အနမ်းတွေအကြောင်းပြောရင်
နင်းထားတဲ့မြေကြီး ကျွံဝင်သွားသလို
စိတ်တွေ တလှပ်လှပ်တုန်တယ်
သူကလေးပေါ့
တံပိုးခရာမပါပဲ ခြေရာလက်ရာ မပျက်မယွန်းနဲ့
ရင်တစ်ခုလုံးသိမ်းပိုက်သွားတယ်
ကျွန်တော်တောင်မသိလိုက်ပါပဲကွယ်
အသက်ရှူသံတိုင်းမှာ
သူ့နာမည်လေး ကပ်ပါနေတော့
ကျွန်တော် မသေချင်တော့ဘူး
သူ့မျက်လုံးလေးတွေနဲ့ဆုံတိုင်း
ကျွန်တော့တကိုယ်လုံး ပေါ့ပေါ့ပါးပါးလင်းတယ်
နေအိပ်ချိန်တိုင်း
သူကလေးအကြောင်းတွေး
ကိုယ့်ရင်ဘတ်ကို အလံဖြူလွှင့်ပြီး
အုံ့အုံ့သည်းသည်းလွမ်းတယ်
သူကလေးပေါ့
ကျွန်တော့ အိပ်မက်တွေကို အကျဉ်းချထား
သူ့အကြောင်းမပါရင်
ကျွန်တော် အိပ်လို့ကို မပျော်ဘူး
သူကလေးပြုံးလိုက်တိုင်း
ပန်းတွေကြွေတယ်
လိပ်ပြာတွေသေတယ်
သူတို့အလှကိုသူတို့ သိမ်ငယ်လို့သတဲ့
မထူးဆန်းဘူးလားကွယ်
တစ်ခါတစ်ခါ
နှုတ်ခမ်းလေးကို စူထား
စိတ်ကောက်တတ်တဲ့ နတ်သမီး
သူ့နှုတ်ခမ်းလေးတွေပေါ်
ကျွန်တော့ နှုတ်ခမ်းတွေ ထွန်ယက်စိုက်ပျိုးချင်တယ်
နည်းနည်းများ ရိုင်းသွားမလား
သူကလေးနဲ့ပတ်သတ်ရင်
(ကျွန်တော်ဆိုတာ)
ကမ္ဘာ့အယဉ်ကျေးဆုံး သွေးနွေးသတ္တ၀ါ
သူကလေးအမိန့်နဲ့
ကျွန်တော့သွေးတွေစီးတယ်
သူ့ဆံပင်မွမွကလေးတွေပေါ်
ကျွန်တော့မာနတွေဖြန့်ကျက်ထား
သူ့သွေးကြောစိမ်းလေးတွေ
ကျွန်တော်ချစ်တယ်
နည်းနည်းများ ရိုင်းသွားလေမလားကွယ်
အပူဒီဂရီလွန်နေတဲ့ ကျွန်တော့ရင်ဘတ်အတွက်
သူကလေးက ...ချွေးသိပ်မိုး
ကပိုကရိုလေးနဲ့ ပြိုတဲ့တိမ်
သူ့စကားသံလေးတွေနဲ့တင်
ကျွန်တော့နွေရာသီလှတယ်..။
...........................(မင်းလုလင်)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment