Subscribe:

သတိရခြင်းဆိုတာကလဲ ရယ်မောခြင်းအတတ်ပညာပဲ ကိုဘခက်



သံလမ်းပေါ်မှာ အက်ကွဲကြောင်းတွေထဲမှာ ကော်ဖီခွက်တွေအပူချိန်လျော့လာပြီ ကိုဘခက်
ဒါ  Shock ပဲ ထိလွယ်ကွဲကြေလွယ်လူငယ်ဘ၀ဆိုတာ သွေးအေးဖို့ကျ သိပ်ခက်နေပြန်ရော
နေ့ ည လေရသည် ဆိုတဲ့ဆိုင်းဘုတ်ဟာ ညနေကပြိုကျသွားတယ် ဒီအရည်တွေကို မျိုမကျတော့ပါဘူး
လက်ဆောင်ပေးခြင်းသည်းခံပါ  မင်္ဂလာဆောင်ခြင်းကို သည်းခံပါ ဆောင်းဘောက်စ်ကျယ်ကျယ်ဖွင့်ခြင်း
ကျွန်တော်သည်းမခံနိုင်တော့ဘူး ကိုဘခက် တဖြည်းဖြည်းချင်းဆိုတာကလဲ ခရီးရောက်တယ်
ရွေ့ချင်တာရွေ့ စိတ်ဓါတ်တော့မရွေ့စေနဲ့  ဒါက ကျုပ်တို့ခေတ်ရဲ့ဝိနည်းပဲ  သစ်ရွက်တွေ ကြွေလာပြန်ပြီ
အိမ်ရှေ့ အမှိုက်ပုံထဲမှာ အနာဂတ်တွေဖားခုန်ခုန်နေတယ် ဘယ်သူအပြစ်ပေးထားပါလိမ့် လေ့ကျင့်ခန်းများလား
ကြာခဲ့ပြီပေါ့ မီးခိုးတလူလူနဲ့ရထားကြီးမစီးဖြစ်တာ အချိန်ဘယ်လောက်ဝေးဝေးမှာ မမှတ်မိတော့ဘူး
မမှတ်မိချင်တော့ဘူး ဆိုကာမှ လိုချင်တောင့်တမှုက သွေးယားတယ်  ခက်တယ် ကိုဘခက်
လွန်ဆန်ရခက်တာတွေကလည်း လွန်ဆန်ရခက်လိုက်တာ  တိုးတိုးလေး ငြီးမယ် ခင်ဗျား နည်းနည်းလောက်ရယ်ပါ
ကော်ဖီဆက်သောက်ကြဦးစို့ဗျာ  ကော်ဖီစေ့လေးတွေပုံဖော်ထားတဲ့ ပလက်စတစ်အိတ်အခွံနဲ့ မနက်ခင်းနဲ့
အကျီ င်္ခပ်ကြီးကြီးနဲ့ မီးလောင်ပေါက်တစ်ချို့နဲ့ ယုတ္တိဗေဒပုံပြင်တစ်ချို့ကလဲ မျက်လုံးကို လှည့်စားလွန်းတယ်
ဟော . . . ပြေးထွက်လာပြန်ပါပြီ လဲပြိုကျဖို့အတွက် ဒါနဲ့များ ဖြည်းဖြည်းချင်း လဲပေါ့ ပင်ပန်းခံလို့
စကားကြီးစကားကျယ်ဆိုတာ ဘယ်လိုစာလုံးပေါင်းသလဲ ကိုဘခက် အနုပညာနဲ့များ သံတူကြောင်းကွဲမလား
မေးခွန်းတွေကျွန်တော် ထုတ်လုပ်နေပြန်ပါပြီ မနက်ခင်းက အကျည်းတန်သွားတော့မှာပဲ စိုးရိမ်စရာ
နေ့ ည လေပြန်ရအောင်လုပ်ရမယ် ဥပဒေရုံးရှေ့မှာပဲဖြစ်ဖြစ် ဥပဒေဘောင်ထဲကဖြစ်ဖြစ်
မရောက်ဖြစ်တာ သုံးလေးနှစ်ကြာတဲ့နေရာတစ်ခုကိုလဲ အရောက်သွားရမယ် စက်ဘီးကလေးစီးပြီး
ကိုဘခက်ရေ . . . ကျွန်တော့လက်ဖျားကအသံတွေအရင်လိုမကျယ်တော့ဘူးဗျ ခင်ဗျားလည်ချောင်းရှင်းရဲ့လား
စင်ယော်တွေဟာ ကျောင်းဆင်းချိန်ခေါင်းလောင်းသံမှာ သူတို့  ကျွန်တော့ဆီမလာတော့ဘူး ထင်တယ်
ကျောင်းစိမ်းလေးတစ်ယောက်လောက်ပါရင်ပိုကောင်းမလားပဲ လို့ ကျွန်တော့ကို ပြောခဲ့ဖူးတယ်ထင်တယ်
ထင်ထင်ရှားရှားမမှတ်မိတော့တဲ့အထင်တွေကလဲ စိတ်ကို ချောက်ချတာ သိပ်တရားလွန်တာပဲ
နေရထိုင်ရတာ သံလမ်းပေါ်မှာခြေတပေါင်ကျိုးလမ်းလျှောက်ခဲ့တဲ့ညက ပြုတ်ကျုသွားသေးလား
Dream Walker ဖြစ်နေရတာကအပြစ်အကြီးကြီးလွန်ထားသလို ကျူးကျူးကျော်ကျော်စိတ်ပူနေမိသေး
ထပ်တွေ့ပြန်ပြီ ကိုဘခက်ရေ Cyril Takayama တဲ့ ဓါတ်ပုံတွေထဲကဆွဲယူသုံးစွဲနေပုံပြောပါတယ်
ကျွန်တော့ခေါင်းရင်းမှာ ကတ်ကိုဘိန်းရှိတယ် ဆွဲထုတ်ပေးလို့ရမလား ကျွန်တော့ဂစ်တာအသံလွဲနေတာ ကြာပြီ
နိုးစက်ကိုပိတ်ထားလိုက်ပါဗျာ အိပ်မက်ကိုအရောတ၀င်လုပ်ခွင့်လေးတော့ လွတ်လွတ်လပ်လပ်ပေးပါ
ဒီလိုဗျ ကိုဘခက် ရယ်ရလွန်းတော့လဲ မျက်ရည်များတောင် လည်မိတယ် တစ်ခါထဲပါ သွေးအကြီးကြီး နဲ့ ။

- မင်းလုလင် -

1 comments:

Sofar Away Fromu said...

ကတ်ကိုဘိန်းက သူ့ကိုငယ်ငယ်က အနိုင်ကျင့်ခဲ့တဲ့လူတွေကို
ဖျော်ဖြေနေရတဲ့ဘ၀ကို စိတ်ကုန်လို့
သေကြောင်းကြံသွားခဲ့တာတဲ့ ---(မိုးသက်ဟန်)-----

Post a Comment