နာရီကိုဆွဲဆန့်လိုက်တော့ အချိန်ဟာ တစ်ပေနဲ့
နှစ်လက်မ လက်ထိပ်သေးသေးလေးနဲ့ဆွဲခတ်ခေါ်သွားတယ်
ရိပ်ကနဲ ရိတ်သိမ်းခံလိုက်ရ သက်တန့်ကွေးကွေးပေါ်မှာ
မနက်ဖြန်ကို သီချင်းထဲထည့်ပြီး အမြင့်ဆုံးကီးနဲ့ သော့ခတ်ထားလိုက်တော့မယ်
မြင်ကွင်းတွေက အပ်ကြောင်းထပ်လာ ကမ္ဘာကအက်ကြောင်းထလာ
အဆင့်မြင့်နေမှုထိုင်မှုသွားမှုလာမှုသေမှု မောလို့တိုက်စရာ ရေမရှိဘူး Sick / စစ် ပဲရှိတယ်
တစ်ရှူးစက္ကူ ဟာ မလိုင်ဖြစ်လာတဲ့အခါ အားတွေရှိလာ ( စေ ) တယ်
ဆီ ဟာ ရေငုတ်နိုင်ကြောင်း နည်းပညာရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရောယောင်
အရောင်တူပစ်ဖို့ ဓါတ်တိုင်ဘေးသေးပန်းဖို့ မှောင်ရိပ်ခိုမှု
အမှောင်ကျ / ချ ခံရ ဗီလိန်အကယ်ဒမီရတာ ဘာဆန်းလို့လဲလို့ဆို
အတုန်းအရုန်း ကုန်းထလိုက် လက်ညိုးလေးနဲ့တောက်ချလိုက်
ဒါ သံသရာပဲ ဇာတ်အနာပဲ လက်ဖက်ရည်ခွက်ထဲကျသေတဲ့ ယင်ကောင် ( လို )
ဆာလောင်မှုဟာ တင်ပါးမှာအထိုးခံထားရတဲ့တက်တူး ဒီည
အိမ်မပြန်ဖြစ်တော့လဲ နောက်တစ်ညပေါ့ နောက်တစ်ညပေါ့
" မနောက်ပါနဲ့ အကိုကြီးရယ် ညီမကဒါလေးနဲ့ လုပ်စားနေရတာပါ
ဒါ ညီမအမေ အမွေပေးခဲ့တဲ့ လယ်ကွက်ကလေးပါ "
သိမ်း / သိမ်း / သိမ်း
သိမ်းထုတ်သေချာတဲ့
အိမ်ထောင်ဦးစီး | ကြီး | တို့ ခင်ဗျား
ခေါ်စရာအဖေတွေအပိုရှိရင်ပြောပါ ခင်ဗျား
ခေါ်စရာအဖေမရှိတဲ့ကလေးတွေပိုနေပါတယ် ခင်ဗျား
ခင်ဗျားတို့ ခေတ် ဟာ ဟာကွက်တွေနဲ့ ဟာသပြက်လုံး မိုးလုံးမှိုင်းလဲ မိုးမရွာဘူး
ပုခုံးတဖက်မှာ စပါးနှံရှိတယ် ညရှိတယ် အဲ့ဒီညဟာ ဆင်ဆာဖြတ်ခံထားရတဲ့ လ နဲ့ ။
/ ဒါမှမဟုတ် /
ပုခုံးတဖက်မှာ မိုင်နှစ်ဆယ်ကျော်ကြာအောင်ဖိထားမဲ့ထမ်းပိုးရှိတယ် အဲ့ဒီထမ်းပိုးဟာချွေးနဲ့သွေးနဲ့ ။
တစ်ကိုက်စာကို တ၀က်ဝက်လိုက်ရင် နှစ်ယောက်စာဖြစ်ရမှာပေါ့ ဥာဏ်ဆိုတာ
လွှာသုံးရင် ပြားချပ်ချပ် ပြားချပ်ချပ် သင်္ကြန်အမြောက်ကြီးလက်ချက်နဲ့ လှန့်သေရရှာ
သူ့ခမျာ နှစ်ပိုင်းတပိုင်း x ( တစ်ကိုက်စာ ) ကို ငေးရုံသာငေးခဲ့ရ ။
တချို့ကြယ်တွေရဲ့ ဖွံ့ဖြိုးမှုနှုန်းဟာ
သောက်ပြီးသားဘီယာဘူးခွံတွေနဲ့ တိုက်ရိုက်အချိုးကျတယ်
တချို့ကြယ်တွေကျတော့
ပစ်ပြီးသား ကျည်ဆံအခွံတွေနဲ့ တိုက်ရိုက်အချိုးကျတယ်
တချို့ကျတော့
ကျပြီးသားသွေးတွေ နဲ့
တချို့ကျတော့
ကျပြီးသားစိတ်ဓါတ် နဲ့
နဲ့ နဲ့ လာတဲ့ ခပ်ယဲ့ယဲ့ ဖိနောင့်ပါးဖိနပ်စုတ် ( ကလေး )
မတော်တရော်ဟာ မျက်စိထဲဝင်နေပြီး နေသားတကျ ခြေကုတ်ယူလိုက်တယ် \ အသင့်အနေအထား \
( ၁ ... ၂ ... ၃ ... ဒိုင်းးးးးးးးး )
သံပုရာသီး ၊ ဘလက်လေဘယ် နဲ့ မာကျူရီ ၊ ပြိုင်ကားအကောင်းစား
||| VS |||
မျက်ရည်
လွှတ်လှဗျို့ . . . . . ဒိုင်ဟာ ပွဲမပြီးခင် ပွဲသိမ်းဗြောက်ကိုဖောက်လိုက်တယ် . . . DIeeeeeeeeeeeeee !
- မင်းလုလင် -
0 comments:
Post a Comment