Subscribe:

နှင်းဆီဝိုင် ၊ တိမ်ပြိုမိုး ၊ ပြီးတော့ မနက်ဖြန် ခင်ဗျား ဘာကားဆက်ရိုက်မလဲ



နှင်းဆီပန်းလေးတစ်ပွင့်ရဲ့ ကောက်ကြောင်းမှာ
ကောင်းကင်တစ်ခြမ်း အနာတရ ၊
မိုးတွေ တစက်စက် စီးကျ ၊
ဒါ ကောင်းကင်ရဲ့ သွေးစက်တွေ ၊
ကိုယ့်အသံကို ပလာစတာကပ်ပေးပါ ။
အနာတရတွေ ။ အမှတ်တရတွေ
တယုတယထွေးပိုက်ထားတော့လည်း နာ နာ နာကျင်မှုတွေ ။
တွေဝေနေ လက်ဖျံတွေထဲ ။
ကျစ်ဆံမြီးကလေးထဲ နှင်းဆီပန်းကလေး
သူမ မသိအောင် ထိုးစိုက် ၊ ကမ္ဘာကြီးက ရယ်ပွဲဖွဲ့နေရဲ့
ကိုယ့်ချစ်ခြင်းမေတ္တာအကြောင်း ။
သွေးထွက်သံယိုတွေအကြောင်း ။
မိုးတွေသည်းလာပြီ ။
အမှောင်ဟာ နေသားတကျ ။
သနပ်ခါးပန်းပွင့်လေး မနက်ဖြန်မနက်ကို
မျှော်နေမလားပဲ ။ မွှေးမွှေးမြမြ ။
စာရေးစားပွဲအံဆွဲကလေးထဲမှာ ၊ ကွန်ပါဘူးကလေးထဲမှာ ၊
ပြီးတော့ ကားတံခါးလက်ကိုင်ကြားမှာ ၊ နှင်းဆီပန်းကလေးတွေဟာ
သိပ်ကိုစူးရဲမွှေးမြလွန်းရဲ့ ။
သူမရယ်တယ် ကျွန်တော်ရူးတယ်
ပုံမှန်ဖြစ်စဉ်မှာ အိပ်မက်တွေပြိုကျလာသလို
မဖြစ်မနေမို့ပါ ဆက်သွယ်မှုဧရိယာဟာ သိမှုရဲ့မနီးမဝေးမှာ
စက္ကူလေယာဉ်ပျံကလေးရဲ့ ခေါက်ရိုးရာတွေအတိုင်း ကျွန်တော် တွန့်ကြေလို့ ။
ဒီ့ထက်ပိုဝေးလည်း ဒီ့ထက်ပိုမဝေးတော့ပါဘူး ကဗျာနဲ့ ၊
အိပ်ထောင်ထဲက ခုန်ထွက်လာတဲ့ ငါးမူးစေ့ကလေးနဲ့ ၊
ဘယ်လိုတရားမျိုးနဲ့မှလည်း ဖြေလို့မရမှန်း သိသိကြီးနဲ့ ။
ရူး . . . ။
လျော့ရဲလာမှုဟာ အသံတိတ် ။
ခရမ်းရောင်ပန်းပွင့်လေးတွေ ပြာတွေ ကြွေကျလာပေါ့
စကားမစပ် .. တိမ်တွေပြိုကျလာတဲ့ မြင်ကွင်းကို
ဝိုင်တစ်ခွက်သောက်ရင်း ကြည့်ဖူးသလား ။
သူမနဲ့ ကျွန်တော် အရေပြားချင်း စကားတွတ်ထိုးခဲ့ကြ ၊
နှုတ်ခမ်းချင်း ကူးလူးဆက်ဆံခဲ့ကြ ၊
တိမ်တွေသာ ပြိုကျမလာရင် သိပ်ကောင်းမှာပဲ ။
လက်တွေမှာ ချွေးစေးတွေ အပြည့် ။
စိတ်မှာ အတိတ်တွေအပြည့်နဲ့ မျက်စိတဆုံး ။
လက်အဆန့်မှာ မိုးတွေ အဆက်မပြတ်ရွာတယ် ။
သူမ ပျော်ပါလေစ ။ မနက်ဖြန်တွေဆီ ။
ဟော .. တိမ်ပြိုမိုးတွေ ရွာချလိုက်ပြီ ။
ကိုယ့်လက်ဖဝါးကို ကိုင်ထားစမ်းပါ အချစ် ..
မနက်ဖြန်ဆိုရင် စက္ကူလေယာဉ်ပျံကလေးစီးပြီး
ရုပ်ဝတ္ထုမြို့တော်ရဲ့ အဝေးကို ထွက်သွားကြမယ့်
ခရီး ။

