Subscribe:
Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Facebooklism Poetry


ခြံစည်းရိုးကာထားသလို စေးပိုင်နေတဲ့အရိုးတွေနဲ့ ရေးသမျှကောင်းနေတော့လဲ
မနာလိုစရာကြီး အားထုတ်မှုဟာသိပ်သိသာတာပဲ မျက်နှာလို မျက်နှာရ
ကွန်မန့်တွေက ကိုယ့်ခြံကထွက်သမျှ အကုန်ကောင်းတဲ့အသီး မိတ်မပျက်အောင်
သနပ်ခါးရေကျဲလေး လူးပြီး လိုက် Like လိုက် Like  လိုက်လိုက်လျောလျောလေး
Like Like ရောနေပြီ ရှုပ်ကုန်ပြီ အုတ်ပဲရောရော ကျောက်ပဲရောရော သဲကသဲပဲ မခွဲ
ငါးမရလဲ ရေခပ်ပြီးပြန်သွား ရေကိုကျိုချက်သောက်သုံးခြင်းဟာ အန္တရယ်ကင်းတဲ့ခေတ်
ဆိုက်ကားဆရာဖြစ်ဖို့ခက်တယ် ကဗျာဆရာဖြစ်ဖို့လွယ်တဲ့ ခေတ်
ခေတ် တစ် ခေတ် နှစ် ခေတ် သုံး ခေတ် လေး ခေတ် ငါး ခစ်ခစ်ခစ်ခစ်
မခိုးမခန့်ရယ်တတ်တဲ့ကလေးမလဲ ကဗျာဖြစ်တဲ့ခေတ် ပါးချိုင့်နက်နက်လေးလဲ
ရာဇ၀င်ဖြစ်တဲ့ခေတ် ပလပ်စတစ်နည်းပညာအသစ်ထွက်လာတဲ့ခေတ်ထဲ ပလပ်စတပ်
ကဗျာဆရာတွေ မချစ်ဘူးပြောရင်ငိုမဲ့ဗိုင်းရပ်စ် ဘယ်ပုံစံနဲ့မှမလွတ်တဲ့ခွက် ပျောက်နေတဲ့ကဗျာ
ရေးနေတဲ့အထာတွေက နှစ်ဆယ့်တစ်ရာစုမှာ အညှာကိုသိသလိုလို အမွှာညီအစ်မပဲမိသလိုလို
သောက်ဖောင်းတွေထုတဲ့အခါလဲထု နိဗ္ဗာန်ရောက်ကြောင်းကလဲ တရားရှာကဗျာမှာတွေ့တဲ့အခါလဲတွေ့
ကဗျာရေးရင်ကိုကဗျာဖြစ်တယ် နှစ်နာရီအတွင်းကဗျာဆရာဖြစ်နည်းရှိတယ်
တဂ်လုပ်ခြင်းဖြင့် တက်လုပ်သွားနိုင်တယ် လူကြားကောင်းပါတယ် လူကြားထဲက ကဗျာဆရာ
လူကြားထဲက ဗျာ ... ဆရာ သောက်ရမ်းလှတယ်ဗျာ (y)


- မင်းလုလင် -

မနှင်းဝေလက်ထဲ ခွေခေါက်နေချင်တဲ့ ဂျိုကာ ( ကျွန်တော် ) ဆိုပါစို့



အမှတ်မထင် ၀င်တိုက်မိခဲ့တဲ့ ပုံပြင်သေးသေးလေးပါပဲ မနှင်းဝေ
ကျွန်တော့မှာလေ
ရယ်သံတိုတိုလေးတွေထဲ ပြုတ်ကျခဲ့ရ
မျက်စောင်းစူးစူးလေးတွေကို ဖက်တွယ်ခဲ့ရ
ကျွန်တော့ဆောင်းရာသီမှာ
နှင်းတွေ ဝေခဲ့ပေါ့ ။

မနှင်းဝေ ရယ်လေ
ကျွန်တော့ဝင်သက်ထွက်သက်ကို ဆေးဆိုးထား ။

ဖန်ကြိုးမျှင် ဆက်သွယ်မှုထဲ
ကျွန်တော် နဲ့ မနှင်းဝေ မရောင့်ရဲနိုင်ခဲ့ကြ
ကမ္ဘာဟာ ဘာလို့ ပိုင်းခြားထားခြင်းခံရတာလဲ
ကျွန်တော်ရှိနေတဲ့နေရာမှာ
မနှင်းဝေ ရှိမနေခြင်းဟာလဲ ၀ဋ်နာကံနာပဲ ။

ကျွန်တော်က
သာမန်လူငယ်တစ်ယောက်ဆိုတော့လဲ
သာမန် ချစ်ခြင်းမေတ္တာနဲ့ပဲပေါ့ မနှင်းဝေ
ဒိထက် မပိုနိုင်တော့သလို
ဒိထက်လဲ မလျော့နိုင်တော့ပါဘူး
( တစ်ခါတစ်လေကျ )
ကျွန်တော်က
ကမ္ဘာသုံးငွေစက္ကူမှာတောင်
မနှင်းဝေပုံ ရိုက်နှိပ်ထားချင်တဲ့ကောင်
( တစ်ခါတစ်လေကျ )
မောင်မိုးမြင့်ရဲ့ ကဗျာထဲကလို
မနှင်းဝေအလှကို ဆိုင်ကယ်ပေါ်တင်ပြီး
လျှောက်သွားချင်မိတာပါပဲ
ရယ်စရာမကောင်းဘူးလား မနှင်းဝေ ။

သူလိုကိုယ်လိုပါပဲ
ကျွန်တော့မှာလဲ နှစ်ဆယ့်လေးနာရီပဲ ရှိတယ်
သူလိုကိုယ်လို မဟုတ်တာက
ကျွန်တော့နှစ်ဆယ့်လေးနာရီမှာ မနှင်းဝေ ရှိတယ် ။

နှင်းတွေ ခေါင်လိုက်တာ ဆောင်းရယ်  တဲ့
ကျွန်တော့ဂစ်တာအိုကြီး တိုးတိုးငြီးတယ်
ကျွန်တော်ရယ်တယ်
မနှင်းဝေ ရယ်တယ်
ခွင့်လွှတ်လိုက်ပါ မနှင်းဝေ
ကျွန်တော့ဆောင်းရာသီမှာ နှင်းတွေ ဝေနေကြောင်း
မနှင်းဝေလက်ကို ရဲရဲတွဲ
ဂစ်တာကြီးသိအောင် စာလုံးပေါင်းပြချင်ပါသေးရဲ့
ရယ်စရာမကောင်းပြန်ဘူးလား မနှင်းဝေ ။

စကားမစပ်
မနှင်းဝေ ရေ . . .
ကျွန်တော့ကို နမ်းပါ
သံသရာကို စိန်ခေါ်ပစ်ချင်လို့ ။

- မင်းလုလင် -

( ဟိုတစ ဒီတစနဲ့ လျှောက်တင်နေတဲ့ Facebook Status တွေကို ကဗျာအဖြစ်စုစည်းထားလိုက်ရုံပါ )

အိမ်သာသုံးစက္ကူအကောင်းစားဟာ မစ်ကီမောက်စ်အရုပ်လေးနဲ့



နာရီကိုဆွဲဆန့်လိုက်တော့ အချိန်ဟာ တစ်ပေနဲ့ 
နှစ်လက်မ လက်ထိပ်သေးသေးလေးနဲ့ဆွဲခတ်ခေါ်သွားတယ်
ရိပ်ကနဲ ရိတ်သိမ်းခံလိုက်ရ သက်တန့်ကွေးကွေးပေါ်မှာ 
မနက်ဖြန်ကို သီချင်းထဲထည့်ပြီး အမြင့်ဆုံးကီးနဲ့ သော့ခတ်ထားလိုက်တော့မယ် 
မြင်ကွင်းတွေက အပ်ကြောင်းထပ်လာ ကမ္ဘာကအက်ကြောင်းထလာ
အဆင့်မြင့်နေမှုထိုင်မှုသွားမှုလာမှုသေမှု မောလို့တိုက်စရာ ရေမရှိဘူး Sick / စစ် ပဲရှိတယ် 
တစ်ရှူးစက္ကူ ဟာ မလိုင်ဖြစ်လာတဲ့အခါ အားတွေရှိလာ ( စေ ) တယ်
ဆီ ဟာ ရေငုတ်နိုင်ကြောင်း နည်းပညာရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရောယောင် 
အရောင်တူပစ်ဖို့ ဓါတ်တိုင်ဘေးသေးပန်းဖို့ မှောင်ရိပ်ခိုမှု
အမှောင်ကျ / ချ ခံရ  ဗီလိန်အကယ်ဒမီရတာ ဘာဆန်းလို့လဲလို့ဆို
အတုန်းအရုန်း ကုန်းထလိုက် လက်ညိုးလေးနဲ့တောက်ချလိုက်
ဒါ သံသရာပဲ ဇာတ်အနာပဲ လက်ဖက်ရည်ခွက်ထဲကျသေတဲ့ ယင်ကောင် ( လို )
ဆာလောင်မှုဟာ တင်ပါးမှာအထိုးခံထားရတဲ့တက်တူး  ဒီည 
အိမ်မပြန်ဖြစ်တော့လဲ နောက်တစ်ညပေါ့ နောက်တစ်ညပေါ့ 

" မနောက်ပါနဲ့ အကိုကြီးရယ် ညီမကဒါလေးနဲ့ လုပ်စားနေရတာပါ
  ဒါ ညီမအမေ အမွေပေးခဲ့တဲ့ လယ်ကွက်ကလေးပါ "

သိမ်း / သိမ်း / သိမ်း
သိမ်းထုတ်သေချာတဲ့ 
အိမ်ထောင်ဦးစီး | ကြီး | တို့ ခင်ဗျား 
ခေါ်စရာအဖေတွေအပိုရှိရင်ပြောပါ ခင်ဗျား
ခေါ်စရာအဖေမရှိတဲ့ကလေးတွေပိုနေပါတယ် ခင်ဗျား
ခင်ဗျားတို့ ခေတ် ဟာ ဟာကွက်တွေနဲ့ ဟာသပြက်လုံး မိုးလုံးမှိုင်းလဲ မိုးမရွာဘူး

ပုခုံးတဖက်မှာ စပါးနှံရှိတယ်  ညရှိတယ် အဲ့ဒီညဟာ ဆင်ဆာဖြတ်ခံထားရတဲ့ လ နဲ့ ။
/ ဒါမှမဟုတ် / 
ပုခုံးတဖက်မှာ မိုင်နှစ်ဆယ်ကျော်ကြာအောင်ဖိထားမဲ့ထမ်းပိုးရှိတယ် အဲ့ဒီထမ်းပိုးဟာချွေးနဲ့သွေးနဲ့ ။

တစ်ကိုက်စာကို တ၀က်ဝက်လိုက်ရင် နှစ်ယောက်စာဖြစ်ရမှာပေါ့ ဥာဏ်ဆိုတာ
လွှာသုံးရင် ပြားချပ်ချပ် ပြားချပ်ချပ် သင်္ကြန်အမြောက်ကြီးလက်ချက်နဲ့ လှန့်သေရရှာ
သူ့ခမျာ နှစ်ပိုင်းတပိုင်း x ( တစ်ကိုက်စာ ) ကို ငေးရုံသာငေးခဲ့ရ  ။

တချို့ကြယ်တွေရဲ့ ဖွံ့ဖြိုးမှုနှုန်းဟာ 
သောက်ပြီးသားဘီယာဘူးခွံတွေနဲ့ တိုက်ရိုက်အချိုးကျတယ်
တချို့ကြယ်တွေကျတော့
ပစ်ပြီးသား ကျည်ဆံအခွံတွေနဲ့ တိုက်ရိုက်အချိုးကျတယ်  
တချို့ကျတော့
ကျပြီးသားသွေးတွေ နဲ့
တချို့ကျတော့ 
ကျပြီးသားစိတ်ဓါတ် နဲ့  
နဲ့ နဲ့ လာတဲ့ ခပ်ယဲ့ယဲ့ ဖိနောင့်ပါးဖိနပ်စုတ် ( ကလေး ) 
မတော်တရော်ဟာ မျက်စိထဲဝင်နေပြီး နေသားတကျ ခြေကုတ်ယူလိုက်တယ်  \ အသင့်အနေအထား \ 

                        ( ၁ ... ၂ ... ၃ ... ဒိုင်းးးးးးးးး )

         သံပုရာသီး ၊ ဘလက်လေဘယ် နဲ့ မာကျူရီ ၊ ပြိုင်ကားအကောင်းစား  

                                        ||| VS |||
                                   
                                         မျက်ရည်


လွှတ်လှဗျို့ . . . . . ဒိုင်ဟာ ပွဲမပြီးခင် ပွဲသိမ်းဗြောက်ကိုဖောက်လိုက်တယ် . . . DIeeeeeeeeeeeeee !


- မင်းလုလင် -

ရွှေရည်စိမ် ကျွန်



အချိန်တန်တော့လဲ အိမ်ပြန်ကြရမှာပေါ့
တနေ့ ပြီး တနေ့ ပြီး နောက်တစ်နေ့
အချိန်တန်လို့ အိမ်ပြန်သွားကြသူတွေ
အချိန်တန်လို့မှ ပြန်သွားစရာအိမ်မရှိသူတွေ
အကျည်းတန်ညနေခင်းတွေထဲ
နီယွန်မီးထဲ မျက်ရည်တွေ သွန်သွန်ချ ။

အာရှလား ဥရောပလား
ကျားလား နွားလား
သွားကြားလား  -ီး ကြားလားသိစရာမလို
ကျုပ်တို့ဟာ လွယ်လင့်တကူ ညပ်ခဲ့ကြ
ကိုယ့်အတောင်ပံကိုယ် ညှပ်ပစ်ခဲ့ကြ ။

ကမ္ဘာမှာ ငွေဝယ်ကျွန်စနစ် ပပျောက်ခဲ့ပြီ တဲ့
ဆောင်ပုဒ်တွေကို မစားရ၀ခမန်း ရွတ်နေတတ်တဲ့
ကျုပ်တို့က ..... ငွေပေးကျွန်
ကိုယ့်အိတ်ထဲကငွေ နဲ့ ကိုယ် ကျွန်လာခံကြ
( တချို့က )
သူများအိတ်ထဲကငွေနဲ့ ကျွန်လာခံကြ
ရယ်စရာကောင်းလိုက်တာလေ ။

ဟိုမှာ
ဝတ်ကောင်းစားလှတွေနဲ့ ကျွန်
ဟိုမှာ
ဘောလုံးပွဲ ကြိုက်တဲ့ ကျွန်
ဟိုမှာ
ဖုန်းအကောင်းစားနဲ့ ကျွန်
ဟိုမှာ
ရည်းစားထည်လဲတွဲတဲ့ ကျွန်
ဟိုမှာ
ဘီယာသောက်နေတဲ့ ကျွန်
ဟိုမှာ
အိမ်လွမ်းနေတဲ့ ကျွန်
ကျွန်တော်လား
သောက်ကြီးသောက်ကျယ် ကျွန် ။


" နှစ်ဆယ့်လေးနာရီ မီးမပြတ်ဘူး အမေ "
" ရေကလဲ ဘယ်ချိန်ဖွင့်ဖွင့် လာတယ် အမေ "
ရေမီးအစုံ နဲ့ ဘ၀ဟာ
ခွေးတောင်မလျက်တဲ့ ထန်းလျက်လို ထူပေတာပေခံခဲ့ရ
မာကျောခဲ့ရ  ပျော့ညံ့ခဲ့ရ
အားတင်းခဲ့ရ အားပြတ်ခဲ့ရ ။

ဖရီးကောလင်း ၊ စားသောက်ဆိုင်ကောလင်း
စက်ရုံကောလင်း ၊ ဘာညာသာရကာကောလင်း
( တချို့က )
ထောင်နံရံ မှီအိပ်နေတဲ့ သံဗုဒ္ဓေကောလင်း
အလန်းဆုံးဝတ်ပြီး မိသားစုကို လက်ပြနှုတ်ဆက်ခဲ့ကြ
အမှတ်တရ ဓါတ်ပုံပေါင်းများစွာ ချန်ထားခဲ့ကြ
ကိုယ့်ကိုကိုယ် ကျွန်ဇာတ်ထဲ ပျော်ပျော်ကြီး သွတ်သွင်းခဲ့ကြ ။

ဟန်ကိုယ့်ဖို့သာ ရှိစေတော့
ကျွန်မသားလေးက နိုင်ငံခြားမှာလေ တဲ့လား အမေ
ဂုဏ်ယူဝံ့ကြွားစွာ ကျွန်အမည်ကို တမ်းတ
ကျွန်တော် ရှက်ဖို့တောင် မေ့မေ့သွားပါရဲ့ ။

အချိန်တန်တော့လည်း အိမ်ပြန်ကြရမှာပေါ့
အချိန်တန်တော့လည်း အိမ်ပြန်ကြရမှာပေါ့
အချိန်တန်တော့လည်း အိမ်ပြန်ကြရမှာပေါ့
အဲ့ဒါ ဒို့တာဝန်အရေးသုံးပါးပဲ
ဂါထာလို ရွတ်ခဲ့ရ ။

ကျေကျေနပ်နပ် အထိုးခံခဲ့ကြတဲ့  ကျွန် တက်တူး
တချို့က လုပ်အား နဲ့ အောက်ကျနောက်ကျ ပွတ်သပ်ဖျက်ကြ
တချို့က မျက်ရည် နဲ့ ထိတ်လန့်တကြား ပွတ်သပ်ဖျက်ကြ
တချို့က စာရိတ္တ နဲ့ အလောတကြီး ပွတ်သပ်ဖျက်ကြ
သံဗုဒ္ဓေ မှ နပ်မှန်အောင် မရွတ်နိုင်ခဲ့ကြ
ကျုပ်တို့လေ
သေရမှာတောင် မေ့နေကြသလိုလို ။


တနေ့ ပြီး တနေ့ ပြီး နောက်တနေ့ နဲ့ နောက်တနေ့
မိုးမျှော်တိုက်တွေကြားထဲ
နစ်ဝင်သွားတဲ့ စိတ်ဓါတ် နဲ့
သူစိမ်းတစ်ယောက်လို နေသားကျခဲ့ရ ။

နောင်ကြီးတို့ရေ . . . ရွှေတဲ့လား ။
အောက် တန်း စား ရွှေ
ကိုယ့်တိုင်းပြည်မှာ ကိုယ် မနေရခြင်းဟာလဲ
အောက်တန်းကျလွန်းတဲ့ ၀ဋ်နာကံနာ
ကိုယ့်ကိုကိုယ် ပြန်တိုက်ထားတဲ့ ကျိမ်စာ ။

ဟုတ်တယ်
ကျုပ်က
သောက်ကြီးသောက်ကျယ် ကျွန် ။


- မင်းလုလင် -


( စိတ်ထဲ ရှိနေတာလေး ထုတ်ရေးလိုက်ရုံသာ ။ ဘာဆို ဘာမှ မပါ )

ကျုပ်တို့က လူငယ် ( ၂ )

အဲ့ဒီနေ့တုန်းက မိုးတွေရွာလား မရွာလား သေချာမသိသလို
အဲ့ဒီသေချာမသိခြင်းဟာ မြို့မှာလား ရွာမှာလားဆိုတာလဲ တဆင့်စကားတဆင့်နား
ကျုပ်တို့နားထဲကို ဆယ့်ကိုးရာစုကြီး ပစ်ဝင်လာခဲ့တာ
ကျုပ်တို့ပါးစပ်ကနေ လေထုကိုစတင်ညစ်နွမ်းစေခဲ့တာ
အဲ့ဒီသေချာမသိတဲ့ နေရာကနေ ကျုပ်တို့လာခဲ့တယ်
ပုံစံခွက်တွေကို ပုံစံတကျ သွန်မှောက်ပစ်ခဲ့ကြ  စားကြွင်းစားကျန်ဟာ ရောဂါပဲ
နောက်ဆုံးတစက်ထိ အရသာရှိစေမဲ့ ကော်ဖီ နဲ့ ဘ၀ကိုပက်သွင်းထားတာ
သစ်ကိုင်းဖျားလေး တအိအိ လှုပ်ခါကျန်နေခဲ့တဲ့အထိ ကျိုးကျသွားမဲ့အထိ
ခါတော်မီအရောင်အဆင်းနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ခေတ် ( ဟာ )
ရင်သားသေးလှီလှတဲ့မိန်းမတစ်ယောက် ဖျားယောင်း
မြူဆွယ်နေသလို ရင်ခုန်စရာမကောင်းတော့ဘူး
ကျုပ်တို့ကလူငယ်
တက်ကျမ်းကိုခါးမှာထိုးရင်း သေနတ်ပစ်တမ်းလဲ ဆော့ချင်ဆော့မယ်
မိုးရေထဲလမ်းလျှောက်တဲ့ ညဟာ တိမ်တွေလိုပေါ့ပါးပစ်လိုက်ကြ
အရေခွံကိုစိတ်နဲ့တသားတည်းဝတ်ဆင်ထားခဲ့တဲ့ အလင်းနဲ့
လွတ်လပ်မှုကို လက်ပတ်နာရီလိုပတ်မယ် ( မကြာခဏ ထုတ်ထုတ်ကြည့်မယ် )
ဂျင်းဘောင်းဘီဝတ်မယ် သူရဲကောင်းတွေကိုအလေးပြုမယ် ဂိမ်းကစားမယ်
နီယွန်မီးရောင်တွေ မော့သောက်တဲ့အခါ လမ်းပြောင်းပြန်လဲ မောင်းချင်မောင်းမယ်
ကျုပ်တို့ကလူငယ်
အရောင်တောက်တောက်ရိုင်းစိုင်းမှုတွေ နဲ့
အသွေးအသားထဲ မေတ္တာတရားကို မိုးလုံလေလုံကိုးကွယ်တယ်
ပုခုံးပေါ်တွန်းတင်ထားတဲ့ မျက်လုံးတွေအတွက်
လက်ဖျံမှာထိုးထားတဲ့တက်တူး
ကိုယ်ပိုင်ရာသီဥတုဟာ ( ဘယ်တော့မှ ) ကွက်ကြားမိုးမရွာဘူး
မိုးနည်းဒေသရဲ့ချွေးတစက်စက် မိုင်နှစ်ဆယ်လို
/ ဒါမှမဟုတ် /
သွေးတစက်စက် အနှစ်နှစ်ဆယ်လို
/ ဒါမှမဟုတ် /
တောက်တခတ်ခတ်ဘ၀နှစ်ဆယ်လို
ပြိုကျနေတဲ့မနက်ဖြန်ထဲက အမှန်တရားဟာ
အပ်ဖျားတထောက်စာအစက်အပြောက်လေးဖြစ်နေရင်တောင်
မှန်ဘီလူးသုံးပြီး မြင်အောင်ကြည့်မဲ့ ( ကြည့်ရမဲ့ )
ကျုပ်တို့ကလူငယ်
ဒီကစားကွက်အခင်းအကျင်းထဲ ဖျက်မြင်း မဖြစ်သွားစေဖို့ပဲ ။

- မင်းလုလင် -


( မိုင်တိုင် ၂၄ မှ ဆက်လက်ထွက်ခွာ - Poetry Ebook - မှ )

ရိုးမြေကျ လို့ ဆိုကြပါစို့ မနှင်းဝေ



ကျောက်ချရပ်နားထားရတဲ့
သင်္ဘောတစီးရဲ့ ကျောက်ဖြုတ်သံပါပဲ
မီးခိုးငွေ့တလူလူ နဲ့ မီးခိုးတွေကြားက အထွက်
မင်းရှင်သန်ကျန်နေခဲ့တာဟာ
ငါ သေဆုံးသွားခြင်းထက် ပိုဆိုးတဲ့ အဓိပ္ပါယ်
ပါးပြင်ပေါ်က အရေပြားတွန့်ခေါက်မှုအပေါ်မှာ
မြစ်တွေ စီးနေမလား
ပူလောင်မှုကို ခွေးပေါက်စလေးလို တယုတယ မွေးမြူနေမလား
ငါ့လက်ကို တင်းတင်းကိုင်ထား
ဒါဟာ ငါ့ရဲ့နောက်ဆုံးနွေးထွေးနိုင်မှု
ငါ စကားတွေ မပြောနိုင်တဲ့အခါ
ငါ့ စကားတွေကို မင်းကြားရမှာ
ငါ မင်းကို စိတ်မချတဲ့အကြောင်းကတော့
နွယ်ပင်လို ရှင်သန်နေဦးမှာ ။

- မင်းလုလင် -

ငှက်



သဘာဝက မိုးပေါ်ပျံတယ်

သူက

ရင်ဘတ်တွေထဲပျံတယ်

အခု

သူပြန်သွားပြီ

ဒါပေမဲ့

သူပျံနေတုန်း  ။   ။


- မင်းလုလင် -


ဤတွင် သတင်းများကို သင်းတို့ ကြေညာခြင်း ပြီးလုပြီးခင်



ကြားဖူးတဲ့အခါ နားဝမှာ မြဲတယ် ဆို အပို အလို မရှိတဲ့ နေရိပ်အညို သစ်ပင်
တိုမှာ နားနေတဲ့ နံငယ်ပိုင်းနဲ့ အကို ချွေးစိုစို လေပြိုတာထက် တောင်ကြီးကို
ဖြို   ငို  ခါးမသန်တော့ဝှီးချဲပေါ်ထိုင်သွားရတဲ့ လူအို  ပျိုချင်နေသလိုလို ဟန်ကိုယ့်ဖို့
အဆို ယိုစုံကို နှုတ်ခမ်းမှာတပ်ပြီး ငေးနေတဲ့ အပျို မှောင်ပြီဆို သူ့တရားကို သူ
ကျစ်ကျစ်ပါအောင်ပိုက် အနှိုက်မလွတ်တဲ့ ကံစမ်းမဲ မရဲတရဲ  ကျွဲပြဲ
ပေါ်က သရဲလက်ထဲ ဝေ့၀ဲသွားပြန်တဲ့အခိုက် Night ခပ်နစ်နစ်စိုက်တဲ့ Knife
မိုးထဲ လေထဲ ဆိုးဆဲ ပေဆဲ သရဲ ပုဆိုးအသာစွဲပြီး ဆေးဆိုးပန်းရိုက် က
ခိုက် ဒုတ်စွဲဓါးစွဲ တိုက်မယ်ဆိုတဲ့သူတွေ အထုတ်ကလေးအသာပိုက် ငိုက်မနေရအောင်
ပိတ်ထားပြန်တဲ့ တိုက်  ငါးထပ် ခြောက်ထပ် ပါတယ်ဆိုတဲ့အပျိုတသိုက် သူ့ထက်သူ
လင်နောက်လိုက် စရိုက် တခါစိုက်ရင် တသက်လုံးခံပါတယ် သွားရမ်းကု ကျင်ဟိုက်
ကြောင် တောင် နှိုက်  နို့မပြတ်သေးတဲ့သားပေါက်ကလေးတွေ တစာစာအော်ငိုခိုက်
ကြက်ဆူပင်တွေ ညွှတ်နေအောင်စိုက်  မယားမရှိတဲ့  နိုက် ကလပ်ပေါ်တင်ထားတဲ့
မုန့်လုံးရေပေါ်တွေ ၀င်ကိုက်သူကိုက် ရိုက်မှုတဲ့ ကြာကြာမနေလိုက် ပဒေသာပင်စိုက်တော့
ရုံးက ပြုံးပြလိုက် အဆုံးမရှိတဲ့ ၀ရုန်းသုန်းကားတွေ သုံးလိုက် ဖြုန်းလိုက် ဆရာကြိုက်
အနေတတ်တော့ လေလာရာလှန်ထားတတ်တဲ့ ဆိုဒ်  အပေါ်တက်လိုက် အောက်ဆင်းလိုက်
ဆန့်ငင် ဆန့်ငင်ဖြစ်ရရှာတဲ့ အရိုက် သူတို့အဆိုမှာ ငမိုက် သားလေးပြန်လာမလား မျှော်
နေလိုက် ထိုင်လိုက် ထလိုက် သွားလိုက် ဒါကိုပဲဗီဒီယိုတွေ ရိုက်  အေဆိုဒ် ဘီဆိုဒ် မရှိတော့တဲ့
Drive ထဲမှာ လုံးချာလိုက် ကွေးလိုက် ဆန့်လိုက် မသိတဲ့ ဂိုက်နဲ့ ဘီယာပုလင်းကို ကိုက်
ဝေလိုက် ၀ါးလိုက် Night သန်ချဆေးမတိုက်နိုင်လို့ နာနေတဲ့ ကလေးရဲ့ဗိုက်
ငိုလိုက် အဆိုကြိုက်တဲ့ အစ်ကိုကြီးက ဆင်ဖြူတသိုက် ဝေဖြာသွားခိုက်
ဒီစရိုက် အမှိုက်တွေ နဲ့ မှောင်မိုက် နေတိတ်တာတောင် ပူစပ်ပူလောင်ဖြစ်နေသလိုလို  နီးလာလိုက်
နီသွားလိုက် နွမ်းနေတဲ့ အနမ်းတွေ ချွေးတပြိုက်ပြိုက်  ဆို  နေညိုတိုင်း ခိုးခိုး ငို
ဒီလိုနဲ့ အို  . . . မိဘမဲ့ဂေဟာက အပျို  သားသမီးမဲ့ဂေဟာထဲမှာ  မန်းတောင်ရိပ်ကို မခိုမိလို့
အသက်ကလေးရယ် တို  . . . . . . ဤတွင် သတင်းများကို ကြေငြာလို့ ပြီးပစ်လိုက်ပါပြီ ။

- မင်းလုလင် -

ခင်ဗျားနာမည်နောက်က ကွင်းစကွင်းပိတ်ထဲမှာ ကွယ်လွန်ရှိတယ် ကိုဘခက်



ခင်ဗျားကိုခင်ဗျားပြန်ရလိုက်တဲ့နေ့က ပြက္ခဒိန်မှာဘာသင်္ကေတနဲ့လဲ ကိုဘခက်
- လည်ချောင်းထဲကဖြတ်ဆင်းသွားတဲ့အောက်ဆီဂျင်ကို မီးခိုးငွေ့တွေနဲ့
  မျောချပစ်လိုက်တာပဲလား ခင်ဗျားပြောတဲ့ လူငယ်ပန်းချီကားတချပ်ပဲလား
  မနေ့ကညနေဆီကိုရောက်ခဲ့သေးလား မိုးကိုမျှော်တုန်းပဲလား ရမ်ကော်ဖီ
  သောက်တုန်းပဲလား ( ခင်ဗျားပြောနေကျ ) စောက်သုံးမကျတဲ့ငတုံးတွေချည်း ကြီး
  စိုးနေတုန်းပဲလား သွေးကြီးကြီးနဲ့ပဲလား ဖြတ်လမ်းကကြမ်းတုန်းပဲလား မနက်ဖြန်ဆီ
  ဖုန်းခေါ်နေတုန်းပဲလား မျက်ရည်တွေစိုနေတုန်းပဲလား လေတွေပြိုနေတုန်းပဲလား
  နေ့ နဲ့ ည ရဲ့ အလယ်ခေါင်မှာရပ်နေတုန်းပဲလား မှတ်တိုင်ကျော်နေတုန်းပဲလား
  ဝေးသွားတဲ့အခါသီချင်းကို ရေနွေးကြမ်းနဲ့မြည်းနေတုန်းပဲလား မီးခြစ်မေ့နေခဲ့ပြန်ပြီလား
  အသံတိတ်ရုပ်ရှင်တွေကြည့်ဖြစ်သေးလား ငါးမျှားခြင်းဟာတက်ကြွမှုကိုဆိုးရွားစွာထိ
  ခိုက်နေတုန်းပဲလား အိပ်မက်နဲ့အဆက်အသွယ်ရသေးလား နီယွန်မီးရောင်ထဲ
  စီးကရက်အစီခံတွေထိုးစိုက်နေတုန်းပဲလား ပင်လယ်ဆီရောက်ဖြစ်သေးလား
  ခံစားမှုဝါဒီပဲလား ခင်ဗျား သွေးအေးသတ္တ၀ါ ဖြစ်နေပြီလား . . . လား . . . လား
  လား . . . လား . . . လား . . . လား . . . လား . . . လား . . . လား . . . လား -

အဲ့ဒါပဲ ကိုဘခက်
အညိုရောင် ညနေအနာ
သွေးမထွက်ဘူးဆိုပေမဲ့ သတိရတိုင်းနာတယ် ။
ကွင်းဖွင့်ပွဲမှာလဲ ခင်ဗျားတစ်ယောက်ထဲ ။
ကွင်းပိတ်ပွဲမှာလဲ ခင်ဗျားတစ်ယောက်ထဲ ။

မနက်ဖြန်ကျရင်စောစောရောက်နေဖို့ ဒီနေ့ကတည်းကမပြန်တဲ့စိတ်ဟာ သွေးတိုး
နေ့ဖို့ညစာချန်ထားခဲ့ပြီးရင် အလျှင်လိုတဲ့သူတွေလဲ လမ်းအိုထဲဝင်သွားကြပေဦးမှာပေါ့
အဲ့ဒါကို ဖြတ်လမ်းလို့ ခေါ်လေမလား ကိုဘခက် ဖန်ခွက်ချင်းတိုက်တဲ့အနုပညာမှာ
ခင်ဗျားကမွေးရာပါအနာ အဲ့ဒီညနေတ၀ိုက်ထဲ အရောင်တွေပစ်ထည့်ထားခဲ့ဦးဗျာ
အဖြူဖြစ်ဖြစ် အမည်းဖြစ်ဖြစ် ဒါမှမဟုတ် ခရမ်းရောင်ကျောပိုးအိတ်လေးတစ်လုံးဖြစ်ဖြစ်
ခင်ဗျားနာမည်အနောက်က ကွင်းစကွင်းပိတ်လေးပဲ ဖြစ်ဖြစ် ။

- မင်းလုလင် -

ရာမ

ဗိုလ်လုပ်ချင်တဲ့သူက
လက်ညိုးလေးကွေးတတ်ရုံပဲလား ။
ကိုယ့်မှာ
အိပ်မက်တွေ ကွေးညွှတ်တာတောင်
မိသားစုမှာ အရံကစားသမား ။
လေးတော်တင်ခန်းထဲဝင်ခွင့်မရတဲ့
လူကြမ်းမင်းသား
စတီးဇွန်းပါးပါးပေါ်က အပူငွေ့တွေထဲ
ဘဝတွေပြုတ်ကျသွားတာ မြင်ရတယ် ။ 

- မင်းလုလင် -

စကားစမြည် စိုက်ခင်း


မနက်က ကျန်တဲ့ ၀တ္တရားတွေ ရေခဲသေတ္တာထဲထည့်ဗျာ ဘ၀ဆိုတာ မကြာခဏ
ထုတ်ပိုးသိမ်းဆည်းနေရတာပဲမဟုတ်လား စကားမစပ် ခင်ဗျားအမာရွတ်တွေ
အတော်ပျောက်ကုန်ရောပေါ့ ခေတ်ကြီးက တွန်းတွန်းတိုက်တိုက် ကစားသဗျ
အားရလိုက်တာ ကျုပ်လက်နှစ်ဖက်စလုံး လွတ်လပ်လို့ တနေ့လည်ခင်းလုံး
ပူလိုက်တဲ့နေ ကျုပ်မှာလောကဓံကိုတောင်မေ့ပစ်ရ အရေခွံကိုတောင် မေ့ပစ်ရ
ခင်ဗျား မြင်လား ဟိုမှာ ဟိုမှာ အရေခွံလဲတဲ့မြွေကလဲဗျာ ဦးနှောက်က ငါးမူးသားကိုမရှိ
ဘူး ကွယ်ရာသွားပါ့လား ဘူးတစ်လုံးဆောင်ထားပါလား ကြေငြာကကောင်းတုန်း
ဒီဇာတ်လမ်းအတိုအစတွေက ၀င်ဝင်ရှုပ်နေတယ် ဘယ်နေ့သေမလဲမသိတဲ့ လူဘ၀ထဲ
အခန်းဆက်ဇာတ်လမ်းတွေက ရွဲ့နေသလိုပါပဲ လိုချင်ပြီဆိုရှာမရပြန်ဘူး ဒီ မေတ္တာတရား
ခင်ဗျား တွေ့မိသေးလား နေ့ပူညချမ်းကြီးပါဗျာ ဒါနဲ့ ခင်ဗျား အိပ်မက်နဲ့အဆက်အသွယ်ရသေးလား
ဆောင့်ဆောင့်တိုးနေတဲ့လေကလဲ ကြမ်းပါ့ ဒီဘက်ကို နည်းနည်းတိုးဗျ စကားကျယ်ကျယ်ပြောလဲ
ငရဲမကြီးပါဘူး နေရထိုင်ရတာ တစ်ခုခုလိုနေသလိုလို ခုလိုအပ်နေတာကဘာလဲ မေးခွန်းတော့
မဟုတ်လောက်ပါဘူး ခင်ဗျားဖြေချင်ဖြေ မဖြေချင်လဲ နေ စာမေးပွဲတစ်ခုထဲ
အရွယ်မကြီးသေးတဲ့ကလေးတွေကို စိတ်ဓါတ်အကျဉ်းချသလို မဖြေမနေရ မှ မဟုတ်တာပဲ
ခင်ဗျား မဖြေလဲ ခင်ဗျား နေလို့ရပါတယ် ရောဂါပဲ သိတဲ့အခါကျတော့လဲ ဆေးဖိုးကြီးနေပြန်သတဲ့
ခင်ဗျားတို့ လူ့ဘ၀ကြီးကလဲဗျာ နှစ်ဆယ့်လေးနာရီတိတိ သွေးသိပ်ပူတာပဲ ငိုရ ရယ်ရ
မနက်ဖြန်ကျရင်တော့ စောစောလာဗျ ရာသီဥတုကနည်းနည်းပြောင်းနေတယ် ကျုပ်ကလဲ
အရေခွံပါးတယ် နာရီက တအားလည်သကိုး တရိပ်ရိပ် ညရေးညတာဆိုတော့လဲ မှောင်ထဲမည်းထဲ
မိုးရွာမယ်ထင်တယ် ထင်ချင်တာတွေ လျှောက်ထင်နေရပြန်တော့လဲ ပျော်စရာပဲ
ကျန်းမာရေးဂရုစိုက်ဗျာ အချိန်တန်ရင်တော့ သေသွားကြရမှာပါ ကဲ . . . နောက်မှဆုံမယ်ဗျာ
ဆုံချင်မှလဲ ဆုံမယ် ဂွတ်နိုက်ဗျာ ကိုယ့်လူ ကျုပ်အိပ်ပြီ ။

- မင်းလုလင် -

သားတို့ ရွှံ့နဲ့ပစ်တမ်း မကစားတော့ပါဘူး မေမေ

အမှားမှာ အမှန်ကိုရှာတော့ အမှာစာအမှားတွေ မှားပို့မိမှာစိုးတဲ့ အမှာကို နံရံကပ်
စာစောင်တွေပေါ်မှာ လက်ဗွေရာမကင်းတဲ့ရုပ်သေးခြေထောက်တွေ ဘယ်သူ
ကြိုးဆွဲလိုက်သလဲ ခေါင်းလောင်းဟာအသံမမြည်ပဲတုန်ခါ မျက်ရည်တွေကျလာတယ်
ဒီနေ့ပြီးရင်တော့ နောက်တနေ့အစီအစဉ်ဟာအသက်ဝင်လာမယ်
ဒီတနပ်ပြီးရင်တော့ နောက်တနပ်ဟာဘူတာမှားရပ် အသက်ကိုထုတ်ထားတဲ့ ဖက်ဟာ
နေလောင်ဒါဏ်ကြောင့် အသားတွေမဲကုန်မှာပေါ့ လက်ဖ၀ါးမှာ လမ်းကြောင်းတွေ တိုဝင်
နေသလား ဆရာကြီးရယ် ဆရာလေးရယ် ဆရာရယ် သားတို့သေမှာလား မေမေ
ငယ်ငယ်က ရွှံ့နဲ့ပေါက်တမ်းကစားရင်တောင် ဟိုဘက်မြောင်းခံတပ် ဒီဘက်မြောင်းခံတပ်
လမ်းပေါ်မှာတော့ရွှံ့တွေနဲ့ ပေရေညစ်ပတ် ပန်းကလေးများပွင့်တော့မည် မိုးမည်းရေထဲ
အကျိုးနည်းနေတဲ့ ခဲတံလေးတွေက တံတွေးဆွတ်နေကျ လျှာအဖျားလေးတွေကို
ဖုန်သိပ်နေတဲ့ ဘောလုံးကွင်းလေးက ဖုန်တထောင်းထောင်းနေ့ရက်တွေဆီကို
သွားကြပေါ့ တနိုင်တပိုင်အိပ်မက်လေးတွေ သားလေးကြီးရင် ဘာလုပ်မယ် စစ်ဗိုလ်ကြီး
လုပ်ပါမယ် ယတြာကောင်းကောင်းလေးသာပေးပါ တကယ်သာဂြိုဟ်ဆိုးပြီဆို
တောခိုနေလဲမလွတ်ဘူး ငှက်ဖျားပိုးဦးနှောက်ထဲဝင်  သွားတာတွေ့လိုက်တယ်
ဘယ်တော့မှပြန်လာနိုင်မယ် အေးမြအရိပ်မှာလဲမနေရပါဘူး အခက်ကလေးလဲမချိုးရပါဘူး

" ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ "
နိုင်ငံတော်သီချင်းကို ဘယ်သူရေးလဲ မေမေ ။ ဘယ်တော့မှမှန်မှာလဲ မေမေ ။
သားမေးတာ မှားသွားပြီလား မေမေ ။ အိပ်နေတာလား မေမေ ။
လူကြီးတွေပြောသလို မေမေ ဆုံးပြီ ဆိုတာလား မေမေ ။
အဲ့လိုဆိုရင် သားဘာမှဆက်မေးလို့မရတော့ဘူးလား မေမေ ။

တောင်းနေကျဆုတောင်းတွေဟာ ကြယ်တွေသာကုန်သွားတယ် ကမ္ဘာကြီးမှာ ကျည်ဆံတွေ
ဘယ်တော့မှကုန်သွားမဲ့ ကမ္ဘာကြီးမှာ ကြယ်တွေသာကုန်သွားတယ်
တောင်းနေကျဆုတောင်းတွေဟာ ကျည်ဆံတွေ ကုန်နေတုန်း ။

သားတို့ ရွှံ့နဲ့ပစ်တမ်း မကစားတော့ပါဘူး မေမေ ။


- မင်းလုလင် -

ပိုးကောင်ဟာ ကျုပ်ကို မှတ်မိပါ့မလား တွေး



အကျီ င်္လည်ပင်းပေါက်က၀င်လာတဲ့ ပိုးကောင်ဟာရုတ်တရက် သိမှုကိုနိုးကြားသွားစေတယ်
အထီးမှန်းအစ်မမှန်းမသိတဲ့ အဲ့ဒီပိုးကောင်က ကျွန်တော်နဲ့
အနီးဆုံးမှာရှိနေတယ် အဝေးဆုံးကလာတယ် သူ့နာမည်
ကျွန်တော်မသိဘူး အကျီ င်္ဝတ်ထားခြင်းမရှိတဲ့ပိုးကောင်နဲ့
ကျွန်တော့ရဲ့အပေါ်ယံအရေပြားယားယံမှု ခြေများတဲ့ပိုးကောင်ဟာ
ကျွန်တော်မကြားနိုင်တဲ့စကားတွေပြောနေမယ် ထင်တယ် နားလည်ဖို့
လိုက်မမှီခြင်းအပေါ် အားနာမိသလိုလို ကိုယ့်ကိုခင်တွယ်နေပုံရတဲ့ ပိုးကောင်ဟာ
ဟိုမှ သည်မှ နောက်ပြီး သည်မှ ဟိုမှ ပိုးကောင်ဟာကူးလူးတွားသွား
သူ့ခြေချောင်းတွေအပေါ်မှာ သူ့ကိုသူသယ်ဆောင်ပြီး ခရီးသွားနေတယ် ကျွန်တော့
အကျီ င်္အောက်မှာ ကျွန်တော့ အရေပြားပေါ်မှာ ပိုးကောင်ဟာ
အနေအထိုင်မတတ်သလို အနည်ထိုင်နေသလို ထိုင်နေသလား မတ်တပ်ရပ်နေသလား
ကျွန်တော်မသိပြန်ဘူး အချိန်အတော်ကြာ လေ့လာရေးခရီးမှာ ပိုးကောင်ဟာ နယ်မြေအသစ်လို့
သတ်မှတ်လိုက်လေမလား ကျွန်တော့အရေပြားအဟောင်းကြီးပေါ်မှာ ထွက်ပေါက်ကိုသူရှာတွေ့
ပါ့မလား ကျွန်တော့ရဲ့သွေးကြောတွေထဲသူဝင်ရောက် သွေးမွှန်းပြီး သေဆုံးသွားလေမလား စိုးရိမ်
လာတယ် ပိုးကောင်သိပါ့မလား ဟိုမှ သည်မှ သူ သွား နေ တုန်း
အကျီ င်္လည်ပင်းပေါက်က ၀င်လာတဲ့ပိုးကောင်ဟာ ကျွန်တော့ကို နှုတ်မဆက်ပဲ
အကျီ င်္လည်ပင်းပေါက်ကနေ ပြန်ထွက်သွားတယ် ။

- မင်းလုလင် -

သတ်ပုံမမှန်တဲ့ဓါတ်ပုံ





နံရံပေါ်က လေးထောင့်ဘောင်ထဲမှာ ကိုယ့်ကိုကိုယ် ပြန်မြင်လိုက်ရခြင်းဟာ
သမိုင်းတွင်ကျန်ရစ်စေဖို့အထောက်အထား ဖြစ်နိုင်သည် မဖြစ်နိုင်သည် စသည်
အကြောင်းတရားဟာ အကြောင်တရားရဲ့နောက်မှာ မျက်နှာလိုမျက်နှာရ ဟင်းဖတ်
ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဘ၀ကူးကောင်းစေဖို့ DJ ကောင်းကောင်းတစ်ယောက်
လိုအပ်နေတဲ့ ကွက်လပ်ဟာ အစက်အပြောက်ပေါင်း မြောက်များစွာ
အကိုင်းလွတ်ရုံလေး ခုတ်ထွင်ပစ်လိုက်ရတဲ့ စာရိတ္တပေါင်းသောင်းခြောက်ထောင်

ရိုးမြေကျပိုးသတ်ဆေးဖြန်းဖို့လိုနေတဲ့ နိဗ္ဗာန်ဟာ လှေကားဘယ်နှစ်ထစ်မှာ ဒေါက်ပြုတ်နေတဲ့ ကြိုးစင်
ကချင်တဲ့အခါတော့လဲ စင်ပေါ်တက်လာရုံပေါ့ မိုက်ကရိုဖုန်းကို အသံစမ်းပါ ထိတွေ့နေတဲ့လေနုအေးဟာ
အသက်ရှင်နေသေးကြောင်း ဥပမာ ပြောရရင်တော့ ခပ်ယဲ့ယဲ့မွေးဓါတ်ကိုလှုပ်ရှားစေခြင်းအလို့ငှာ
ဘေးထွက်ဆိုးကျိုးအပြည့်ပါမှန်းသိတဲ့ အောင်စိတ်ကို အိပ်ကပ်ထဲ လိုရမယ်ရ ဆောင်ထားတယ်
မိုးခေါင်တိုင်းဆွဲမိတဲ့သိက္ခာတရားအစွန်းအစနှစ်ဖက် ဖွာလန်ကြဲ အကာအရံဟာဆဲဆိုခံရမှု ကာရံမဲ့ ၏
ဒီလိုမနေနဲ့ ဒီလိုနေတဲ့အခါဇယားဟာ စားပွဲတင်ဇွန်းခွက်ထဲက မှင်ရည်လွတ်ဗလာ
ပြိုင်ပွဲဝင်အဇ္ဈတဆိုတော့လဲ မျှမျှတတ တသသရှိကြရုံအပြင် နောက်ထပ်ရှိနိုင်ဦးမဲ့အရာဟာ စည်း လွတ်
ဝါးလွတ် ၀ါဒ ။ ။ ဗျာ . . . ကမ္ဘာကြီးက ကဗျာဆရာကို ရိုသေသည်တဲ့လား ။


- မင်းလုလင် - 

ကျောနံပါတ် စပိတ်တစ်



အရုပ်သက်သက်ပစ္စုပ္ပန်ထဲမှာ တွေးမိတွေးရာတိုင်းဟာ ဟာကွက်တွေနဲ့
သို့မဟုတ် ဟာသတွေနဲ့ ချို့တဲ့လာတဲ့ မျက်နှာအရေပြားတွန့်ရှုံ့မှုကို
Recycle လုပ်ပစ်လိုက်တယ် နေရာအနှံ့ အမှောင်ဟာခေါက်ရိုးကျိုး နေသလို
ရိုကျိုးပစ်လိုက်တဲ့ နာကျင်မှုတွေ အစိမ်းရောင်ရပ်တည်မှုဟာ ညိုးရော်နွမ်းလျ
အ၀ါရောင် မြို့ပြ နဲ့ သူ့အကြောင်းတွေးတိုင်း အိပ်လို့မပျော်ပါဘူး ဆိုတာတွေ
ပွဲနေပွဲထိုင်မို့ပါ လူအဟောင်းကြီးကို ဖိနပ်အသစ်ထဲထိုးသွင်းလာတယ်
မျက်လုံးလေး တိုးတိုးပိတ်ပြီး အသံဖွဖွလေးတွေကို လိုက်ကြည့်မိတော့လဲ
မနက်ဖြန်က နီးနီးလေး မမြင်ရဘူး အသဲကွဲပုံတက်တူးအဟောင်းနဲ့
အမှောင်ဘက်အခြမ်းမှာမှောက်ထားတဲ့ရင်ဘတ် ညဂစ်တာအပြာ လွင့်
နေတဲ့စိတ်ဓါတ်တစွန်းတစဟာ ညာဖက်လက်ဆန့်တိုင်း  ညဖက်လက်ဆန့်တိုင်း
ယုံကြည်မှုတွေခုန်ထွက်လာတယ် တနင်္ဂနွေအကြောင်းမတွေးဖြစ်တော့ဘူး
မရေးဖြစ်တော့တဲ့ဘေးထွက်ဆိုးကျိုးတွေ အရေခွံကိုခရမ်းရောင်အဖြစ် ပြောင်း
လဲတပ်ဆင်ခြင်းသတင်းဟာဦးနှောက်ရဲ့ညာဖက်သွေးရောင်မသန်းတဲ့ နေ့ရက်တွေထဲ
မွေးရာပါလာတဲ့ဝါသနာပျောက်ဆုံးနေတဲ့အခိုက်အတန့်ပဲ ဆိုတော့ ပုံစံတူ
နောက်ထပ်ရှိနေဦးမလားလို့ အကျီ င်္ကြယ်သီးဖြုတ်လိုက်တယ် ။

- မင်းလုလင် -

စိတ္တဇ



စိတ် ။
အစ တစ်စ ။
လွှတ်မြောက်ပစ်နိုင်ခြင်းမရှိသော
တစ်အစ တစ်အဆုံး ။
လူကြိုက်များတဲ့ ဈေးကွက်မှာတော့
ရူးတယ်ပဲ ဆိုကြပါတော့ ။ သံပြိုင် ။
အစ ( အဆုံးမရှိတဲ့ အစ ) တစ်စ ။
စိတ် ။

- မင်းလုလင် -

သတိရခြင်းဆိုတာကလဲ ရယ်မောခြင်းအတတ်ပညာပဲ ကိုဘခက်



သံလမ်းပေါ်မှာ အက်ကွဲကြောင်းတွေထဲမှာ ကော်ဖီခွက်တွေအပူချိန်လျော့လာပြီ ကိုဘခက်
ဒါ  Shock ပဲ ထိလွယ်ကွဲကြေလွယ်လူငယ်ဘ၀ဆိုတာ သွေးအေးဖို့ကျ သိပ်ခက်နေပြန်ရော
နေ့ ည လေရသည် ဆိုတဲ့ဆိုင်းဘုတ်ဟာ ညနေကပြိုကျသွားတယ် ဒီအရည်တွေကို မျိုမကျတော့ပါဘူး
လက်ဆောင်ပေးခြင်းသည်းခံပါ  မင်္ဂလာဆောင်ခြင်းကို သည်းခံပါ ဆောင်းဘောက်စ်ကျယ်ကျယ်ဖွင့်ခြင်း
ကျွန်တော်သည်းမခံနိုင်တော့ဘူး ကိုဘခက် တဖြည်းဖြည်းချင်းဆိုတာကလဲ ခရီးရောက်တယ်
ရွေ့ချင်တာရွေ့ စိတ်ဓါတ်တော့မရွေ့စေနဲ့  ဒါက ကျုပ်တို့ခေတ်ရဲ့ဝိနည်းပဲ  သစ်ရွက်တွေ ကြွေလာပြန်ပြီ
အိမ်ရှေ့ အမှိုက်ပုံထဲမှာ အနာဂတ်တွေဖားခုန်ခုန်နေတယ် ဘယ်သူအပြစ်ပေးထားပါလိမ့် လေ့ကျင့်ခန်းများလား
ကြာခဲ့ပြီပေါ့ မီးခိုးတလူလူနဲ့ရထားကြီးမစီးဖြစ်တာ အချိန်ဘယ်လောက်ဝေးဝေးမှာ မမှတ်မိတော့ဘူး
မမှတ်မိချင်တော့ဘူး ဆိုကာမှ လိုချင်တောင့်တမှုက သွေးယားတယ်  ခက်တယ် ကိုဘခက်
လွန်ဆန်ရခက်တာတွေကလည်း လွန်ဆန်ရခက်လိုက်တာ  တိုးတိုးလေး ငြီးမယ် ခင်ဗျား နည်းနည်းလောက်ရယ်ပါ
ကော်ဖီဆက်သောက်ကြဦးစို့ဗျာ  ကော်ဖီစေ့လေးတွေပုံဖော်ထားတဲ့ ပလက်စတစ်အိတ်အခွံနဲ့ မနက်ခင်းနဲ့
အကျီ င်္ခပ်ကြီးကြီးနဲ့ မီးလောင်ပေါက်တစ်ချို့နဲ့ ယုတ္တိဗေဒပုံပြင်တစ်ချို့ကလဲ မျက်လုံးကို လှည့်စားလွန်းတယ်
ဟော . . . ပြေးထွက်လာပြန်ပါပြီ လဲပြိုကျဖို့အတွက် ဒါနဲ့များ ဖြည်းဖြည်းချင်း လဲပေါ့ ပင်ပန်းခံလို့
စကားကြီးစကားကျယ်ဆိုတာ ဘယ်လိုစာလုံးပေါင်းသလဲ ကိုဘခက် အနုပညာနဲ့များ သံတူကြောင်းကွဲမလား
မေးခွန်းတွေကျွန်တော် ထုတ်လုပ်နေပြန်ပါပြီ မနက်ခင်းက အကျည်းတန်သွားတော့မှာပဲ စိုးရိမ်စရာ
နေ့ ည လေပြန်ရအောင်လုပ်ရမယ် ဥပဒေရုံးရှေ့မှာပဲဖြစ်ဖြစ် ဥပဒေဘောင်ထဲကဖြစ်ဖြစ်
မရောက်ဖြစ်တာ သုံးလေးနှစ်ကြာတဲ့နေရာတစ်ခုကိုလဲ အရောက်သွားရမယ် စက်ဘီးကလေးစီးပြီး
ကိုဘခက်ရေ . . . ကျွန်တော့လက်ဖျားကအသံတွေအရင်လိုမကျယ်တော့ဘူးဗျ ခင်ဗျားလည်ချောင်းရှင်းရဲ့လား
စင်ယော်တွေဟာ ကျောင်းဆင်းချိန်ခေါင်းလောင်းသံမှာ သူတို့  ကျွန်တော့ဆီမလာတော့ဘူး ထင်တယ်
ကျောင်းစိမ်းလေးတစ်ယောက်လောက်ပါရင်ပိုကောင်းမလားပဲ လို့ ကျွန်တော့ကို ပြောခဲ့ဖူးတယ်ထင်တယ်
ထင်ထင်ရှားရှားမမှတ်မိတော့တဲ့အထင်တွေကလဲ စိတ်ကို ချောက်ချတာ သိပ်တရားလွန်တာပဲ
နေရထိုင်ရတာ သံလမ်းပေါ်မှာခြေတပေါင်ကျိုးလမ်းလျှောက်ခဲ့တဲ့ညက ပြုတ်ကျုသွားသေးလား
Dream Walker ဖြစ်နေရတာကအပြစ်အကြီးကြီးလွန်ထားသလို ကျူးကျူးကျော်ကျော်စိတ်ပူနေမိသေး
ထပ်တွေ့ပြန်ပြီ ကိုဘခက်ရေ Cyril Takayama တဲ့ ဓါတ်ပုံတွေထဲကဆွဲယူသုံးစွဲနေပုံပြောပါတယ်
ကျွန်တော့ခေါင်းရင်းမှာ ကတ်ကိုဘိန်းရှိတယ် ဆွဲထုတ်ပေးလို့ရမလား ကျွန်တော့ဂစ်တာအသံလွဲနေတာ ကြာပြီ
နိုးစက်ကိုပိတ်ထားလိုက်ပါဗျာ အိပ်မက်ကိုအရောတ၀င်လုပ်ခွင့်လေးတော့ လွတ်လွတ်လပ်လပ်ပေးပါ
ဒီလိုဗျ ကိုဘခက် ရယ်ရလွန်းတော့လဲ မျက်ရည်များတောင် လည်မိတယ် တစ်ခါထဲပါ သွေးအကြီးကြီး နဲ့ ။

- မင်းလုလင် -

မျက်လှည့်ဆရာ



လက်ဖျားမှာ ပေါ်လိုက်ပျောက်လိုက်
ဘ၀က ရေပေါ်လမ်းလျှောက်သလို ဖဲချပ်တွေ အရောင်ပြောင်းသွားသလို
အရိပ်ကို အရောင်တင်ခဲ့သူဟာ ငါးပါးသီလနဲ့ ကစားတယ်
ဒီလိုပါပဲ ကြားဖူးနားဝ ပုံပြင်လေးတွေပြောပြောပြီး
မနက်ဖြန်ကို ဖျောက်ပစ်လိုက်တယ်  အလင်းတွေ
အထိတ်တလန့် ထွက်ပြေးကုန်ကြပေါ့ ။

