲ့ ။

အင်္ဂလိပ်လို မပြောတတ်လို့ 
ကော်ဖီမသောက်ဘူး
........ ..........
မမ ရယ်တယ်။

မမ
မြို့ ကြီးသူ မမ။


ကျွန်တော့်ကလေးဘ၀က
ကျောင်းအင်္ကျီအဖြူလေး
ကွမ်းသွေးတွေ စွန်းပေ
အမေ့မလည်း မျက်ရည်ဝေရတယ်။

ကျွန်တော်
မမကို ချစ်တာ
ပုဒ်မအပေါင်းနဲ့  ငြိစွန်းခဲ့ရ။

မမ မစီးတဲ့ ဖိနပ်အဟောင်းလေး
ကျွန်တော်ငေးကြည့်နေမယ်။

မမ လျှောက်ခဲ့တဲ့ လမ်းတကာ
ကျွန်တော့်သွေးတွေ လဲ့ဖြာစေမယ်။

မမ
မြို့ ကြီးသူမမ
ကချေသည်ဘ၀နဲ့ 
ကျွန်တော် ကပြပါ့မယ်။

နားဆင်လော့
ရှုလော့
ခံစားလော့။

................(နေ့သစ်)

ကျွန်တော်အရမ်းကြိုက်တဲ့ ညီငယ်လေးနေ့သစ်ရဲ့ ကဗျာလေးပါ

ဖေဖော်ဝါရီအတွက် ရိုးလွန်းတဲ့ ကဗျာ



အိုင်ယာလန်မလေး…
မြန်မာသွေး မစစ်တဲ့  မြန်မာပြည်ကို..ချစ်တဲ့ ကောင်မလေး
စကပ်ကလေးနဲ့ လှ…
သွားလေရာမှာ ခြေကျင်းလေး ငါဖြစ်မယ်




မြောက်လေတွေပျံ့ သင်း
နဂါးတွေရဲ့ ခံတွင်းဝကနေ
လကွေးကွေးလေးနဲ့ ဆွေးနေမယ်



စံပယ်ပန်းလေးကိုပန်
ဘ၀အမှန်ကိုမေ့ ကွယ်


ပါးကွက်ကြားလေးနဲ့ ငါ့ရာဇ၀င်ကိုချီ
တေးတွေလည်းသီပေးမယ်


ချည်ချောထမီလေးနဲ့ ယဉ်
မြန်မာလိုပြော….
ငှက်တွေကူးခတ် ..ငါးတွေပျံသန်း
တယောအိုတစ်လက်.....နဲ့ 
ဧဒင်ဥယျာဉ်ကြီးမှာ ပန်းပုခက်လည်းစီးကွယ်



အနီရောင်မြို့ ပြထဲကျေးလက်ပုံစံနဲ့ …
ဘာဖြစ်သေးလဲကွယ်…
လေထဲက… ရဲတိုက်ကြီးကိုဆွဲထုတ်
နင်က ဘုရင်မလုပ်
ငါကအိပ်ဖန်စောင့်လုပ်မယ်



နင့် ..လက်ဖျားထိပ်မှာ
ကြယ်တွေ ပွင့် …..
နတ်ဘီလူးတွေစစ်လက်နက်တွေချ
ခေါင်ရမ်းတစ်ပွင့်ပျိုးလို့ ..နှင်းဆီပွင့် တဲ့ …
မှော်ရာသီမှာ …ရင်ဘတ်ထူထူနဲ့ 
မာနရူး…ရူးနေတဲ့ ….
ငါ..ဟာ အဆိပ်ဆူးလည်းဖြစ်ချင်တယ်



လှပြီးသားကွယ်….
သနပ်ခါးလေးနဲ့ လည်း….
ငါ့ အိမ်မက်တွေကို နင်..ပိုင်တယ်


ကတ္တီပါဖိနပ်လေးနဲ့ …
ပုသိမ်ထီးကလေးကိုဆောင်း
နတ်လုလင်တို့ ဗျတ်စောင်းကိုတီးကြ
ပွင့်သောပန်းတိုင်းလည်းလှစေ


ကျေးတောသူတတ်တဲ့ ပဉ္စလက်နဲ့ 
ပင်လယ်ကြီးကို မျှားကြစို့ 
သောကြာနေ့ မှာ စနေနံ အင်္ကျီကြီးမ၀တ်နဲ့ 
တိုးတိုးလေးပဲပြောပါကွယ်....
တိတ်တိတ်ကလေးနားထောင်မယ်....


ကန္တာရင်ဘတ် ကြက်ခြေခတ်တွေတလက်လက်နဲ့ 
ရေငတ်နေတာကြာပေါ့ ....။
အိုင်ယာလန်မလေးရေ....
ညောင်ရေအိုးထဲက ရေတစ်စက်နဲ့ ....
ငါ့ အသက်ကို ဆက်ပါ ....။


မြူမှုန်တွေကျဲပက်...
ရာဇ၀င်အထပ်ထပ်နဲ့ ...
ဟင်းလင်းပြင်မှာညပ်နေတဲ့ ...ဓါးတစ်ချောင်း
ငါ... မနေ့ ကအင်္ကျီကိုပြောင်းပြန်..ပြန်ဝတ်တယ်


ကာရန်မညီလဲ...ချစ်ပါရစေ
အိုင်ယာလန်မလေးရေ....။
နင့်နာမည်ခေါ်ရတာခက်တယ်....
နှင်းဆီနက်လို့ ပေးထားမယ်...
နာမည်ပေး ကင်ပွန်းတပ်ကို...
(၁၃) ရက်နေ့ မှာလုပ်မယ် ..... ။
(၁၄) ရက်နေ့ မှာ နင့် အတွက်ဆိုပြီး...
ဒီကဗျာကို ငါရေးမယ်.......။


ရင်ခွင်ရှိန်း


.......ရင်ခွင်ရှိန်
းရဲ့ ကဗျာလေးပါ ....ကျွန်တော်အကြိုက်ဆုံးတွေထဲက တပုဒ်ပေါ့.......


...........

ဆောင်းတစ်ခုရဲ့ အလွန်

နှင်းရိပ်တွေတသွင်သွင်နဲ့ 

နေပီပီမလင်းတဲ့ နံနက်ခင်းတစ်ခု

နင့်ကိုစောင့်ရင်း ဘုရားမှာ ငါဆုတောင်းမယ်

အချစ်ဆိုတာ ဘယ်သူမှမပိုင်ဆိုင်တဲ့

ကောင်းကင်လက်ဆာင်ပါကွယ်။



ဆန္ဒရဲ့  ရောင်နီဦးတွေနဲ့ 

နီလွင်ထစ်ချူန်း

မသိခြင်းဥတုရာသီထဲက

ကမ္ဘာဦးတစ်နေ့ ဟာ

ငါ့ရစ်သမ်တွေကို ခါးခါးသီးသီးငြင်းပယ်ပစ်ခဲ့တယ်။

ဗီးနပ်စ်ဆိုတာ တစ်ချို့ လူတွေအတွက် စေတန်ပါပဲ။



ငါဆိုတဲ့ကောင်က မိုးမြေသက်တန့် အလယ်

ချစ်သူကို ထည်ဝါစွာ တင်မြှောက်ခစားချင်တဲ့

ပူအိုက်အိုက် ပုစဉ်းရင်ကွဲဂီတပါ..။



လျှပ်ဝါ မီးပန်းတွေနဲ့ 

မှိုင်းပြာရီဝေနေတဲ့

သစ်ရွက်စာ တစ်အုပ်သာ ကျန်ခဲ့ပါစေ......

အရာရာဟာ ဈာပန သာ ဖြစ်စေသားကွယ်။

...............................(-နေ့ သစ်)


နေ့သစ်ရဲ့ ထိုနေ့ကဆိုတဲ့ အက်ဆေးလေးထဲက ကဗျာလေးပါ ခွင့်မတောင်းမိတဲ့အတွက် ညီငယ်နေ့သစ်ကို

ဒီကနေပဲ တောင်းပန်လိုက်ပါတယ်....။

ပန်းဝေတံခါးပိတ်

အလွမ်းတွေရှိထားကြောင်း
'ပန်းဝေ' သိလားမေးချင်တယ်..
လမ်းတွေ့ရင်ခေါ်ခွင့်မပိုင်ပါဘူး
ကျွမ်းမြေ့ချင်မျှော်လင့်နိုင်မှာလားရယ်လို့
ခိုးဝှက်ကာ အကြည့်ပုန်းတွေနဲ့
တိုးရှက်ရာ မချိဆုံးပါပဲ
ငြိထုံးလာ အလွမ်းတွေဝေတော့
'ပန်းဝေ' သိမယ်.....။
ကိုယ့်မျက်ရည် ကိုယ်မတွေ့ရှာပါဘူးတဲ့
ညှို့ချက်တွေ အငိုဝှေ့ပါရင်း
ကမ္ဘာချဉ်းအောင် ပန်တော်ပွင့်မဲ့
သခင့်အတွက် ပန်းတွေရယ်
နွမ်းလေတယ် ကျွန်တော် မျက်ဖြေရူး
သြော်...တို့ဘ၀က
တမ်းမပြေတယ်နော် မျက်ရည်ဦး....။
နှောင်တွယ်ကာ ခက်တာပဲ ပန်းရယ်လို့
ရှောင်ဖယ်ကာ မျက်နှာလွှဲစမ်းချင်တာပေါ့
ကျောင်းခန်းဆီ ခြေလှမ်းတွေ အရောက်ယူဆဲမှာပင်
တစ်ယောက်သူနောက်လူ တွေ့နေနှင့်ပြီမို့
ရင်နှင့်စွာ ကျွန်တော် ချစ်ပေမဲ့
မြင်ခွင့်မှာ အဖော်အသစ်တွေနဲ့
" ပန်းဝေ" ရယ်
(တို့လေ...)
မခေါ်ဖြစ်ပါဘူး......။
......................................................(တာရာမင်းဝေ)

ဆရာတာရာမင်းဝေရဲ့ ကဗျာများစွာထဲမှ ကျွန်တော် အကြိုက်ဆုံးတွေထဲက တပုဒ်ပါ

ကြယ်မလေးအတွက်အလင်းဖတ်စာ

ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ

ကြယ်ကလေးတစ်စင်းကို ချစ်မိတဲ့အခါ

ကျွန်တော်ဟာ . . . . သူ့အနားက

အိမ်နီးချင်းကြယ်တစ်စင်းဖြစ်သွား

ကျွန်တော့်စိတ် . . . .

မှိတ်တုပ်မှိတ်တုပ်ဖြစ်ရတယ် ကြယ်လေးတွေလို ။



ကျွန်တော့်ရင်ခုန်သံဟာ ကြယ်မလေးဆီ ရိုးမြေကျ

ကျွန်တော် မရိုးမရွဖြစ်ရတယ်

ကြယ်မလေးကိုချစ်မိသွားကတည်းက

ကျွန်တော်ဆံပင်နီမဆိုးချင်တော့ဘူး

ဘာမှလည်းမဆိုင်ပါပဲနဲ့

ကျွန်တော် တီရှပ်မ၀တ်ချင်တော့ဘူး

ဘာမှလည်းမဆိုင်ပါပဲနဲ့

ကြယ်မလေးရယ် . . . . ကျွန်တော်က တကယ်ကိုချစ်မိသွားတာ

ဘာမှလည်းမဆိုင်ပါပဲနဲ့ကွယ် . . . . နော်။


ကြယ်မလေး . . . .

ဘယ်ကိုများငေးနေလဲ

ကျွန်တော့်ကိုပဲကြည့် ၊ ကျွန်တော့်အကြောင်းပဲ . . . .

သိ ပါ ကွယ် ။



လွမ်းတိုင်း . . . ကောင်းကင်ပေါ်မော့ မော့ကြည့်ရုံနဲ့

မကျေနပ်နိုင်တော့တဲ့အခါ . . . .

ကျွန်တော်ဟာ ကြယ်ပွင့်လေးတွေကို

ကျွန်တော်ပိုင် လယ်ယာစိုက်ခင်းအဖြစ်စိုက်ပျိုးချင်လာတယ်

`သူမ´က ကြယ်စိုက်ခင်းလေးပေါ့

ကျွန်တော်က ကြယ်ယာစိုက်ပျိုးရေးသမားပေါ့

ကြယ်ပျိုးသူပေါ့ . . . . အဲဒီလိုလေး . . . .

ဖြစ် ချင် တယ် ။



သူ့မျက်လုံးလေးတွေကိုရှေ့ထားပြီး

ကျွန်တော်ကြည့်ချင်တယ်

သူ့အသံစူးစူးလေးကို ရှေ့ထားပြီး

ကျွန်တော်သီချင်းဆိုပြချင်တယ်

သူ့နှုတ်ခမ်းလေးကိုရှေ့ထားပြီး . . . . .

အင်း . . . ကြယ်လေးရေ . . .

