Subscribe:

တန်ဖိုးနည်းအိမ်ယာ




အရေပြားအနှံတက်တူးထိုးပြီးကာစ အခြေအနေလို
နေရာပေါင်းစုံမှာ နာကျင်မှုတွေ တွယ်ကပ်နေ
သွေးလွှတ်ကြော ၊ သွေးပြန်ကြော အားလုံး
လားရာဆန့်ကျင်လျှက် စီးဆင်း
အသက်ရှူမ၀သလို အလုအယက်
ကိုယ့်နာမည်ကိုဖွဖွလေး လက်ခုပ်ထဲ ထည့်လို့
ပတ်သက်သမျှဟာ အလဂျစ်ထနေတယ်
အိမ်ကလေး ။

ပြတ်ရာ ရှရာတွေ တစ်ခုပေါ်တစ်ခု ထပ်
အော့အန်ပစ်လိုက် ဖို့တောင်
အစာအိမ်ထဲမှာ အစာမရှိ
ခေတ်ပညာတတ်တစ်ယောက်ရဲ့ အိပ်တန်းပြန်ချိန်ဟာ
အမှိုက်အဟောင်းတွေလို ထိုးသိပ်ထည့်ခံရ
မာကျူရီ မီးရောင်အောက်မှာ
နေလောင်ခံ အရေပြားစတွေ ဖွေးကနဲ လက်ကနဲ
အိမ်ကလေး။

အိမ်ကလေးတစ်လုံးအတွက်
ကိုယ်ဟာ အသက်ကို ခပ်ကြမ်းကြမ်း
မွေးမြူနေခဲ့ရ၊ ၀မ်းနည်းနေခဲ့ရ၊ ပျှော်ရွှင်နေခဲ့ရ

“ခင်ဗျားသားရဲ့ အဖေဟာ ခင်ဗျားမဟုတ်ပဲ
ခင်ဗျားရဲ့ ဘွဲ့လက်မှတ်ပဲ ဖြစ်ရလိမ့်မယ်”
လိုအပ်ခြင်းနဲ့ မလိုအပ်ခြင်း ကြားမှာ
အလွှာပါးပါးလေး ခြားနေတယ်
လူ့အဖွဲ့အစည်းဟာ ကွန်ပျူတာတစ်လုံးပဲ
ဝမ်းခေါင်းသံပါတဲ့ ရှက်ရွံ့မှုတွေရဲု့အဆုံးမှာ
အိမ်ကလေး ။

ကြမ်းရှပူနွေးတဲ့ လက်အစုံပေါ်မှာ
နုညံ့ပြီး ပွင့်ဖတ်လေးနဲ့ တူတဲ့ အသက်ရှူသံတွေရှိတယ်
ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်စဉ်ဟာ
ပစ္စုပ္ပန်ကို မြေပေါ်မှာ ဒရွတ်ဆွဲသွား
သွေးရိုးသားရိုး အမှားမျိုးဆိုတာ
ဘယ်လိုအရောင် ဘယ်လိုအရသာလဲ
သုံးဆင့်ချိုင့် ချောင်ချောင်ကလေးလိုပါပဲ
အသင်ရှင်နေထိုင်မှုက
လျော့ရဲပြီး တွဲကျနေတယ် ။

လက်သန်းတစ်ချောင်းလုံး ဒဏ်ရာတွေ အပြည့်ပဲ
သွေးစတွေ ပြည်ဝတ်တွေ နံစော်မှု့တွေနဲ့
ဘာကိုမှ ဆုပ်ကိုင်မထားချင်လောက်အောင်
မင်းရဲ့အဖျားက ကူးစက်လာပြီ
ရှင်သန်မှုတွေက အမြစ်ကစပြီး ပေါက်ထွက် ကုန်ကြ
ခြေဖ၀ါးကြားက တိမ်စတွေ
ဒီအတိုင်းပဲ ထားလိုက်ကြတာပေါ့
မအားလပ်တဲ့ ကြားကပဲ
သက်ပြင်းကို အချိန်လုပြီး မှုတ်ထုတ်ရ
စကားလက်စ် ဂျိုဟန်ဆန်(မ်)ရဲ့ အလှကို ဆိုင်ကယ်ပေါ်တင်ပြီး
တောင်ကြီး မြို့အနှံ့ လျှောက်လည်ဖြစ်ဦးမယ်ထင်မိ
ရုတ်တရက် မိုးရွာလိုက်သလား
စကားသံတွေဟာ ထက်မြလွန်းနေခဲ့
ငှက်ပျောပင်ရဲ့ အစည်းတွေလိုပဲ
ကိုယ်ဟာ မျက်ရည် အရမ်းလွယ်တယ် ။
နောက်ပြီး မလိုအပ်တာတွေကိုပါ
တနင့်တပိုးလွယ်လွယ် ထားတတ်သေးတယ်
ဘ၀သေးသေးလေးနဲ့ပါ
အိမ်ကလေး  ။

