Subscribe:

ကြယ်ကြွေသတို့သား

ကြယ်ကြွေလို့လား ---

သူငယ်ချင်း မင်းဟာ
ယုံကြည်ရာကို ရင်သွေးလိုလည်း မွေးခဲ့တယ်။

သူငယ်ချင်း မင်းဟာ
ဒဏ်ရာတွေကို ဆီမီးလိုလည်း ထွန်းခဲ့တယ်။

သူငယ်ချင်း မင်းဟာ
ကိုယ့်အနာ ကိုယ့်လျှာနဲ့သပ် ရှင်တတ်ခဲ့ပြီးပြီပဲ။

သူငယ်ချင်း မင်းဟာ
ကိုယ့်အရေပြား ကိုယ်လွှာ
ကိုယ့်အရိုး ကိုယ် အပ်လိုသွေး၊ ကိုယ့်ဝတ်စုံ ကိုယ်ချုပ်လို့
ကျကျနန လှခဲ့ပြီးပြီပဲ။

သူငယ်ချင်း
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်းကြွေတဲ့
ဟောဒီကမ္ဘာမြေရဲ့ အနာတရတွေကို
ဒီကနေ့ နေအပြင်းပြင်းပူတဲ့ ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖ၀ါးနဲ့ကာကွယ်ဖို့ ငါတို့ နေရစ်ခဲ့ဦးမယ်။
သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်းဓာတ်ပြားထဲ
မင်းရဲ့ကဗျာတွေ မာတိကာစီဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့်သူငယ်ချင်း
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံ ပြန်စိုက်တဲ့တနေ့
ငါတို့ .......။ ။

.................. မင်းကိုနိုင်


ဆရာတာရာမင်းဝေ၏ အသုဘအခမ်းအနား မှာ ကိုမင်းကိုနိုင်ရွတ်ဆိုခဲ့တဲ့ ကဗျာလေးပါ

ကျွန်တော်ဖွင့်ခဲ့ရသော မြို့ပြ၏တံခါးများ





မြန်နှုန်းမြင့်ဘ၀ ထဲမှာ
တစ်ရက် နဲ့ တစ်ရက်က ဘာမှမကြာလိုက်ဘူး
ခဏခဏ ဝေ့ဝိုက်ကျလာတဲ့ ဆန္ဒတွေ သပ်တင်ရင်း
ကျွန်တော့်လက်ကြားက သိက္ခာတွေပါးပါးလာတယ်
ဟော . . . .
ဒါ ကျွန်တော့် အခုနေတဲ့ မြို့ကြီးပေါ့
မေတ္တာခေါင် အပြုံးရှား
အမြဲ အတွေးတွေ လှောင်နေတယ်
အလင်းဆိုင်ဆိုတာ . . .
စမ်းချောင်းမှာတွေ့လား တာမွေမှာတွေ့လား
ည အိပ်ချင်မှ အိပ်မယ်
မနက်ဆိုစောစောထရမယ်
မထချင်ဘူးလား
စောစောပဲထရတယ်
"ပဲပြုတ်"
ဒါ ကျွန်တော်ရဲ့ မနက် ၆ နာရီ နှိုးစက်ပါ
မယုံဘူးလား
နောက်တစ်နာရီဆို
"ယခု မြန်မာစံတော်ချိန် နံနက် ၇ နာရီ ရှိပါပြီ"

မြို့ပြက နိုးတဲ့မနက်မှာ
စောစောစီးစီးပဲ လ္ဘက်ရည်ဆိုင်ကို ထထွက်တယ်
ခပ်ကုပ်ကုပ်ဆိုင်ရဲ့ ထောင့်ကျကျစားပွဲမှာ
တစ်ယောက်တည်းရန်ဖြစ်လို့ကောင်းတယ်
"ငါမှန်တယ်"
"ငါမမှားဘူး"
"မင်းကဗျာမှာ သီအိုရီမပါဘူး"
"မင်းကဗျာကရော ကာလာစုံလို့လား"
လည်ချောင်းထဲက ရေနွေးကြမ်းခါးခါး ကို
ဆေးပေါ့လိပ် အငွေ့တွေနဲ့ မျောချ
လေတွေ ဟောင်ဖွာဖွာနဲ့ ရောချ
ပြီး . . . .
လက်ထဲက ဘဝ က လှုပ်လှုပ် လှုပ်လှုပ် နဲ့
တစ်ချိန်ချိန်မှာ ( ခဏ အတွင်းမှာ )
ပြိုလဲဖို့ . . .
ခလုတ် နှိပ်ပြီးသား မိုင်းတစ်လုံးလို ပါလာတယ်
မြစ်ရေကြီးတယ် ၊ မိုးခေါင်ရေရှားတယ် ၊ ကဗျာဆရာတစ်ယောက်သေတယ်
ကျွန်တော်တို့ မြို့နယ်က မီးတိုင်တွေ
ညနေဆို မှိန်မှိန်လေးလင်းလာတယ်
မီးတိုင်ရဲ့ တစ်ချက်ချင်းအလင်းကိုရောရင်း
ကျွန်တော်နဲ့ ကျွန်တော့်စကားလုံးတွေ
အရက်ဖြူကိုမြည်းတယ်
ပြင်းရှရှစကားလုံးတွေ တစိမ့်စိမ့်လှတယ်
တစ်ချို့ မီးရောင် မှိန်မှိန်အောက်မှာ
ဘဝတွေကို ဘီယာ နဲ့မြည်းတယ်
ဒီအတ္တတွေ တိုက်ချွတ်ဆေးဖို့တော့
ပြက္ခဒိန်တွေက စုတ်ဖြဲလို့ မလုံလောက်သေးဘူး
"ကျေးဇူးပြုပြီးကြာမယ်ထင်ရင်
လမ်းဘေးချရပ်ပေးပါ"
ဒီမြို့ပြမှာ အားလုံးပုံမှန်ပဲ စီးဝင်သွားတယ်
ကဗျာဆရာ တစ်ယောက်ဖြစ်တယ်
ကျောင်းသားတစ်လှည့် အလုပ်သမားတစ်လှည့်ဖြစ်တယ်
"ကျွန်တော်ထင်ထားပြီးသားပဲ
ဒီပလပ်စတစ် ထိုင်ခုံအကျိုးနဲ့
ဟိုအစ်ကို ထိုင်တဲ့ ဆိုဖာ မလဲပါဘူးဗျာ"
ကျွန်တော် မကြိုက်တဲ့
အနီရောင်ဝတ် နံပါတ် ( ၇ ) တော့ မဟုတ်ဘူး
အမြဲတော့ ကော်လာထောင်တယ်
ဒါပေမယ့် ကော်လာက ကျွန်တော့် ဘဝလိုပဲ
အမြဲ ခေါက်ရိုးကျိုးကျလာတယ်

လမ်းပေါ်ကကောက်ရတဲ့ သူငယ်ချင်းတွေထဲက
မနေ့ညမှာ တစ်ယောက်ပါမလာဘူး
ရပ်နေတဲ့ အတွေးတွေနဲ့
တစ်ချိန်က အသစ်ဖြစ်ခဲ့တဲ့ သူငယ်ချင်းကို
အတွေးဟောင်းတွေနဲ့
နှုတ်ခမ်းတွေ အလျားလိုက်ဆွဲဆန့်ကြရင်းပြန်တွေ့တယ်
တဆိတ် . . .
ပေါ့အိလွန်းသား စကားတစ်ခွန်းမှမဆိုဘူး
သူ့ဘေးက လွယ်အိပ်လို ကန့်လန့်ပဲ ထွက်သွားတယ်
(မြို့ပြမှာ ဒီလိုပဲ ၀င်တိုက်ကြတယ်)
ကဗျာဆရာတွေ စကားလုံးတွေ တိုက်ကြတယ်
ကျွန်တော်တိုပ ဘယ်သူမှန်းမသိပါပဲ လူလူချင်းဝင်တိုက်ကြတယ်
တစ်ချို့ . . . ဘီယာခွက်ချင်းတိုက်ကြတယ်
တစ်ချို့ . . . ဘဝတွေချင်းတိုက်ကြတယ်
နောက် အားလုံးထထွက်သွားတယ်
ရပ်ရမယ့်နေရာတစ်ယောက်မှ မတူဘူး
( ကျွန်တော်ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်ရှိနေပါသဖြင့်)
ကျွန်တော်ရပ်ထားတဲ့နေရာမှာ
ကဗျာစာရွက်အဟောင်းတွေ ရှိမယ်
ခဲပန်းချီ ဖျက်ရာတွေရှိမယ်
အခုဟောင်သွားတဲ့ ကဗျာအသစ်တွေရှိတယ်
ခဲတံအတို နဲ့ ဆေးလိပ်တိုတွေ ရှိတယ်
ဒါတွေ ညလယ်စာအဖြစ် ကျွန်တော်စားခဲ့တယ်
ကျွန်တော် သူ့ငယ်ချင်းတစ်ချို့ ဒီလိုပဲစားတယ်
"စိတ်ကို ကိုယ်ကလွှတ်ပြီး ကြပ်တည်းပါရစေ
နေပါစေ နေပလေ့စေ
အားလုံး တစ်လမ်းမောင်းပဲကောင်းပါတယ်"
ဘေးလူတွေကြည့်ရင်တစ်ယောက်မှ ပုံမလာဘူး
မာနတွေထိုးထိုးထောင်ထောင်နဲ့
စကားလုံးတွေ လူနဲ့မလိုက်အောင်
လုစားကြတယ်
အိပ်မက်တွေတော့ မချိုကြပါဘူး
ခဏ ခဏ
အတိတ် နဲ့ အနာဂါတ် ပိတ်ပြီးသာအိပ်ကြရတယ်
ပတ္တာတွေ တအီအီနဲ့
ကျွန်တော် ဖွင့်မိတဲ့ တံခါးတွေ
လေးလေးပင်ပင်ပွင့်သွားကြတယ်

......................... မောင်မိုးချို


မောင်မိုးချို၏လက်ရာများအနက်မှ ကျွန်တော် အကြိုက်ဆုံးကဗျာလေးဖြစ်ပါတယ်

အသစ်ဖြစ်သွားသော စကားလုံးအဟောင်းများ

ပြန်ကြည့်လိုက်ပါဦး

ဟော..ဟိုနားမှာ စကားလုံးတွေကျကျန်ခဲ့သလားလို့

မြင်မြင်သမျှက အသစ်အသစ်တွေချည်းပဲ

ငါကိုယ်တိုင်ကရော.....

ဘယ်နေရာမှာဝေးခဲ့တာလဲ

ငါလဲ ကမ္ဘာပတ်လမ်းကြောင်းထဲမှာပါ

စိတ်တွေကို ရေချိုးပေးရမှာလား

စွန်းခဲ့ဘူးတဲ့ အယူအဆတွေကို နှမြောတယ်..

နောက်လှည့်ကြည့်ရမလား

ရှေ့ကိုပဲမျှော်ကြည့်ရမလား

တချို့တွေပြောသလို

ကိုယ့်ရင်ထဲပဲ ကိုယ်ကြည့်မိမယ်“

ငါဟာ ဆွတ်ချူခဲ့သူလား

ခြွေချခဲ့သူလား..

တကယ်တော့

အဲဒီလို ဆွဲငင်အားတွေမှာနေရတာကိုက မုန်းစရာကောင်းနေတယ်

ငါကိုယ်တိုင်ကကို ဆွဲငင်ချင်ခဲ့တာ

အကြောင်းအရာတွေလေ

ဘယ်လိုမှကိုမလုံလောက်နိုင်ဘူး

ငါ့ကို သေးသေးမွှားမွှားလေးတွေအတွက် မပြောင်းလဲလိုက်ပါနဲ့

ဆက်ရန်ဆက်ရန် မနက်ဖြန်တွေက င့ါကို ကိုက်ဆွဲသွားသလားလို့

တရွတ်တိုက်ကို အဟောင်းအတိုင်းကြီး....

အဟောင်းအတိုင်းကြီး အလွန်တရာကြီးကျယ်တဲ့စကားလုံးတစုနဲ့

ဆွဲငင် ကပြ လုံလုံလောက်လောက်ကို တီးခေါက်ကြည့်လိုက်တယ်...

သံစဉ် အသစ်တွေကြားမှာ ငါ့စောင်းကြိုးတွေတိုနေပြီလား

ကိုယ်ကိုတိုင် တီးခတ်ကြည့်ပြီးမှ တိုမှန်းသိတာ နောက်ကျလွန်းနေပြီလား

တလိပ်လိပ်နဲ့ မေးခွန်းတွေက တစ တစ နဲ့ ပိုပြီးဟောင်းနွမ်းနေစေတုန်းပဲ

အသင့်လှပခဲ့ပြီးသော ကမ္ဘာမှာ

အရောင်အသစ်တွေနစ်နေတာကိုက

ငါ့ကို သေသေချာချာ ဟောင်းနွမ်းသွားစေတယ်

ဒီမှာ...........

မေတ္တာတရားသည်သာ အစစ်ရတနာဆိုရင်

ဒီကမ္ဘာကို ငါတယောက်ထဲ ထမ်းထားရဲတယ်
...............................................................