- ဆူးခက်မင်း - မင်းလုလင် -

တန်ဖိုးနည်းအိမ်ယာ




အရေပြားအနှံတက်တူးထိုးပြီးကာစ အခြေအနေလို
နေရာပေါင်းစုံမှာ နာကျင်မှုတွေ တွယ်ကပ်နေ
သွေးလွှတ်ကြော ၊ သွေးပြန်ကြော အားလုံး
လားရာဆန့်ကျင်လျှက် စီးဆင်း
အသက်ရှူမ၀သလို အလုအယက်
ကိုယ့်နာမည်ကိုဖွဖွလေး လက်ခုပ်ထဲ ထည့်လို့
ပတ်သက်သမျှဟာ အလဂျစ်ထနေတယ်
အိမ်ကလေး ။

ပြတ်ရာ ရှရာတွေ တစ်ခုပေါ်တစ်ခု ထပ်
အော့အန်ပစ်လိုက် ဖို့တောင်
အစာအိမ်ထဲမှာ အစာမရှိ
ခေတ်ပညာတတ်တစ်ယောက်ရဲ့ အိပ်တန်းပြန်ချိန်ဟာ
အမှိုက်အဟောင်းတွေလို ထိုးသိပ်ထည့်ခံရ
မာကျူရီ မီးရောင်အောက်မှာ
နေလောင်ခံ အရေပြားစတွေ ဖွေးကနဲ လက်ကနဲ
အိမ်ကလေး။

အိမ်ကလေးတစ်လုံးအတွက်
ကိုယ်ဟာ အသက်ကို ခပ်ကြမ်းကြမ်း
မွေးမြူနေခဲ့ရ၊ ၀မ်းနည်းနေခဲ့ရ၊ ပျှော်ရွှင်နေခဲ့ရ

“ခင်ဗျားသားရဲ့ အဖေဟာ ခင်ဗျားမဟုတ်ပဲ
ခင်ဗျားရဲ့ ဘွဲ့လက်မှတ်ပဲ ဖြစ်ရလိမ့်မယ်”
လိုအပ်ခြင်းနဲ့ မလိုအပ်ခြင်း ကြားမှာ
အလွှာပါးပါးလေး ခြားနေတယ်
လူ့အဖွဲ့အစည်းဟာ ကွန်ပျူတာတစ်လုံးပဲ
ဝမ်းခေါင်းသံပါတဲ့ ရှက်ရွံ့မှုတွေရဲု့အဆုံးမှာ
အိမ်ကလေး ။

ကြမ်းရှပူနွေးတဲ့ လက်အစုံပေါ်မှာ
နုညံ့ပြီး ပွင့်ဖတ်လေးနဲ့ တူတဲ့ အသက်ရှူသံတွေရှိတယ်
ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်စဉ်ဟာ
ပစ္စုပ္ပန်ကို မြေပေါ်မှာ ဒရွတ်ဆွဲသွား
သွေးရိုးသားရိုး အမှားမျိုးဆိုတာ
ဘယ်လိုအရောင် ဘယ်လိုအရသာလဲ
သုံးဆင့်ချိုင့် ချောင်ချောင်ကလေးလိုပါပဲ
အသင်ရှင်နေထိုင်မှုက
လျော့ရဲပြီး တွဲကျနေတယ် ။

လက်သန်းတစ်ချောင်းလုံး ဒဏ်ရာတွေ အပြည့်ပဲ
သွေးစတွေ ပြည်ဝတ်တွေ နံစော်မှု့တွေနဲ့
ဘာကိုမှ ဆုပ်ကိုင်မထားချင်လောက်အောင်
မင်းရဲ့အဖျားက ကူးစက်လာပြီ
ရှင်သန်မှုတွေက အမြစ်ကစပြီး ပေါက်ထွက် ကုန်ကြ
ခြေဖ၀ါးကြားက တိမ်စတွေ
ဒီအတိုင်းပဲ ထားလိုက်ကြတာပေါ့
မအားလပ်တဲ့ ကြားကပဲ
သက်ပြင်းကို အချိန်လုပြီး မှုတ်ထုတ်ရ
စကားလက်စ် ဂျိုဟန်ဆန်(မ်)ရဲ့ အလှကို ဆိုင်ကယ်ပေါ်တင်ပြီး
တောင်ကြီး မြို့အနှံ့ လျှောက်လည်ဖြစ်ဦးမယ်ထင်မိ
ရုတ်တရက် မိုးရွာလိုက်သလား
စကားသံတွေဟာ ထက်မြလွန်းနေခဲ့
ငှက်ပျောပင်ရဲ့ အစည်းတွေလိုပဲ
ကိုယ်ဟာ မျက်ရည် အရမ်းလွယ်တယ် ။
နောက်ပြီး မလိုအပ်တာတွေကိုပါ
တနင့်တပိုးလွယ်လွယ် ထားတတ်သေးတယ်
ဘ၀သေးသေးလေးနဲ့ပါ
အိမ်ကလေး  ။

လူလေးငါး ယောက်ကိုပဲ မြိုထားမဲ့
အမိုးအကာနဲ့ သွေးနွေး သတ္တ၀ါ
အများသုံး အိမ်သာလောက်မှ သန့်ရှင်းမှု မရှိတဲ့
လုပ်ရပ်နဲ့ စိတ်ကူးစိတ်သန်း တစ်ချို့
ကိုယ့်မှာ ရှိနှင့်နေခဲ့တယ်
အနာတရတွေကို ထွေးထုတ်ရင်း
အော် ညည်းဖို့ကို မေ့နေသလိုပါပဲ
မောပမ်းရင်းနဲ့ ပြေးနေခဲ့ရ
လူ့အဖွဲ့စည်းနဲ့ ယဉ်းကျေးမှုတန်ဖိုးဟာ
လိုက်မမှီအောင် တရိတ်ရိတ် မြင့်တက်လာခဲ့
ရာတန် ခပ်လတ်လတ် တစ်ရွက်လောက် များရှိရင်
လန်ဒန်စီးကရက်တစ်လိပ်လောက်
အားပါးတရ ၀ယ်သောက်ပစ်လိုက်ဦးမယ်
လင်းထက်အောင်နဲ့လည်း သိပ်မတွေ့ဖြစ်တော့ဘူး
အာရုံတွေကို အံသွားနဲ့ ဖိကြိတ်ဝါးနေရင်း
အိမ်ကလေး ။

အမေရယ်၊ မမသဲရယ်၊ ဒဏ်ရာရ မီးသီးတွေရယ်
ဆောင်းတွင်းအတွက် အိပ်ယာကလေး ပြင်ဆင်ထားမယ်
မျက်လုံးတွေလဲ ကျိန်းစပ်ပူလောင်လို့
မနက်ဖြန်ဟာဘယ်လို ရပ်နေလဲဆိုတာတောင်
ကြည့်ဖို့ အဆင်မပြေဘူး
ငွေကြေး ၊ဘွဲ့လက်မှတ် ၊ အနာဂတ်အာမခံချက်
ကိုယ့်ကို လက်မထပ်ပါနဲ့တော့ အချစ်ရယ်
ဒါတွေကိုပဲ သေချာလေး သယ်ယူသွားလိုက်ပါ
လိင်လိုအပ်ချက်က လွဲလို့ပေါ့
ဒါဆို မင်းအိမ်ထောင်ကျသွားပြီလေ
ဒါဟာမင်းရဲ့ လက်ထပ်ပြီးစီးခြင်း လက္ခဏာပဲ
ခံစားမှုဝါဒီတစ်ယောက်ရဲ့ ကျဆုံးခြင်းဟာ
သူ့ကိုယ်သူ ပိုင်ဆိုင်နေခြင်းပဲ ဖြစ်နေလိမ့်မယ် ။

ပင်လယ်ကဗွီးပင်၊ မိန်းမတစ်ယောက်ရဲ့ပြင်းထန်လှတဲ့ စွပ်စွဲချက်
ပညာတတ်အန်ဖတ်  ၊အပေါင်လက်မှတ်
ချစ်သူရဲ့ လျော့ရဲလုနီးပါး အသားစိုင်များ
ဘွဲ့လက်မှတ် ၊အကျင့်စာရိတ္တကောင်းကြောင်းထောက်ခံစာ
အားလုံးကို ထားခဲ့လိုက်တော့မယ်
အိမ်ကလေး
၂၀၀၂ ခုနှစ် ၁၉၉၅ ခုနှစ် ၊ ၂၀၁၂ ခှနှစ် ။
မသေခင်မှာ ရောက်ခဲ့ချင်တယ်
အလင်းရောင် ကောင်းကောင်းနဲ့ မြင်ခဲ့ချင်တယ်
အသက်မျှင်းမျှင်း ရှူနေရတဲ့
ကိုယ် အရေပြားရောဂါသည်လို
အနိုင်နိုင် ရပ်တည်နေရ ၊ ဖွင့်ထုတ်နေရ
ဝမ်းခေါင်းထဲက ထွက်လာတဲ့ အံဖတ်တွေနဲ့
ဆောက်လုပ်ထားတယ်
အကြော အပြိုင်းပြိုင်းထနေတဲ့ လက်အစုံနဲ့
အုပ်မိုး ကာကွယ်ထားတယ်
ဘာသာတရားရဲ့ လှစ်လျုရူမှုကို ခံနေရတယ်
အိမ်ကလေး  ။   ။
                           -    မောင်မိုးမြင့်
                                 ၄.၅.၂၀၁၂


( ဒီကဗျာကို ဖတ်အပြီးမှာ ကျွန်တော် ရွတ်ကြည့်ချင်စိတ်ဖြစ်လာတယ် ။ ဒါကြောင့် ရွတ်ဆိုဖြစ်ခဲ့ပါတယ်
တန်ဖိုးနည်းအိမ်ယာ ရွတ်ဆိုမှု အသံဖိုင်အား အောက်ပါလင့်ခ်တွင် ဒေါင်းလုပ်ရယူခံစားနိုင်ပါတယ် ။
မောင်မိုးမြင့် ၏ ကဗျာအား မင်းလုလင်မှ ပြန်လည်ရွတ်ဆိုခြင်းပါ )

တန်ဖိုးနည်းအိမ်ယာ ( အသံဖိုင် )

- မင်းလုလင် -

သတ်ပုံမမှန်တဲ့ဓါတ်ပုံ





နံရံပေါ်က လေးထောင့်ဘောင်ထဲမှာ ကိုယ့်ကိုကိုယ် ပြန်မြင်လိုက်ရခြင်းဟာ
သမိုင်းတွင်ကျန်ရစ်စေဖို့အထောက်အထား ဖြစ်နိုင်သည် မဖြစ်နိုင်သည် စသည်
အကြောင်းတရားဟာ အကြောင်တရားရဲ့နောက်မှာ မျက်နှာလိုမျက်နှာရ ဟင်းဖတ်
ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဘ၀ကူးကောင်းစေဖို့ DJ ကောင်းကောင်းတစ်ယောက်
လိုအပ်နေတဲ့ ကွက်လပ်ဟာ အစက်အပြောက်ပေါင်း မြောက်များစွာ
အကိုင်းလွတ်ရုံလေး ခုတ်ထွင်ပစ်လိုက်ရတဲ့ စာရိတ္တပေါင်းသောင်းခြောက်ထောင်

ရိုးမြေကျပိုးသတ်ဆေးဖြန်းဖို့လိုနေတဲ့ နိဗ္ဗာန်ဟာ လှေကားဘယ်နှစ်ထစ်မှာ ဒေါက်ပြုတ်နေတဲ့ ကြိုးစင်
ကချင်တဲ့အခါတော့လဲ စင်ပေါ်တက်လာရုံပေါ့ မိုက်ကရိုဖုန်းကို အသံစမ်းပါ ထိတွေ့နေတဲ့လေနုအေးဟာ
အသက်ရှင်နေသေးကြောင်း ဥပမာ ပြောရရင်တော့ ခပ်ယဲ့ယဲ့မွေးဓါတ်ကိုလှုပ်ရှားစေခြင်းအလို့ငှာ
ဘေးထွက်ဆိုးကျိုးအပြည့်ပါမှန်းသိတဲ့ အောင်စိတ်ကို အိပ်ကပ်ထဲ လိုရမယ်ရ ဆောင်ထားတယ်
မိုးခေါင်တိုင်းဆွဲမိတဲ့သိက္ခာတရားအစွန်းအစနှစ်ဖက် ဖွာလန်ကြဲ အကာအရံဟာဆဲဆိုခံရမှု ကာရံမဲ့ ၏
ဒီလိုမနေနဲ့ ဒီလိုနေတဲ့အခါဇယားဟာ စားပွဲတင်ဇွန်းခွက်ထဲက မှင်ရည်လွတ်ဗလာ
ပြိုင်ပွဲဝင်အဇ္ဈတဆိုတော့လဲ မျှမျှတတ တသသရှိကြရုံအပြင် နောက်ထပ်ရှိနိုင်ဦးမဲ့အရာဟာ စည်း လွတ်
ဝါးလွတ် ၀ါဒ ။ ။ ဗျာ . . . ကမ္ဘာကြီးက ကဗျာဆရာကို ရိုသေသည်တဲ့လား ။


- မင်းလုလင် - 

ကျောနံပါတ် စပိတ်တစ်



အရုပ်သက်သက်ပစ္စုပ္ပန်ထဲမှာ တွေးမိတွေးရာတိုင်းဟာ ဟာကွက်တွေနဲ့
သို့မဟုတ် ဟာသတွေနဲ့ ချို့တဲ့လာတဲ့ မျက်နှာအရေပြားတွန့်ရှုံ့မှုကို
Recycle လုပ်ပစ်လိုက်တယ် နေရာအနှံ့ အမှောင်ဟာခေါက်ရိုးကျိုး နေသလို
ရိုကျိုးပစ်လိုက်တဲ့ နာကျင်မှုတွေ အစိမ်းရောင်ရပ်တည်မှုဟာ ညိုးရော်နွမ်းလျ
အ၀ါရောင် မြို့ပြ နဲ့ သူ့အကြောင်းတွေးတိုင်း အိပ်လို့မပျော်ပါဘူး ဆိုတာတွေ
ပွဲနေပွဲထိုင်မို့ပါ လူအဟောင်းကြီးကို ဖိနပ်အသစ်ထဲထိုးသွင်းလာတယ်
မျက်လုံးလေး တိုးတိုးပိတ်ပြီး အသံဖွဖွလေးတွေကို လိုက်ကြည့်မိတော့လဲ
မနက်ဖြန်က နီးနီးလေး မမြင်ရဘူး အသဲကွဲပုံတက်တူးအဟောင်းနဲ့
အမှောင်ဘက်အခြမ်းမှာမှောက်ထားတဲ့ရင်ဘတ် ညဂစ်တာအပြာ လွင့်
နေတဲ့စိတ်ဓါတ်တစွန်းတစဟာ ညာဖက်လက်ဆန့်တိုင်း  ညဖက်လက်ဆန့်တိုင်း
ယုံကြည်မှုတွေခုန်ထွက်လာတယ် တနင်္ဂနွေအကြောင်းမတွေးဖြစ်တော့ဘူး
မရေးဖြစ်တော့တဲ့ဘေးထွက်ဆိုးကျိုးတွေ အရေခွံကိုခရမ်းရောင်အဖြစ် ပြောင်း
လဲတပ်ဆင်ခြင်းသတင်းဟာဦးနှောက်ရဲ့ညာဖက်သွေးရောင်မသန်းတဲ့ နေ့ရက်တွေထဲ
မွေးရာပါလာတဲ့ဝါသနာပျောက်ဆုံးနေတဲ့အခိုက်အတန့်ပဲ ဆိုတော့ ပုံစံတူ
နောက်ထပ်ရှိနေဦးမလားလို့ အကျီ င်္ကြယ်သီးဖြုတ်လိုက်တယ် ။

- မင်းလုလင် -

စိတ်ရုပ် ( မွေးနေ့အမှတ်တရ တပ်ဆင်ခြင်း )



အမှာစာ
အမှာစာမရှိပဲ ပန်းတွေပွင့်ခဲ့ကြတာ ကမ္ဘာဦးအစကတည်းက လို့ မောင်သိန်းဇော်က ဆိုပါတယ်။
မွေးနေ့အမှတ်တရပေါ့ဗျာ
ကိုယ့်ကိုကိုယ် ကဗျာတွေနဲ့တပ်ဆင်ပြီး ခင်ဗျားတို့ကိုတင်ဆက်လိုက်တယ် ။

လေးစားစွာဖြင့်
- မင်းလုလင် -


ခေတ်ပြိုင်ကဗျာဆရာတို့ရဲ့ ဖန်တီးမှုလက်ရာကောင်းကောင်းတွေကို စုစည်းထားမှုလေးတစ်ခုပါ ။
ဖတ်ကြည့်ချင်တယ်ဆိုရင်တော့ . . . ဒီနေရာမှာ  ဒေါင်းလုပ်ရယူနိုင်ပါတယ် ။

စိတ္တဇ



စိတ် ။
အစ တစ်စ ။
လွှတ်မြောက်ပစ်နိုင်ခြင်းမရှိသော
တစ်အစ တစ်အဆုံး ။
လူကြိုက်များတဲ့ ဈေးကွက်မှာတော့
ရူးတယ်ပဲ ဆိုကြပါတော့ ။ သံပြိုင် ။
အစ ( အဆုံးမရှိတဲ့ အစ ) တစ်စ ။
စိတ် ။

- မင်းလုလင် -

သတိရခြင်းဆိုတာကလဲ ရယ်မောခြင်းအတတ်ပညာပဲ ကိုဘခက်



သံလမ်းပေါ်မှာ အက်ကွဲကြောင်းတွေထဲမှာ ကော်ဖီခွက်တွေအပူချိန်လျော့လာပြီ ကိုဘခက်
ဒါ  Shock ပဲ ထိလွယ်ကွဲကြေလွယ်လူငယ်ဘ၀ဆိုတာ သွေးအေးဖို့ကျ သိပ်ခက်နေပြန်ရော
နေ့ ည လေရသည် ဆိုတဲ့ဆိုင်းဘုတ်ဟာ ညနေကပြိုကျသွားတယ် ဒီအရည်တွေကို မျိုမကျတော့ပါဘူး
လက်ဆောင်ပေးခြင်းသည်းခံပါ  မင်္ဂလာဆောင်ခြင်းကို သည်းခံပါ ဆောင်းဘောက်စ်ကျယ်ကျယ်ဖွင့်ခြင်း
ကျွန်တော်သည်းမခံနိုင်တော့ဘူး ကိုဘခက် တဖြည်းဖြည်းချင်းဆိုတာကလဲ ခရီးရောက်တယ်
ရွေ့ချင်တာရွေ့ စိတ်ဓါတ်တော့မရွေ့စေနဲ့  ဒါက ကျုပ်တို့ခေတ်ရဲ့ဝိနည်းပဲ  သစ်ရွက်တွေ ကြွေလာပြန်ပြီ
အိမ်ရှေ့ အမှိုက်ပုံထဲမှာ အနာဂတ်တွေဖားခုန်ခုန်နေတယ် ဘယ်သူအပြစ်ပေးထားပါလိမ့် လေ့ကျင့်ခန်းများလား
ကြာခဲ့ပြီပေါ့ မီးခိုးတလူလူနဲ့ရထားကြီးမစီးဖြစ်တာ အချိန်ဘယ်လောက်ဝေးဝေးမှာ မမှတ်မိတော့ဘူး
မမှတ်မိချင်တော့ဘူး ဆိုကာမှ လိုချင်တောင့်တမှုက သွေးယားတယ်  ခက်တယ် ကိုဘခက်
လွန်ဆန်ရခက်တာတွေကလည်း လွန်ဆန်ရခက်လိုက်တာ  တိုးတိုးလေး ငြီးမယ် ခင်ဗျား နည်းနည်းလောက်ရယ်ပါ
ကော်ဖီဆက်သောက်ကြဦးစို့ဗျာ  ကော်ဖီစေ့လေးတွေပုံဖော်ထားတဲ့ ပလက်စတစ်အိတ်အခွံနဲ့ မနက်ခင်းနဲ့
အကျီ င်္ခပ်ကြီးကြီးနဲ့ မီးလောင်ပေါက်တစ်ချို့နဲ့ ယုတ္တိဗေဒပုံပြင်တစ်ချို့ကလဲ မျက်လုံးကို လှည့်စားလွန်းတယ်
ဟော . . . ပြေးထွက်လာပြန်ပါပြီ လဲပြိုကျဖို့အတွက် ဒါနဲ့များ ဖြည်းဖြည်းချင်း လဲပေါ့ ပင်ပန်းခံလို့
စကားကြီးစကားကျယ်ဆိုတာ ဘယ်လိုစာလုံးပေါင်းသလဲ ကိုဘခက် အနုပညာနဲ့များ သံတူကြောင်းကွဲမလား
မေးခွန်းတွေကျွန်တော် ထုတ်လုပ်နေပြန်ပါပြီ မနက်ခင်းက အကျည်းတန်သွားတော့မှာပဲ စိုးရိမ်စရာ
နေ့ ည လေပြန်ရအောင်လုပ်ရမယ် ဥပဒေရုံးရှေ့မှာပဲဖြစ်ဖြစ် ဥပဒေဘောင်ထဲကဖြစ်ဖြစ်
မရောက်ဖြစ်တာ သုံးလေးနှစ်ကြာတဲ့နေရာတစ်ခုကိုလဲ အရောက်သွားရမယ် စက်ဘီးကလေးစီးပြီး
ကိုဘခက်ရေ . . . ကျွန်တော့လက်ဖျားကအသံတွေအရင်လိုမကျယ်တော့ဘူးဗျ ခင်ဗျားလည်ချောင်းရှင်းရဲ့လား
စင်ယော်တွေဟာ ကျောင်းဆင်းချိန်ခေါင်းလောင်းသံမှာ သူတို့  ကျွန်တော့ဆီမလာတော့ဘူး ထင်တယ်
ကျောင်းစိမ်းလေးတစ်ယောက်လောက်ပါရင်ပိုကောင်းမလားပဲ လို့ ကျွန်တော့ကို ပြောခဲ့ဖူးတယ်ထင်တယ်
ထင်ထင်ရှားရှားမမှတ်မိတော့တဲ့အထင်တွေကလဲ စိတ်ကို ချောက်ချတာ သိပ်တရားလွန်တာပဲ
နေရထိုင်ရတာ သံလမ်းပေါ်မှာခြေတပေါင်ကျိုးလမ်းလျှောက်ခဲ့တဲ့ညက ပြုတ်ကျုသွားသေးလား
Dream Walker ဖြစ်နေရတာကအပြစ်အကြီးကြီးလွန်ထားသလို ကျူးကျူးကျော်ကျော်စိတ်ပူနေမိသေး
ထပ်တွေ့ပြန်ပြီ ကိုဘခက်ရေ Cyril Takayama တဲ့ ဓါတ်ပုံတွေထဲကဆွဲယူသုံးစွဲနေပုံပြောပါတယ်
ကျွန်တော့ခေါင်းရင်းမှာ ကတ်ကိုဘိန်းရှိတယ် ဆွဲထုတ်ပေးလို့ရမလား ကျွန်တော့ဂစ်တာအသံလွဲနေတာ ကြာပြီ
နိုးစက်ကိုပိတ်ထားလိုက်ပါဗျာ အိပ်မက်ကိုအရောတ၀င်လုပ်ခွင့်လေးတော့ လွတ်လွတ်လပ်လပ်ပေးပါ
ဒီလိုဗျ ကိုဘခက် ရယ်ရလွန်းတော့လဲ မျက်ရည်များတောင် လည်မိတယ် တစ်ခါထဲပါ သွေးအကြီးကြီး နဲ့ ။

- မင်းလုလင် -

မျက်လှည့်ဆရာ



လက်ဖျားမှာ ပေါ်လိုက်ပျောက်လိုက်
ဘ၀က ရေပေါ်လမ်းလျှောက်သလို ဖဲချပ်တွေ အရောင်ပြောင်းသွားသလို
အရိပ်ကို အရောင်တင်ခဲ့သူဟာ ငါးပါးသီလနဲ့ ကစားတယ်
ဒီလိုပါပဲ ကြားဖူးနားဝ ပုံပြင်လေးတွေပြောပြောပြီး
မနက်ဖြန်ကို ဖျောက်ပစ်လိုက်တယ်  အလင်းတွေ
အထိတ်တလန့် ထွက်ပြေးကုန်ကြပေါ့ ။

- မင်းလုလင် -

အဲ့ဒီနေ့ ရဲ့ ကိုက်တစ်ရာအကွာမှာ ကိုယ်ရပ်နေတယ်



ပုလင်းထဲ သံယောဇဉ်ကျန်သေးတယ်ထင်တယ်

ဘယ်လိုလုပ်မလဲ စစ်နိုင်

လမ်းတဲ့

သူ့ ကိုယ်သူ တစ်ခြမ်းစောင်းပြီး မောင်းနေတယ်။



လက်သည်းကြားကို အလွမ်းစိုက်ပြီး တူနဲ့ ထုလိုက်တော့လည်း

တစ်ကိုယ်လုံးတုန်ရင်သွားတာက လွဲလို့ ။



မြင်နေကျ နက္ခတ်ဆီက

တံခါးပိတ်သံ ကြားလိုက်ရသလို

သိမ်းထားတဲ့ စံပယ်တစ်ချို့ 

အလိုမတူပဲ အလင်းဝင်ကြ

သေချာတယ် သူမ ကိုယ့်ကို ရန်သူမျိုးတစ်ပါးပါးနဲ့  လူမှားနေပြီ။



ဟိုမှာ မုဆိုးငိုက် ငိုက်နေတာ တွေ့ လား

အိမ်ပြန်ချိန်နောက်ကျ ဖျားနေတဲ့ ဓာတ်တိုင်

ကိုယ်သူ့ ကို အစာတွေ ကျွေးနေမိတယ်။

လန်ချားတစ်စီးဟာ ကိုယ့်ကို မနက်စာပါမုန့် တစ်လုံးလို ကြည့်နေတယ်

ကိုယ့်လက်ဖ၀ါးပြင်မှာထင်ရှားနေတာ အသက်ရှူမှားခြင်းတွေ

ကိုယ့်ကိုယ်ရွံရှာနေတာ ကိုယ့်ကဗျာထဲက မနက်ခင်းတွေ

ဖုန်းနံပါတ်အမှားတွေမှာပဲ အမွှေးတိုင်တစ်ချို့ ထွန်းမိတယ်။



ကိုယ်မလိုချင်ပါဘူး စစ်နိုင်

ဘယ်ကမ်းနားမှလည်း မထိုင်ဖြစ်ဘူး။



ဦးစစ်နိုင် သိလား

ချွန်မြနေတာပဲ

အသည်းကွဲတယ်ဆိုတာလည်း

သူ့ ဂျိုနဲ့ သူပဲ။



မီးမထွန်းပဲ ထ ထ လင်းနေတဲ့ ညရယ်

ယောင်ယမ်းဆွဲနှုတ်မိတဲ့ မျက်ခုံးမွှေးတစ်ချို့ ရယ်

ကိုယ့်ဆီ မပျက်မကွက် ဂါရ၀ပြုနေတဲ့ ညနေငါးနာရီရယ်

သူမ တံတွေးစွတ်ပြီးဖတ်သွားတဲ့ ကဗျာဆရာတစ်ယောက်ရယ်။



ကိုယ်အခြေအနေမကောင်းဘူး စစ်နိုင်

သူမ လမ်းပြောင်းပြန်ကြီးမောင်းနေတယ်။



- ညီဇံလှ  -


( ကဗျာဆရာ ညီဇံလှရဲ့ လက်ရာကောင်းလေးတစ်ခုပါ ။ ကျွန်တော်ကတော့ 
   အရမ်းကိုကြိုက်ပါတယ် ။ )

မြို့ ပြ နာ



လမ်းတွေက မှောင်သလို လင်းသလို ကွေ့သလို ကောက်သလို တစ်ခုခုလိုနေသလိုလို
ဖြတ်စီးသွားတဲ့ခေတ်က ငရဲသားဇာတ်ကားကို 3D နဲ့ ကြည့်ရသလို ရုပ်လုံးကြွ
နေတယ် နဲ့ သေတယ်ကြားမှာ နာတယ် သတ်တယ် ငတ်တယ် ပြတ်တယ် မျက်နှာလေးငယ်
ငယ်ငယ်တုန်းကလို အော်ငိုပစ်လိုက်ချင်တယ်လို့ဆိုပြန်တော့ ရေများရေနိုင် မီးများမီးနိုင်
မလာနိုင်တော့ပါဘူး ရေလဲမလာ မီးလဲမလာတဲ့အခါ အမှောင်ထဲမှာ တိတ်တိတ်ကလေးရယ်
ရပါတယ် သူ့ခေတ်ကိုယ့်ခေတ် ခင်ဗျားခေတ် ကျွန်တော့ခေတ် ခိုးခိုးခစ်ခစ်ရယ်သံကလေးတွေ
ကျယ်လာပြီ ၀တ်ထားတဲ့အကျီ င်္ဟာလောကဓံနဲ့ငြိလွယ် စွန်းထင်းလွယ်မို့ ရေခပ်မကြုံ ထင်းခွေ
ကြုံမှာပေါ့ ဒီလိုညမျိုးနောက်ထပ်ပေါင်းများစွာ ရွတ်စရာကဗျာနဲ့ ရိုက်စရာဂစ်တာနဲ့ နီယွန်မြို့ပြဟာ
သောကြာဂြိုလ်ဆီအလည်ရောက်လာလေဦးမလား မရောက်လာသေးတဲ့ပစ္စုပ္ပန်တစ်ခုခုဆီမှာ Outsider
တစ်ယောက်နဲ့စကားစမြည်ပြောဖြစ်လေဦးမလား ချစ်ခြင်းမေတ္တာကို အယုံအကြည်မရှိ
အဆိုတင်သွင်းလိုက်ဖို့ကြောက်နေတယ်( ထင်တယ် )တစ်ခုခုဟာကြောက်စရာအသွင်အပြင်မျိုးနဲ့
ဦးနှောက်ထဲဝင်ခုနေတဲ့အကြောင်းတရား စကားနောက်ကိုပါသွားလေမလား မပြောမဆို မားဆိုးနဲ့
လက်ဆွဲနှုတ်ဆက်လိုက်တယ် ငါးတစ်ကောင်ဖြစ်မလာသေးကြောင်း အေးချမ်းကိုပြောပြရဦးမယ်
မြို့ဟာအသက်ကြီးသွားမှရာထူးတိုးသွားကြောင်း ဒါမှမဟုတ် မြို့ဟာ အချိုမကုန်သေးကြောင်း
လူကြိုက်များတဲ့အသုံးအဆောင်တွေကို အန်ထုတ်ပစ်လိုက်ဖို့ သွေးပူလေ့ကျင့်ခန်းမရှိတဲ့နေရာမှာ
အနွေးဓါတ်ကလေးမပြတ်ရဖို့ ကော်ဖီပူပူလေးလဲရနိုင်သေးတယ် သိရှိခဲ့ရသမျှ ဟာ
စိတ် ရဲ့ ဆက်သွယ်မှုဧရိယာပြင်ပမှာ ရေဒီယိုသတ္တုကြွနေတယ် ရေဒီယိုသီချင်းလေး မငြီးဖြစ်တာ
ကြာပြီပေါ့ မှတ်မိပါဦးမလား ယဉ်ကျေးမှုကို ခေတ်ပေါ်သွေးနဲ့ ရူးပစ်ချင်တာပဲ သူလိုကိုယ်လို
အလွမ်းဓါတ်ခံလေးနဲ့ မြို့ပြတမ်းချင်းဟာအငွေ့မသေသေးတဲ့ စီးကရက်တိုအညို နဲ့ ကိုယ်နဲ့
လမ်းအဟောင်းထဲ ပြန်လည်အလင်းဝင်လာမဲ့ မနက်ဖြန် နဲ့ စိတ်ဓါတ်ထဲက အဆိပ်ဓါတ်ငွေ့တွေနဲ့ ။

- မင်းလုလင် -