ပြန်ကြည့်လိုက်ပါဦး
ဟော..ဟိုနားမှာ စကားလုံးတွေကျကျန်ခဲ့သလားလို့
မြင်မြင်သမျှက အသစ်အသစ်တွေချည်းပဲ
ငါကိုယ်တိုင်ကရော.....
ဘယ်နေရာမှာဝေးခဲ့တာလဲ
ငါလဲ ကမ္ဘာပတ်လမ်းကြောင်းထဲမှာပါ
စိတ်တွေကို ရေချိုးပေးရမှာလား
စွန်းခဲ့ဘူးတဲ့ အယူအဆတွေကို နှမြောတယ်..
နောက်လှည့်ကြည့်ရမလား
ရှေ့ကိုပဲမျှော်ကြည့်ရမလား
တချို့တွေပြောသလို
ကိုယ့်ရင်ထဲပဲ ကိုယ်ကြည့်မိမယ်“
ငါဟာ ဆွတ်ချူခဲ့သူလား
ခြွေချခဲ့သူလား..
တကယ်တော့
အဲဒီလို ဆွဲငင်အားတွေမှာနေရတာကိုက မုန်းစရာကောင်းနေတယ်
ငါကိုယ်တိုင်ကကို ဆွဲငင်ချင်ခဲ့တာ
အကြောင်းအရာတွေလေ
ဘယ်လိုမှကိုမလုံလောက်နိုင်ဘူး
ငါ့ကို သေးသေးမွှားမွှားလေးတွေအတွက် မပြောင်းလဲလိုက်ပါနဲ့
ဆက်ရန်ဆက်ရန် မနက်ဖြန်တွေက င့ါကို ကိုက်ဆွဲသွားသလားလို့
တရွတ်တိုက်ကို အဟောင်းအတိုင်းကြီး....
အဟောင်းအတိုင်းကြီး အလွန်တရာကြီးကျယ်တဲ့စကားလုံးတစုနဲ့
ဆွဲငင် ကပြ လုံလုံလောက်လောက်ကို တီးခေါက်ကြည့်လိုက်တယ်...
သံစဉ် အသစ်တွေကြားမှာ ငါ့စောင်းကြိုးတွေတိုနေပြီလား
ကိုယ်ကိုတိုင် တီးခတ်ကြည့်ပြီးမှ တိုမှန်းသိတာ နောက်ကျလွန်းနေပြီလား
တလိပ်လိပ်နဲ့ မေးခွန်းတွေက တစ တစ နဲ့ ပိုပြီးဟောင်းနွမ်းနေစေတုန်းပဲ
အသင့်လှပခဲ့ပြီးသော ကမ္ဘာမှာ
အရောင်အသစ်တွေနစ်နေတာကိုက
ငါ့ကို သေသေချာချာ ဟောင်းနွမ်းသွားစေတယ်
ဒီမှာ...........
မေတ္တာတရားသည်သာ အစစ်ရတနာဆိုရင်
ဒီကမ္ဘာကို ငါတယောက်ထဲ ထမ်းထားရဲတယ်
...............................................................
...............................................................
စာကြွင်း.. ဒီကဗျာဖတ်သူများ မျက်နှာမသစ်ကြပါနှင့်
စိတ်များသာ သစ်ပေးကြပါ
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
အုပ်စိုးကြီးနှင့် ပေါင်းစပ်ရေးဖွဲ့သည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment