Subscribe:

ခရမ်းရိပ် ရဲ့ ခရမ်းရိပ်



ဘလော့ဂါ လူငယ်လေး လေးယောက်ပါ ။ တနေရာစီကနေ တနေရာထဲမှာ ဆုံဖြစ်ခဲ့တယ် ။
လမ်းတစ်ခုကို စိတ်တူကိုယ်တူ ဖောက်ခဲ့ကြတယ် ။ အဲ့ဒီလမ်းလေးကို ခရမ်းရိပ် လို့ အမည်ပေးထားပါတယ် ။
ခရမ်းရိပ်အဖွဲ့ရဲ့ ပထမဆုံးခြေလှမ်း ခရမ်းရိပ် ကို အောက်ကလင့်ခ်တွေမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။

Mediafire မှ ဒေါင်းလုပ်ရယူရန် ။


Ifile It မှ ဒေါင်းလုပ်ရယူရန် ။



ဖတ်ပြီးတဲ့အခါ ဝေဖန်မှုတွေကိုလဲ ကြားချင်မြင်ချင်ပါတယ် ။ ကျေးဇူးပြုပြီးတော့ ပုဂ္ဂိုလ်စွဲ ကင်းပေးပါ ။
ကျွန်တော်တို့ဟာ နှစ်ထောင့်ဆယ့်နှစ်ခုနှစ် ဇန်န၀ါရီလမှစတင်ပြီး အွန်လိုင်းမဂ္ဂဇင်းတစ်ခုကိုလဲ
တည်ဆောက်ဖြန့်ဝေသွားမှာဖြစ်ပါတယ် ။ အွန်လိုင်းစာချစ်သူများအားလုံးလဲ အတူတကွပါဝင်နိုင်ပါတယ် ။
စိတ်ပါဝင်စားပါက purpleshademagazine@gmail.com သို့ စာမူများပေးပို့နိုင်ပါတယ် ။
ကိုယ်တိုင်ရေးစာမူဖြစ်ရပါမယ် ။ ကဗျာ ။ အက်ဆေး ။ ၀တ္တုတို ။ ဆောင်းပါး စသည်ဖြင့် ကဏ္ဍစုံပေးပို့နိုင်ပါတယ်။
ဘာသာရေးကင်းလွတ်စာပေများဖြစ်ရပါမယ် ။ ဘာသာရေးအတိုက်အခိုက်များပါဝင်ပါက ရွေးချယ်မည်မဟုတ်ကြောင်း
ကြိုတင်အသိပေးအပ်ပါတယ် ။ ဒါ့ပြင် ပို့သမျှစာမူတိုင်း ရွေးချယ်မယ်လို့ ကတိမပေးနိုင်ပါဘူး ။
တတ်နိုင်သမျှ ကောင်းအောင် စီစဉ်သွားမှာ ဖြစ်တဲ့အတွက် မိမိစာမူ မပါရှိခဲ့ပါလျှင်လဲ နောက်လ နောက်လများမှာ

ထပ်မံပေးဖို့စေလိုပါတယ် ။ ရွက်ပုန်းသီးအနုပညာရှင်များအား တိုးတက်စေရန် ရည်ရွယ်ပါတယ် ။


လေးစားစွာဖြင့်
 - ခရမ်းရိပ် -

ပေါ်ပင်ယဉ်ကျေးမှုဟာ ရှော့ပင်ဘောင်းဘီနဲ့ ခေတ်မှီ

ဒီနေရာမှာ စကားတွေအများကြီးပြောမိတဲ့အခါ မိကောင်းဖခင်
သားဆိုးသမီးဆိုးတွေရဲ့အာစက်လျှာစက်ထဲ စက်မှုယဉ်ကျေးမှု
ဟာ တထစ်ချင်းတထစ်ချင်း ၀င်ခွေနေတယ် မြွေပဲ
မနေ့ကအကြောင်းအရာတွေ မေ့မှမမေ့သေးတာ အကြောင်းအရာ
အသစ်ကိုသွေးထဲထိုးမသွင်းပါနဲ့ ၀င်စေထွက်စေလက်မှတ်က ကိုယ်ပိုင်
အမှတ်တစ်ခုကိုထိထိမိမိဆုတ်ကိုင်ထားတဲ့ ကျဆုံးကာစ သူရဲကောင်းတစ်ယောက်
လိုရမယ်ရဆောင်ထားတဲ့ပဋိသန္ဓေတားဆေးတွေရက်လွန်ကုန်ပြီ ရက်လွန်တဲ့
သတင်းစာတွေလာလာမပို့ပါနဲ့ ဖတ်ရတာနားညီးတယ် နားညီးတယ် နားညီးတယ်
ခင်ဗျားတို့အသံတွေ ရက်မလွန်သေးဘူးလား  မရိုးဘူး တနေ့တမျိုး မက နှစ်မျိုး
သုံးမျိုး လေးမျိုး ငါးမျိုးစိတ်တွေပျောက်ကုန်ပြီ ပုံပြင်အဟောင်းကြီးတွေထဲမှာ
ဒါဟာဒါကြောင့်ပါ ပါဒတွေ ဒီလိုပါ ဟိုလိုပါ ၀ါဒတွေ အခန်းလွတ်တွေအများကြီး
ဦးနှောက်ထဲထည့်ပေးလိုက်တဲ့ သဘာဝဟာ သဘာဝရဲ့ရင်သွေးတွေကို မေ့နေ
သူတို့မေ့နေတုန်းက ကလေးတစ်ယောက် ၀ါးလက်ခုပ်တစ်ခု ခေတ်ပေါ် Rap သီချင်း
မလွှဲသာမရှောင်သာ ရှောင်လို့တိမ်းလို့မလွတ်ဘူး လမ်းမှာခလုတ်တိုက်တဲ့ ခေတ်မှီ
ယဉ်ကျေးမှု ဘာသာစကား အငြင်းပြပုဒ်ရပ် ပုဒ်ဖြတ်တွေနဲ့ လမ်းဖြတ်ကူးနေတဲ့
ရှေ့တလံကိုကြည့်ပါ နောက်တလံကိုကြည့်ပါ ဘေးတဖက်တချက်ကိုကြည့်ပါ
ဆက်သွယ်မှုကောင်းကောင်းရရင် စကားနည်းနည်းများပါ နည်းနည်းလေးပဲများပါ
အများကြီးများတဲ့အခါကျ ခင်ဗျားဟာ စိတ်ညစ်စရာပင်မရေစီးကြောင်းဖြစ်လာတယ်
ပင်မရေစီးဟာ အသက်သွေးကြောပါ အဲ့ဒီမတိုင်ခင်က ဇာတ်ထုတ်တွေဟာ ဧရာဝတီ
မှာ နစ်ဝင်ပျောက်ကွယ်သွားတယ် ပျောက်ကွယ်သွားပြန်ပြီ ဧရာဝတီဟာ ခန့်ခန့်ထည်ထည်
ဆက်လက်တည်ရှိ မတည်ရှိ စိတ်မ၀င်စားတော့ဘူး ၀င်စားခြင်းအကြောင်းတရားမှာ
ရိုးသားမှုဟာ လူမျိုးမရွေးဘာသာမရွေးစားသုံးနိုင်တဲ့ အစားအစာ  အစာငတ်ခံဆန္ဓပြမှုတွေနဲ့
လွတ်ပြီ လွှတ်ပြီ ကျန်သေးတယ် မကျန်တော့ဘူး မကြံနိုင်တော့ဘူး ဘာဆက်လုပ်ရမလဲ
ဘာနဲ့မှမလဲနိုင်တဲ့ပန်း ပွင့်ပြီ တသံသရာလုံး မွှေးကြူလို့ ကမ္ဘာကြီးနဲ့တောင် လဲနိုင်ပါ့မလား
လှလွန်းလို့ ကမ္ဘာကြီးပေါ်ကနောက်ဆုံးမှဆင်းခဲ့မဲ့သူတွေ မိုးပျံရထားလမ်းတွေပေါ်က
အရင်ဆုံးခုန်ဆင်းလာသူတွေ ပျော်စရာပဲ သူတို့ သိပ်ပျော်ရှာမှာပဲ
အမေပျောက်နေလို့လား ကလေး အင်တာနတ်သုံးတတ်အောင်သင်ပါ
အမေတွေအများကြီးပြန်ရှာတွေ့မယ် အားတွေရှိတယ် ကမ္ဘာမပျက်ခင်အထိ
စိတ်မပျက်နဲ့ အားတွေရှိတယ် ခြောက်လခံမယ် ခုနှစ်လခံမယ် ခံကောင်းတိုင်းခံကြ
ပေဦးတော့ စက်သံ သေနတ်သံ ဗုံးသံ ညံညံစီနေတဲ့ လမ်းကြိုလမ်းကြားမှာ
နားညီးတယ် နားညီးတယ် နားညီးတယ် နားညီးတယ် နားညီးတယ်
အိပ်ကောင်းခြင်းနဲ့မအိပ်ရတဲ့ညတွေတောင်ပုံရာပုံ ပုလင်းကြီးနဲ့ တလုံးအပြည့်
တိုးပွားသထက်တိုးပွားလာတဲ့ ပုလင်းဆိုင်တွေ အလုံးယူမလား အပြားယူမလား
တစ်လုံးနှစ်ပြားနိုင် သုံးပြားနိုင် နိုင်ငံတော်မှာ ကျွန်တော်နောက်ဆုံးမှဆင်းခဲ့မယ်
လှလွန်းလို့ ကမ္ဘာကြီးပေါ်က နောက်ဆုံးမှ ဆင်းခဲ့မယ် ။ ။ ။

- မင်းလုလင် -

** လှလွန်းလို့ ကမ္ဘာကြီးပေါ်က နောက်ဆုံးမှဆင်းခဲ့မယ် (မိုးဝေး) **

လမ်းထိပ်ကလက်ဖက်ရည်ဆိုင်

ဆိုင်က ခပ်ကျဉ်းကျဉ်းလေးပါ
ဒါပေမဲ့ ကမ္ဘာကြီးအကြောင်း ခင်ဗျား နားရှိသလောက်ကြားနိုင်တယ် ။
သီချင်းသံတိုးတိုးလေးတွေနဲ့အတူ ။ ဆိုင်ထောင့်မှာ ။
အမြဲတမ်းမျက်ခွံတွေလေးနေတတ်တဲ့စားပွဲထိုးလေး (နဲ့ ၊ ကို)
စကားလုံးတွေနဲ့ပစ်ပေါက်နေတတ်တဲ့ ဆိုင်ရှင် (နဲ့ ၊ ကို)
အကြည့်တွေဒေါက်ထောက်ထားတဲ့ ဆိုင်ရှင်ကတော် ရှိတယ် ။
သီချင်းသံတိုးတိုးလေးတွေနဲ့အတူ ။ မနက်တိုင်းမနက်တိုင်း မီးခိုးငွေ့တလူလူနဲ့
မျက်မှန်ကြီးတွေ စကားသံထူထူကြီးတွေနဲ့ ရောဂါထူထူကြီးတွေ ။ စီးချင်းထိုးတယ် ။
လက်ဖက်ရည်ခွက်ထဲ ယင်ကောင်တစ်ကောင် ထည့်ဖျော်လိုက်သလို အရသာက ရွံစရာချိုချိုတွေနဲ့ ။
ဆိုင်ထဲ ။ သီချင်းသံတိုးတိုးလေးက တဖြည်းဖြည်းကျယ်လာ။ နားတွေ တဖြည်းဖြည်းများလာ ။
ရေလိုမီးလို အခိုးအငွေ့တွေ ထူပြောတယ် ။ ပန်ကာမလည်ဘူး ။ ကဗျာဆရာတွေရှိတယ် ။ ဒါပေမဲ့ သူတို့က ကဗျာနဲ့ ခပ်ကင်းကင်းနေတယ် ။ လက်ဖက်ရည်အဖန်သောက်တယ် ။ သီချင်းသံ ခပ်ကျယ်ကျယ်တွေနဲ့ အတူ
ဆိုင်ထဲ ။ ရာသီစာ တစ်လုံးတစ်ခဲကြီးတွေနဲ့ လက်မောင်းလှဲတယ် ။ ပရိယာယ်ကြွယ်ကြွယ် သုံးတယ် ။
စစ်တုရင်ကစားပွဲတွေနဲ့ ။ ဆိုင်ထဲ ။ မနေ့ကဆိုတဲ့စကားထဲ ဒီနေ့ကမ္ဘာက
ကပ်တွယ်လို့ ။ ဆွမ်းခံရင်း ငှက်ဝင်သင့်နေတဲ့ ကိုရင်လေးတွေ ရှိတယ် ။သီချင်းသံမှ
ဗီဒီယိုဇာတ်ကားတစ်ခုအဖြစ်ကူးပြောင်းစ ။ ကာလ ။ နားတွေ တဖြည်းဖြည်း ဆုတ်ခွာသွားကြတယ် ။ ကဗျာဆရာ တစ်စု ဘောလုံးကန်ကြတယ် ။ ခေတ်ထဲ အခါထဲ အာထဲ လျှာထဲ ။ တော်လှန်ရေးဇာတ်ကား ။
သေနတ်သံတွေကြား ပြေးဟယ်လွှားဟယ် မျက်စိနောက်စဖွယ် ။ မြစ်ရိုးတလျှောက်စုန်ဆင်းလို့ ။ ရေမစီးဘူး ။
စားပွဲထိုးလေးက မျက်ခွံတွေကို အလဲထိုးလိုက်နိုင်တဲ့သတင်းက ဆိုင်ပိုင်ရှင်ဆီမရောက်ဘူး ။
ဆက်သွယ်မှု အားနည်း ။ ကဗျာဆရာတစ်စု စစ်တိုက်နေကြတယ် ။
ခြောက်ကြိုးတပ်စကားသံတွေနဲ့ ဘလက်ကော်ဖီတွေ ပြုတ်ကျလာတယ် ။
အရသာကသွားတိုက်ဆေးဆန်ဆန်။ နံရံပေါ်မှာ နာရီပေါ်မှာ အိမ်မြှောင်တစ်ကောင် ။
စကားသံထူထူကြီးနဲ့ မျက်မှန်ကြီးတွေ တဖြည်းဖြည်းဆုတ်ခွာသွားကြတယ် ။ သီချင်းသံတိုးတိုးလေးတွေ နဲ့ ။
ကိုရင်လေးတွေ တဖြည်းဖြည်းဆုတ်ခွာသွားကြတယ် ။ သပိတ်အနက်ရောင်ကိုယ်စီပိုက်လို့ ။
ဆိုင်ထဲ ။ ခြောက်ကြိုးတပ် ဘလက်ကော်ဖီတွေ ။ မီးခိုးငွေ့တလူလူနဲ့ စကားသံထူထူတွေနဲ့
လိင်သံထူထူကြီးတွေ ။ သီချင်းသံတိုးတိုးတွေနဲ့ အတူ ။ နာရီထဲ
လက်တံတွေက အထက်အောက် မျဉ်းဖြောင့် ။ အရောင်က အညိုရောင် သန်းလာတယ် ။
ကဗျာဆရာတစ်စု ရုတ်ချည်းဆုတ်ခွာ ။ နာမည်ကြီးတယ်ဆိုတာ WhiteBoard ထက်မှာ ။ ပန်ကာမလည်သေးဘူး ။
စားပွဲထိုးလေးဖယောင်းတိုင် မီးညှိလိုက်တဲ့အသံက ခပ်တိုးတိုး ။ အင်ဂျင်သံကျယ်ကျယ် ထဲမှာ မန်ချက်စတာယူနိုက်တက် ။ လူတန်းစားမခွဲခြားဘူး ။ ဆိုင်ထဲ ။ ညက တိုးဝင်ငြိမ်သက် ။
အားလုံးအောင်မြင်စွာ ဆုတ်ခွာသွားကြတယ် ။
ဆိုင်က ခပ်ကျဉ်းကျဉ်းလေးပါ ။
ဒါပေမဲ့ ကမ္ဘာကြီးအကြောင်း နားနဲ့မဆန့်အောင် ခင်ဗျားကြားလိုက်ရလိမ့်မယ်။

- မင်းလုလင် -

ညနေ

လေပြေလေညင်းကအစ ငိုတယ် ။
နေ့၊ ည တွေဟာ နေရဲ့အခွံဆီကနေ ငါ့ဆီကို လွင့်မျောထိမှန်လာပြီး ငါ့ကိုထပ်မံ
ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင် ငါက ငါ့အသက်ရှင်ခြင်းကို ပြန်ငြီးငွေ့လာပြီး ငါ့နာမည်ရဲ့
အသက်ရှင်ခြင်းဟာ စက္ကူငှက်ထဲက ‘ငါ’ ပါနဲ့ဆို ထုံသလိုလို၊ ကျဉ်သလိုလို ကမ္ဘာကို
ငါရတယ်။ ငါ့အာရုံအရပ်ရှစ်မျက်နှာမှာ မော်တော်ယာဉ်ဝေးကြီးတစ်စင်းဟာ ဂြိုဟ်သားရဲ့
မီးခိုးလို လျှာတွေထဲက အငွေ့နှုတ်ခမ်းနဲ့ နမ်းတယ်ဆိုပြီး အိတ်ဇောပြွန်ထဲကနေ
မျက်ရည်ငွေ့နဲ့ လှမ်းမှုတ်တယ်။ ငါ ပူပူလောင်လောင်မုန်းတယ် နင်စီးတဲ့ လိုင်းကားကအစ
ငါမဝယ်ပေးနိုင်မယ့် လက်ဆောင်တွေအဆုံး။ ငါ့ကို လိပ်ပြာလုံအောင် ပိတ်လှောင်ဖုံးထားနိုင်တဲ့
နင့်စိတ်ထားကိုတော့ ငါချစ်တယ် ငါ့ကိုချစ်တဲ့အတွက်လည်း နှလုံးသားက နင့်ကို
ကျေးဇူးတင်ပါတယ် နင်ချစ်လိုက်မိတဲ့ကောင်က ခပ်ပျော့ပျော့ကောင် အွန်လိုင်းမှာ
စာသားချင်းနမ်းလိုက်တဲ့ အချိန်ဆိုရင်ပဲ ဘဝက ကိုယ်တိုင်သစ်ပင်တစ်ပင်
ဖြစ်သွားတဲ့ ပုံပြင်တစ်ပုဒ်ထဲ ဝင်ထိုင်နေရတယ်လို့ မှတ်နေတာ စိတ်ဆွေးလွန်းလို့
ကွာကျသွားမှာကို စိုးရိမ်ကြောင့်ကြနေရတာ ငါ့ကို အဝေးကြီးတွေကို အတူ
ခေါ်သွားပြီး မထားခဲ့ပါနဲ့ လူတွေအများကြီး ရှိတဲ့နေရာမှာ မထားခဲ့ပါနဲ့ ငါ့ကို
အပေါ်ယံ ပူနွေးမှုမျိုးပဲပေးမှာ ငါကြောက်တယ် နင်မရှိရင် အိပ်မက်အနက်ကြီးတွေထဲ
ငါပြုတ်ကျမှာ။ ငါ့နှလုံးသား ခြေတွေလက်တွေ ကျိုးပဲ့သွားမှာ။ ငါငိုမှာ။ မျက်ရည်ရှော့ခ်နဲ့
ဦးနှောက်ကို ရိုက်ပစ်မှာ။ နင်က နေရဲ့အင်္ကျီလေး ပူနွေးစိုစွတ်တဲ့ အာကာသလက်ချောင်းငယ်
လေးတွေမှာ ခေါင်းစည်းကြိုးလေးတွေရှိတယ် ငါ့ရင်ထဲမှာ သိမ်းထားတယ်။
ငါဆံပင်တွေကို လက်နဲ့ ထိုးဆွမိနေတယ် နင်ကားပေါ်တက်သွားပြီ ငါ့တို့
စိတ်ကူးချင်းသဘောတူညီစာချုပ်ဟာ သင်္ချိုင်းတစ်ခုဖြစ်သွားမလား အချစ်ဟာ
အိုအောင်မင်းအောင် ငါတို့နှစ်ယောက်နဲ့ အတူ အသက်ရှည်ပေါင်းသင်းနေနိုင်ပါ့မလား
ငါကြောက်တယ် ဘာတွေကိုမှန်းလည်း ငါမသိဘူး ငါ့ကိုယ်ငါ အထင်သေးတယ်
နင်ဟာ ငါ့မြင်ကွင်းထဲက တဖြည်းဖြည်း ဝေးဝေးသေးသေးသွားတယ် ငါ့ရင်ထဲမှာ
‘ဟာ’ ခနဲ။ လေဟာနယ်တစ်ခုထဲမှာ ဘာနဲ့မှ ထိတိုက်ခွင့်မရလိုက်တဲ့ ဒဏ်ရာဟာ
အတော်ပြင်းပြင်းထန်ထန် နာကျင်လာတယ် ငါဝမ်းနည်းနည်းနဲ့ စာရွက်ပေါ်ပဲ
စာသားတွေ အားနဲ့ဖိရေးလိုက်တဲ့အခါ ငါ့နှလုံးသား အရမ်းအောင့်လာတယ်
“နာတယ်၊ နာတယ်” လို့ တအားအော်တယ် ငါ့သူငယ်အိမ်မှာ သွေးအညစ်အကြေးတွေနဲ့
ငါ့နားထဲမှာ မုန်တိုင်းအစိုင်အခဲလို အသံတွေအော်ဟစ်နေတယ် ငါဘာတွေဖြစ်နေတာလဲကွာ
ငါ့မသိတော့ဘူး ငါအရမ်းဝမ်းနည်းနေတယ်။ မဖြစ်မနေမို့ပါ နင့်လက်ကလေးတွေကို
ငါ ဘဝလို့ မှတ်လိုက်တော့မယ် နင်ငါ့ကို ခေါ်တဲ့ "ဟေ့ကောင်" ဆိုတဲ့ စကားလေးကို
ဘဝလို့ မှတ်လိုက်တော့မယ် ခုချိန်ဆို ငါ့နူးညံ့မှုတွေမှာ နင် မှတ်ဥာဏ်တွေ အိပ်ပျော်
နေမလား ငါ့စိတ်တွေအိပ်မပျော်ဘူး ငါ့ကိုဂရုစိုက်ပေးပါဟာ ငါနင့်ကိုချစ်တယ်
ငါ့ကို ဂရုစိုက်ပေးပါ ....
ကြေကွဲနေ့ညတွေမှာ ငါရှိနေတယ်  ‘      ’ ။


- မောနွေ -



( ကျွန်တော့ကို နှစ်ဝင်သွားစေတဲ့ ကဗျာဆရာမောနွေ ရဲ့ ကဗျာတစ်ပုဒ်ပါ )

ခွေးအဖြစ်အသွင်ပြောင်းနေချိန်မှာ စက်ရပ်သတင်းကို ရပ်ထားပေးပါ

အခုတလော လူအဖြစ်ကနေ ခွေးတစ်ကောင်အဖြစ် မြင့်တက်ပြောင်းလဲဖို့
ဆန္ဒရှိနေတဲ့ ကိစ္စအရာရာကို ရင်ဆိုင်ဖြေရှင်းဖို့ အမြီးတစ်ချောင်း
ကွေးကွေးကောက်ကောက်ရှိနေတဲ့ ခွေးတစ်ကောင် ဖြစ်ချင်နေတယ်
စိတ်လိုလက်ရ ခွေးဖြစ်သွားတဲ့အခါကျရင် တေးမှတ်ထားရတဲ့ ခြေ
နှစ်ချောင်းနဲ့ကမ္ဘာပေါ်ရပ်နေရတဲ့ မတင်မကျ ပုံသဏ္ဍာန်က လွတ်မြောက်
သွားနိုင်တဲ့ အကြောင်းတရားက ကျုပ်ကို ခွေးလုံးလုံးဖြစ်သွားအောင်
တွန်းထိုးညှို့ယူ  ကျုပ် ကမ္ဘာကြီးပေါ်မှာ ဟန်ကျပန်ကျ ရပ်တည်ပါတော့မယ်
စိတ်လိုလက်ရ ခွေးဖြစ်သွားတဲ့အခါ ရှာကီရာရဲ့ ပေါင်လုံးကို ကိုက်မယ်  သူမ
သိပ်လှလွန်းနေတဲ့ ပေါင်တံဖြူဖြူတွေက ကျုပ်ကို မြတ်နိုးစေတယ် ကျုပ်ကိုက်မယ်
ကျုပ်ရဲ့ ချွန်ထက်တဲ့သွားတွေက အလှတရားဆီ ရောက်ရှိတဲ့အခါ ကျုပ်ဟာ
တစ်မိုးတွင်းလုံး လူအဖြစ် လူဖြစ်နေရတာကို စိတ်လိုက်မာန်ပါ ကျိမ်စာ
တိုက်မယ်  ခိုက်တတ်တဲ့ စကားတွေနဲ့ စိတ်ယုတ်စရာ လူ့ယဉ်ကျေးမှုတွေ
ကျုပ်ကိုက်မယ်  စကားလုံးတွေနဲ့ ကခုန်ခြင်းတွေ  ကဗျာဆရာတွေ ကိုက်မယ်
ရိုက်မယ် ကျုပ်ကို စကားလုံးအပိုင်းအစတွေနဲ့ သူတို့က ကျုပ်ကို  
ခွေးတစ်ကောင်အဖြစ်မြင်ဖို့တောင်းပန်နေတာတောင်မရဘူး  
ကျုပ်အိပ်မက်မက်နေတာများလား လိုတရ
လမ်းဘေးရေအိုးစင်အောက်မှာ ကျုပ်အိပ်နေတာပါ  ဟင့်အင်း
ကျုပ်အိပ်နေတာ ကျုပ်ရှက်နေတာမဟုတ်ဘူး ညဘက်ဆို
ကြက်တွေ ရှုပ်တဲ့ အိပ်တန်းဆိုတော့ ကျုပ်ကောင်းကောင်း အိပ်လို့
မရဘူး  မရတော့ဘူး မေတ္တာတရားကို ကျုပ်ကိုက်တော့မယ်  မွှေးညို
သူ့နာမည်သိပ်လှတယ် ကျုပ်လက်သည်းတွေကို လက်တွေထဲ ပြန်ထိုးသွင်း
လိုက်ပြီ  ကျုပ်ကိုယ်တိုင်  ဘယ်သူမှ မကူညီရင်တောင် မိုးကုန်တဲ့အခါ
ကျုပ်ခေတ်ကိုတော့ဖြင့် ရောက်ရမည်မှာ မလွဲပါ
ဒါဆို ကျုပ်က တည့်တည့်မတ်မတ်ကို ခွေးတစ်ကောင် ဖြစ်နေရောပေါ့
ဗိုက်ဆာတဲ့အခါ ကျုပ်မှာ သိပ်အစွမ်းထက်တဲ့ အနံ့ခံကိရိယာတွေ
ရှိနေပြန်ရော သိပ်တော့ ကြာကြာခံလှမယ်မထင်ဘူး မထင်မှတ်တဲ့တနေ့မှာ
ခွေးအဖြစ်ကနေ လျှောကျပြီး ကျုပ်လူပြန်ဖြစ်တဲ့အခါ ကျုပ်
ကျုပ်ကြောက်တယ်  ကျုပ်ကိုကျုပ် စာစောင်တွေထဲမှာ ပြန်
တွေ့ရတော့မယ် ကြောက်တယ် ကျုပ် အရမ်းကိုကြောက်လာပြီ
ကဗျာဆရာတွေ ကျုပ်ကို စကားလုံးတွေနဲ့ ဖို့သတ်ကြတော့မယ်  ကျုပ်
ကြောက်တယ်  ကျုပ်ကိုယ်ကျုပ် မှန်ထဲမှာ ပြန်မြင်ရတဲ့အခါ
ကျုပ်မှာ အမြီးကွေးကွေးကောက်ကောက်ကလေး မရှိတော့မှာ
ကို  သိပ်ကြောက်တယ် မွှေးညို  ။   ။

- မင်းလုလင် -

ကိုယ်ရေးကိုယ်တာ ဒီမိုကရေစီ

မီးခိုးတွေ တိတ်တိတ်ဆိတ်ဆိတ် ၀င်လာတယ်  အခန်းထဲ
အမှောင်က ထုထည်အပြည့် ငါ့ကိုယ်ထဲ  တိုးဝင်နေ အတွေးနဲ့
မနက်ဖြန်ဆီကို အလျားလိုက်တွားသွားဖို့  စိတ်ဓါတ်
ချို့တဲ့မှု့က ခပ်ကြပ်ကြပ်မျက်လုံးခတ်သံတွေလို အသိ
အကျွမ်းတစုံတရာမှ မရှိတော့ဘူးဆိုရင် ငါ  ပြီးတော့ ငါ
နောက်တစ်ယောက်ကို မှန်ရှေ့မှာ ပြန်မမြင်ချင်တော့ဘူး ။
" ငါမှားသွားလို့ပါ " သိပ်မှန်တဲ့ စကားပဲ သွေးရူးသွေးတန်း
လက်သီးလက်မောင်းတန်းမနေတော့ဘူး  သွားရပါတော့မယ်
အဝေး  တနေရာကနေ တနေရာဆီကို ငြိတွယ်လိုစိတ်က
အရှိန်အဟုန်နဲ့ စိတ်ဆီကို ပြေးဝင်လာ  ပြန်ပြေးထွက်သွား
အရေးပေါ်လိုအပ်ချက်အတွက် သွေးဖြူဖြူတွေ
ရွာကျလာပြီ   ရွာကျသွားပြီ  ကိုယ့်ကိုကိုယ် တွန်းလှန်လိုမှု
တွေ  ဆုံးစမဲ့နေ   အဲ့ဒီနေ့က တိမ်တွေ ရေသောက်မဆင်းဘူး
တွေဝေနေတုန်းပဲ  ပျောက်နေတဲ့အရိပ်က ဖိနပ်သံတဖက် ပြု
နားကို တထစ်ချင်းတထစ်ချင်း ရစ်တွယ်နေ  ရစ်တွယ်နေ
သိပ်လေးလံလာတဲ့ အ၀ိဇ္ဇာထဲမှာ ဒီနေရာကနေ
ငါ  လွှင့်  စင်  ပျောက်  ဆုံး  သွား  တော့  မှာ  ပါ
စက်ခလုတ်တွေပေါ်မှာ ဘ၀ကိုခဏတဖြုတ်  ဖြုတ်
တပ် ပြင်ဆင်လုပ်ဖို့ အဆက်အသွယ်တစ်ချို့  ပြတ်
တောက်နေတဲ့ ဦးနှောက်အခွံသက်သက်  သေဆုံး
သတင်းက ငါ့ ဆီရောက်မလာဘူး  တစ်ကိုယ်ရည်
စိတ်ကျရောဂါနဲ့ ကင်းလွတ်ခွင့်ရနယ်မြေဒေသထဲ
စွတ်တရွတ် ကြီးပြင်းခဲ့တဲ့ အလေအလွင့် ပစ္စုပ္ပန်ဟာ
ငါနဲ့ ဝေးရာကို ဝေးသထက်ဝေးရာကို ဝေး ဝေး ပြေး
ဝေးရင်းဝေးရင်း  ငါ့ဆီကို တခေါက်ပြန်ရောက်လာ
နေပြီ  ထိတ်ထိတ်လန့်လန့်  ငြီးငွေ့မှုကို မှတ်တမ်းမှတ်ရာ
ဖွယ်ဖွယ်ရာရာ မရှိတဲ့ သံတိုသံစတွေနဲ့ ရေး မှတ်
နေပုံက  စိတ္တဇဆီ စိတ်ကို စိတ်လိုက်မာန်ပါ ထိုးသွင်းနေ ။  ။


 - မင်းလုလင် -

သွေးလွန်ဗိုင်းရပ်စ်တွေခင်ဗျားဦးနှောက်ထဲဝင်နေပြီ ဂျွန်

စိတ်ပျက်စရာပါလား  ဂျွန်
ခင်ဗျားဟာ ပျင်းစရာလူ့အဖွဲ့အစည်းရဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခုပဲ
မက်ဆေ့တွေ မကြာခင်အဆုံးသတ်သွားတော့မှာပါ *
သိမှုက ခင်ဗျားဦးနှောက်ထဲမှာ တောခိုနေတယ်  ရှာရဖွေရ ဖမ်းရဆုပ်ရ
ခက်ခဲနေ ခင်ဗျားကိုယ်ခင်ဗျား အမှန်တရားအကြောင်း သံလွန်စတစ်စုံတရာ
ချပြထားလိုက်  ဝေးလိုက်တာ ဂျွန်  ခင်ဗျားရဲ့ ကျိုးကြောင်းဆက်စပ်မှုက
နေရာလွတ်အပြည့် အုတ်ရောရော ကျောက်ရောရောပဲ
အပ်ပေါက်ရာတွေအတိုင်း သွေးကြောထဲ Art တွေ အပြည့်ထိုးသွင်းထားလိုက်
ကဗျာဆိုတာ ကျန်းမာသန်စွမ်းတဲ့ ရှေ့မှီနောက်မှီ ယဉ်ကျေးမှု တစ်ခု
ခင်ဗျားလက်ဖျားမှာ စကားလုံးခေါင်းပါးမှုကအပျိုရည်ပျက်နေတဲ့ ခေတ်လို
သိပ်သနားစရာကောင်းပါလား ဂျွန်
ကဗျာဆရာဆိုတာ ဘုရားသခင်မဟုတ်ကြောင်း လူယဉ်ကျေးတို့ရဲ့
အဘိဓါန်ကို ဖွင့်ကြည့်  ဖွင့်ထားတဲ့ ပြတင်းပေါက်တွေကနေကြည့်
ကမ္ဘာဦးလူရိုင်းတွေထဲ ကဗျာဆရာ မရှိဘူး ဆိုတာ ခင်ဗျား
သတိထားမိရဲ့လား   မန်မိုရီအပြည့် ဗိုင်းရပ်တွေ ကပ်ညှိနေ
တုန်းပဲ   ငတုံးပဲ ကျုပ်ကလဲ ခင်ဗျားကို အရောဝင်နေမိတယ်
ဆေးလိပ်တစ်လိပ်ကို နှစ်ဆယ့်သုံးကြိမ်တိတိရှိုက်သွင်း
လိုက်ရုံနဲ့ ဆေးလိပ်သောက်တဲ့အမှုပြီးမြောက်နိုင် မနိုင်
ဆေးလိပ်တစ်လိပ်ရဲ့ ခံနိုင်ရည်က နှစ်ဆယ့်သုံးခါ ရှိုက်ဖွာမှုဖြစ်ကြောင်း
စောက်ရေးမပါတဲ့ ဖြေရှင်းချက်တွေက မှိုတက်ချစား  ရေပေါ်တက်နေတဲ့
ဆီကျန်ရေကျန် ဟင်းတခွက်ရဲ့ဘ၀ကို ခင်ဗျားနားလည်ဖို့ ( သိပ် )
လွယ်ကူဖို့ ခက်ခဲတယ် မဆိုသလောက် စဉ်းစားကြည့်တတ်ရုံအပြင်
ခင်ဗျား လုပ်နိုင်တာက သွေးတိုးစမ်းတဲ့ နားကြပ်တွေလို  ဒိန်း  တပ်  တပ်
စိတ်ပျက်စရာ လူနေမှုအသိုင်းအ၀ိုင်းထဲကို ခင်ဗျား ဒလိမ့်ခေါက်ကွေး
တိုးဝင်နေ  ခွေးလေခွေးလွင့်တွေကြားထဲ ယုန်ဖြူတစ်ကောင်အယောင်
ဆောင်ဖို့ စောက်မှတ်မရှိတဲ့ အသိဥာဏ်အကျိုးအပဲ့တွေနဲ့
ခင်ဗျားကိုယ် ခင်ဗျား ချောက်ထဲ တွန်းချနေတာ ပျော်စရာပဲ
ဖြတ်ပြောစရာတစ်ခုတလေလောက်ဖြစ်ဖြစ် ခင်ဗျား
မျက်စိတွေထဲက ပြုတ်ကျလာလေမလားရယ်လို့ မျှော်နေရတာ
မော  ပျင်းနေပြီလား ဂျွန်
ခင်ဗျားနားမလည်တဲ့ နှလုံးခုန်သံတွေက ခင်ဗျားလက်ထဲက ခင်ဗျား
တီးနေတဲ့ ဂစ်တာသံတွေ ဆိတ်ဆိတ်နေခြင်းသည် ၀န်ခံခြင်း ဘာညာ
ဂစ်တာကြိုးတွေကတော့ ကိုယ့်ကိုကိုယ် သတ်သေဖို့ အကောင်းဆုံး
အနုပညာ ကမ္ဘာဟာ အရှေ့ကို တည့်တည့်လျှောက်တယ် အနောက်ကို
ပြန်မျှော် မမျှော်  အီဖယ်မျှော်စင် ပြန်လည်တည့်မတ်ဖို့ ကြိုးစားမှုဟာ
စိတ်ကို တည့်တည့်ပြန်မြင်ရစေဖို့ ယတြာကောင်းတစ်ခုလို
ခင်ဗျားထိုင်နေတဲ့ အလင်းထဲ မီးခိုးငွေ့တွေ ကူးချည်သန်းချည်
ရူးတာပဲ ဂျွန်   ခင်ဗျား စောက်ရမ်းရူးတာပဲ ။




 - မင်းလုလင် -




* အေးချမ်း၏ စာသားအား မြန်မာမှုပြုသည် 

ကျွန်တော် သီချင်းဆိုနေတာ တော်တော်ကြာပြီ

အရှေ့ဆီမှာ ရောင်နီလဲ လင်းလုနေပြီ ။ မိုးလင်းတော့မယ် ထတော့ညီမလေးရယ် ။ တွေးနေဆဲ

ငေးနေဆဲ နေ့စဉ်နေ့တိုင်းမှာ ခြောက်ကပ်နေတဲ့ဒီအတိတ်ကို ခဏလောက်ဖျောက်

ပေးပါ ။ မှောင်နေရင်ကွယ် မီးထွန်းလိုက် ။ နာကျင်သူကို ပြုစုလိုက် ။ ဆာလောင်သူကို

ကိုယ့်အထဲက တ၀က်ဝေမျှလိုက် ။ ရှိတဲ့ပိုက်ဆံ အိတ်ထဲထည့် ။ အိမ်မှာနေရင် ပျင်းဖို့ကောင်းလို့

အပြင်ဘက်ထွက် ။ လူတွေစုံတဲ့ တီးဟောက်စ်တစ်ခုဘက် ခြေဦးလှည့် ။ ဒီဘ၀ဆိုတဲ့ ဖိနပ်ကြီးကို

ငါတို့တွေစီးသွားရမှာပါပဲ ။ ကဲ ဒါတွေ ထားပါကွာ ။ တနေ့နေ့ ရောက်ရင် တို့အဝေးဆုံးဝေးမယ် ။ ရပ်

ရန်ပွဲတွေရပ် ။ အမုန်းတွေရပ် ။ ရန်ပွဲတွေရပ် ။ အပြာရောင်တွေနဲ့ မွှန်းခြယ်မလား လူ့ဘ၀မကုန်ခင်

နေ့ရက်များ ။ ကမ္ဘာမြေပြင်ပေါ်ကျနေတဲ့ ထစ်ချုန်းမိုးရေတွေ ။ ယူပါကယ်ပါဦး မပြောချင်ဘူး ။ ကိုယ့်ရဲ့

အိမ်တွင်းရေးကိုကွယ် ။ ယူပါကယ်ပါဦး မပြောချင်ဘူး ကိုယ်တိုင်ကြိုးစားမယ်လေ ။ ဆုံးရှုံးခဲ့ပြီ

လူ့အသက်ပေါင်းများစွာ ။ မိသားစုဘ၀တွေအဆုံးတိုင်ပြိုလဲသွား ။ နံပါတ်တစ် မင်းရင်ထဲ အရေးကြီးတဲ့

အရာ ။ ဖြူစင်ကျယ်တဲ့တရားဆိုတာ ။ နေတတ်သလိုနေပါတော့ ... နေတတ်သလိုနေပါတော့ ။ လာမငိုနဲ့

ရင်ဘတ်မအားဘူး ။ လူရယ်ခေါ်နိုင်တဲ့အခါ ။ နာကျင်တတ်ပြီစိတ်မှာ ။ ပြန်လည်လျှော်ဖွတ်မရတော့ဘူး ။ ဘ၀က

သိပ်ခက်ခဲလွန်းလား ။တို့နှစ်ယောက်ကံညံလို့လား ။ လက်ခုပ်သံကျယ်ကာမှ ငါ့အပြစ်ဖြစ်ရတယ် ။ နင်ဥာဏ်ကောင်း

လွန်းခဲ့တယ် ။ လွန်ခဲ့ပါပြီကွယ် ။ ဒါတွေမပြောတော့ပါဘူး ။ ခုပဲကြည့်လေ ။ သားတွေသမီးတွေနဲ့ ။ ကိုယ်စီကိုယ်ငှ

တို့ဘ၀အခြေ ။ အခြေအနေဟာကိုယ့်ရဲ့ဘက်မှာ ကိုယ့်ရဲ့အလှည့်ပါ ။ ဧရာဝတီရေ

စီးဆင်းပါ ။ ပျော်ရွှင်ငြိမ်းချမ်းရေးတို့ ပေါင်းစပ်လို့ပေးပါ ။ သူဟာ ငါတို့သမိုင်းရဲ့ အခမ်းနားဆုံးသော

သက်ရှိကဗျာ ။ ဧရာဝတီ ။ ရေပြင်ကြီးရဲ့နှိပ်စက်မှုမှာ အရာရာ အသစ်က

စရမလား ။ ကယ်တင်ပါဦး ... ကျဆုံးနေရပြီ အချစ်ရေ ။ ကျုပ်တို့က

မထက်ပါဘူး ။ ခင်ဗျားတို့လောက် မသွက်ပါဘူး ။ စိတ်ဓါတ်တော့မပျက်ပါဘူး ။ လိပ်ပြာလုံလို့

မရှက်ပါဘူး ။ တော်ပြီကွာ စိတ်ကုန်တယ် ။ တောထဲက သစ်ပင်ပေါ်မှာ သွားနေမယ် ။ ကျားကြီးပဲ

ကိုက်သေသေ ငါကျေနပ်တယ် ။ ဟေး ... မင်းစိတ်မင်းရုပ်မင်းခန္ဓာက အခေါင်းတစ်ခုစာ ။ မင်းအတ္တနဲ့

မင်းပိုင်တာက အခိုးအငွေ့သာ ။ ဟာ .. ကြည့်လို့ကောင်းမှ မီးပျက်သွားတာ စိတ်ဆင်းရဲလိုက်တာ ။ မီးစက်

ကြီးကို သွားတင်ရ ကောင်းခန်းရောက်တော့မှ ။ လောကကြီးဟာ မဲမှောင်သွားကာ တစ်ယောက်ထဲ

ကြောက်ကြောက်လာ  တစ်ယောက်ယောက်နားမှာ ကပ်နေရ ။ သရဲကားကြည့်တဲ့ ည ။



** သီချင်းများအား Collect လုပ်ထားခြင်းဖြစ်၍ သီချင်းများ၏ မူပိုင်တေးရေးဆရာများအား ခရက်ဒစ်ပေးပါသည် **

HOE online magazine

လင်းပွင့်လက်များ လူငယ်စာချစ်သူများအဖွဲ့မှ အွန်လိုင်းမဂ္ဂဇင်းတစ်ခုကို
၂၀၁၁ ခုနှစ် စက်တင်ဘာလမှစတင် ဖြန့်ဝေလိုက်ပါတယ် ။


ကဗျာ ၊ အက်ဆေး ၊ ဆောင်းပါး ၊ ၀တ္တုတို ၊ အင်တာဗျူး ၊ အနုပညာသတင်း စသည်စသည်ဖြင့်
ကဏ္ဍစုံ ရသစုံ ဖြစ်အောင် တင်ဆက်ပေးထားပါတယ် ။


လင်းပွင့်လက်များ စီစဉ်ထုတ်ဝေသည့် HOE Online Magazine အား စာမူများပေးပို့လိုပါလျှင်
hoe.mgz@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ် ။


နိုင်ငံရေးနဲ့ ပတ်သတ်ဆက်နွယ်သော စာမူများကိုတော့ ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး ။


လူငယ်စိတ် လူငယ့်အမြင်နဲ့ ဖန်တီးထားတဲ့ ဒီ အွန်လိုင်းမဂ္ဂဇင်းလေးကို ဖတ်ရှုချင်တယ်ဆိုရင်တော့
HOE Online Magazine မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ် ။


PDF ဖိုင်အနေနဲ့ သိမ်းသွားချင်သူတွေအတွက်လဲ Download လင့်ခ် များ ထားရှိပေးထားပါတယ် ။

ခင်ဗျား မျက်လုံးထောင့်က မျက်ချေးတွေကို Recycle လုပ်ပစ်လိုက်

ကမ္ဘာကြီးကသူ့အလိုလိုလည်ပတ်နေတယ်၊ကျွန်တော်တို့ကချစ်ခြင်းမေတ္တာနောက် ကောက်ကောက်ပါအောင်
 

ဘာကြောင့် လိုက်နေကြတာလဲ ။ ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲသိတဲ့တနေ့ အဲဒီမေးခွန်းကို ဖြေပါ့မယ် ..။ ဖြေခြင်း
 

မဖြေခြင်း အဖြေရှိခြင်း မရှိခြင်း အကြောင်းခြင်းရာများစွာထဲ ကျွန်တော်တို့ ပိတ်မိနေကြတယ် ။ ထွက်ပေါက်တွေကို
 

ရှာဖွေဖို့ မျက်လုံးပါမလာဘူး ။ ပိတ်မိခြင်းထဲ ပိတ်မိနေတဲ့အတိုင်း ကိုယ့်ကိုကိုယ်ပြန်ပိတ်ထားလိုက်တယ် ။ အလုံပိတ်
 

အခန်းထဲမှာ ၊ အလုံပိတ် အတွေးတွေနဲ့ ၊ ကိုယ့်ကိုယ်ကို အလုံပိတ်ထားကြတယ် ။ ကျွန်တော်တို့ ဘယ်တော့များမှ
 

လွတ်မြောက်ခြင်းလေသန့်ကို ရှူရှိုက်နိုင်မယ် ။ ကြိုတင်ကြံစည်မှုဟာ အနောက်ဖက်ဧရိယာတ၀ိုက်မှာ ။
 

 ပျံနှံနေတုန်းပဲ ။ ရှင်သန်ခြင်း ၊ လွတ်မြောက်ခြင်း ၊ ရှူရှိုက်ခြင်း ၊ ကြိယာပုဒ်ပေါင်းများစွာထဲက အနှေးရုပ်ရှင်ပြကွက်
 

တစ်ခုဟာ ။ လေထုထဲ ။ ပျံနှံ့နေတုန်းပဲ ။ လို့ ယူဆထားလိုက်ရုံပါ ။ ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ ၊ ခင်ဗျား
 

ဆိုလိုတစ်အုပ်လောက် ထုတ်ချင်နေတာလား ။ ခင်ဗျားရဲ့ ဆိုလိုချက်တွေကို ခင်ဗျားရဲ့ ဆိုလိုစာအုပ်ထဲ
 

ထည့်ရေးမှာလား ။ ရယ်ရပါတယ် ၊ သိပ်ကိုရယ်ရပါတယ် ။ လောကကြီးက ကိုယ်တွေနဲ့ အဆင်မပြေဘူး ။ သိပ်ကို
 

ရယ်ရလွန်းပါတယ် ။ တဖြည်းဖြည်းနှေးကွေးလာတဲ့ တစ်ကိုယ်ရည်ကမ္ဘာထဲ ။ ခင်ဗျားမှာ ကျည်ဆံတွေရှိတယ် ။
 

ကျွန်တော့်မှာ ရယ်သံတွေရှိတယ် ။ ဘယ်သူပြိုင်လို့ လှနိုင်မလဲ ။ ဆိုတာ ခင်ဗျားရဲ့ ရွှေ့ကွက်တွေထဲ
 

အသံထွက်မှားကောင်း ။ မှားနေနိုင်တယ် ။ စာလုံးပေါင်းသတ်ပုံတွေကို စွန့်ပစ်လိုက်ကြမယ် ။ ကျွန်တော်တို့
 

သတ်ပုံတွေ မှားယွင်းကောင်း မှားယွင်းနေကြလိမ့်မယ် ။ ဖြည်းညင်းစွာ သတ်ပါ ။ တစ်ခါတည်း အသေသတ်ပါ ။
 

ဘယ်အရာကို ခင်ဗျား လိုအပ်ပါသလဲ ။ ဖြည်းညင်းစွာ တစ်ခါတည်း ရွေးချယ်ပါ ။ စွန့်ပစ်မှုတွေကို စွန့်ပစ်လိုက်ရင်
 

အသစ်တွေကိုသတ်သလိုဖြစ်သွားမယ် ။ ထင်တယ် ။ ဖြည်းဖြည်းသတ်ပါ ။ သီချင်းသံက နားထဲ ။ Solo တွေ ။
 

စလိုးမိုးရှင်း နဲ့ သေသွားပုံက ။ ဆန်းတယ် ။ စွန်လွှတ်တာ ဆန်းလား ၊ စွန့်လွှတ်တာ ဆန်းလား ။ ဆန်းပြားခြင်း
 

ဆန်ပြာခြင်း ကိစ္စတွေဟာ ကျွန်တော်တို့နဲ့ ဘယ်လို ပတ်သက်လဲ ။ ပတ်ပတ်သက်သက်
 

ပက်ပက်စက်စက် ပြောရရင် ၊ လူမှုအဖွဲ့အစည်းကို ကျွန်တော် စိတ်ပျက်နေတယ် ၊ ဆိုတာပါပဲ ။ ကမ္ဘာဟာ
 

အလုံးသဏ္ဍာန်သို့ ပြန်လည်ကူးပြောင်းခြင်း ။ လှည့်နေသလို ။ လိမ့်နေသလို ။ တစုံတယောက်က လှိမ့်နေသလို ။
 

ကျွန်တော်စွန်လွှတ်ကြည့်လိုက်တယ် ။ ကြိုးထဲ ။ စွန်ဟာ မလွတ်မြောက်နိုင်တော့ဘူး ။ စွန်ဟာ စွန်ပဲ ၊ ကြိုးဟာ
 

ကြိုးပဲ ။ ဆိုင်းကြိုးတပ်ဖို့ ဆိုင်းခဲ့ရတဲ့ ကာလတွေ ဘယ်လောက်ကြာခဲ့သလဲ ၊ ဆိုတာ ၊ ကျွန်တော်တို့ ကိုယ်တိုင်
 

မရေတွက်နိုင်တော့ ၊ မရေတွက်နိုင်တော့ ။ လိမ်လိုက်မိသလား ။ ခင်ဗျား အလိမ်ခံလိုက်ရသလား ။ မေးခွန်းဟာ
 

ခင်ဗျားကို မျိုသွားတာ ။ ခင်ဗျားသိလိုက်သလား ။ ဟော ။ စွန်လေး လွှတ်နေရင်း လွတ်သွားတယ် ။ ကြိုးထဲ ။
 

အချိန်ဟာ ဆိုင်းကြိုးကို တုန့်ဆိုင်းသွားစေတယ် ။ လေထဲ လွှင့်ချင်ရုံလောက်ပါ ၊ လူးလွန့်နေစေရုံလောက်ပါ ၊
 

စက္ကူစွန်လေးတစ်ကောင်အတွက် သရဏဂုံတင်ပေးစရာ ဘာအကြောင်းရှိမလဲ ။ ဈာပန ဆိုတာ
 

ဟာသဇာတ်ကွက်တစ်ပုဒ်လို့ ကျွန်တော် သဘောထားတယ် ။ သိပ်ကို ရယ်ရလွန်းပါတယ် ။ ရယ်သံတွေက
 

အနိုင်ရသွားတဲ့အခါ ။ ဟာသက Solo ဖြစ်လာတယ် ။ စွန်သတ်လို့သေတဲ့ကြိုး ။ ရှာဖွေခြင်းထဲ ။ ဒိထက်လှတဲ့
 

ဈာပနကို လက်ဆောင်ထည့်ပေးလိုက်မယ် ။ သိပ်ကိုရယ်ရလွန်းပါတယ်။ သိပ်ကို ရယ်ရလွန်းတဲ့ လူမှုစနစ်ကြီးကို
 

အားပါးတရ ရယ်ပါမယ် ၊ ဟား ဟား ဟား ဟား ၊ ဒီ့ထက် ဘယ်နှစ်ခေါက် ပိုရယ်ရဦးမလဲ ၊ ဟား ဟား ဟား ဟား ဟား
 

ဟား ဟား ၊ ဒီလောက်ဆို တော်သင့်ပြီ ထင်ပါတယ် ။ ခင်ဗျား မျက်လုံးထောင့်က မျက်ချေးတွေကို Recycle
 

လုပ်ပစ်လိုက် ။


ဆူး ခက် မင်း ။ မင်း လု လင်

ဆံပင်စုတ်ဖွားထဲ အမှန်တရားတွေ တနေ့တွေ့လိမ့်နိုးနိုး

အလင်းရောင်တွေက ဆံပင်စုတ်ဖွားထဲ ထိုးကျ ။ နေတာကို ဆံပင်စုတ်ဖွားနဲ့လူက သဘောကျနေလေရဲ့ ။

ရေချိုးသန့်စင်ပစ်လိုက်ဖို့ ဆံပင်တွေထဲ သံသယတွေက တနိုင်တပိုင်ထက်ပိုလွန်းနေတယ် လို့

ဆံပင်စုတ်ဖွားနဲ့လူ မကြာခဏ ပြောတယ် ။

ပတ်ဝန်းကျင်ထဲ လူသွားလူလာမပြတ်စေဖို့ ကိုယ့်ကိုကိုယ်တံဆိပ်ပြန်တပ်ထားပါတယ် တဲ့

ဆံပင်စုတ်ဖွားနဲ့လူက ကဗျာဆရာအယောင်ဆောင်မှုကို ထဲထဲဝင်ဝင်နှစ်သက်တယ် ။

မကြာမကြာဆိုသလို စကားလုံးအစုအဖွဲ့တွေကို ကဗျာတွေပါလို့ လူတွေကို လိမ်တယ် ။ လူသွားလူလာမပြတ်စေဖို့ ။

ဆံပင်ရှည်ရှည်တွေထဲ စိတ်ကိုတတ်နိုင်သလောက်တိုအောင် ဖွက်ထားတတ်တဲ့ ဆံပင်စုတ်ဖွားနဲ့လူက

အလင်းဆိုင်ရဲ့ ညတွေထဲ တနံတလျားကျယ်တဲ့ စကားတွေကို အိပ်ချင်ယောင်ဆောင်ရင်း ရှာနေတတ်သတဲ့ ။

သူက လူလိမ် ။ ကဗျာဆရာအယောင်ဆောင်မှုကို  လွယ်လင့်တကူကျူးလွန်တတ်သူ ။ ပြီးတော့လဲ ဘာမှမဟုတ်ပြန်ဘူး ။

စိတ်လိုလက်ရ အလင်းရတဲ့နေ့မျိုးဆိုရင် ဆံပင်တွေထဲ မုသားတွေခိုကပ်နေမလားလို့ မွှေနှောက်ရှာဖွေ

တစ်ယောက်ထဲ တိတ်တိတ်လေး ရယ်နေတတ်တယ် ။

ဆံပင်စုတ်ဖွားနဲ့လူလိမ် ။ သူပြုံးတယ် ။ သူရယ်တယ် ။

တခါတခါကျ ၀မ်းနည်းစရာကောင်းလှတဲ့ ပြက်လုံးတစ်ခုကို ဟက်ဟက်ပက်ပက် ငိုကြွေးနေတတ်တယ် ။

တလောက သဲကန္တာရ တစ်ခုဆီ အလည်သွားရင်း အိုအေစစ်တွေချည်းတွေ့ခဲ့ရတာကို ဒေါသဖြစ်နေလေရဲ့

ဆံပင်စုတ်ဖွားနဲ့လူပေါ့ ..။

မနက်ခင်းဆိုတာ သူဖွင့်မကြည့်ဘူးတဲ့ အပြာရောင်ဇာတ်ကားတစ်ခုသာဖြစ်ကြောင်း ။

အဲဒီ ဆံပင်စုတ်ဖွားနဲ့ လူပေါ့ ။ လိင်မှုကိစ္စ အ၀၀ကို ၀ဖီးဖီးမိန်းမကြီးတစ်ယောက်ဆီမှာ ကိုယ်ထိလက်ရောက်စုံစမ်းနေလိုက်သေးတယ်။

သူကိုယ်တိုင် ပြန်ချုပ်ထားတဲ့ ချုပ်ရိုးတွေကို ငြီးငွေ့နေပြီ တဲ့ ။

သူဟာ တတိယလူဖြစ်ကြောင်း ၊ လူရွှင်တော်ဖြစ်ကြောင်း ၊ ဆံပင်စုတ်ဖွားနဲ့ လူလိမ်တစ်ယောက်ဖြစ်ကြောင်း ။

အာလေးလျှာလေး နဲ့ အသံက ဆံပင်စုတ်ဖွားနဲ့လူဆီမှာနေ့ရောညပါ ခိုလှုံနေ ။

သူ့ဆံပင်စုတ်ဖွားတွေထဲ အသံတွေဝင်သွားမှာကို သွေးရူးသွေးတန်းကြောက်လန့်နေတတ်သေးတယ် ။

အညှီအဟောက်တွေလား ။ အဟောင်းအမြေ့တွေလား ။ ဘောင်တွေထဲ ။ အသစ်တွေထဲ ။

သူဟာ ပန်းချီကားတချပ်မဟုတ်ပါဘူးတဲ့ ။ နားရည်ဝနေကျစကားလုံးတွေနဲ့ ခါးခါးသီးသီး ငြင်းနေတဲ့ ဆံပင်စုတ်ဖွားနဲ့လူ

အလင်းရောင်တွေက ဆံပင်စုတ်ဖွားထဲ ထိုးကျနေတာကို သဘောကျနေလေရဲ့ ။

ရာစုနှစ်ထဲ ။ ၀မ်းနည်းစရာပြက်လုံး ။ နဲ့ လူရွှင်တော် ။ ကျွန်တော်ရူးနေတယ် ။ မနှင်းဝေ



နေ့ရောညပါလွမ်းနေကြောင်း တံခါးတွေက ပြောနေတယ် ။ မနှင်းဝေ ။
ကျန်းခန့်သာလို့ မာပါစ ။ လို့ နှုတ်ဆက်လိုက်ဖို့ ။ မျက်နှာချင်းဆိုင်ဆုံတွေချိန်မရှိ ။
တော့ဘူးဆိုရင် ကျွန်တော်တို့နှစ်ယောက် ။ တကယ်ဝေးသွားကြပြီဆိုတာ ။
အိပ်မက်မက်နေတာ မဟုတ်ဘူး ။ မနှင်းဝေ ။ တနင်္ဂနွေနေ့များ ။
အားလုံးကို မြေမြုပ်ပစ်ဖို့ ဘယ်သူကူညီနိင်မလဲ ။ဆိုတာ ဘယ်သူ သိနိုင်မလဲ ။ လို့ ရင်ဘတ်ဖွင့်ပြီး ။
ထက်ခြမ်းပြဲ လေယာဉ်လက်မှတ်ပေါ်က နေ့စွဲ ။ တယ်လီဖုန်းနံပါတ် တစ်ခု ။ နှင့် အတူ အပြာရောင်မိန်းမပတ်နာရီတစ်လုံး ။ အိပ်မက်မဟုတ်ကြောင်း သေချာသည်ထက်
ပိုသေချာအောင် ကျွန်တော် အိပ်ပျော်ကြည့်လိုက်တယ် ။ မနှင်းဝေ ။
က အိပ်မက်ထဲ သိပ်လှလွန်းနေရဲ့ ။ အရမ်းဝမ်းနည်းစရာကောင်းတဲ့ ပြက်လုံး ။
စကားလုံး မိုင်းဗုံး ။ ဒီနူးညံ့မှုက ခရစ်နှစ် တခြမ်းသာသာပဲ ခမ်းနားခဲ့တယ် ။ ဆိုတာ ။
အသည်းကွဲရာသီ အခင်းအကျင်းထဲ လက်လွတ်စပယ် ပြုတ်ကျသွားတယ် ။
မနက်တိုင်း နင်နှိုးမဲ့ ဖုန်းသံလေးကို လွမ်းနေမယ် ။ ဆိုတာ မနှင်းဝေရဲ့ ကျိန်စာ ။
တွေ ကျွန်တော့မှာ တယုတယပွေ့ပိုက်လို့ ။ နင်ပြန်လာမဲ့ တနေ့ကျရင် ။ ထက်ခြမ်းပြဲ လေယာဉ်လက်မှတ်ပေါ်က နေ့စွဲထဲမှာ အရိပ်တွေရှိလေလိမ့်မလား ။
လို့ ကျွန်တော် သွေးရူးသွေးတန်း လိုက်ရှာမိတယ် ။ ဆိုတာ မနှင်းဝေ သိမှသိပါလေစ ။
အိပ်ယာဝင် တယ်လီဖုန်းသံများ ။ ပြက္ခဒိန်ပေါ်က မင်နီကြက်ခြေခတ်များ ။
အားလုံးကို မြေမြုပ်ပစ်လိုက်ဖို့ ။ ဘယ်သူကူညီနိုင်မလဲ ။
ကျွန်တော်က မေးခွန်းတွေထဲ ထဲထဲဝင်ဝင်နေထိုင်ရတာ ပျော်တယ် ။ ဆိုတာ မနှင်းဝေ သိမှသိပါလေစ ။
လို့ ကျွန်တော့ကိုယ်ကျွန်တော် ပြန်မေးမိတယ် ။မနှင်းဝေ သိမှသိပါလေစ ။
တနင်္ဂနွေ မပါတဲ့ ပြက္ခဒိန်ကို ခုထိ ရှာမတွေ့သေးတာ ကျွန်တော်သိပ်ညံ့နေပုံပဲ ။ လို့ ညနက်နက်တွေထဲ တွေးမိတယ် ။ မနက်ဖြန်တွေတိုင်းဟာ
ရောက်မလာခင်ကတည်းက ခြောက်သွေ့ ။ နေပြီဆိုတာကို
ကျွန်တော်တိုးတိုးလေးပြောကြည့်မယ် ။ မနှင်းဝေ ။ အရင်လို
ဟက်ဟက်ပက်ပက် ရယ်ပါ ။ ဒါ ၀မ်းနည်းစရာ ပြက်လုံးတစ်ခု ။ ဆိုတာ
ကျွန်တော် ၀န်ခံပါတယ် ။ တနင်္ဂနွေနေ့များ ။ အားလုံးကို မြေမြုပ်ပစ်ဖို့
ဘယ်သူကူညီနိင်မလဲ ။ဆိုတာ ဘယ်သူ သိနိုင်မလဲ ။ လို့ ရင်ဘတ်ဖွင့်ပြီး ။
ကျွန်တော် တိတ်တိတ်ကလေး ငိုနေတာကို ။ မနှင်းဝေ သိမှသိပါလေစ ။

- မင်းလုလင် -

ဒီကဗျာရေးပြီးတဲ့အခါ မနှင်းဝေနဲ့ကျွန်တော် သံသရာအဆက်ဆက် ဝေးမြဲဝေးနေကြပါစေ

ရိုးရိုးသားသား ဖောက်ပြန်မှုလေးတစ်ခုပါ

နှုတ်ခမ်းထောင့်ချိုးလေး မဲ့ကွေးအသွားမှာ

သွေးရူးသွေးတန်း ချစ်မိသွားတယ်ဆိုတာကလဲ

ရိုးမြေကျ လွမ်းဖို့သက်သက် .....။

စက်တင်ဘာဆီမှာ ပြန်မလာနိုင်သူလေး ပျော်နေပါစေ

ပြိုကျနေပုံ ....။ စက်တင်ဘာတွေ ပြိုကျနေပုံ ...။

ကျွန်တော့အပေါ်ကို စက်တင်ဘာတွေ ပြိုကျနေပုံက စောလွန်းနေသလိုလို ....။


မေတ္တာတရားဟာ ကျွန်တော်နဲ့ စက်တင်ဘာကြား

ထုနဲ့ထည်နဲ့ ဝေးကွာသွားအောင် နှုတ်ဆက်လိုက်တယ်

ဒါကျိမ်စာတစ်ခုပဲလား ...။ မေးခွန်းတွေ ကျိန်စာ ထပ်သင့်ကုန်တယ် ..။

တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်အတွက် တံခါးတွေ ဖွင့်ထားသလား ...

တစ်စုံတစ်ယောက်က ဖွင့်ထားတဲ့တံခါးပေါက်ဆီကို ပြန်လာနိုင်မလား ....။

စက်တင်ဘာတွေ ပြိုကျနေတဲ့ ရာသီခွင်ထဲ

ကံဆိုးမှုတွေ နဲ့ ကိုယ် .... နာကျင်ရပါတယ် ကြေကွဲရပါတယ်

စက်တင်ဘာဆီမှာ ပြန်မလာသူလေး တစ်ယောက် ပျော်နေဖို့ပါပဲ......။


အိပ်မက်ထဲ ... အိပ်မက်တွေထဲ ... အိပ်မက်မမက်တော့တဲ့ အိပ်မက်တွေထဲ

အသစ်တဖန် ပြန်လည်တည်ဆောက်ဖို့ ဆိုတာ

(ထားခဲ့လိုက်စမ်းပါ စက်တင်ဘာ)

ဒါအိပ်မက် မက်နေတာ မဟုတ်ဘူး ..။

တံခါးပေါက်တွေကို ဖွင့်ထားတုန်းပဲ ...။

ပြန်မလာသူလေးလဲ ခုထိရောက်မလာသေးဘူး ....။

အိပ်မက်တွေ ဆက်ရှိနေဦးမလားပဲ ...။ မသေချာဘူး .....။


တစ တစ ထက်ပိုပြီးတော့ တစ ထက် တစ ဝေးကွာသွားရုံပါ

(ကျွန်တော့အပေါ်ကို)

စက်တင်ဘာပြိုကျလာပုံက ဖရိုဖရဲ နဲ့

(တဆိတ်)

စောလွန်းတယ် ....။



စက်တင်ဘာတွေဆီမှာတော့ ပြန်မလာသူလေး ပျော်နေဖို့ပါပဲ ....။

အညတရ ရာဇ၀င်ထဲက ပန်းပျိုးအလင်္ကာ

လူငယ်တစ်ယောက်ရဲ့ နေ၀င်နေထွက်တွေထဲ

အကြည့်ရဲရဲတွေကို တွန်းလှန်ဖို့

ကျွန်တော့ ရာဇ၀င်က အားမကောင်းသေးဘူး မနှင်းဝေ...။


ကဗျာရေးတယ်ဆိုတာ

ရာဇ၀တ်မှုအကြီးကြီး ကျူးလွန်တာမဟုတ်သလို

ကောင်းမှုအကြီးကြီး ပြုတာလဲမဟုတ်ဘူး

စိတ်ရဲ့ အဖုံးကို ခဏလေး လှပ်ကြည့်ရုံသာဖြစ်ကြောင်း

မနှင်းဝေသိအောင် ကျွန်တော် ဘာသာပြန်ပြပါဦးမယ်လေ....။

မနှင်းဝေကတော့ (အရင်တုန်းကလိုပဲ)

ကဗျာဆရာဆိုတာ လူ့ကျင့်ဝတ်တွေကို မကြာခဏချိုးဖောက်တတ်တဲ့

ခပ်ညစ်ညစ် လူပေလူလွင့်တယောက်လို့ သတ်မှတ်နေပေးပါ...။


ရာစုသစ်ရဲ့လောကဓံတရားတွေထဲ

ကျွန်တော်နဲ့ မနှင်းဝေ

ကမ္ဘာတခြမ်းစီခြားလို့....။

မငိုပါနဲ့ မနှင်းဝေ

လေယာဉ်ပျံကြီးစီးပြီး စွန့်ခွာထားခဲ့မဲ့

လောကရဲ့ကောင်းမြတ်ခြင်းတရားတွေထဲ

ပျော်သလိုသာနေခဲ့ပါ

ကျွန်တော်ကတော့

မိုးရာသီမရှိတဲ့ ကမ္ဘာတခြမ်းမှာနေရင်း

တနင်္ဂနွေနေ့ရဲ့ မိုးရေစက်တွေအကြောင်း

ထစ်ထစ်ချုန်းချုန်း စာလုံးပေါင်းနေပါဦးမယ်...။


ဇာတ်သိမ်းခန်း ကြိုသိနေတဲ့ ပြဇာတ်တပုဒ်ပါ မနှင်းဝေ

အရိပ်က အရိပ်လိုနေတတ်ဖို့ကြိုးစားရင်း

ကျွန်တော် .. မီးနီမှ လမ်းဖြတ်ကူးပါတော့မယ်လေ...။


မေ့ပစ်လိုက်ပါ မနှင်းဝေ

အလင်းတို့ရဲ့အလျင်နှုန်းနဲ့

ကျွန်တော့ကို မေ့ပစ်လိုက်ပါ

ထားခဲ့မဲ့သူအဖြစ်နဲ့ ကျွန်တော် ကျန်နေရစ်ခဲ့ပါမယ်...။

ဖြစ်နိုင်ရင်

ကျွန်တော့အတွက် မျက်ရည်မကျပါနဲ့ မနှင်းဝေ

ကျွန်တော်အဆုံးမသတ်မဲ့ အိပ်မက်အတွက်

အလင်းသွန်းတဲ့လက်တွေနဲ့ ကျွန်တော့ညတွေကို လန့်လန့်မနိုးပါနဲ့တော့...။

သံသရာအဆက်ဆက် ကဗျာဆရာဖြစ်ချင်တဲ့သူအတွက်

သက်ပြင်းချသံတွေဆုံးရင်

ကျွန်တော်နဲ့မနှင်းဝေ

လှည့်မကြည့်ကြေး ဝေးကြရုံပါပဲ

ဒိပြင် ဘာမှမပိုလိုက်ပါနဲ့တော့ မနှင်းဝေ...။

အရပ်ပျက်မ




အံစာတုံးတစ်တုံးကို မြှောက်တင်လိုက်ပြီးမှ
ဘယ်နံပါတ်ကျမလဲမကြည့်ရဲသူတစ်ယောက်လို
မျှော်လင့်ချက်ဆိုတာ ဘယ်ဆီဘယ်ဝယ်မှန်းမသိ
သိက္ခာတရားဆိုတာကလဲ
ဝမ်းဝစေတဲ့အကြောင်းတရားမဟုတ်ဘူးဆိုတော့
ညရေးညတာ အလှမပျက်စေဖို့
မျက်ရည်ကို ခဏမေ့ထားခဲ့သူ...မိန်းမပျက်မလေး
ရောင်နီလာတိုင်း
တံတွေးခွက်တွေထဲ ခြေကုန်လက်ပန်းကျနေတုန်း.....။

- မင်းလုလင် -

အခွန်လွတ်ပြဿနာ




တဘ၀လုံး မြေမှာ ရှပ်တိုက်ခဲ့သမျှ
အရောင်းစာရင်းမှာ ဈေးကောင်းမရဘူး...။

အကြောင်းမဲ့ တိတ်ဆိတ်နေတဲ့ လက်သည်းဖွက်သံတွေကြား
သံသရာကို နောက်ကြောင်းပြန်လှည့်ဖို့
ဘယ် သကောင့်သားက ကြိုးစားဖူးလို့လဲ
စကားလုံးလှလှလေးတွေဘယ်လိုသုံးသုံး
ကျိန်စာဆိုတာ ခါးတယ်...။

သောကြာကြယ်ကို ခူးဖို့ စိတ်ကူးမိတာကလွဲရင်
ငါးမျှားရမှာတောင် ကြောက်တတ်တဲ့ လူရွှင်တော်
ပြက်လုံးသံကြားတာနဲ့ ငိုတယ်
တကယ်တော့
ဒုက္ခဆိုတာလဲ ကဗျာပုံစံတစ်မျိုးပဲ
ဒါကို ..ငါရဲ့တစ်ခါသုံးမိတ်ဆွေတွေသဘောပေါက်ပုံမရဘူး....

- မင်းလုလင် -