...............................................................

စာကြွင်း.. ဒီကဗျာဖတ်သူများ မျက်နှာမသစ်ကြပါနှင့်
စိတ်များသာ သစ်ပေးကြပါ
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အုပ်စိုးကြီးနှင့် ပေါင်းစပ်ရေးဖွဲ့သည်

" လ နှစ်ချောင်းငင် လူ "

" လ နှစ်ချောင်းငင် လူ "

အဲဒီစာလုံးပေါင်းသေချာပြီလား....?

သိတဲ့သူတွေ ပြောပြကြပါဦး

လူတယောက်ဖြစ်ဖို့ ' လ ' ကို နှစ်ချောင်းငင်ရုံပဲလား

ဘာတွေလာပြောနေတာလဲ လို့ ပက်ပက်စက်စက် ဝေဖန်ပစ်စမ်းပါ

ပန်းသီးစားတဲ့လူ...

အလွမ်းတေးသွားနဲ့လူ...

ဘယ် လူ က လူ အစစ်လဲ

ငါကကော.....ခင်ဗျားကကော.....

" မူရင်းမဟုတ်ပဲ အကုန်မိတ္တူဆွဲ

နင့်နှလုံးသားထဲ အတုတွေ အပြည့်မဟုတ်လား "

မပြောကြစမ်းပါနဲ့ ..အဲဒီ စိတ္တဇ နာမ်တွေကို

မျက်စိဆိုတာ အပိုပစ္စည်းမဟုတ်ဘူး...

အယူအဆတွေလား ....၀ါဒတွေလား ...ထားလိုက်စမ်းပါ...

တွေးကြည့်မနေနဲ့..ပြေးကြည့်လိုက်..ခေါင်းပူတယ်

သီအိုရီတွေ ဒိုင်မေးရှင်းတွေ အတွေးအခေါ်တွေ ကြိုတင်ကြံစည်မှုတွေ

တော်ပါပြီ..မပြောတော့ဘူး..

ဒီကဗျာကို တွေးပြီးရေးလိုက်တာကို မဟုတ်ဘူး

" လ နှစ်ချောင်းငင် လူ " ဖြစ်ကြောင်း ကိုယ့်ကိုကိုယ် သက်သေပြလိုက်တာ

ပက်ပက်စက်စက် ဝေဖန်သွားကြစမ်းပါ....
............... နောင်ရိုး

အလွမ်းရောင်ပြဇာတ်

အလွမ်းတွေက

ငါ့ကောင်းကင်တခုလုံး မှိုင်းညို့ပြာလွင်

ဗုံသံမပါပဲ ကကြိုးဆင်ခဲ့တယ်

မိကြယ်ဖြူရေ....

ညတွေနက်နက်လာတိုင်း

နင့်အရိပ်တခြမ်း

ငါ ...မမှီမကမ်းလွမ်းတယ်

လက်တဆန့်စာ ဝေးသွားရုံလေးပါပဲ

ငါမက်တဲ့ အိပ်မက်တွေက နင်ဖြစ်နေတာတော့

ခပ်တိုးတိုး ရှိုက်တဲ့ ဂစ်တာသံတွေတောင်........ဆွေးတယ်

လွတ်ကျသွားတဲ့ သတိရစိတ်တွေတိုင်းက

ငါ့ကို ရင့်ရော်သွားစေတယ်

မိကြယ်ဖြူရေ...

တခါတခါ ဖူးပွင့်လာတဲ့ ရနံ့တွေမှာ

သနပ်ခါးရနံ့လေးတွေ ကပ်ညှိပါနေတုန်းပဲ ကွဲ့

တခါတခါ ပြိုကျလာတဲ့ မိုးတိမ်တွေမှာ

နင့်အရိပ်တွေ ကပ်ညှိပါနေတုန်းပဲ ကွဲ့

တခါတခါ တီးခတ်မိတဲ့ ငါ့ဂစ်တာမှာ

နင့်သံစဉ်တွေ ကပ်ညှိပါနေတုန်းပဲ ကွဲ့

တခါတခါ ရေးသားမိတဲ့ ငါ့ကဗျာတွေမှာ

နင့်ကာရံတွေ ကပ်ညှိပါနေတုန်းပဲ ကွဲ့

မိကြယ်ဖြူရေ...

ငါတို့လက်တွေ ပြန်မဆက်နိုင်သေးတော့လဲ

မိုးတခြမ်း လေတခြမ်းနဲ့

( ငါနင့်ကို..)

သည်းသည်းမဲမဲ လွမ်းတယ်....။

ဖြစ်နိုင်ရင် ဒီကဗျာနဲ့ ဝေးဝေးနေပါ

ခင်ဗျားရဲ့ အသက်ရှူသံတွေ ခဏလောက်ငှားချင်တယ်

ကျွန်တော့စကားလုံးတွေ လေငတ်နေလို့....

အတွေးတွေနဲ့ ဆန်းသစ်ပြတာလား

စကားလုံးတွေနဲ့ လမ်းသစ်ပြတာလား

သေချာတာကတော့

ကျွန်တော်က ကဗျာဆရာမဟုတ်ဘူး

ကဗျာရေးသူသက်သက်

စကားလုံးတွေနဲ့ အဂ္ဂိရတ် ထိုးနေသူတယောက်

ခင်ဗျားပြောတဲ့ အတင်းတွေ သတင်းတွေ

ခင်ဗျားပြောတဲ့ အလင်းတွေ အမှောင်တွေ

ခင်ဗျားပြောတဲ့ အ၀ိဇ္ဇာတွေ တဏှာတွေ

ဖြစ်နိုင်ရင် ကဗျာဆိုတာကို ခဏမေ့ထားလိုက်ပါ

စကားလုံးတွေကခုန်တဲ့ ပြဇာတ်မှာ

ကျွန်တော်က ကားဆွဲ မီးထိုး သက်သက်မျှပဲ

လက်ထဲကထွက်ကျလာတဲ့အမှန်တရား....!!!!

ဖြစ်နိုင်ရင် ဝေးဝေးမှာ သွားထားလိုက်စမ်ပါ

အမှန်တရားဆိုတာ အမှားလှအောင် ဖန်တီးပေးထားတဲ့ အိမ်ဖြည့်သက်သက်ပဲ

ကျွန်တော်....

ခင်ဗျား......

သူ......

သူမ......

တခါတလေမှန်ပြဖို့ တတ်နိုင်သလောက်မှားပြခဲ့တယ်လေ

ဖြစ်နိုင်ရင်ဗျာ

(ရိုင်းတယ်မထင်ပါနဲ့)

ခင်ဗျားကိုယ်တိုင် ဒီကဗျာနဲ့ ဝေးဝေးမှာနေပေးပါ

...................................နောင်ရိုး.....

ခင်ဗျားအကြောင်းပြောရမှာ လည်ချောင်းနာတယ်

ခင်ဗျားအကြောင်းပြောရမှာ လည်ချောင်းနာတယ် လောကဓံ

ပိတ်ဆို့ထားတဲ့ နံရံတွေနဲ့ ဖောက်ထွက်ရဲတဲ့သတ္တိတွေက ခင်ဗျားကို စိန်ခေါ်နေတယ်

ခင်ဗျားကနာရီတွေကို စားသုံးနေတယ်ဆို

ကျူပ်တို့က နာရီတွေကို ချနင်းပြီး ခင်ဗျားကို တိုက်မယ်

ခင်ဗျားက ဆာလောင်ခြင်းတွေကို လက်နက်အဖြစ် အသုံးပြုတယ်ဆို

အဲဒီဆာလောင်ခြင်းတွေက ကျူပ်တို့က ၀မ်းဝစေတယ်

ခင်ဗျားမွှေးထားတဲ့မီးလေ....တစစနဲ့လောင်မြိုက်နေတယ်

ကျူပ်တို့ကလဲ ပြာမဖြစ်ခင် ခင်ဗျားဆီအရင်လွင့်ခဲ့မယ်

ခင်ဗျားရဲ့သတ္တိက ချုံခိုပြီး တိုက်ခိုက်တာတဲ့လား

ရင်ကော့ပေးထားပါတယ်.....ကြောက်တတ်ရင် အကြိမ်ကြိမ်သေတယ်

ကဲ..အခုတော့ ခင်ဗျားသွေးတဲ့ဓါးမှာ အဆိပ်ရည်လူး ဒီအရူးကို ထိုးစိုက်လိုက်ပါဦး

ခင်ဗျားအကြောင်းပြောရတာလဲ လည်ချောင်းနာတယ် လောကဓံ..။


နောင်ရိုး

ပန်းသွေးကျိမ်စာ

ကောင်းကင်တခြမ်းက မှောင်တလှည့် လင်းတလှည့်

" ငါ " ပျောက်နေတဲ့ အခွံတခွံ

ဥတုမှားနေတဲ့မျက်ဝန်းတွေနဲ့

ကျိမ်စာတွေ ရေရွတ်နေတယ်........

"" $#@!^%*#@"

.......အနမ်းတထပ် ပန်းတထပ်နဲ့ မျက်ရည်တွေ ကြွေစေသား.......

တခဏအတွင်းပဲ ကျိမ်စာသင့်သွားရဲ့

စီးကျလာတဲ့ ကောက်ကြောင်းတွေမှာ

ပန်းသွေး.........ပန်းတို့၏သွေး

( ရဲရဲနီစွေးခဲ့ချေပြီ)

နောင်ခေတ်အဆက်ဆက်မှာ

ပန်းခေတ် ........ပန်းသမိုင်း.....ပန်းသွေး

တူးဖော်မိကြစေသား.......

နမ်းရှိုက်ရင်း ကျိမ်စာသင့်ကြစေသားးးးးးးး.....။။။။။။။။။

........................(နောင်ရိုး)

ပျင်းလို့ရေးတဲ့အနမ်း

အလွမ်းလား

တခါတခါတော့လဲ ပုပ်အက်အက် အနံ့အသက်နဲ့

ရင်ထဲကို ထိုးသိပ်ထည့်ထားလိုက်ချင်ရဲ့

အိပ်မက်တွေ ကန့်လန့်ခွဲခံရတဲ့ညမှာ

လရောင်ကလဲ ညှီစို့စို့နဲ့

တစက်စက်ကို စိုကျနေတယ်

တချို့တွေက ကိုးကွယ်သတဲ့

တချို့တွေက အပျင်းပြေသတဲ့

ဒါကိုပဲ အချစ်လို့ခေါ်သတဲ့လား

နှစ်ယောက်ရှိမှ ဖြစ်တည်မယ့်အရာကို အနမ်းဟုခေါ်သည်

ကန့်ကွက်ချင်သူများ စာရင်းပေးနိုင်သည်

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ထိုကဗျာအား လေပြည်အားဖြင့်လည်းကောင်း

လိပ်ပြာတကောင်အားဖြင့်လည်းကောင်း

အထိအခိုက်မရှိစေရ.....

.................................(နောင်ရိုး)

ကဗျာတကောင်၏ ကတိုက်ကရိုက် လင်္ကာ

မြို့ပြည // အတ္ထုပ္ပတ္တိအပိုင်းအစ // မပြီးနိုင်သော ပန်းချီကားတချပ်..

ရင်ဘတ် // ကျောက်ဖြစ်ရုပ်ကြွင်း // ချနင်းထားသော ဦးနှောက်တခြမ်း..

ကာရံ // ဆေးလိပ်တို // နတ်သမီး မီးခြစ်ဆံတစ်ချောင်း..

အတောင်ပံ // လွင့်လွင့်လူးလူး // မိုးမိလိပ်ပြာ..

ဝိဥာည် // ပူးတုံ့ခွာတုံ့ည // အိပ်မက် // ဆိုး..

မိုးသောက် // ရေ // မျက်နှာ // ယမကာ..

ဖိနပ်စုတ် // လဲရန်မရှိသော // ပစ္စည်းမဲ့ဝါဒီ // လူတန်းစား..

လွယ်အိတ် // ငွေနှစ်ရာ // လေထန်ကုန်း // အချိန်မှီ..

ပလေတိုးနစ် // ရီရယ်လစ်ဇင် // ပို့စ်အပိုင်းအစ // တဖွဖွ..

စာအုပ်တိုက် // ထုတ်ဝေသူ // အရင်းရှင်စနစ်လက်ကျန်ဒဿန..

နေ၀င် // ကားခ // ငှားရမ်းခြင်းနိယာမ // အပြန်လမ်း..

ဆည်းဆာ // ယမကာ // အစားမထိုးနိုင်သော // လေထန်..

နီယွန်မီးတိုင်များ // လင်းတုံ့မှိန်တုံ့ // ပလက်ဖောင်းများ..

လှေကား // ဂုံးကျော်တံတား // သော့မရှိတဲ့တံခါး..

အတွေး // ရီဝေေ၀ // ကာရံ // အလွဲအမှားရင်ခတ်သံ..

(အဲဒီညက ကြယ်တွေအိပ်တန်းပြန်နောက်ကျတယ်)

နောင်ရိုး