Subscribe:

နှင်းဆီဝိုင် ၊ တိမ်ပြိုမိုး ၊ ပြီးတော့ မနက်ဖြန် ခင်ဗျား ဘာကားဆက်ရိုက်မလဲ



နှင်းဆီပန်းလေးတစ်ပွင့်ရဲ့ ကောက်ကြောင်းမှာ
ကောင်းကင်တစ်ခြမ်း အနာတရ ၊
မိုးတွေ တစက်စက် စီးကျ ၊
ဒါ ကောင်းကင်ရဲ့ သွေးစက်တွေ ၊
ကိုယ့်အသံကို ပလာစတာကပ်ပေးပါ ။
အနာတရတွေ ။ အမှတ်တရတွေ
တယုတယထွေးပိုက်ထားတော့လည်း နာ နာ နာကျင်မှုတွေ ။
တွေဝေနေ လက်ဖျံတွေထဲ ။
ကျစ်ဆံမြီးကလေးထဲ နှင်းဆီပန်းကလေး
သူမ မသိအောင် ထိုးစိုက် ၊ ကမ္ဘာကြီးက ရယ်ပွဲဖွဲ့နေရဲ့
ကိုယ့်ချစ်ခြင်းမေတ္တာအကြောင်း ။
သွေးထွက်သံယိုတွေအကြောင်း ။
မိုးတွေသည်းလာပြီ ။
အမှောင်ဟာ နေသားတကျ ။
သနပ်ခါးပန်းပွင့်လေး မနက်ဖြန်မနက်ကို
မျှော်နေမလားပဲ ။ မွှေးမွှေးမြမြ ။
စာရေးစားပွဲအံဆွဲကလေးထဲမှာ ၊ ကွန်ပါဘူးကလေးထဲမှာ ၊
ပြီးတော့ ကားတံခါးလက်ကိုင်ကြားမှာ ၊ နှင်းဆီပန်းကလေးတွေဟာ
သိပ်ကိုစူးရဲမွှေးမြလွန်းရဲ့ ။
သူမရယ်တယ် ကျွန်တော်ရူးတယ်
ပုံမှန်ဖြစ်စဉ်မှာ အိပ်မက်တွေပြိုကျလာသလို
မဖြစ်မနေမို့ပါ ဆက်သွယ်မှုဧရိယာဟာ သိမှုရဲ့မနီးမဝေးမှာ
စက္ကူလေယာဉ်ပျံကလေးရဲ့ ခေါက်ရိုးရာတွေအတိုင်း ကျွန်တော် တွန့်ကြေလို့ ။
ဒီ့ထက်ပိုဝေးလည်း ဒီ့ထက်ပိုမဝေးတော့ပါဘူး ကဗျာနဲ့ ၊
အိပ်ထောင်ထဲက ခုန်ထွက်လာတဲ့ ငါးမူးစေ့ကလေးနဲ့ ၊
ဘယ်လိုတရားမျိုးနဲ့မှလည်း ဖြေလို့မရမှန်း သိသိကြီးနဲ့ ။
ရူး . . . ။
လျော့ရဲလာမှုဟာ အသံတိတ် ။
ခရမ်းရောင်ပန်းပွင့်လေးတွေ ပြာတွေ ကြွေကျလာပေါ့
စကားမစပ် .. တိမ်တွေပြိုကျလာတဲ့ မြင်ကွင်းကို
ဝိုင်တစ်ခွက်သောက်ရင်း ကြည့်ဖူးသလား ။
သူမနဲ့ ကျွန်တော် အရေပြားချင်း စကားတွတ်ထိုးခဲ့ကြ ၊
နှုတ်ခမ်းချင်း ကူးလူးဆက်ဆံခဲ့ကြ ၊
တိမ်တွေသာ ပြိုကျမလာရင် သိပ်ကောင်းမှာပဲ ။
လက်တွေမှာ ချွေးစေးတွေ အပြည့် ။
စိတ်မှာ အတိတ်တွေအပြည့်နဲ့ မျက်စိတဆုံး ။
လက်အဆန့်မှာ မိုးတွေ အဆက်မပြတ်ရွာတယ် ။
သူမ ပျော်ပါလေစ ။ မနက်ဖြန်တွေဆီ ။
ဟော .. တိမ်ပြိုမိုးတွေ ရွာချလိုက်ပြီ ။
ကိုယ့်လက်ဖဝါးကို ကိုင်ထားစမ်းပါ အချစ် ..
မနက်ဖြန်ဆိုရင် စက္ကူလေယာဉ်ပျံကလေးစီးပြီး
ရုပ်ဝတ္ထုမြို့တော်ရဲ့ အဝေးကို ထွက်သွားကြမယ့်
ခရီး ။

- ဆူးခက်မင်း - မင်းလုလင် -

0 comments:

Post a Comment