လူလေးငါး ယောက်ကိုပဲ မြိုထားမဲ့
အမိုးအကာနဲ့ သွေးနွေး သတ္တ၀ါ
အများသုံး အိမ်သာလောက်မှ သန့်ရှင်းမှု မရှိတဲ့
လုပ်ရပ်နဲ့ စိတ်ကူးစိတ်သန်း တစ်ချို့
ကိုယ့်မှာ ရှိနှင့်နေခဲ့တယ်
အနာတရတွေကို ထွေးထုတ်ရင်း
အော် ညည်းဖို့ကို မေ့နေသလိုပါပဲ
မောပမ်းရင်းနဲ့ ပြေးနေခဲ့ရ
လူ့အဖွဲ့စည်းနဲ့ ယဉ်းကျေးမှုတန်ဖိုးဟာ
လိုက်မမှီအောင် တရိတ်ရိတ် မြင့်တက်လာခဲ့
ရာတန် ခပ်လတ်လတ် တစ်ရွက်လောက် များရှိရင်
လန်ဒန်စီးကရက်တစ်လိပ်လောက်
အားပါးတရ ၀ယ်သောက်ပစ်လိုက်ဦးမယ်
လင်းထက်အောင်နဲ့လည်း သိပ်မတွေ့ဖြစ်တော့ဘူး
အာရုံတွေကို အံသွားနဲ့ ဖိကြိတ်ဝါးနေရင်း
အိမ်ကလေး ။

အမေရယ်၊ မမသဲရယ်၊ ဒဏ်ရာရ မီးသီးတွေရယ်
ဆောင်းတွင်းအတွက် အိပ်ယာကလေး ပြင်ဆင်ထားမယ်
မျက်လုံးတွေလဲ ကျိန်းစပ်ပူလောင်လို့
မနက်ဖြန်ဟာဘယ်လို ရပ်နေလဲဆိုတာတောင်
ကြည့်ဖို့ အဆင်မပြေဘူး
ငွေကြေး ၊ဘွဲ့လက်မှတ် ၊ အနာဂတ်အာမခံချက်
ကိုယ့်ကို လက်မထပ်ပါနဲ့တော့ အချစ်ရယ်
ဒါတွေကိုပဲ သေချာလေး သယ်ယူသွားလိုက်ပါ
လိင်လိုအပ်ချက်က လွဲလို့ပေါ့
ဒါဆို မင်းအိမ်ထောင်ကျသွားပြီလေ
ဒါဟာမင်းရဲ့ လက်ထပ်ပြီးစီးခြင်း လက္ခဏာပဲ
ခံစားမှုဝါဒီတစ်ယောက်ရဲ့ ကျဆုံးခြင်းဟာ
သူ့ကိုယ်သူ ပိုင်ဆိုင်နေခြင်းပဲ ဖြစ်နေလိမ့်မယ် ။

ပင်လယ်ကဗွီးပင်၊ မိန်းမတစ်ယောက်ရဲ့ပြင်းထန်လှတဲ့ စွပ်စွဲချက်
ပညာတတ်အန်ဖတ်  ၊အပေါင်လက်မှတ်
ချစ်သူရဲ့ လျော့ရဲလုနီးပါး အသားစိုင်များ
ဘွဲ့လက်မှတ် ၊အကျင့်စာရိတ္တကောင်းကြောင်းထောက်ခံစာ
အားလုံးကို ထားခဲ့လိုက်တော့မယ်
အိမ်ကလေး
၂၀၀၂ ခုနှစ် ၁၉၉၅ ခုနှစ် ၊ ၂၀၁၂ ခှနှစ် ။
မသေခင်မှာ ရောက်ခဲ့ချင်တယ်
အလင်းရောင် ကောင်းကောင်းနဲ့ မြင်ခဲ့ချင်တယ်
အသက်မျှင်းမျှင်း ရှူနေရတဲ့
ကိုယ် အရေပြားရောဂါသည်လို
အနိုင်နိုင် ရပ်တည်နေရ ၊ ဖွင့်ထုတ်နေရ
ဝမ်းခေါင်းထဲက ထွက်လာတဲ့ အံဖတ်တွေနဲ့
ဆောက်လုပ်ထားတယ်
အကြော အပြိုင်းပြိုင်းထနေတဲ့ လက်အစုံနဲ့
အုပ်မိုး ကာကွယ်ထားတယ်
ဘာသာတရားရဲ့ လှစ်လျုရူမှုကို ခံနေရတယ်
အိမ်ကလေး  ။   ။
                           -    မောင်မိုးမြင့်
                                 ၄.၅.၂၀၁၂


( ဒီကဗျာကို ဖတ်အပြီးမှာ ကျွန်တော် ရွတ်ကြည့်ချင်စိတ်ဖြစ်လာတယ် ။ ဒါကြောင့် ရွတ်ဆိုဖြစ်ခဲ့ပါတယ်
တန်ဖိုးနည်းအိမ်ယာ ရွတ်ဆိုမှု အသံဖိုင်အား အောက်ပါလင့်ခ်တွင် ဒေါင်းလုပ်ရယူခံစားနိုင်ပါတယ် ။
မောင်မိုးမြင့် ၏ ကဗျာအား မင်းလုလင်မှ ပြန်လည်ရွတ်ဆိုခြင်းပါ )

တန်ဖိုးနည်းအိမ်ယာ ( အသံဖိုင် )

- မင်းလုလင် -

0 comments:

Post a Comment