- မင်းလုလင် -

မြို့ ပြ နာ



လမ်းတွေက မှောင်သလို လင်းသလို ကွေ့သလို ကောက်သလို တစ်ခုခုလိုနေသလိုလို
ဖြတ်စီးသွားတဲ့ခေတ်က ငရဲသားဇာတ်ကားကို 3D နဲ့ ကြည့်ရသလို ရုပ်လုံးကြွ
နေတယ် နဲ့ သေတယ်ကြားမှာ နာတယ် သတ်တယ် ငတ်တယ် ပြတ်တယ် မျက်နှာလေးငယ်
ငယ်ငယ်တုန်းကလို အော်ငိုပစ်လိုက်ချင်တယ်လို့ဆိုပြန်တော့ ရေများရေနိုင် မီးများမီးနိုင်
မလာနိုင်တော့ပါဘူး ရေလဲမလာ မီးလဲမလာတဲ့အခါ အမှောင်ထဲမှာ တိတ်တိတ်ကလေးရယ်
ရပါတယ် သူ့ခေတ်ကိုယ့်ခေတ် ခင်ဗျားခေတ် ကျွန်တော့ခေတ် ခိုးခိုးခစ်ခစ်ရယ်သံကလေးတွေ
ကျယ်လာပြီ ၀တ်ထားတဲ့အကျီ င်္ဟာလောကဓံနဲ့ငြိလွယ် စွန်းထင်းလွယ်မို့ ရေခပ်မကြုံ ထင်းခွေ
ကြုံမှာပေါ့ ဒီလိုညမျိုးနောက်ထပ်ပေါင်းများစွာ ရွတ်စရာကဗျာနဲ့ ရိုက်စရာဂစ်တာနဲ့ နီယွန်မြို့ပြဟာ
သောကြာဂြိုလ်ဆီအလည်ရောက်လာလေဦးမလား မရောက်လာသေးတဲ့ပစ္စုပ္ပန်တစ်ခုခုဆီမှာ Outsider
တစ်ယောက်နဲ့စကားစမြည်ပြောဖြစ်လေဦးမလား ချစ်ခြင်းမေတ္တာကို အယုံအကြည်မရှိ
အဆိုတင်သွင်းလိုက်ဖို့ကြောက်နေတယ်( ထင်တယ် )တစ်ခုခုဟာကြောက်စရာအသွင်အပြင်မျိုးနဲ့
ဦးနှောက်ထဲဝင်ခုနေတဲ့အကြောင်းတရား စကားနောက်ကိုပါသွားလေမလား မပြောမဆို မားဆိုးနဲ့
လက်ဆွဲနှုတ်ဆက်လိုက်တယ် ငါးတစ်ကောင်ဖြစ်မလာသေးကြောင်း အေးချမ်းကိုပြောပြရဦးမယ်
မြို့ဟာအသက်ကြီးသွားမှရာထူးတိုးသွားကြောင်း ဒါမှမဟုတ် မြို့ဟာ အချိုမကုန်သေးကြောင်း
လူကြိုက်များတဲ့အသုံးအဆောင်တွေကို အန်ထုတ်ပစ်လိုက်ဖို့ သွေးပူလေ့ကျင့်ခန်းမရှိတဲ့နေရာမှာ
အနွေးဓါတ်ကလေးမပြတ်ရဖို့ ကော်ဖီပူပူလေးလဲရနိုင်သေးတယ် သိရှိခဲ့ရသမျှ ဟာ
စိတ် ရဲ့ ဆက်သွယ်မှုဧရိယာပြင်ပမှာ ရေဒီယိုသတ္တုကြွနေတယ် ရေဒီယိုသီချင်းလေး မငြီးဖြစ်တာ
ကြာပြီပေါ့ မှတ်မိပါဦးမလား ယဉ်ကျေးမှုကို ခေတ်ပေါ်သွေးနဲ့ ရူးပစ်ချင်တာပဲ သူလိုကိုယ်လို
အလွမ်းဓါတ်ခံလေးနဲ့ မြို့ပြတမ်းချင်းဟာအငွေ့မသေသေးတဲ့ စီးကရက်တိုအညို နဲ့ ကိုယ်နဲ့
လမ်းအဟောင်းထဲ ပြန်လည်အလင်းဝင်လာမဲ့ မနက်ဖြန် နဲ့ စိတ်ဓါတ်ထဲက အဆိပ်ဓါတ်ငွေ့တွေနဲ့ ။

- မင်းလုလင် -


ဆေးလိပ်သောက်ခြင်းဟာ ရှော့ကို ပုံမှန်အားကောင်းစေသလိုလို ထင်ယောင်နေ





မွေးရာပါ လိုလားတောင့်တာမှုတွေဟာ သက်ပျောက်ဆွမ်းတနပ် ရက်လည်
လလည် နှစ်ပတ်လည် အဲ့ဒီပန်ကာ မလည်တော့တာ တော်တော်ကြာပြီ
လျှပ်စီးလက်လိုက်သလိုပြက်ပြက်ထင်ထင် မက်ကန်းနစ်တစ်ယောက်ဆီဖုန်းခေါ်ဖို့
ရှော့အကြီးကြီးလိုနေတယ် ခေါင်းကိုက်ရောဂါ နားထင်ကိုသွေးတွေခပ်ပြင်းပြင်း
ပြေးပြေးဆောင့်နေတယ် မနက်ဖြန်အလှူအိမ်သွားမယ် ညနေကျရင် အရက်ဆိုင်
သွားမယ် လူတွေနဲ့ဝေးဝေးဝေးတဲ့နေရာဟာ သီချင်းထဲမှာလို လှတပတမဟုတ်ဘူး
Criss Angel ရဲ့ မျက်လှည့်ပြကွက်တစ်ခုလို ကြည့်ရတာနားငြီးတယ် အမှိုက်
မပစ်ရ လမ်းကြားထဲမှာဝပ်နေတဲ့မေတ္တာတရားဟာ ခွေးလေခွေးလွင့်လေးလို
ပွတ်သပ်ကျီစယ်မှုလိုချင်နေတယ် စိတ်လေတယ် အလင်းနဲ့ရေးတဲ့
ပန်းချီကားထဲ အရိပ်ကိုထည့်ဆွဲဖို့ လက်တွန့်နေ ဒါမှမဟုတ် တွေဝေနေ စိတ်ကျ
ဟောင်းနေတဲ့တံဆိပ်နဲ့ နေနေတဲ့ အခိုက်အတံ့ဟာ ကြားနေ၀ါဒီ ဘရန်ဒီ
မကြိုက်တဲ့ ရမ်ကော်ဖီ တစ်ယောက်ထဲကို ရှုပ်နေတော့တာပါပဲ မသိတော့တဲ့အထိ
ခရမ်းရောင်ပန်းတွေပွင့်နေတဲ့ကမ္ဘာဆိုတဲ့စာသားပါတဲ့ သီချင်းကို Repeat
လုပ်ပစ်လိုက်တယ် ဆေးလိပ်မသောက်တော့ဘူးလို့ရေးထားတဲ့စာရွက်ကို
မီးရှို့လိုက်တယ် နောက်ဆိုအပိုတွေမလုပ်မိအောင်သတိထားရမယ်
မေ့ပစ်ထားခဲ့တဲ့ သတိတွေက တာမွေမှာ ကဗျာဆရာကောင်းတွေ ပေါတယ် တဲ့
အခန်းလွတ်ထဲက ပန်းချီကားအလွတ်တွေ နည်းပညာသုံးစွန့်လွှတ်မှုတွေ
မေ့ပစ်ထားခဲ့ပါတယ်ဆိုမှ သတိဆိုတဲ့အရိပ်က မလွတ်ဘူး မလွတ်မြောက်နိုင်တော့ဘူး
အကြောင်းအရာဟာ လူပြောများတဲ့ခေါင်းစဉ်ထဲ ၀င်သွားတာ သတိထားမိလိုက်လား
Notification ဟာမျက်စိနောက်စေတဲ့အကြောင်း အရင်းစစ်တော့ အမြစ်မြေကဆိုသလို
သီချင်းဆိုပြိုင်ပွဲတွေများသထက်များလာပြီ ညီမလေး ကျန်းမာရေးဂရုစိုက်ပါ လမ်းလွှဲမှ
မောင်းပါ မီးပွိုင့်မှာ လိုအပ်ရင် ဘရိတ်သုံးမယ်ဆို နည်းနည်းကြိုပြောပါ စသည်ဖြင့်
သိမှုဟာ ဟိုရောက်ဒီရောက် ဟိုမရောက်ဒီမရောက် လမ်းဆုံးရင်တွေ့မဲ့ရွာက ကာလသား
ရောဂါကင်းရှင်းရဲ့လား စိုးရိမ်ရေမှတ်ကိုကျော်လွန်လာတဲ့နောက်တော့ စိုးရိမ်စရာ
အခြေအနေဟာ ပုံမှန်ပြန်ဖြစ်သွား ခင်ဗျားလဲ ရိုးသွားမှာပါ ။

 - မင်းလုလင် -