Subscribe:
Showing posts with label ကျွန်တော်နှင့် သူတို့. Show all posts
Showing posts with label ကျွန်တော်နှင့် သူတို့. Show all posts

နာနာကျင်ကျင် > ကြင်ကြင်နာနာ



နာကျင်မှုဟာ ဆွတ်ဆွတ်ဖြူ အခန်းလွတ်တစ်ခုထဲ ကျနော်ဟာ ဘယ်တစ်ယောက်လဲ 
ကိုယ့်ခန္ဓာ ကို ပြတိုက်တစ်ခုထဲ မောင်းသွင်း လွတ်ထွက်သွား/လွှတ်ချထားချင်ပြီ
မျက်လုံးတွေကို လိုက်ဖမ်းရင်း စိတ်က နံရံပေါ်မှာ ပန်းချီကားတစ်ချပ်ပေါ်မှာ တအံ့တသြ 
နာကျင်/ဆွတ်ရှ တဖြည်းဖြည်း ပါးလျလာ အနားရချင်တဲ့အခါ ကိုယ့်မျက်လုံးကိုယ်
ပန်းချီထဲမှာပြန်တွေ့လိုက်ရသလို အရိပ် / အရောင်တွေ ရိပ်ကနဲ ယောင်ယမ်းအော်မိ 
စိတ် ဟာ အထစ်အငေါ့သေးသေးလေး အိပ်မက်တွေကို အိပ်ယာဘေးမှာ
ပစ်စလက်ခတ်ပစ်တင်လို့ အနားမှာ ကောက်သိမ်းခွင့်ရတဲ့ အလျားလိုက် မနက်ဖြန်တွေ ဟိုတစ်စ 
သည်တစ်စပါပဲ နောက်ထပ် နောက်ထပ် ကုတ်ခြစ်/ကိုယ့်စိတ်ကိုယ် ကုတ်ခြစ် 
အရောင်တွေစုံလို့ အရာတွေမထင်ခဲ့ဘူး ခုတ်ထစ်ဖဲ့ကြွေပစ်လိုက်ပါပြီ 
ပြက္ခဒိန်ပေါ်က နေ့စွဲတွေမှာ တအီအီနဲ့ညည်းညူ လို့ ဒါဟာ အမာရွတ်တစ်ခု 
ဒါဟာ သံယောဇဉ်တစ်ခု ဒါမှမဟုတ် ဒါဟာ တစ်ခုခု နာကျင်မှုဟာ 
ဆေးပြယ်စပန်းချီကားလေး ကိုယ့်ရှေ့မှာ မီးလောင်ဒါဏ်ရာနဲ့  နာ...နာ..
နာကျင် / နာကျင်မှုဟာ အရေပြားတစ်လျှောက် ထိုးဖောက်လွင့်ဝါး/ အသံများ ညံဆူ 
တိတ်ဆိတ်ဖောက်ကွဲပစ်ရ / နာ...နာ ..ကျင်...ကျင် ကျဉ်စက်နဲ့ တို့လိုက်သလို 
ဖျင်းကနဲခံစားမှုဟာ ပြက္ခဒိန်ပေါ်မှာ ယိမ်းထိုးလို့ လွတ်ထွက်သွားတဲ့ စိတ်အစွန်းအစဟာ 
ချည်တိုင်ဆီပြန် ပြန်ရောက်မလာတော့ဘူး အိပ်မက်အဖြစ်နဲ့ အိပ်မက်နေခဲ့ရ လွင့်လွင့်ဝဲ၀ဲ 
အိပ်မက်ပစ်လိုက်ရ   ဒါ ခြေဖမိုးဖြူဖြူလေးပဲ ဒါ သွေးကြောစိမ်းစိမ်းလေးပဲ 
 ဒါ နာကျင်ကဗျာတစ်ပုဒ် ဒါ သွေးစက်လက်နဲ့ဘောင်မဲ့ပန်းချီကားတစ်ချပ် လို
ပါးချိုင့်နက်နက်ကလေး မပါတဲ့အခါ မျက်ဝန်းနက်နက်ကလေးမပါတဲ့အခါ
သီချင်းဟာ မျက်ရည်ဝဲနေရ သီချင်းဟာ တိုးတိုးလေးငိုနေခဲ့ရ ခိုးခိုးငိုနေခဲ့ရ
သူမ / ဒါမှမဟုတ် / သူ့ဆီမှာ မရှိတော့တဲ့ သူမ ... မနေ့ကအကြောင်းတွေးမိတော့
ငှက်ကလေးတစ်ကောင်ဟာ ရုတ်တရက် လန့်ပျံပြေးသွားတာ ဟိုး .... အဝေးကြီးထိ ။

