Subscribe:

စာမျက်နှာ ၂၂

မနေ့ကပြောတဲ့ တရားက
ဒီနေ့ ခါးနေပြီ ကိုစစ်..။
အလုပ်အကိုင်ရှားပါးမှုပြဿနာ
နေမှုထိုင်မှု လိင်မှုရေးရာ
ဘယ်ထောင့်က ကြည့်ကြည့်
ဒီအရပ်မှာ သူတော်ကောင်းမရှိဘူး

ကိုစစ် နေတဲ့ ရန်ကုန်နဲ့
ကျွန်တော်နေတဲ့ရန်ကုန် မိုးရွာပုံချင်းအတူတူပါပဲ
ငယ်ငယ်တုန်းက မိုးရွာရင်မိုးရေချိုးမယ်ဆိုတဲ့သီချင်းက
အခု လေမလုံမိုးမလုံနဲ့ ရုပ်လုံးပေါ်လာပြီ
ကျောရိုးတလျှောက်
အရှိုးရာတွေအထပ်ထပ်နဲ့
ကျွန်တော်က ပြေးလမ်းပေါ်ရောက်မှ
ခြေကျိုးသွားတဲ့ ပြိုင်မြင်းတကောင်ပဲ....ကိုစစ်

ရင်ဘတ်ဝဲယာတဖက်တချက်ဆီမှာ
အကျအပေါက်များတဲ့ မျှော်လင့်ချက်တွေနဲ့
ညရေးညတာ လွမ်းလို့ ငိုစရာမျက်ရည်မရှိဘူး

ဝါယာကြိုးအပေါက်အပြဲတွေနဲ့ ကျွန်တော့ညတွေအတိုင်း
လောကဓံက ဥာဏ်နီဥာဏ်နက်များတယ် ကိုစစ်

ပတ်ဝန်းကျင်က နှလုံးခုန်သံတွေက
သူတို့မျက်နှာဖုံးတွေနဲ့ သူတို့မျက်ရည်ကိုဖုံးကွယ်ထားကြတယ်
ငိုတယ်ဆိုတာ လူသိမခံဝံ့တဲ့ မကောင်းမှုတခုလား
ကျွန်တော်ခုထိနားမလည်နိုင်သေးဘူး ကိုစစ်

ကျွန်တော်က ကမ္ဘာ့သတင်းကိုလိုက်မမှီနိုင်တဲ့ကောင်
လူပြိန်းကြိုက်စကားလုံးအတိုအထွာတွေနဲ့
ကောင်းမှု မကောင်းမှု ဒွန်တွဲနေတဲ့
ခပ်ရိုးရိုး အတ္ထုပ္ပတ္တိ တစ်ခုပါပဲ
အရင်ကလို စီးကရက်လက်ကြားညှပ်ခဲ့တဲ့
ခပ်ပေါ့ပေါ့ မိုးပျံပူဖောင်းတလုံးမဟုတ်တော့တာကလွဲရင်....
ကိုစစ်နဲ့ကျွန်တော်နဲ့အားကျခဲ့တဲ့
ကိုငှက် မရှိတော့တာကလွဲရင်......
အရာရာ အရင်အတိုင်းပါပဲ ကိုစစ်..။

တချိန်ကလို ကတ္တီပါ ဖိနပ်နဲ့ ကျွန်တော်
ရွံ့ထဲဗွက်ထဲ လမ်းမလျှောက်တော့ဘူး
အသားအရောင်ခွဲခြားခံရတဲ့ တာယာဖိနပ်လေးနဲ့ပဲ
ကျွန်တော် အာကာသကို လမ်းလျှောက်ထွက်ခဲ့မယ် ကိုစစ်

ကျွန်တော်က မှောက်ထားတဲ့ဖဲချပ်ကို
ထိတ်လန့်တကြား လှန်ကြည့်တတ်တဲ့သူမဟုတ်ခဲ့ဘူး ကိုစစ်
ပျံကျမိုးတွေ ရွာလာတဲ့တနေ့
ကိုယ့်ကိုကိုယ် သူစိမ်းတယောက်လို တံဆိပ်ရိုက်ပြီး
စာမျက်နှာတွေပေါ်ကို ကူးခတ်လာခဲ့မယ်
ကျွန်တော့နာမည်ကျွန်တော် ခပ်ဖွဖွရွတ်ဆိုရင်းပေါ့......။

0 comments:

Post a Comment