Subscribe:
Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

ပြိုင်ပွဲ



" တကယ့်ပရိယာယ်ဆိုတာ စစ်တုရင်ရုပ်လေးတွေပေါ်မှာရှိတာမဟုတ်ပါဘူး .....

လူတွေရဲ့ အတွင်းစိတ်ထဲမှာ ရှိတယ်ဆိုတာ .... "



အခန်း ( ၁ )


ခန်းမဆောင် တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်နေသည် ။ တချက်တချက် ချောင်းဟန့်သံ တစ်ချို့ ....
သက်ပြင်းချသံတစ်ချို့ မှ အပ တိတ်ဆိတ်ခြင်းကသာ ကြီးစိုးနေသည် ။
ခန်းမ၏အလယ်တည့်တည့်တွင် စစ်တုရင်ကစားခုံတစ်ခု နှင့် လူနှစ်ယောက် ။

ပြိုင်ဘက်၏ ရွှေ့ကွက်အဆုံးတွင် ဟာကွက်ကို သူ မြင်လိုက်ရသည် ။
သူ့ မျက်နှာတွင် အဓိပ္ပါယ်ခန့်မှန်းရခက်သော အပြုံးတစ်ခု ။ ထိုဟာကွက်ထဲသို့ သူ၏
ဘစ်ရှော့က မြှားတစင်းနှယ် ၀င်ရောက်သွားသည် ။ သူ့အပြုံးက လေးနက်သည်ထက်
ပို၍လေးနက်လာလေသည် ။ သူ့ရဲ့တိုက်စစ်အောက်တွင် ပြိုင်ဘက်ကစားသမားရဲ့ ခံစစ်ကြောင်း
အတုံးအရုန်း ပြိုလဲသွားခဲ့ရလေပြီ ။

ပြိုင်ဘက်ကစားသမားက ဘုရင်ရုပ်အား ဘေးသို့ ခပ်ဖြည်းဖြည်း တွန်းလှဲ လိုက်သည် ။
သူသိလိုက်ပါပြီ ။ ဒါက စစ်တုရင် ကစားပွဲတစ်ခုရဲ့ အရှုံးပေးခြင်းသင်္ကေတ ။
လက်ခုပ်သံတို့ သူ့အပေါ် ပြိုကျလာသည် ။ ဘယ်နှစ်ကြိမ်မြောက်မှန်း မမှတ်မိတော့နိုင်သော
သူ၏ နိုင်ပွဲတစ်ခု ။ ထိုသို့သော လက်ခုပ်သံမျိုးက သူ့ဘ၀တွင်
အကြိမ်ပေါင်းမြောက်များစွာ ရရှိခဲ့ဖူးသည် ။ အင်္ကျီလည်ပင်းပေါက်အား
သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပြီး သူ မတ်တပ်ထရပ်လိုက်သည် ။
လက်ခုပ်သံတို့အား တုံ့ပြန်သောအပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် အထင်းသားပေါ်လွင်နေသည် ။
သူက အောင်မြင်မှုကို ဆာလောင်နေသော စစ်တုရင်ကစားသမားတစ်ယောက် ။
သူ့ကစားသမားသက်တမ်းတလျှောက် ရှုံးပွဲဆိုတာ မရှိခဲ့သည်အထိ သူ အောင်မြင်ခဲ့သည် ။
ဒါပေမဲ့ အောင်မြင်မှုတွေကို သူ ဆာလောင်နေဆဲ ။

သူ့ရဲ့ထုံးစံအတိုင်း ပြိုင်ဘက်ကစားသမား၏ ဘုရင်ရုပ်လေးကို ကောက်ယူပြီး
ခန်းမ အတွင်းမှ တလှမ်းချင်း သူ လှမ်းထွက်လာခဲ့သည် ။




အခန်း ( ၂ )




စစ်တုရင်ကစားခုံပေါ် ထိုးကျနေသော အလင်းတန်းတစ်ခုမှအပ အခန်းတစ်ခုလုံး တိတ်ဆိတ်
မဲမှောင်နေသည် ။ စစ်တုရင်ခုံဘေးတွင် သူ ။

အချိန်အတော်ကြာငြိမ်သက်နေပြီးမှ ရွှေ့ကွက်တစ်ခုကို သူ ရွှေ့လိုက်သည် ။
ထို့နောက် စစ်တုရင်ကစားခုံ ၏ တဖက်ခြမ်းသို့ ဖြည်းညှင်းစွာ ကူးပြောင်းလိုက်သည် ။
စစ်တုရင်ကစားပွဲတစ်ခုအား သူ တစ်ယောက်ထဲ ကစားနေခြင်းဖြစ်သည် ။
သူ က သူ၏ ပြိုင်ဘက် ။ သူနှင့် လက်ရည်အတူဆုံးပြိုင်ဘက်နှင့် သူ ကစားနေခြင်းဖြစ်သည် ။

သူ့ဘ၀တစ်လျှောက် ပြိုင်ပွဲပေါင်းမြောက်များစွာ သူ ကစားခဲ့သည် ။ ကစားခဲ့သည့်ပွဲတိုင်း
သူအနိုင်ရခဲ့သည် ။ ဒါပေမဲ့ သူမကျေနပ်နိုင်ပေ ။ ပြိုင်ပွဲတိုင်းကို အနိုင်ရနေသော
သူ့ကိုယ်သူ နိုင်ချင်သည် ။ အဲ့ဒါက သူ့ရဲ့ အကြီးမားဆုံးရည်ရွယ်ချက် ။
ထိုသို့ဖြင့် သူ၏အခန်းကျဉ်းလေးထဲတွင် စစ်တုရင်ကစားပွဲများကို နေ့စဉ်သူဖန်တီးခဲ့သည် ။
သူရဲ့ ပြိုင်ဘက်က သူကိုယ်တိုင်ပင် ။

ရက်ပေါင်းများစွာ သူ ကစားခဲ့သည် ။ ဒါပေမဲ့ တခါမှ သူအနိုင်မရခဲ့ ။ ကစားခဲ့သည့်
ပွဲများအားလုံး သရေပွဲများသာ ဖြစ်ခဲ့သည် ။ သူ့ကိုယ်သူ အနိုင်ရမဲ့ နည်းလမ်းကို
နေ့စဉ်တိုင်း သူရှာဖွေခဲ့သည် ။ အဆန်းကြယ်ဆုံးသော ရွှေ့ကွက်များနှင့်
သူ့ကိုယ်သူ ပြန်ရင်ဆိုင်ခဲ့သည် ။ ဒါပေမဲ့ ဘယ်လိုပဲယှဉ်ပြိုင်ပါစေ ... သူ အနိုင်မရခဲ့ ။

အခုလဲ သူရဲ့ ကြောက်စရာကောင်းလှတဲ့ တိုက်စစ်ကို သူ အသည်းအသန် ကာကွယ်လိုက်နိုင်သည် ။ ဒါ့အပြင် ပြန်၍ပင် ထိုးစစ်ဆင်လိုက်နိုင်သေးသည် ။ ပွဲက ဘက်မျှလွန်းနေသည် ။
သူ့ ရဲ့ အတွေ့အကြုံအရ ဒီတစ်ခါ လဲ သရေပွဲ ပဲ ဖြစ်မည်ဆိုတာကို သူကြိုတွက်မိသည် ။

ဒါကြောင့် စစ်တုရင်ကစားပွဲကို အဆုံးသတ်ပြီး အမှောင်ထဲတွင် သူ ငြိမ်ငြိမ်လေး ထိုင်နေသည် ။
သူ့စိတ်ထဲတွင် အရာရာ ဗလာ ။




အခန်း ( ၃ )


မှောင်မဲနေသော အခန်းကျဉ်းလေးထဲတွင် အလင်းရောင်တို့က ကစင့်ကလျား
ပြန့်လျားသွားသည် ။ မီးလောင်နေသော စစ်တုရင် ကစားခုံတစ်ခု ။ ထိုမီးထဲတွင်
သူ့ရဲ့ဘ၀တစ်လျှောက်ကစားခဲ့သော ကစားပွဲများမှ ပြိုင်ဘက် အရှုံးသမားဘုရင်ရုပ်ကလေးများ ။

သူ့မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားသည် ။ ထိုအပြုံးက လက်ခုပ်သံများအား
တုံ့ပြန်နေကြအပြုံးမျိုး ။ အဓိပ္ပါယ်လေးနက်လွန်းလှသည် ။

တဖြည်းဖြည်းချင်း စစ်တုရင်ခုံဘေးသို့ သူ လဲကျသွားသည် ။ သူ့လက်ကောက်ဝတ်က
သွေးစက်တွေက ဘုရင်ရုပ်ကလေးတွေဆီ တဖြည်းဖြည်းချင်း စီးဆင်းသွားနေသလိုပင် ။ ။


- မင်းလုလင် -




( HOE Online Magazine မှာ ရိုးဈာန် ဆိုတဲ့ကလောင်နာမည်နဲ့ ကျွန်တော် ရေးသားခဲ့ပါတယ် )

ကျွန်တော်နှင့်ချောကလက်လေး၏တနင်္ဂနွေပြက္ခဒိန်များ

အမှတ်တရ နေ့ရက်တချို့သည် အချိန်ကွဲကြောင်းအတွင်းသို့ ပြတ်ကျခဲ့လေပြီ ။ အချိန်ဆိုသည်မှာ

အကောင်းဆုံးသမားတော်ဟု ဆိုကြသော်လည်း

ကျွန်တော့အတွက်ဆေးရှာမတွေ့သေး၍ ထင်သည် ။ အတိတ်ဆိုသော စကားလုံးအား စာရွက်ပေါ်တွင်

ချရေးလိုက်သည့်အခါတိုင်း

ဘယ်ဘက်ရင်အုံမှ တဆစ်ဆစ် နာကျင်နေဆဲပင် ။ ကျွန်တော့၏ အိပ်ယာဘေးတွင် မင်နီများဖြင့်

အမှတ်အသားပြုထားသော တနင်္ဂနွေနေ့များပါသည့်

ပြက္ခဒိန်လေးများနှင့် ရှုတ်ပွနေဆဲပင်ဖြစ်သည် ။

+++++++ သိပ္ပံပညာ ဘယ်လောက်ကောင်းကောင်း

ကွဲနေတဲ့အသည်းကို ပြန်မဆက်နိုင်ဘူး +++++++++++

ကျွန်တော့နှလုံးသား သွေးတိတ်ချိန်သည် ဘယ်တော့မှ ဖြစ်မည်နည်း....။ကျွန်တော်ကိုယ်တိုင် အခုထိ

မသိသေးသော ပုစ္ဆာတပုဒ်အဖြစ် ရှင်သန်နေဆဲပင်ဖြစ်သည် ။



.............................................(2)....................................................................

ပန်းတပွင့်နှင့်အပြိုင် သူမ လှလွန်းပါသည် ။ ထိုသူမ၏ရပ်ဝန်းတွင် လိပ်ပြာများ သြဘာပေးဘူးသည် ။

လေပြေများလွင့်မျောခဲ့ဘူးသည် ။ သူမ၏မခို့တရို့ ရယ်သံတပိုင်းတစနှင့်ပင် ကျွန်တော့၏ အသက်ရှူသံများ

စည်းချက်လွဲခဲ့ရသည် ။ တခုတ်တရ ပြုံးပြလိုက်သည့်အခါတိုင်းတွင် ကျွန်တော်ဆိုသည်မှာ

လွင့်ပျံပျောက်ဆုံးသွားခဲ့သည် ။ထိုမျှလောက်အထိပင် သူမသည် ကျွန်တော့အား ပြုစားထားနိုင်လွန်းပါသည် ။


............................................(3)......................................................................

သူမနှင့်ကျွန်တော်သည် တိမ်မတောက်သော ညနေခင်းများအား အတူတကွ ဖြတ်သန်းခဲ့ကြဖူးသည် ။

တစ်ယောက်နှင့်တစ်ယောက် ပြိုင်ဆိုင်ခဲ့သော အနမ်းများတွင် အရောင်များမပါခဲ့ချေ ။ အစိုးမရသော

လေပြေများကိုပင် ကျွန်တော်တို့နှစ်ယောက်ကြားသို့ အ၀င်ခံရန် စိုးရွံ့ခဲ့ကြသည် ။

ဆုတ်ကိုင်ထားသောတွဲလက်များတွင် ချွေးစေးများပျံသည်အထိ ကျွန်တော်တို့ ရဲရင့်ခဲ့ကြသည် ။

တယောက်မျက်ဝန်းများအား တယောက် ဘာသာပြန်ဆိုရင်း ကျွန်တော်နှင့်သူမ အိပ်မက်များအား

မျှားခဲ့ကြသည်။ကျွန်တော်ရွတ်ဆိုပြတတ်သော ကဗျာများအား မျက်လုံးလေးမှိတ်၍

သူမနားထောင်နေခဲ့ဘူးသည် ။ တိုက်ဆိုင်လွန်းစွာပင် ထိုနေ့များသည် တနင်္ဂနွေနေ့များသာ ဖြစ်သည် ။

နဂါးတကောင်၏မျက်စောင်းဆန်ဆန် လှပနေသော တနင်္ဂနွေနေ့များဖြစ်သည် ။

.......................................(4)..............................................................................

ကျွန်တော်နှင့်သူမ၏ တနင်္ဂနွေနေ့ရက်များသည် ရက်ရာဇာများအား ခုံမင်စွာဖြတ်သန်းပြီးနောက်

ပြဿဒါးဆန်ဆန် အလန့်တကြား ရောက်ရှိလာခဲ့သည် ။ ထိုနေ့သည် ကျွန်တော့်၏ နှလုံးအိမ်အတွင်း၌

ဓါးထစ်ထားသကဲ့သို့ စွဲထင်နေသော (13) ခုမြောက် တနင်္ဂနွေနေ့ဖြစ်သည် ။သူမနှင့် စတွေ့သည်မှစ၍

(13)ပတ်မြောက် တနင်္ဂနွေနေ့ဖြစ်သည် ။

ငါ့ကိုအိမ်ကလူတယောက်နဲ့ လက်ထပ်ပေးဖို့စီစဉ်နေကြပြီ


သူမပြောသော စကားအဆုံးတွင် ကျွန်တော့၏ကောင်းကင်သည် ရုတ်ရင့်ကြမ်းတမ်းစွာ မဲမှောင်သွားလေသည် ။

အဆက်မပြတ် ခုန်နေသော နှလုံးခုန်သံသည် ရထားတစင်း ခုတ်မောင်းသွားသကဲ့သို့ ကြမ်းရှစွာ

တိုးဝင်သွားလေသည် ။

နင်ဒီည ငါ့ကို လာခိုးပါလား

သူမဆက်ပြောသောစကားသည် ကျွန်တော့်အား အားငယ်ဆုတ်ယုတ်သွားစေသည် ။ ကျွန်တော့်၏

မျက်ဝန်းများတွင် မျက်ရည်များတွဲခိုနေသည်ထင်သည် ။ ကောင်းကင်တွင် ငှက်များမရှိ ။ ပတ်ဝန်းကျင်တွင်

လေပြေများမရှိ ။ အရာရာ တိတ်ဆိတ်သုဉ်းလွန်းလှသည် ။ စာအုပ်တအုပ် ကဗျာတပုဒ်နှင့်

ကျွန်တော့၏ညများတွင် နတ်သမီး အိပ်မက်ဆိုသည်မှာ.........။

ဖြည်းညင်းစွာ ယမ်းခါမိသော ကျွန်တော်၏ နှလုံးသားသည် သူမ၏ရှေ့တွင် ပြိုလဲ ကျဆုံးခဲ့လေပြီ ။

ဘယ်လို ...ဒါဆို နင်ငါ့ကို အပျော်သက်သက်တွဲခဲ့တာပဲလား
နင်သတ္တိမရှိပါဘူးဟာ....


စကားသံတို့ပျောက်ဆုံး...။ မျက်ရည်တို့ဖြင့် လွှမ်းသော ကောင်းကင်အောက်တွင် ကျွန်တော်တို့နှစ်ယောက်

ရပ်နေခဲ့သည် . ဆုံနိင်ရန် အမှတ်မရှိသော မျဉ်းပြိုင်နှစ်ကြောင်းအသွင်နှင့်ဖြစ်သည် ။

ဒါဆို ငါသွားတော့မယ်..နင့်ကိုနှုတ်ဆက်ခဲ့ပါတယ်..ထာဝရအတွက်ပေါ့


ကျောခိုင်းသွားသော သူမ၏ခြေသံများတွင် ကျွန်တော့၏ ၀ိဥာည်ကပ်ငြိပါသွားသည် ။ တိတ်တိတ်ဆိတ်ဆိတ်နှင့်
ရောက်လာခဲ့သော အမှောင်ရောင်အောက်တွင် ကျွန်တော်တို့နှစ်ယောက်၏ နေ၀င်ချိန်မှာ စောလွန်းနေခဲ့သည် ။

.....................ချောကလက်

............................................ချောကလက်

......................................................................ချောကလက်လေးရေ..

ရင်ဘတ်အတွင်းမှ ဆို့တက်လာသော ခေါ်သံများသည် လည်ချောင်းများအတွင်း၌ ပင် ပျောက်ဆုံးသွားခဲ့သည် ။

ဒီလိုနှင့်ပင် ကျွန်တော်တို့ နှစ်ယောက် ဘယ်သူ့မျက်နှာမှမထောက်ပဲ ဝေးချင်တိုင်းဝေးသွားခဲ့လေသည် ။

ပဟေဠိ မဆန် ပုံပြင်မဆန်နှင့်ပင် ကျွန်တော်တို့နှစ်ယောက် ရိုးရှင်းစွာ ဝေးသွားခဲ့ခြင်းဖြစ်လေသည် ။

................................................(5)...........................................................

သူမ၏ မင်္ဂလာပွဲကျင်းပသောနေ့သည် ထူးခြားတိုက်ဆိုင်စွာပင် တနင်္ဂနွေနေ့ဖြစ်လေသည် ။