- မောင်ရေချမ်း - မင်းလုလင် -


အိမ်ဝေး


ဒီညလဲ ကြယ်တွေမစုံဘူး။
ဘယ်လမ်းခွဲထဲမှာအိမ်ရှိမလဲ
ပလက်ဖောင်းဟာ ကိုယ့်ညကို တစ်ရေးသိပ်တယ်
တိုးတိုးလေး  .... တိတ်တိတ်လေး
အိပ်ပျော်နေတဲ့ ညရဲ့ နံဘေးမှာ ကိုယ်ဟာ
ကြယ်အကြွေတွေကို ငေး
ဟိုး . . . ဝေးဝေးက အိမ် ဆီ အလန့်တကြား ဖက်တွယ်ထားမိ ။

မနှိုးနဲ့
သူနိုးလာရင် မေမေ မရှိဘူး
မနှိုးနဲ့
သူနိုးလာရင် ဖေဖေ မရှိဘူး
သူမရှိတဲ့ အိမ် သူ့ဆီမှာရှိမနေဖို့ ဝေးရတယ်  ။

ကြယ်အကြွေကလေးထဲမှာများ အိမ်ရှိနေမလား
ကြယ်အကြွေလေးနဲ့များ အိမ်ကဆောက်ထားတာလား
စိတ်အလျင်တွေကအစ ကျုံ့ကျုံ့လာတယ်
အိမ်ကိုလက်ဖျံထဲထည့်ချင်တဲ့ ဝေဒနာ
( မဟုတ်ဘူး ) ( မဟုတ်ဘူး )
ဒါဏ်ရာဟာ လက်ဖျံရိုးထဲက ထွက်ကျလာတာ
အိမ်ကလေးထဲ မိုးတွေ ရွာနေမလား
အိမ်ကလေးထဲ နှင်းတွေ ဝေနေမလား
ရာသီဥတုတွေရဲ့အဆုံးအထိ ပြေးကြည့်တော့လဲ
အိမ်ကလေးကို မမြင်ရဘူး
အတွေး နဲ့ အတွေး နဲ့ အတွေး နဲ့
ဝေး ချင် တိုင်း . . . . . ဝေး  ။

ဦးထုပ်တစ်လုံးထဲမှာလား
စားပွဲခုံရဲ့ နောက်ကျောဘက်မှာလား
ကမ္ဘာကျော်မျက်လှည့်ပညာရှင် ရဲ့ လက်ထဲ
အိမ်ကလေး ပါသွားတာမျိုးလား
မျက်ရည်တွေနဲ့ ကွယ်သွားတာမျိုးလား
ယိုယွင်းနေတဲ့ မနက်ဖြန်မနက်
အိပ်ယာဘေးတဖက် ယောင်ယမ်းကြည့်မိတော့
မနက်စာနွေးနွေး ဟာ သွေးဆုတ်ဖြူလျော်လို့  ။

ဖိနပ်မပါလည်း အိမ်ပြန်ချင်တဲ့ စိတ်မျိုးနဲ့
မြေပုံမပါလည်းအိမ်ပြန်ရဲတဲ့စိတ်မျိုးနဲ့
သံလိုက်အိမ်မြှောင်ညွှန်ပြရာအရပ်မှာ
ခပ်စုတ်စုတ် မျှော်လင့်ချက်လေး ရှိမယ်
အရောင်ဟာ ပေရေ ညှို့မှိုင်း
စိုထိုင်းစပြုလာတဲ့ အလင်းတ၀ိုက်မှာ
ဒီညစာ ဘယ်သူ့မျက်နှာကြည့်ပြီးစားမလဲ
ဘယ်အရပ်မျက်နှာမှာကော အိမ်ရှိနေမလဲ
ကန်ထွက်သွားတဲ့ အလျင်ဟာ
ပြန်လည်တူးဖော်ခွင့်မရှိတော့တဲ့ ပြက္ခဒိန်အဟောင်းတွေဆီ
ဦးတည်ရာမဲ့ ကုန်းဆင်းအတိုင်း လိမ့်ဆင်းသွားတဲ့အထိ . . . . . ။

အိမ်ကလေးဟာ ကိုယ့်ဆီ ပြန်မလာဖြစ်သေးဘူး
ကိုယ်ဟာ အိမ်ကလေးဆီ ပြန်မလာဖြစ်သေးဘူး
တနေရာရာမှာ အိမ်ကလေး ရှိနေဦးမယ်
တနေရာရာဆီမှာပဲ ကိုယ်ရှိနေဦးမယ်  ။

မိုးတွေရွာတုန်းကပေါ့
ပုရွက်ဆိတ်လေးတွေဟာ တွင်းဆီ အပြေး
ငှက်ကလေးတွေက အသိုက်ဆီ အပျံ
ကိုယ့်တစ်ယောက်တည်း အထီးကျန်နေရ
မိုးတွေရွာတုန်းကလေ
မိုး နဲ့ ကိုယ် နဲ့ ချော်လဲရောငို ။

မနှိုးပါနဲ့
ညဟာ ကိုယ့်ဘေးမှာ တိတ်တိတ်လေးအိပ်နေ
ကိုယ်မရှိတဲ့ အိမ်လေးထဲ အိမ်မရှိတဲ့ ကိုယ်
ခိုး ခိုးပြီး ငေး  တိုးတိုးလေး ဆွေးတယ်
ဘယ်သူမှ မသိလိုက်ပါဘူးကွယ်

မနေ့ကလေ
အိမ်ကလေးဟာ ကိုယ့်ဆီပြေးလာခဲ့
မနက်ဖြန်ကျရင်ရော
အိမ်ကလေးဆီ ကိုယ်ပြေးသွားနိုင်ပါ့မလား
မေးခွန်းဟာ အလန့်တကြား ကိုယ့်ကို လှုပ်နှိုးလိုက်တယ်
အိပ်မက်ထဲ အိမ်ကလေးဟာ ၀ိုးဝိုးဝါးဝါးသာ ကျန်နေခဲ့ရပေါ့ ။

| နေပိုင် | မင်းလုလင် |

မစ္စတာသင်ကာနဲ့အတူ ဒူးထောင်လက်တင် တွေးမိတဲ့ နေ့



အတွေးတွေကို လိုက်ကောက်ရင် အတွေးဟာ အကောက်ကြီး
ဖြစ်သွားမှာပေါ့ အတွေးတွေ ဖြောင့်ပေးပါ စပယ်ရှယ်ဒစ္စကောင့်နဲ့
အတွေးကို ဖယောင်းပါ သွင်းပေးမယ့်ဆိုင်ရှိရင် လမ်းညွှန်ပါ အတွေး
ဟာ ကောက်ကွေးနေတယ် ကြမ်းတမ်းနေတယ် ထိပ်ပိုင်းနှစ်ခွ
ဖြစ်နေတယ် အတွေးကို ပေါင်းတင်ဖို့လိုမယ် ပေါင်းသင်ဖို့လိုမယ်
ပိုးသတ်ဆေးဖြန်းဖို့လိုမယ် အတွေးဟာ တစ်ခါတစ်လေ မတော်မတည့်
လျော့ရဲရဲ ပျော့ပြဲပြဲ အတွေးတစ်ချို့ အလကားနီးပါးဈေးနဲ့ ရောင်းရန်စဉ်းစား
မိတဲ့ အတွေး ပျော့ပြဲပြီး ပြားနေပါတယ် လျော့ရဲပြီး ထွားနေပါတယ် သွားနေတယ်
ဘယ်နေ့ ဘယ်ခရီး ဘယ်လမ်း ဘယ်စခန်း ဘယ်မှ ညာ ဘာမှညာမနေနဲ့
အတွေးဟာ ဖွာ ထွက် ဟာကွက် အနာစက်တွေနဲ့ ယားယံနေတဲ့နေ့
အတွေးဟာ တွေတွေလေး ခွေ အခါလေးကြုံတုန်း အကာအရံမဲ့ လေ
တနေတယ် တေနေတယ် တွေနေတယ် တွေ့နေတယ် တွေးနေတယ်
အတွေးကို မလွှတ်လိုက်နဲ့ အတွေးလွတ်ထွက်သွားရင် အတွေးတွေ လွတ်ကုန်မှာပဲ
လွှတ် ကုန်မှာပဲ ဦးနှောက်ကြီးကို ဦးနှောက်ဝိုင်လဲပစ်လိုက်ရမလား ဖြုတ်ထုတ်ဆေး
ကြောပစ်လိုက်ရမလား မေးခွန်းတွေကို ဖြေနိုင်ပါ့မလား အတွေးက နှိုက်တိုင်းထွက်တဲ့
လိုတရတွင်းထဲ ရောက်နေတဲ့ အတွေး *မြစ်တွေရဲ့အမှားကို မြိုချရင်း
ပင်လယ်ဟာ ဒဏ်ရာတွေနဲ့ အုံကြွလာခဲ့* အတွေးတွေ အုံကြွလာတယ် ဖုန်ထလာတယ်
ရွှံ့လူးနေတဲ့ အတွေးတွေနဲ့ တိမ်ခူးနေတဲ့ အတွေးတွေ တွေး တွေးရင်း တွေးရင်း အတွေးဟာ
ပျင်းရိလာတယ် ဖန်ခွက်ချင်းတိုက်လိုက်သလို လေးတိလေးကန် အသံနဲ့ အတွေးဟာ တွေးဖို့
နှေးလာတယ် အတွေးတွေ ဝေးလာတယ် ဝေလာတယ် ဝေပြီးရင် ဝေးရတော့မှာပေါ့ ကြွေပြီးရင်
ကြွေးရတော့မှာပေါ့ ဆုံးပြီလို့မှတ်ထားတဲ့ ကျောက်ခဲ ရေပေါ် ကန်တက်လာသလိုမျိုးပေါ့
လန်ထွက်လာသလို အိုး .. ဂေါ့ဒ် လန့်သွားသလို လန်သွားသလို လန်းသွားသလို အတွေးက
အိုး . . . ဂေါ့ဒ် ယောင်ယမ်းတမ်းတ မြူတွေဆိုင်းနေတာ တွေးရင်း မြူတွေဟာ မြူးလာရတဲ့ အတွေး
ဆူး မလာရ တဲ့ ... ဆွေး ကြေကွဲခြင်းဟာ အဖော်နဲ့ အပေါင်းနဲ့ ဝီစကီခွက်နဲ့ မြရာပင်ရိပ်နဲ့ အတွေး
မြရာပင်ကြီးခါးကိုင်းနေတဲ့ကဗျာဆီသို့ အတွေး သွေးထွက်မှ ဆူးစူးမှန်းသိတဲ့အတွေး
အတွေးဟာ အတွေးမဟုတ်တော့ပဲ အတွေးဟာ အတွေးဖြစ်လာ နေရောင်ခြည်မမြင်ရတဲ့ အတွေး
ဗေပေါင်ထီ အသံတွေ ကြားလာရတဲ့ထိ အတွေးဟာ အတွေးချင်း စိန်ခေါ်ထိုးသတ် အတွေးဟာ
မျက်နှာတွေ ဖူးရောင်လာ ဒူး ပေါင်မှာ ထိုးထားတဲ့ တက်တူးတွေဟာ အတွေးသက်သက် ။

*မောင်ချောနွယ်၏ ကဗျာစာသား

- ဆူးခက်မင်း - မင်းလုလင် -

နှင်းဆီဝိုင် ၊ တိမ်ပြိုမိုး ၊ ပြီးတော့ မနက်ဖြန် ခင်ဗျား ဘာကားဆက်ရိုက်မလဲ



နှင်းဆီပန်းလေးတစ်ပွင့်ရဲ့ ကောက်ကြောင်းမှာ
ကောင်းကင်တစ်ခြမ်း အနာတရ ၊
မိုးတွေ တစက်စက် စီးကျ ၊
ဒါ ကောင်းကင်ရဲ့ သွေးစက်တွေ ၊
ကိုယ့်အသံကို ပလာစတာကပ်ပေးပါ ။
အနာတရတွေ ။ အမှတ်တရတွေ
တယုတယထွေးပိုက်ထားတော့လည်း နာ နာ နာကျင်မှုတွေ ။
တွေဝေနေ လက်ဖျံတွေထဲ ။
ကျစ်ဆံမြီးကလေးထဲ နှင်းဆီပန်းကလေး
သူမ မသိအောင် ထိုးစိုက် ၊ ကမ္ဘာကြီးက ရယ်ပွဲဖွဲ့နေရဲ့
ကိုယ့်ချစ်ခြင်းမေတ္တာအကြောင်း ။
သွေးထွက်သံယိုတွေအကြောင်း ။
မိုးတွေသည်းလာပြီ ။
အမှောင်ဟာ နေသားတကျ ။
သနပ်ခါးပန်းပွင့်လေး မနက်ဖြန်မနက်ကို
မျှော်နေမလားပဲ ။ မွှေးမွှေးမြမြ ။
စာရေးစားပွဲအံဆွဲကလေးထဲမှာ ၊ ကွန်ပါဘူးကလေးထဲမှာ ၊
ပြီးတော့ ကားတံခါးလက်ကိုင်ကြားမှာ ၊ နှင်းဆီပန်းကလေးတွေဟာ
သိပ်ကိုစူးရဲမွှေးမြလွန်းရဲ့ ။
သူမရယ်တယ် ကျွန်တော်ရူးတယ်
ပုံမှန်ဖြစ်စဉ်မှာ အိပ်မက်တွေပြိုကျလာသလို
မဖြစ်မနေမို့ပါ ဆက်သွယ်မှုဧရိယာဟာ သိမှုရဲ့မနီးမဝေးမှာ
စက္ကူလေယာဉ်ပျံကလေးရဲ့ ခေါက်ရိုးရာတွေအတိုင်း ကျွန်တော် တွန့်ကြေလို့ ။
ဒီ့ထက်ပိုဝေးလည်း ဒီ့ထက်ပိုမဝေးတော့ပါဘူး ကဗျာနဲ့ ၊
အိပ်ထောင်ထဲက ခုန်ထွက်လာတဲ့ ငါးမူးစေ့ကလေးနဲ့ ၊
ဘယ်လိုတရားမျိုးနဲ့မှလည်း ဖြေလို့မရမှန်း သိသိကြီးနဲ့ ။
ရူး . . . ။
လျော့ရဲလာမှုဟာ အသံတိတ် ။
ခရမ်းရောင်ပန်းပွင့်လေးတွေ ပြာတွေ ကြွေကျလာပေါ့
စကားမစပ် .. တိမ်တွေပြိုကျလာတဲ့ မြင်ကွင်းကို
ဝိုင်တစ်ခွက်သောက်ရင်း ကြည့်ဖူးသလား ။
သူမနဲ့ ကျွန်တော် အရေပြားချင်း စကားတွတ်ထိုးခဲ့ကြ ၊
နှုတ်ခမ်းချင်း ကူးလူးဆက်ဆံခဲ့ကြ ၊
တိမ်တွေသာ ပြိုကျမလာရင် သိပ်ကောင်းမှာပဲ ။
လက်တွေမှာ ချွေးစေးတွေ အပြည့် ။
စိတ်မှာ အတိတ်တွေအပြည့်နဲ့ မျက်စိတဆုံး ။
လက်အဆန့်မှာ မိုးတွေ အဆက်မပြတ်ရွာတယ် ။
သူမ ပျော်ပါလေစ ။ မနက်ဖြန်တွေဆီ ။
ဟော .. တိမ်ပြိုမိုးတွေ ရွာချလိုက်ပြီ ။
ကိုယ့်လက်ဖဝါးကို ကိုင်ထားစမ်းပါ အချစ် ..
မနက်ဖြန်ဆိုရင် စက္ကူလေယာဉ်ပျံကလေးစီးပြီး
ရုပ်ဝတ္ထုမြို့တော်ရဲ့ အဝေးကို ထွက်သွားကြမယ့်
ခရီး ။

- ဆူးခက်မင်း - မင်းလုလင် -