Subscribe:

ပင်လယ်ပျော်

မြင်ကွင်းတိုင်းက
ကမ္ဘာကြီးလုံးကြောင်းသက်သေ
အထီးကျန်အတွေးတွေမှာ
စင်ရော်ငှက်တကောင်တောင် အဖော်မပါဘူး.။

အမြုတ်တစီစီနဲ့
လှိုင်းခေါင်းဖြူဖြူတွေ
သေမင်းတေးကို တလှည့်စီဆိုလို့
ညရေးညတာကို တိုက်စားနေတယ်

" ယနေ့ ရွာရန်ရာခိုင်နှုန်း........
ယနေ့လေတိုက်နှုန်း.........."
အထပ်ထပ်ရွတ်ဖတ်နေရတဲ့ ဂါထာတခုလို
နှုတ်ခမ်းပေါ် မကြာမကြာဆွဲတင်ရင်း
ပင်လယ်မီးစုန်းတွေတောက်တဲ့အချိန်
ကျွန်တော် အိမ်ပြန်နောက်ကျမယ် အမေ....။

စာမျက်နှာ ၂၂

မနေ့ကပြောတဲ့ တရားက
ဒီနေ့ ခါးနေပြီ ကိုစစ်..။
အလုပ်အကိုင်ရှားပါးမှုပြဿနာ
နေမှုထိုင်မှု လိင်မှုရေးရာ
ဘယ်ထောင့်က ကြည့်ကြည့်
ဒီအရပ်မှာ သူတော်ကောင်းမရှိဘူး

ကိုစစ် နေတဲ့ ရန်ကုန်နဲ့
ကျွန်တော်နေတဲ့ရန်ကုန် မိုးရွာပုံချင်းအတူတူပါပဲ
ငယ်ငယ်တုန်းက မိုးရွာရင်မိုးရေချိုးမယ်ဆိုတဲ့သီချင်းက
အခု လေမလုံမိုးမလုံနဲ့ ရုပ်လုံးပေါ်လာပြီ
ကျောရိုးတလျှောက်
အရှိုးရာတွေအထပ်ထပ်နဲ့
ကျွန်တော်က ပြေးလမ်းပေါ်ရောက်မှ
ခြေကျိုးသွားတဲ့ ပြိုင်မြင်းတကောင်ပဲ....ကိုစစ်

ရင်ဘတ်ဝဲယာတဖက်တချက်ဆီမှာ
အကျအပေါက်များတဲ့ မျှော်လင့်ချက်တွေနဲ့
ညရေးညတာ လွမ်းလို့ ငိုစရာမျက်ရည်မရှိဘူး

ဝါယာကြိုးအပေါက်အပြဲတွေနဲ့ ကျွန်တော့ညတွေအတိုင်း
လောကဓံက ဥာဏ်နီဥာဏ်နက်များတယ် ကိုစစ်

ပတ်ဝန်းကျင်က နှလုံးခုန်သံတွေက
သူတို့မျက်နှာဖုံးတွေနဲ့ သူတို့မျက်ရည်ကိုဖုံးကွယ်ထားကြတယ်
ငိုတယ်ဆိုတာ လူသိမခံဝံ့တဲ့ မကောင်းမှုတခုလား
ကျွန်တော်ခုထိနားမလည်နိုင်သေးဘူး ကိုစစ်

ကျွန်တော်က ကမ္ဘာ့သတင်းကိုလိုက်မမှီနိုင်တဲ့ကောင်
လူပြိန်းကြိုက်စကားလုံးအတိုအထွာတွေနဲ့
ကောင်းမှု မကောင်းမှု ဒွန်တွဲနေတဲ့
ခပ်ရိုးရိုး အတ္ထုပ္ပတ္တိ တစ်ခုပါပဲ
အရင်ကလို စီးကရက်လက်ကြားညှပ်ခဲ့တဲ့
ခပ်ပေါ့ပေါ့ မိုးပျံပူဖောင်းတလုံးမဟုတ်တော့တာကလွဲရင်....
ကိုစစ်နဲ့ကျွန်တော်နဲ့အားကျခဲ့တဲ့
ကိုငှက် မရှိတော့တာကလွဲရင်......
အရာရာ အရင်အတိုင်းပါပဲ ကိုစစ်..။

တချိန်ကလို ကတ္တီပါ ဖိနပ်နဲ့ ကျွန်တော်
ရွံ့ထဲဗွက်ထဲ လမ်းမလျှောက်တော့ဘူး
အသားအရောင်ခွဲခြားခံရတဲ့ တာယာဖိနပ်လေးနဲ့ပဲ
ကျွန်တော် အာကာသကို လမ်းလျှောက်ထွက်ခဲ့မယ် ကိုစစ်

ကျွန်တော်က မှောက်ထားတဲ့ဖဲချပ်ကို
ထိတ်လန့်တကြား လှန်ကြည့်တတ်တဲ့သူမဟုတ်ခဲ့ဘူး ကိုစစ်
ပျံကျမိုးတွေ ရွာလာတဲ့တနေ့
ကိုယ့်ကိုကိုယ် သူစိမ်းတယောက်လို တံဆိပ်ရိုက်ပြီး
စာမျက်နှာတွေပေါ်ကို ကူးခတ်လာခဲ့မယ်
ကျွန်တော့နာမည်ကျွန်တော် ခပ်ဖွဖွရွတ်ဆိုရင်းပေါ့......။

လွန်ခဲ့သောဘ၀က ကဗျာဆရာ

ကိုယ့်ဘ၀ကိုယ် ပုံဖော်ရတာလောက်
အောက်တန်းကျတာမရှိဘူး
အသက်..။ ။
(၂၁) ခါတွေးပြီးရင် မနက်ဖြန်ကိုရောက်ပြီ.
အရိပ်တွေ ညနက်နေတုန်းပဲ
ကိုယ့်အဓိပ္ပါယ်ကိုယ်ပြန်ရှာမတွေ့တဲ့အခါ
စိတ်...။ ။.
ကမ္ဘာကို အလောင်းကောင်လို မြေမြုပ်ပစ်ခဲ့တယ်..။
အပျက်မ မျက်ရည်လောက်မှ မခမ်းမနားပဲ
အာဃာတတွေအန်ချဖို့တဲ့
ပါးစပ်ပေါက်ကို ဆွဲဆွဲချဲ့နေရတာ မောတယ်..။
သေနတ်တချက်ဖောက်ရင်
ပေါင်မုန့်တလုံး ပျောက်တဲ့ခေတ်...
ဒါဏ်ရာကို တိုးတိုးလေး ညီးညူဖို့
အသံတွေက ကျယ်လွန်းနေတဲ့ခေတ်...
ကမ်းထားတဲ့လက်တွေက
သွေးညှီနံ့တထောင်းထောင်းနဲ့ဆိုတော့
ကမ္ဘာကို အလောင်းကောင်လို မြေမြုပ်ပစ်ခဲ့တယ်
တချို့သွေးစသွေးနတွေက နေရာမရွေးဘူး
ကိုယ့်ကိုသဂြို င်္လ်မဲ့မီးကို
ကျောက်ခဲရိုက် မွှေးနေရသလို
မြို့ကြီးပြကြီးမှာ ခွေးရူးကိုက်ခံနေရတယ်
နေ့စာညစာက အံလွဲနေတော့
ရင်ဘတ်ထဲ ချောင်းကြည့်ရတာတောင် အိပ်ရေးပျက်တယ်..။
တကယ်တော့
ကိုယ့်ဘ၀ကိုယ်ပုံဖော်ရတာလောက်
အောက်တန်းကျတာ မရှိဘူးမဟုတ်လား...။။။။

မင်းလုလင်

မမမြို့ကြီးသူ

လှည်းယာဉ်ကလေးစီး
ထီးနီနီလေးဆောင်းပြီး
ခေါင်းမဖြီးဘဲ လှနေတဲ့ မမ။

ကိစ္စမရှိဘူး
ကြယ်သုံးလေးပွင့်လောက် ဆွဲခူး
အိပ်မက်အထွေအထူးတွေနဲ့ 
ကျွန်တော့်ဖာသာရူးတာ။

မမ
သနပ်ခါးပန်းလေးပန်
ညဥ့်ယံမှာလည်း
မွှေးတယ်။

မမ
ပုထုဇဉ်မမ
လူဝတ်ကြောင်နဲ့ လှတယ်။

မမဟာ
စံပယ်ဖြူဖြူ
ကံကော်ဖြူဖြူ
စံကားပန်းဖြူဖြူ။

မမဟာ
ကျွန်တော့် မျက်ကြည်လွှာ
မမဟာ
ကျွန်တော့် လက်ဗွေရာ။

ကျွန်တော့် နံဘေးက
ပုရိသတို့ ရဲ့ ရှေ့ ရေး
မမအကြောင်းပဲ ကျွန်တော် တွေးမိပေါ့။

မမအပြုံးကိုရတဲ့နေ့ ကစလို့ 
အမှောင့်ပယောဂတွေနဲ့ 
တရေးနိုးတိုင်း
ကျွန်တော် ထထကတယ်။

မမ မျက်စောင်းက
အကြောင်းသုံးပါးမရွေး
ကျွန်တော့်မှာ
ပုံပြင်သေးသေးလေးတွေထဲ
ပြုတ်ပြုတ်ကျရ။


မမက မြို့ ကြီးသူ
ကျွန်တော်က ကျေးတောသား
မတရားတာတော့ အမှန်ပဲ။

မမခြေတစ်လှမ်းအရွေ့ 
ကမ္ဘာ့ ဘဏ်ထဲက ကုဋေတစ်သန်း
ကျွန်တော့် ရှေ့ ကို ရောက်လာစေ့ချင်တယ်။

မမက ဒေါက်မြင့် ဖိနပ်စီးတဲ့အခါ
ကျွန်တော်က တာယာဖိနပ်စီးတယ်၊
မမက ကိုယ့်ကားကိုယ်မောင်းသွားတဲ့အခါ
ကျွန်တော်က သူများနွားကျောင်းရတယ်။

မမ
မမဟာ
ကိုလွှမ်းမိုးသီချင်းထဲက
ဟိုအစ်ကိုကြီးရဲ့  မခင်နှင်းဆီ။

မမဟာ
ဆရာအောင်ခြိမ့်ရဲ့  ဂန္တ၀င်မမ။

လောကများရဲ့  ကောင်းမြတ်ခြင်းတရား
မမ ဖ၀ါးမှာကပ်တွယ်နေပါလား။

ကျွန်တော်ဆိုတာက
ငရဲကျမှာထက်
မမ မုန်းမှာကို ပိုကြောက်တဲ့ သွေးနွေးသတ္တ၀ါ။

မမ ပြုံးရင်
ကျွန်တော့်ကိုယ်ကျွန်တော် ပိုပို မုန်းမိရဲ့ ။

သလင်းကျောက်သား၊
စကားမဲ့ ရေအိုးစင်၊
အမေ့ ပုံပြင်ထဲက နတ်သမီး၊
မမ ဟာ ကျွန်တော်မပိုင်တဲ့ ထီးကလေးဖြစ်တယ်။

ကျွန်တော်က နွားကျောင်းသား
မြက်ခင်းစိမ်းကို ချစ်တယ်။

မမက စစ်ဘုရင်မ
မြင့်မိုရ်တောင်ထိပ်က
အလံဖြူကို ရသွားခဲ့သူ။

စစ်မြင်းတွေမောင်း
တံပိုးခရာတွေ တထောင်းထောင်းနဲ့ 
အရှင်လတ်လတ် ဘ၀ပြောင်းရပေါ့။

မမက
မြန်မာလို ယဉ်တယ်၊
အင်္ဂလိပ်လို လှတယ်။


မြစ်ရေကြီးမယ့် နောင်နှစ်များ
နယူးယောက်မြို့ ရဲ့  အခေါင်အမြင့်ဖျားမှာ
မမ ဟောမယ့်တရား
ကျွန်တော် နာမယ်။

နောင်နစ်များစွာ
နောင်နှစ်များစွာ
ကျွန်တော့် မမ
ဒီလိုလေးပဲ
လှနေပါစေ။

ဤကမ္ဘာမြေ
ဤကမ္ဘာရေ
ဤကမ္ဘာလေ
မမပဲ ပိုင်ဆိုင်စေ။

တိုက်ပုံမ၀တ်တတ်ဘူး
ဖိနပ်ပါးပါးပဲ စီးတယ်
ကားမှန်မှာတော့ ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်ဖူးတယ်
ဒီလိုပဲ ကျွန်တော်က
ပေါ့ပါးတယ်။

ကျွန်တော့် ရုပ်ပုံကားချပ်
မမ အသက်ရှူရတာ မွန်းမှာ စိုးရဲ့ ။

အင်္ဂလိပ်လို မပြောတတ်လို့ 
ကော်ဖီမသောက်ဘူး
........ ..........
မမ ရယ်တယ်။

မမ
မြို့ ကြီးသူ မမ။


ကျွန်တော့်ကလေးဘ၀က
ကျောင်းအင်္ကျီအဖြူလေး
ကွမ်းသွေးတွေ စွန်းပေ
အမေ့မလည်း မျက်ရည်ဝေရတယ်။

ကျွန်တော်
မမကို ချစ်တာ
ပုဒ်မအပေါင်းနဲ့  ငြိစွန်းခဲ့ရ။

မမ မစီးတဲ့ ဖိနပ်အဟောင်းလေး
ကျွန်တော်ငေးကြည့်နေမယ်။

မမ လျှောက်ခဲ့တဲ့ လမ်းတကာ
ကျွန်တော့်သွေးတွေ လဲ့ဖြာစေမယ်။

မမ
မြို့ ကြီးသူမမ
ကချေသည်ဘ၀နဲ့ 
ကျွန်တော် ကပြပါ့မယ်။

နားဆင်လော့
ရှုလော့
ခံစားလော့။

................(နေ့သစ်)

ကျွန်တော်အရမ်းကြိုက်တဲ့ ညီငယ်လေးနေ့သစ်ရဲ့ ကဗျာလေးပါ

လိပ်ပြာလွင့်ခြင်း

သွေးပြန်ကြော တလျှောက်
မီးခိုးငွေ့တွေနဲ့
ငါက အမှောင်ကိုကြောက်တဲ့ တစ္ဆေတစ်ကောင်....။

ယဇ်ပူဇော်ခံရတော့မဲ့ ယုန်တစ်ကောင်လို
ကိုယ့်နှလုံးခုန်သံ
ကိုယ်ပြန်ကြောက်နေရတဲ့ အဖြစ်....။

တောအုပ်လို့အခေါ်ခံရဖို့
သစ်ပင်ဖြစ်ခဲ့တာမဟုတ်တော့လဲ
အ၇ိပ်တွေက အကိုင်းအခက်မစုံဘူး

အမှတ်မရှိတဲ့ လက်ဖျံရိုးတွေက
..(ခုထိကို အပိုးမကျိုးသေး)..
ဒါဏ်ရာတွေကို ညှစ်ချနေတုန်း
သူရဲကောင်းတံဆိပ်နဲ့တော့
အသတ်မခံချင်ဘူး......။

ကြိုးပြတ်တော့မှ
စွန်ဖြစ်မှန်းသိရတာ
အသည်းနာတယ်..။

မပြောပါဘူး
မ...ပြော...တော့...ပါ...ဘူး
အသံတွေတခါပြန်မျိုချ...။

ကစားမိတဲ့ပွဲက
ဒုက္ခချင်းလောင်းကြေးထပ်ထားသတဲ့
ဖြစ်နိုင်မယ်ဆိုရင်ဗျာ
ကျွန်တော့အလှည့်ကို ခဏလောက်ကျော်ပေးထားပါ...။

ချိန်ကိုက်ဗုံးတလုံးကို မျိုချထားရသူလို
နာရီသံကြားရတာ စိတ်မလုံတော့
ကိုယ့်နာမည်ကိုယ်ခေါ်ပြီး
လင်းလင်းချင်းချင်းတနေရာမှာ
မှတ်တိုင်စိုက်ထားလိုက်တယ်
ငါက အမှောင်ကိုကြောက်တဲ့ တစ္ဆေတစ်ကောင်
ထင်းရှူးပင်တစ်ပင်တောင် လာမစိုက်ကြပါနဲ့......။

ဖြေရှင်းချက်တွေ
ဖွင့်ဆိုချက်တွေ ခဏမေ့ပြီး
ကိုယ့်ကိုခုတ်မဲ့ ဓါးကို
ကိုယ်တိုင်သွေးနေရတဲ့ ဘ၀မှာ
မေမေရေ....ကျွန်တော်အဝေးကြီးမှာ မဟုတ်ပါဘူး
အမဲရောင်လက်ဝါးကပ်တိုင်လေးနဲ့
ကျောချင်းကပ်ရပ်နေခဲ့တာပါ
လေချွန်သံတွေတောင် လှိုဏ်သံပါလာတယ်လေ....။

မွန်းတည့်ချိန်ရောက်တာတောင်မသိ
အမှောင်တွေ ထစ်ထစ်ချုန်းချုန်းရွာတဲ့အချိန်မှာမှ
တယောက်ထဲ
မိုးမိနေခဲ့တော့...တကိုယ်စာအလင်းဆိုတာ.....။

ငါက
အမှောင်ထဲမှာနေရတဲ့
အမှောင်ကိုကြောက်တဲ့ တစ္ဆေတစ်ကောင်........။

ခံစားချက်ကုန်ခမ်းသည့်ရောဂါဖြင့်ကွယ်လွန်သည်


..............(၁)................

ငါ့ခြေထောက်တို့ ကန်းခဲ့ပြီ......။

အလင်းမသိ

အမှောင်မသိ

..............(၂)................

လှေကားဆိုတာ

တက်ဖို့ ဆင်းဖို့ပဲမဟုတ်ဘူး

ထိုင်နေလို့လဲ ရတယ်ဆိုတာ

အသိနောက်ကျလေခြင်း...။

...............(၃)...................

ကန္တာရထဲမှာ ရေငတ်နေသလိုမျိုး

ကိုယ့်ကိုကိုယ် ပြန်ငတ်တယ်.....။

................(၄)..................

အထိတ်တလန့်အော်လိုက်တဲ့ ငါ့အသံမှာတောင်

ထုံဆေးနံ့တွေနဲ့ မွှန်လို့............။

................(၅)................

သေလို့သေမှန်းမသိ..။

...............(၀).................

ဘာ

ဆို

ဘာ

မှ



သိ

...............(၀)...............

ဘာဆို...ဘာ....မှ.....မ....သိ...။

................(၅)................

သေလို့သေမှန်းမသိ.....။

................(၄)...............

အသံတွေမသိ..။

...............(၃).............

ဆန္ဒတွေမသိ.....။

...............(၂)...............

အတွေးတွေမသိ....။

...............(၁)..............

ငါ့ခြေထောက်တို့ ကန်းခဲ့ပြီ...။

အတိတ်မေ့ခြင်း

အတ္တနဲ့ အနတ္တ

ဘူတာနှစ်ခုကြား

ရထားစီးမှားခဲ့တဲ့ကောင်

ခေါင်းထဲက မြစ်က

ပင်လယ်ရောက်မှ ပြာတယ်....။

အလွမ်းနာ

ဆေးထိုးမှားခဲ့ခြင်းပါ

ဝဋ်နာကံနာတစ်ခုကို

အရိုးမှာ ဆေးမင်ထိုးလိုက်သလို

စိတ်တွေက မှောင်တလှည့် လင်းတလှည့်နဲ့

လည်ပင်းကြောတွေ ထောင်းထောင်းထသည်အထိ

ကျွန်တော်နဲ့ ( ကျွန်တော် )

တစတစ ဝေးကွာသွား.............။

သက်တန့်

လှလွန်းလို့ထင်ပါ့

ညနေကတောင် မျက်လွှာချတယ်

ကောက်ကြောင်းတွေက တခမ်းတနားနဲ့

ဘာသာပြန်ဆိုစရာ စကားလုံးမရှိတော့ဘူး

လှလွန်းလို့ထင်ပါ့

သူကလေးသို့.....

အနမ်းတွေအကြောင်းပြောရင်

နင်းထားတဲ့မြေကြီး ကျွံဝင်သွားသလို

စိတ်တွေ တလှပ်လှပ်တုန်တယ်

သူကလေးပေါ့

တံပိုးခရာမပါပဲ ခြေရာလက်ရာ မပျက်မယွန်းနဲ့

ရင်တစ်ခုလုံးသိမ်းပိုက်သွားတယ်

ကျွန်တော်တောင်မသိလိုက်ပါပဲကွယ်

အသက်ရှူသံတိုင်းမှာ

သူ့နာမည်လေး ကပ်ပါနေတော့

ကျွန်တော် မသေချင်တော့ဘူး

သူ့မျက်လုံးလေးတွေနဲ့ဆုံတိုင်း

ကျွန်တော့တကိုယ်လုံး ပေါ့ပေါ့ပါးပါးလင်းတယ်

နေအိပ်ချိန်တိုင်း

သူကလေးအကြောင်းတွေး

ကိုယ့်ရင်ဘတ်ကို အလံဖြူလွှင့်ပြီး

အုံ့အုံ့သည်းသည်းလွမ်းတယ်

သူကလေးပေါ့

ကျွန်တော့ အိပ်မက်တွေကို အကျဉ်းချထား

သူ့အကြောင်းမပါရင်

ကျွန်တော် အိပ်လို့ကို မပျော်ဘူး

သူကလေးပြုံးလိုက်တိုင်း

ပန်းတွေကြွေတယ်

လိပ်ပြာတွေသေတယ်

သူတို့အလှကိုသူတို့ သိမ်ငယ်လို့သတဲ့

မထူးဆန်းဘူးလားကွယ်

တစ်ခါတစ်ခါ

နှုတ်ခမ်းလေးကို စူထား

စိတ်ကောက်တတ်တဲ့ နတ်သမီး

သူ့နှုတ်ခမ်းလေးတွေပေါ်

ကျွန်တော့ နှုတ်ခမ်းတွေ ထွန်ယက်စိုက်ပျိုးချင်တယ်

နည်းနည်းများ ရိုင်းသွားမလား

သူကလေးနဲ့ပတ်သတ်ရင်

(ကျွန်တော်ဆိုတာ)

ကမ္ဘာ့အယဉ်ကျေးဆုံး သွေးနွေးသတ္တ၀ါ

သူကလေးအမိန့်နဲ့

ကျွန်တော့သွေးတွေစီးတယ်

သူ့ဆံပင်မွမွကလေးတွေပေါ်

ကျွန်တော့မာနတွေဖြန့်ကျက်ထား

သူ့သွေးကြောစိမ်းလေးတွေ

ကျွန်တော်ချစ်တယ်

နည်းနည်းများ ရိုင်းသွားလေမလားကွယ်

အပူဒီဂရီလွန်နေတဲ့ ကျွန်တော့ရင်ဘတ်အတွက်

သူကလေးက ...ချွေးသိပ်မိုး

ကပိုကရိုလေးနဲ့ ပြိုတဲ့တိမ်

သူ့စကားသံလေးတွေနဲ့တင်

ကျွန်တော့နွေရာသီလှတယ်..။

...........................(မင်းလုလင်)