နှုတ်ခမ်းလေးကိုရှေ့ထားပြီး ကျွန်တော်ဘာလုပ်ရင်ကောင်းမလဲ

. . . . . . . မလန့်ပါနဲ့ ကြယ်မလေးရယ်

ချစ်လို့စတာပါကွယ် ။



သမာရိုးကျမဟုတ်ဘဲ

ကြယ်လေးတစ်ပွင့်ကိုချစ်မိတဲ့အခါ

ကျွန်တော် . . . ကြယ်ကြည့်သူတစ်ဦးဖြစ်သွား

ကြယ်ကလေးကြွေကျလာဖို့ ဆုတောင်းမိတယ်

ကျွန်တော့်နံဘေးနားကို . . .



ကျွန်တော်လေ . . .

`ဟိုတစ်နေ့တုန်းက´ ကိုပြန်ရောက်သွားတော့

ပွဲတော်ကို မျက်ဝါးထင်ထင်ပြန်မြင်တယ်

ကြယ်မလေးရေ . . . ကြယ်မလေးရေ . . .



ကျွန်တော်ဟာ ကြယ်မလေးယက်လုပ်တဲ့ အ၀တ်လေးတစ်ထည်ဖြစ်ချင်တယ်

ကျွန်တော့်ကို သူဝတ်ဆင်တဲ့အခါ

ကျွန်တော် နွေးနွေးထွေးထွေးဖြစ်သွားချင်တယ်

ကျွန်တော်ဟာသူ့ရဲ့ မီးလင်းဖိုလေး

သူဟာကျွန်တော့်ရဲ့ဆောင်းတွင်းလေး . . .

အဲဒီလိုလည်း ဖြစ်ချင်တယ် ။



တကယ်တော့ `သူမ´ဟာ

လှလှပပ ကြယ်နတ်သမီးလေးတစ်ပါးမဟုတ်ပါဘူး

ပြောင်စပ်စပ်နိုင်တဲ့ ကြယ်ရူးမလေးတစ်ဦးဖြစ်တယ်

ပြောရင်းနဲ့ကို . . . ချစ် ချစ်လာမိတာ

ကြယ်မလေးရေ . . . ကျွန်တော့်ဆီကြွေပါ ။



ကြယ်မလေးအတွက် အလင်းတွေသွန်းထားတဲ့ဖတ်စာ

ဒီကဗျာရေးပြီးတော့ ကြယ်မလေးကို ပေးမဖတ်ဝံ့ပြန်ဘူး

ရှက်တာပေါ့ကွယ် . . . . ကြယ်စင်မလေးရယ်

ကျွန်တော်က ချစ်မိသွားတဲ့အခါ . . . .

သူရဿဝါ
===============================================
===============================================

ဒီကဗျာလေးကိုဖတ်ပြီးကြိုက်လွန်းလို့ ကိုသူရဿဝါဆီမှာ ခွင့်တောင်းပြီးတင်ထားတာပါ

ကိုသူရဿဝါက ဒီကဗျာလေးကို ရေးဖြစ်ပုံလေးကိုလဲ ပြောပြခဲ့ပါတယ် အမှတ်တရအနေနဲ့ သူနဲ့ပြောဖြစ်ခဲ့တဲ့ ကြယ်မလေးရဲ့ အစကိုလဲတင်ပေးလိုက်ပါတယ်..ကျေးဇူးပါ ကိုသူရဿဝါ

""အဲဒီကဗျာမရေးခင် ရှေ့ကဗျာတွေတုန်းက ကျွန်တော် ဒဿနကဗျာတွေ ၊ ဘဝကဗျာတွေလျှောက်ရေးနေတာ
နည်းနည်းငြီးငွေ့လာတော့ အချစ်ကဗျာလေးတစ်ပုဒ်လောက်ရေးမယ်ဆိုပြီး
အဲဒါလေးရေးဖြစ်တာ
အဲဒီလိုပုံစံမျိုးက ကျွန်တော်ကဗျာတွေစရေးတုန်းကပုံစံမျိုးလေးပေါ့
စကားလုံးအားကောင်းကောင်းနဲ့
အဲဒါလေးကို အလွမ်းပြေပြန်ရေးတာပါ
း))
ကြယ်မလေးဆိုတာက စကားလုံး အဆန်းဖြစ်အောင် သုံးထားတာပါ ""

သူမ စုတ်ဖြဲသွားတဲ့ တနင်္ဂနွေတခြမ်း

ရူးရူးမိုက်မိုက်ပါပဲ…
တနင်္ဂနွေတွေဆီကို ပြေးလာလိုက်ရတာ
တစ်နေ့က သောကြာနေ့လေးအထိ
ငါ ပြုံးနေတတ်ခဲ့တယ် ၊၊ ၊၊

ပြန်မလာနိုင်တော့ဘူးတဲ့…
အခုတော့ ပင်လယ်မဖြစ်လိုက်ရတဲ့ လှိုင်းလေးကို
ပွေ့ပိုက်သိမ်းဆည်းခဲ့ရ…
သင်းကွဲတယ်ဆိုတာ..
ပလက်ဖောင်းလေး နံဘေးက
ခြောက်ကပ်စွာတိုးတိတ်သွားတဲ့ သီချင်း
တယောသံလေးလည်း ငိုနေခဲ့ပြီ ၊၊

သင်္ကေတလေး ကွဲရှသွားတဲ့ညနေမှာပေါ့
ဘာမှ မရလိုက်ပေမယ့်
ငါ အားလုံးကို ထားခဲ့လိုက်ရတယ် ၊၊

ငါ မငိုခဲ့ပါဘူး . . .
စိုမှာစိုးလို့ တိတ်ပစ်လိုက်ရတဲ့ မိုးတွေလို
ငါ မငိုခဲ့ပါဘူး ကွယ်

ဒီ အငေးလေးတွေ တဖြည်းဖြည်းဝေးတော့မယ် ၊၊

ဘယ်လိုမှ ဖြေလို့မရခဲ့ဘူး .. ၊၊
နောင်လာမယ့် တနင်္ဂနွေတွေဆို
သူမကို ပြန်မရတော့ဘူး
ဘယ်လိုမှ ဖြေလို့မရခဲ့ဘူး ...၊၊
မနက်ဖြန်တွေကို စိုက်ပျိုးပေးနိုင်မလား တဲ့ ...
........................................
ဘယ်လိုမှ ဖြေလို့ မရခဲ့ပါဘူး ...
မေးခွန်းတိုးတိုးလေးတွေရယ် ၊၊

သူမ မျက်နှာအလွှဲမှာ

တနင်္ဂနွေလေး ပြတ်ရှသွား……

ကြယ်တွေကိုယ်စား ကြွေသွားခဲ့ရတယ်

နောင်လာမယ့် တနင်္ဂနွေတွေဆို

သူမ ပြန်မလာတော့ဘူး ၊၊


................................................ဇာတိ...................


ကိုဇာတိရဲ့ ကဗျာလေးပါ ..ကျွန်တော့ရဲ့ အဖြစ်အပျက်တချို့နဲ့ တိုက်ဆိုင်နေလွန်းလို့ပါ

အရောင်ပျော် အ၀ိဇ္ဇာ

စွဲမက်စေရန် အလို့ငှာ ပေါင်းစပ်ပျော်ဝင်နေသော

အရောင်များ

ကင်းဗတ်(စ်) စပေါ်က စိတ္တဇ ပန်းချီကားတစ်ချပ်

အညိုရင့်ရောင် ကော်ဖီတစ်ခွက်

နေ့စဉ်ထုတ် အဖြူရောင် သတင်းစာ

ရုတ်တရက်

လျှပ်စစ်ဝါယာကြိုးထဲက ခုန်ထွက်လာတဲ့

အနီရောင်စာသား သီချင်းတစ်ပုဒ်

ငါ့ အချိန်တွေကို ခိုးယူတတ်တဲ့

အပြာရောင် ဂျာစီဝတ် ဘောလုံးအသင်း

ရဲရဲတောက် နေရောင်အောက်

ပွဲဈေးတန်းက အပေါစား ရောင်စုံမျက်နှာဖုံးနဲ့

အညိုရောင် ၀ံပုလွေများ

အမည်းရောင် အရှက်ကာ မျက်မှန်

အဖြူအမည်း စစ်တုရင်ခုံပေါ်က နယ်ရုပ်များ

အမည်းရောင်ငွေ စက္ကူ

နွမ်းရိသွားသော ခရမ်းရောင်ပန်းတစ်ပွင့်

မာယာ နဲ့ဖျော်ထားတဲ့ နီယွန်ရောင်တောက်တောက် ညထဲမှာ

မီးတောက်ရောင် ၀တ်ရုံနဲ့ လျှောက်လမ်းပေါ်က အင်္ဂါဂြိုဟ်သူ



လမ်းဘေး အဖြူအနီကြား ပလက်ဖောင်း

ဇက်ကြိုးမဲ့

မီးခိုးရောင်လေလွင့်တိမ်တိုက်

ပန်းနုရောင် ခြေဖမိုးတစ်စုံ

အဆိပ်ရနံ့သင်းတဲ့ အပြာရောင်နှုတ်ခမ်း



လက်ထဲက၀ှက်ဖဲ ၊ အနီရောင် ဂျိုကာ

ကြိုးတန်းလမ်းလျှောက် အ၀ါရောင် ဆပ်ကပ်သမား

ခေါင်းပေါ်က အနီရောင်မိုးစက်များ

နိမိတ်ဖတ်ပုဏ္ဏားရဲ့ ``ရောင်စုံ ၀င်္ကဘာ ´´ ကဗျာစာအုပ်

အသံမထွက်နိုင်တဲ့ အဖြူအမည်းရုပ်ရှင်



ပုစွန်ဆီရောင် ညနေခင်းတိမ်ဆိုင်

ဖျော်စပ်သောက်မိတဲ့ ရွှေအိုရောင် ၀ိုင်တစ်ခွက်

ရောက်ရှိသွားတဲ့ အစိမ်းရောင်တောအုပ်

ညအနက်ထဲ

မက်ခဲ့မိတဲ့ အပြာရောင်အိပ်မက်


ပန်းချီဆရာဆီက ထွက်ကျလာတဲ့ သွေးစိမ်းရှင်ရှင်

ဆေးစက်မကျသေးတဲ့ လက်ကျန် ကင်းဗတ်(စ်) စ အဖြူရောင်

နောက်

အရောင်တွေထဲမှာ ပျော်နေတဲ့ အ၀ိဇ္ဇာတစ်ကောင် ..........

ကြယ်ပန်းလူ

ကိုကြယ်ပန်းလူ ရဲ့ လက်ရာများထဲမှ ကျွန်တော်အကြိုက်ဆုံး အရောင်ပျော် အ၀ိဇ္ဇာဆိုတဲ့ ကဗျာလေးပါ

ကိုက်လမ်း

ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူုယုန်ကလေးပါ
နေ့စဉ်နေ့စဉ်
ငါ့ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း
သစ်ပင်မြက်ပင်ငယ်လေးတွေကိုကိုက်ကိုက်ပြီး
ငါထွက်လာခဲ့မြဲ
ခု..........
လူနဲ့ ခွေးများတောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ
ငါ့သစ္စ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့၊၊ ၊၊

........................ မောင်ချောနွယ်


ဆရာမောင်ချောနွယ်၏ကဗျာများထဲမှ ကျွန်တော် အကြိုက်ဆုံးကဗျာလေးဖြစ်ပါတယ်

ကြယ်ကြွေသတို့သား

ကြယ်ကြွေလို့လား ---

သူငယ်ချင်း မင်းဟာ
ယုံကြည်ရာကို ရင်သွေးလိုလည်း မွေးခဲ့တယ်။

သူငယ်ချင်း မင်းဟာ
ဒဏ်ရာတွေကို ဆီမီးလိုလည်း ထွန်းခဲ့တယ်။

သူငယ်ချင်း မင်းဟာ
ကိုယ့်အနာ ကိုယ့်လျှာနဲ့သပ် ရှင်တတ်ခဲ့ပြီးပြီပဲ။

သူငယ်ချင်း မင်းဟာ
ကိုယ့်အရေပြား ကိုယ်လွှာ
ကိုယ့်အရိုး ကိုယ် အပ်လိုသွေး၊ ကိုယ့်ဝတ်စုံ ကိုယ်ချုပ်လို့
ကျကျနန လှခဲ့ပြီးပြီပဲ။

သူငယ်ချင်း
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်းကြွေတဲ့
ဟောဒီကမ္ဘာမြေရဲ့ အနာတရတွေကို
ဒီကနေ့ နေအပြင်းပြင်းပူတဲ့ ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖ၀ါးနဲ့ကာကွယ်ဖို့ ငါတို့ နေရစ်ခဲ့ဦးမယ်။
သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်းဓာတ်ပြားထဲ
မင်းရဲ့ကဗျာတွေ မာတိကာစီဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့်သူငယ်ချင်း
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံ ပြန်စိုက်တဲ့တနေ့
ငါတို့ .......။ ။

