နာကျင်မှုဟာ ဆွတ်ဆွတ်ဖြူ အခန်းလွတ်တစ်ခုထဲ ကျနော်ဟာ ဘယ်တစ်ယောက်လဲ
ကိုယ့်ခန္ဓာ ကို ပြတိုက်တစ်ခုထဲ မောင်းသွင်း လွတ်ထွက်သွား/လွှတ်ချထားချင်ပြီ
မျက်လုံးတွေကို လိုက်ဖမ်းရင်း စိတ်က နံရံပေါ်မှာ ပန်းချီကားတစ်ချပ်ပေါ်မှာ တအံ့တသြ
နာကျင်/ဆွတ်ရှ တဖြည်းဖြည်း ပါးလျလာ အနားရချင်တဲ့အခါ ကိုယ့်မျက်လုံးကိုယ်
ပန်းချီထဲမှာပြန်တွေ့လိုက်ရသလို အရိပ် / အရောင်တွေ ရိပ်ကနဲ ယောင်ယမ်းအော်မိ
စိတ် ဟာ အထစ်အငေါ့သေးသေးလေး အိပ်မက်တွေကို အိပ်ယာဘေးမှာ
ပစ်စလက်ခတ်ပစ်တင်လို့ အနားမှာ ကောက်သိမ်းခွင့်ရတဲ့ အလျားလိုက် မနက်ဖြန်တွေ ဟိုတစ်စ
သည်တစ်စပါပဲ နောက်ထပ် နောက်ထပ် ကုတ်ခြစ်/ကိုယ့်စိတ်ကိုယ် ကုတ်ခြစ်
အရောင်တွေစုံလို့ အရာတွေမထင်ခဲ့ဘူး ခုတ်ထစ်ဖဲ့ကြွေပစ်လိုက်ပါပြီ
ပြက္ခဒိန်ပေါ်က နေ့စွဲတွေမှာ တအီအီနဲ့ညည်းညူ လို့ ဒါဟာ အမာရွတ်တစ်ခု
ဒါဟာ သံယောဇဉ်တစ်ခု ဒါမှမဟုတ် ဒါဟာ တစ်ခုခု နာကျင်မှုဟာ
ဆေးပြယ်စပန်းချီကားလေး ကိုယ့်ရှေ့မှာ မီးလောင်ဒါဏ်ရာနဲ့ နာ...နာ..
နာကျင် / နာကျင်မှုဟာ အရေပြားတစ်လျှောက် ထိုးဖောက်လွင့်ဝါး/ အသံများ ညံဆူ
တိတ်ဆိတ်ဖောက်ကွဲပစ်ရ / နာ...နာ ..ကျင်...ကျင် ကျဉ်စက်နဲ့ တို့လိုက်သလို
ဖျင်းကနဲခံစားမှုဟာ ပြက္ခဒိန်ပေါ်မှာ ယိမ်းထိုးလို့ လွတ်ထွက်သွားတဲ့ စိတ်အစွန်းအစဟာ
ချည်တိုင်ဆီပြန် ပြန်ရောက်မလာတော့ဘူး အိပ်မက်အဖြစ်နဲ့ အိပ်မက်နေခဲ့ရ လွင့်လွင့်ဝဲ၀ဲ
အိပ်မက်ပစ်လိုက်ရ ဒါ ခြေဖမိုးဖြူဖြူလေးပဲ ဒါ သွေးကြောစိမ်းစိမ်းလေးပဲ
ဒါ နာကျင်ကဗျာတစ်ပုဒ် ဒါ သွေးစက်လက်နဲ့ဘောင်မဲ့ပန်းချီကားတစ်ချပ် လို
ပါးချိုင့်နက်နက်ကလေး မပါတဲ့အခါ မျက်ဝန်းနက်နက်ကလေးမပါတဲ့အခါ
သီချင်းဟာ မျက်ရည်ဝဲနေရ သီချင်းဟာ တိုးတိုးလေးငိုနေခဲ့ရ ခိုးခိုးငိုနေခဲ့ရ
သူမ / ဒါမှမဟုတ် / သူ့ဆီမှာ မရှိတော့တဲ့ သူမ ... မနေ့ကအကြောင်းတွေးမိတော့
ငှက်ကလေးတစ်ကောင်ဟာ ရုတ်တရက် လန့်ပျံပြေးသွားတာ ဟိုး .... အဝေးကြီးထိ ။
- မောင်ရေချမ်း - မင်းလုလင် -
- မောင်ရေချမ်း - မင်းလုလင် -
0 comments:
Post a Comment