.................. မင်းကိုနိုင်


ဆရာတာရာမင်းဝေ၏ အသုဘအခမ်းအနား မှာ ကိုမင်းကိုနိုင်ရွတ်ဆိုခဲ့တဲ့ ကဗျာလေးပါ

ကျွန်တော်ဖွင့်ခဲ့ရသော မြို့ပြ၏တံခါးများ





မြန်နှုန်းမြင့်ဘ၀ ထဲမှာ
တစ်ရက် နဲ့ တစ်ရက်က ဘာမှမကြာလိုက်ဘူး
ခဏခဏ ဝေ့ဝိုက်ကျလာတဲ့ ဆန္ဒတွေ သပ်တင်ရင်း
ကျွန်တော့်လက်ကြားက သိက္ခာတွေပါးပါးလာတယ်
ဟော . . . .
ဒါ ကျွန်တော့် အခုနေတဲ့ မြို့ကြီးပေါ့
မေတ္တာခေါင် အပြုံးရှား
အမြဲ အတွေးတွေ လှောင်နေတယ်
အလင်းဆိုင်ဆိုတာ . . .
စမ်းချောင်းမှာတွေ့လား တာမွေမှာတွေ့လား
ည အိပ်ချင်မှ အိပ်မယ်
မနက်ဆိုစောစောထရမယ်
မထချင်ဘူးလား
စောစောပဲထရတယ်
"ပဲပြုတ်"
ဒါ ကျွန်တော်ရဲ့ မနက် ၆ နာရီ နှိုးစက်ပါ
မယုံဘူးလား
နောက်တစ်နာရီဆို
"ယခု မြန်မာစံတော်ချိန် နံနက် ၇ နာရီ ရှိပါပြီ"

မြို့ပြက နိုးတဲ့မနက်မှာ
စောစောစီးစီးပဲ လ္ဘက်ရည်ဆိုင်ကို ထထွက်တယ်
ခပ်ကုပ်ကုပ်ဆိုင်ရဲ့ ထောင့်ကျကျစားပွဲမှာ
တစ်ယောက်တည်းရန်ဖြစ်လို့ကောင်းတယ်
"ငါမှန်တယ်"
"ငါမမှားဘူး"
"မင်းကဗျာမှာ သီအိုရီမပါဘူး"
"မင်းကဗျာကရော ကာလာစုံလို့လား"
လည်ချောင်းထဲက ရေနွေးကြမ်းခါးခါး ကို
ဆေးပေါ့လိပ် အငွေ့တွေနဲ့ မျောချ
လေတွေ ဟောင်ဖွာဖွာနဲ့ ရောချ
ပြီး . . . .
လက်ထဲက ဘဝ က လှုပ်လှုပ် လှုပ်လှုပ် နဲ့
တစ်ချိန်ချိန်မှာ ( ခဏ အတွင်းမှာ )
ပြိုလဲဖို့ . . .
ခလုတ် နှိပ်ပြီးသား မိုင်းတစ်လုံးလို ပါလာတယ်
မြစ်ရေကြီးတယ် ၊ မိုးခေါင်ရေရှားတယ် ၊ ကဗျာဆရာတစ်ယောက်သေတယ်
ကျွန်တော်တို့ မြို့နယ်က မီးတိုင်တွေ
ညနေဆို မှိန်မှိန်လေးလင်းလာတယ်
မီးတိုင်ရဲ့ တစ်ချက်ချင်းအလင်းကိုရောရင်း
ကျွန်တော်နဲ့ ကျွန်တော့်စကားလုံးတွေ
အရက်ဖြူကိုမြည်းတယ်
ပြင်းရှရှစကားလုံးတွေ တစိမ့်စိမ့်လှတယ်
တစ်ချို့ မီးရောင် မှိန်မှိန်အောက်မှာ
ဘဝတွေကို ဘီယာ နဲ့မြည်းတယ်
ဒီအတ္တတွေ တိုက်ချွတ်ဆေးဖို့တော့
ပြက္ခဒိန်တွေက စုတ်ဖြဲလို့ မလုံလောက်သေးဘူး
"ကျေးဇူးပြုပြီးကြာမယ်ထင်ရင်
လမ်းဘေးချရပ်ပေးပါ"
ဒီမြို့ပြမှာ အားလုံးပုံမှန်ပဲ စီးဝင်သွားတယ်
ကဗျာဆရာ တစ်ယောက်ဖြစ်တယ်
ကျောင်းသားတစ်လှည့် အလုပ်သမားတစ်လှည့်ဖြစ်တယ်
"ကျွန်တော်ထင်ထားပြီးသားပဲ
ဒီပလပ်စတစ် ထိုင်ခုံအကျိုးနဲ့
ဟိုအစ်ကို ထိုင်တဲ့ ဆိုဖာ မလဲပါဘူးဗျာ"
ကျွန်တော် မကြိုက်တဲ့
အနီရောင်ဝတ် နံပါတ် ( ၇ ) တော့ မဟုတ်ဘူး
အမြဲတော့ ကော်လာထောင်တယ်
ဒါပေမယ့် ကော်လာက ကျွန်တော့် ဘဝလိုပဲ
အမြဲ ခေါက်ရိုးကျိုးကျလာတယ်

လမ်းပေါ်ကကောက်ရတဲ့ သူငယ်ချင်းတွေထဲက
မနေ့ညမှာ တစ်ယောက်ပါမလာဘူး
ရပ်နေတဲ့ အတွေးတွေနဲ့
တစ်ချိန်က အသစ်ဖြစ်ခဲ့တဲ့ သူငယ်ချင်းကို
အတွေးဟောင်းတွေနဲ့
နှုတ်ခမ်းတွေ အလျားလိုက်ဆွဲဆန့်ကြရင်းပြန်တွေ့တယ်
တဆိတ် . . .
ပေါ့အိလွန်းသား စကားတစ်ခွန်းမှမဆိုဘူး
သူ့ဘေးက လွယ်အိပ်လို ကန့်လန့်ပဲ ထွက်သွားတယ်
(မြို့ပြမှာ ဒီလိုပဲ ၀င်တိုက်ကြတယ်)
ကဗျာဆရာတွေ စကားလုံးတွေ တိုက်ကြတယ်
ကျွန်တော်တိုပ ဘယ်သူမှန်းမသိပါပဲ လူလူချင်းဝင်တိုက်ကြတယ်
တစ်ချို့ . . . ဘီယာခွက်ချင်းတိုက်ကြတယ်
တစ်ချို့ . . . ဘဝတွေချင်းတိုက်ကြတယ်
နောက် အားလုံးထထွက်သွားတယ်
ရပ်ရမယ့်နေရာတစ်ယောက်မှ မတူဘူး
( ကျွန်တော်ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်ရှိနေပါသဖြင့်)
ကျွန်တော်ရပ်ထားတဲ့နေရာမှာ
ကဗျာစာရွက်အဟောင်းတွေ ရှိမယ်
ခဲပန်းချီ ဖျက်ရာတွေရှိမယ်
အခုဟောင်သွားတဲ့ ကဗျာအသစ်တွေရှိတယ်
ခဲတံအတို နဲ့ ဆေးလိပ်တိုတွေ ရှိတယ်
ဒါတွေ ညလယ်စာအဖြစ် ကျွန်တော်စားခဲ့တယ်
ကျွန်တော် သူ့ငယ်ချင်းတစ်ချို့ ဒီလိုပဲစားတယ်
"စိတ်ကို ကိုယ်ကလွှတ်ပြီး ကြပ်တည်းပါရစေ
နေပါစေ နေပလေ့စေ
အားလုံး တစ်လမ်းမောင်းပဲကောင်းပါတယ်"
ဘေးလူတွေကြည့်ရင်တစ်ယောက်မှ ပုံမလာဘူး
မာနတွေထိုးထိုးထောင်ထောင်နဲ့
စကားလုံးတွေ လူနဲ့မလိုက်အောင်
လုစားကြတယ်
အိပ်မက်တွေတော့ မချိုကြပါဘူး
ခဏ ခဏ
အတိတ် နဲ့ အနာဂါတ် ပိတ်ပြီးသာအိပ်ကြရတယ်
ပတ္တာတွေ တအီအီနဲ့
ကျွန်တော် ဖွင့်မိတဲ့ တံခါးတွေ
လေးလေးပင်ပင်ပွင့်သွားကြတယ်

......................... မောင်မိုးချို


မောင်မိုးချို၏လက်ရာများအနက်မှ ကျွန်တော် အကြိုက်ဆုံးကဗျာလေးဖြစ်ပါတယ်