Subscribe:

ကျောနံပါတ် စပိတ်တစ်



အရုပ်သက်သက်ပစ္စုပ္ပန်ထဲမှာ တွေးမိတွေးရာတိုင်းဟာ ဟာကွက်တွေနဲ့
သို့မဟုတ် ဟာသတွေနဲ့ ချို့တဲ့လာတဲ့ မျက်နှာအရေပြားတွန့်ရှုံ့မှုကို
Recycle လုပ်ပစ်လိုက်တယ် နေရာအနှံ့ အမှောင်ဟာခေါက်ရိုးကျိုး နေသလို
ရိုကျိုးပစ်လိုက်တဲ့ နာကျင်မှုတွေ အစိမ်းရောင်ရပ်တည်မှုဟာ ညိုးရော်နွမ်းလျ
အ၀ါရောင် မြို့ပြ နဲ့ သူ့အကြောင်းတွေးတိုင်း အိပ်လို့မပျော်ပါဘူး ဆိုတာတွေ
ပွဲနေပွဲထိုင်မို့ပါ လူအဟောင်းကြီးကို ဖိနပ်အသစ်ထဲထိုးသွင်းလာတယ်
မျက်လုံးလေး တိုးတိုးပိတ်ပြီး အသံဖွဖွလေးတွေကို လိုက်ကြည့်မိတော့လဲ
မနက်ဖြန်က နီးနီးလေး မမြင်ရဘူး အသဲကွဲပုံတက်တူးအဟောင်းနဲ့
အမှောင်ဘက်အခြမ်းမှာမှောက်ထားတဲ့ရင်ဘတ် ညဂစ်တာအပြာ လွင့်
နေတဲ့စိတ်ဓါတ်တစွန်းတစဟာ ညာဖက်လက်ဆန့်တိုင်း  ညဖက်လက်ဆန့်တိုင်း
ယုံကြည်မှုတွေခုန်ထွက်လာတယ် တနင်္ဂနွေအကြောင်းမတွေးဖြစ်တော့ဘူး
မရေးဖြစ်တော့တဲ့ဘေးထွက်ဆိုးကျိုးတွေ အရေခွံကိုခရမ်းရောင်အဖြစ် ပြောင်း
လဲတပ်ဆင်ခြင်းသတင်းဟာဦးနှောက်ရဲ့ညာဖက်သွေးရောင်မသန်းတဲ့ နေ့ရက်တွေထဲ
မွေးရာပါလာတဲ့ဝါသနာပျောက်ဆုံးနေတဲ့အခိုက်အတန့်ပဲ ဆိုတော့ ပုံစံတူ
နောက်ထပ်ရှိနေဦးမလားလို့ အကျီ င်္ကြယ်သီးဖြုတ်လိုက်တယ် ။

- မင်းလုလင် -

စိတ်ရုပ် ( မွေးနေ့အမှတ်တရ တပ်ဆင်ခြင်း )



အမှာစာ
အမှာစာမရှိပဲ ပန်းတွေပွင့်ခဲ့ကြတာ ကမ္ဘာဦးအစကတည်းက လို့ မောင်သိန်းဇော်က ဆိုပါတယ်။
မွေးနေ့အမှတ်တရပေါ့ဗျာ
ကိုယ့်ကိုကိုယ် ကဗျာတွေနဲ့တပ်ဆင်ပြီး ခင်ဗျားတို့ကိုတင်ဆက်လိုက်တယ် ။

လေးစားစွာဖြင့်
- မင်းလုလင် -


ခေတ်ပြိုင်ကဗျာဆရာတို့ရဲ့ ဖန်တီးမှုလက်ရာကောင်းကောင်းတွေကို စုစည်းထားမှုလေးတစ်ခုပါ ။
ဖတ်ကြည့်ချင်တယ်ဆိုရင်တော့ . . . ဒီနေရာမှာ  ဒေါင်းလုပ်ရယူနိုင်ပါတယ် ။

စိတ္တဇ



စိတ် ။
အစ တစ်စ ။
လွှတ်မြောက်ပစ်နိုင်ခြင်းမရှိသော
တစ်အစ တစ်အဆုံး ။
လူကြိုက်များတဲ့ ဈေးကွက်မှာတော့
ရူးတယ်ပဲ ဆိုကြပါတော့ ။ သံပြိုင် ။
အစ ( အဆုံးမရှိတဲ့ အစ ) တစ်စ ။
စိတ် ။

- မင်းလုလင် -

သတိရခြင်းဆိုတာကလဲ ရယ်မောခြင်းအတတ်ပညာပဲ ကိုဘခက်



သံလမ်းပေါ်မှာ အက်ကွဲကြောင်းတွေထဲမှာ ကော်ဖီခွက်တွေအပူချိန်လျော့လာပြီ ကိုဘခက်
ဒါ  Shock ပဲ ထိလွယ်ကွဲကြေလွယ်လူငယ်ဘ၀ဆိုတာ သွေးအေးဖို့ကျ သိပ်ခက်နေပြန်ရော
နေ့ ည လေရသည် ဆိုတဲ့ဆိုင်းဘုတ်ဟာ ညနေကပြိုကျသွားတယ် ဒီအရည်တွေကို မျိုမကျတော့ပါဘူး
လက်ဆောင်ပေးခြင်းသည်းခံပါ  မင်္ဂလာဆောင်ခြင်းကို သည်းခံပါ ဆောင်းဘောက်စ်ကျယ်ကျယ်ဖွင့်ခြင်း
ကျွန်တော်သည်းမခံနိုင်တော့ဘူး ကိုဘခက် တဖြည်းဖြည်းချင်းဆိုတာကလဲ ခရီးရောက်တယ်
ရွေ့ချင်တာရွေ့ စိတ်ဓါတ်တော့မရွေ့စေနဲ့  ဒါက ကျုပ်တို့ခေတ်ရဲ့ဝိနည်းပဲ  သစ်ရွက်တွေ ကြွေလာပြန်ပြီ
အိမ်ရှေ့ အမှိုက်ပုံထဲမှာ အနာဂတ်တွေဖားခုန်ခုန်နေတယ် ဘယ်သူအပြစ်ပေးထားပါလိမ့် လေ့ကျင့်ခန်းများလား
ကြာခဲ့ပြီပေါ့ မီးခိုးတလူလူနဲ့ရထားကြီးမစီးဖြစ်တာ အချိန်ဘယ်လောက်ဝေးဝေးမှာ မမှတ်မိတော့ဘူး
မမှတ်မိချင်တော့ဘူး ဆိုကာမှ လိုချင်တောင့်တမှုက သွေးယားတယ်  ခက်တယ် ကိုဘခက်
လွန်ဆန်ရခက်တာတွေကလည်း လွန်ဆန်ရခက်လိုက်တာ  တိုးတိုးလေး ငြီးမယ် ခင်ဗျား နည်းနည်းလောက်ရယ်ပါ
ကော်ဖီဆက်သောက်ကြဦးစို့ဗျာ  ကော်ဖီစေ့လေးတွေပုံဖော်ထားတဲ့ ပလက်စတစ်အိတ်အခွံနဲ့ မနက်ခင်းနဲ့
အကျီ င်္ခပ်ကြီးကြီးနဲ့ မီးလောင်ပေါက်တစ်ချို့နဲ့ ယုတ္တိဗေဒပုံပြင်တစ်ချို့ကလဲ မျက်လုံးကို လှည့်စားလွန်းတယ်
ဟော . . . ပြေးထွက်လာပြန်ပါပြီ လဲပြိုကျဖို့အတွက် ဒါနဲ့များ ဖြည်းဖြည်းချင်း လဲပေါ့ ပင်ပန်းခံလို့
စကားကြီးစကားကျယ်ဆိုတာ ဘယ်လိုစာလုံးပေါင်းသလဲ ကိုဘခက် အနုပညာနဲ့များ သံတူကြောင်းကွဲမလား
မေးခွန်းတွေကျွန်တော် ထုတ်လုပ်နေပြန်ပါပြီ မနက်ခင်းက အကျည်းတန်သွားတော့မှာပဲ စိုးရိမ်စရာ
နေ့ ည လေပြန်ရအောင်လုပ်ရမယ် ဥပဒေရုံးရှေ့မှာပဲဖြစ်ဖြစ် ဥပဒေဘောင်ထဲကဖြစ်ဖြစ်
မရောက်ဖြစ်တာ သုံးလေးနှစ်ကြာတဲ့နေရာတစ်ခုကိုလဲ အရောက်သွားရမယ် စက်ဘီးကလေးစီးပြီး
ကိုဘခက်ရေ . . . ကျွန်တော့လက်ဖျားကအသံတွေအရင်လိုမကျယ်တော့ဘူးဗျ ခင်ဗျားလည်ချောင်းရှင်းရဲ့လား
စင်ယော်တွေဟာ ကျောင်းဆင်းချိန်ခေါင်းလောင်းသံမှာ သူတို့  ကျွန်တော့ဆီမလာတော့ဘူး ထင်တယ်
ကျောင်းစိမ်းလေးတစ်ယောက်လောက်ပါရင်ပိုကောင်းမလားပဲ လို့ ကျွန်တော့ကို ပြောခဲ့ဖူးတယ်ထင်တယ်
ထင်ထင်ရှားရှားမမှတ်မိတော့တဲ့အထင်တွေကလဲ စိတ်ကို ချောက်ချတာ သိပ်တရားလွန်တာပဲ
နေရထိုင်ရတာ သံလမ်းပေါ်မှာခြေတပေါင်ကျိုးလမ်းလျှောက်ခဲ့တဲ့ညက ပြုတ်ကျုသွားသေးလား
Dream Walker ဖြစ်နေရတာကအပြစ်အကြီးကြီးလွန်ထားသလို ကျူးကျူးကျော်ကျော်စိတ်ပူနေမိသေး
ထပ်တွေ့ပြန်ပြီ ကိုဘခက်ရေ Cyril Takayama တဲ့ ဓါတ်ပုံတွေထဲကဆွဲယူသုံးစွဲနေပုံပြောပါတယ်
ကျွန်တော့ခေါင်းရင်းမှာ ကတ်ကိုဘိန်းရှိတယ် ဆွဲထုတ်ပေးလို့ရမလား ကျွန်တော့ဂစ်တာအသံလွဲနေတာ ကြာပြီ
နိုးစက်ကိုပိတ်ထားလိုက်ပါဗျာ အိပ်မက်ကိုအရောတ၀င်လုပ်ခွင့်လေးတော့ လွတ်လွတ်လပ်လပ်ပေးပါ
ဒီလိုဗျ ကိုဘခက် ရယ်ရလွန်းတော့လဲ မျက်ရည်များတောင် လည်မိတယ် တစ်ခါထဲပါ သွေးအကြီးကြီး နဲ့ ။

- မင်းလုလင် -

မျက်လှည့်ဆရာ



လက်ဖျားမှာ ပေါ်လိုက်ပျောက်လိုက်
ဘ၀က ရေပေါ်လမ်းလျှောက်သလို ဖဲချပ်တွေ အရောင်ပြောင်းသွားသလို
အရိပ်ကို အရောင်တင်ခဲ့သူဟာ ငါးပါးသီလနဲ့ ကစားတယ်
ဒီလိုပါပဲ ကြားဖူးနားဝ ပုံပြင်လေးတွေပြောပြောပြီး
မနက်ဖြန်ကို ဖျောက်ပစ်လိုက်တယ်  အလင်းတွေ
အထိတ်တလန့် ထွက်ပြေးကုန်ကြပေါ့ ။

- မင်းလုလင် -

အဲ့ဒီနေ့ ရဲ့ ကိုက်တစ်ရာအကွာမှာ ကိုယ်ရပ်နေတယ်



ပုလင်းထဲ သံယောဇဉ်ကျန်သေးတယ်ထင်တယ်

ဘယ်လိုလုပ်မလဲ စစ်နိုင်

လမ်းတဲ့

သူ့ ကိုယ်သူ တစ်ခြမ်းစောင်းပြီး မောင်းနေတယ်။



လက်သည်းကြားကို အလွမ်းစိုက်ပြီး တူနဲ့ ထုလိုက်တော့လည်း

တစ်ကိုယ်လုံးတုန်ရင်သွားတာက လွဲလို့ ။



မြင်နေကျ နက္ခတ်ဆီက

တံခါးပိတ်သံ ကြားလိုက်ရသလို

သိမ်းထားတဲ့ စံပယ်တစ်ချို့ 

အလိုမတူပဲ အလင်းဝင်ကြ

သေချာတယ် သူမ ကိုယ့်ကို ရန်သူမျိုးတစ်ပါးပါးနဲ့  လူမှားနေပြီ။



ဟိုမှာ မုဆိုးငိုက် ငိုက်နေတာ တွေ့ လား

အိမ်ပြန်ချိန်နောက်ကျ ဖျားနေတဲ့ ဓာတ်တိုင်

ကိုယ်သူ့ ကို အစာတွေ ကျွေးနေမိတယ်။

လန်ချားတစ်စီးဟာ ကိုယ့်ကို မနက်စာပါမုန့် တစ်လုံးလို ကြည့်နေတယ်

ကိုယ့်လက်ဖ၀ါးပြင်မှာထင်ရှားနေတာ အသက်ရှူမှားခြင်းတွေ

ကိုယ့်ကိုယ်ရွံရှာနေတာ ကိုယ့်ကဗျာထဲက မနက်ခင်းတွေ

ဖုန်းနံပါတ်အမှားတွေမှာပဲ အမွှေးတိုင်တစ်ချို့ ထွန်းမိတယ်။



ကိုယ်မလိုချင်ပါဘူး စစ်နိုင်

ဘယ်ကမ်းနားမှလည်း မထိုင်ဖြစ်ဘူး။



ဦးစစ်နိုင် သိလား

ချွန်မြနေတာပဲ

အသည်းကွဲတယ်ဆိုတာလည်း

သူ့ ဂျိုနဲ့ သူပဲ။



မီးမထွန်းပဲ ထ ထ လင်းနေတဲ့ ညရယ်

ယောင်ယမ်းဆွဲနှုတ်မိတဲ့ မျက်ခုံးမွှေးတစ်ချို့ ရယ်

ကိုယ့်ဆီ မပျက်မကွက် ဂါရ၀ပြုနေတဲ့ ညနေငါးနာရီရယ်

သူမ တံတွေးစွတ်ပြီးဖတ်သွားတဲ့ ကဗျာဆရာတစ်ယောက်ရယ်။



ကိုယ်အခြေအနေမကောင်းဘူး စစ်နိုင်

သူမ လမ်းပြောင်းပြန်ကြီးမောင်းနေတယ်။



- ညီဇံလှ  -


( ကဗျာဆရာ ညီဇံလှရဲ့ လက်ရာကောင်းလေးတစ်ခုပါ ။ ကျွန်တော်ကတော့ 
   အရမ်းကိုကြိုက်ပါတယ် ။ )

မြို့ ပြ နာ



လမ်းတွေက မှောင်သလို လင်းသလို ကွေ့သလို ကောက်သလို တစ်ခုခုလိုနေသလိုလို
ဖြတ်စီးသွားတဲ့ခေတ်က ငရဲသားဇာတ်ကားကို 3D နဲ့ ကြည့်ရသလို ရုပ်လုံးကြွ
နေတယ် နဲ့ သေတယ်ကြားမှာ နာတယ် သတ်တယ် ငတ်တယ် ပြတ်တယ် မျက်နှာလေးငယ်
ငယ်ငယ်တုန်းကလို အော်ငိုပစ်လိုက်ချင်တယ်လို့ဆိုပြန်တော့ ရေများရေနိုင် မီးများမီးနိုင်
မလာနိုင်တော့ပါဘူး ရေလဲမလာ မီးလဲမလာတဲ့အခါ အမှောင်ထဲမှာ တိတ်တိတ်ကလေးရယ်
ရပါတယ် သူ့ခေတ်ကိုယ့်ခေတ် ခင်ဗျားခေတ် ကျွန်တော့ခေတ် ခိုးခိုးခစ်ခစ်ရယ်သံကလေးတွေ
ကျယ်လာပြီ ၀တ်ထားတဲ့အကျီ င်္ဟာလောကဓံနဲ့ငြိလွယ် စွန်းထင်းလွယ်မို့ ရေခပ်မကြုံ ထင်းခွေ
ကြုံမှာပေါ့ ဒီလိုညမျိုးနောက်ထပ်ပေါင်းများစွာ ရွတ်စရာကဗျာနဲ့ ရိုက်စရာဂစ်တာနဲ့ နီယွန်မြို့ပြဟာ
သောကြာဂြိုလ်ဆီအလည်ရောက်လာလေဦးမလား မရောက်လာသေးတဲ့ပစ္စုပ္ပန်တစ်ခုခုဆီမှာ Outsider
တစ်ယောက်နဲ့စကားစမြည်ပြောဖြစ်လေဦးမလား ချစ်ခြင်းမေတ္တာကို အယုံအကြည်မရှိ
အဆိုတင်သွင်းလိုက်ဖို့ကြောက်နေတယ်( ထင်တယ် )တစ်ခုခုဟာကြောက်စရာအသွင်အပြင်မျိုးနဲ့
ဦးနှောက်ထဲဝင်ခုနေတဲ့အကြောင်းတရား စကားနောက်ကိုပါသွားလေမလား မပြောမဆို မားဆိုးနဲ့
လက်ဆွဲနှုတ်ဆက်လိုက်တယ် ငါးတစ်ကောင်ဖြစ်မလာသေးကြောင်း အေးချမ်းကိုပြောပြရဦးမယ်
မြို့ဟာအသက်ကြီးသွားမှရာထူးတိုးသွားကြောင်း ဒါမှမဟုတ် မြို့ဟာ အချိုမကုန်သေးကြောင်း
လူကြိုက်များတဲ့အသုံးအဆောင်တွေကို အန်ထုတ်ပစ်လိုက်ဖို့ သွေးပူလေ့ကျင့်ခန်းမရှိတဲ့နေရာမှာ
အနွေးဓါတ်ကလေးမပြတ်ရဖို့ ကော်ဖီပူပူလေးလဲရနိုင်သေးတယ် သိရှိခဲ့ရသမျှ ဟာ
စိတ် ရဲ့ ဆက်သွယ်မှုဧရိယာပြင်ပမှာ ရေဒီယိုသတ္တုကြွနေတယ် ရေဒီယိုသီချင်းလေး မငြီးဖြစ်တာ
ကြာပြီပေါ့ မှတ်မိပါဦးမလား ယဉ်ကျေးမှုကို ခေတ်ပေါ်သွေးနဲ့ ရူးပစ်ချင်တာပဲ သူလိုကိုယ်လို
အလွမ်းဓါတ်ခံလေးနဲ့ မြို့ပြတမ်းချင်းဟာအငွေ့မသေသေးတဲ့ စီးကရက်တိုအညို နဲ့ ကိုယ်နဲ့
လမ်းအဟောင်းထဲ ပြန်လည်အလင်းဝင်လာမဲ့ မနက်ဖြန် နဲ့ စိတ်ဓါတ်ထဲက အဆိပ်ဓါတ်ငွေ့တွေနဲ့ ။

- မင်းလုလင် -


ဆေးလိပ်သောက်ခြင်းဟာ ရှော့ကို ပုံမှန်အားကောင်းစေသလိုလို ထင်ယောင်နေ





မွေးရာပါ လိုလားတောင့်တာမှုတွေဟာ သက်ပျောက်ဆွမ်းတနပ် ရက်လည်
လလည် နှစ်ပတ်လည် အဲ့ဒီပန်ကာ မလည်တော့တာ တော်တော်ကြာပြီ
လျှပ်စီးလက်လိုက်သလိုပြက်ပြက်ထင်ထင် မက်ကန်းနစ်တစ်ယောက်ဆီဖုန်းခေါ်ဖို့
ရှော့အကြီးကြီးလိုနေတယ် ခေါင်းကိုက်ရောဂါ နားထင်ကိုသွေးတွေခပ်ပြင်းပြင်း
ပြေးပြေးဆောင့်နေတယ် မနက်ဖြန်အလှူအိမ်သွားမယ် ညနေကျရင် အရက်ဆိုင်
သွားမယ် လူတွေနဲ့ဝေးဝေးဝေးတဲ့နေရာဟာ သီချင်းထဲမှာလို လှတပတမဟုတ်ဘူး
Criss Angel ရဲ့ မျက်လှည့်ပြကွက်တစ်ခုလို ကြည့်ရတာနားငြီးတယ် အမှိုက်
မပစ်ရ လမ်းကြားထဲမှာဝပ်နေတဲ့မေတ္တာတရားဟာ ခွေးလေခွေးလွင့်လေးလို
ပွတ်သပ်ကျီစယ်မှုလိုချင်နေတယ် စိတ်လေတယ် အလင်းနဲ့ရေးတဲ့
ပန်းချီကားထဲ အရိပ်ကိုထည့်ဆွဲဖို့ လက်တွန့်နေ ဒါမှမဟုတ် တွေဝေနေ စိတ်ကျ
ဟောင်းနေတဲ့တံဆိပ်နဲ့ နေနေတဲ့ အခိုက်အတံ့ဟာ ကြားနေ၀ါဒီ ဘရန်ဒီ
မကြိုက်တဲ့ ရမ်ကော်ဖီ တစ်ယောက်ထဲကို ရှုပ်နေတော့တာပါပဲ မသိတော့တဲ့အထိ
ခရမ်းရောင်ပန်းတွေပွင့်နေတဲ့ကမ္ဘာဆိုတဲ့စာသားပါတဲ့ သီချင်းကို Repeat
လုပ်ပစ်လိုက်တယ် ဆေးလိပ်မသောက်တော့ဘူးလို့ရေးထားတဲ့စာရွက်ကို
မီးရှို့လိုက်တယ် နောက်ဆိုအပိုတွေမလုပ်မိအောင်သတိထားရမယ်
မေ့ပစ်ထားခဲ့တဲ့ သတိတွေက တာမွေမှာ ကဗျာဆရာကောင်းတွေ ပေါတယ် တဲ့
အခန်းလွတ်ထဲက ပန်းချီကားအလွတ်တွေ နည်းပညာသုံးစွန့်လွှတ်မှုတွေ
မေ့ပစ်ထားခဲ့ပါတယ်ဆိုမှ သတိဆိုတဲ့အရိပ်က မလွတ်ဘူး မလွတ်မြောက်နိုင်တော့ဘူး
အကြောင်းအရာဟာ လူပြောများတဲ့ခေါင်းစဉ်ထဲ ၀င်သွားတာ သတိထားမိလိုက်လား
Notification ဟာမျက်စိနောက်စေတဲ့အကြောင်း အရင်းစစ်တော့ အမြစ်မြေကဆိုသလို
သီချင်းဆိုပြိုင်ပွဲတွေများသထက်များလာပြီ ညီမလေး ကျန်းမာရေးဂရုစိုက်ပါ လမ်းလွှဲမှ
မောင်းပါ မီးပွိုင့်မှာ လိုအပ်ရင် ဘရိတ်သုံးမယ်ဆို နည်းနည်းကြိုပြောပါ စသည်ဖြင့်
သိမှုဟာ ဟိုရောက်ဒီရောက် ဟိုမရောက်ဒီမရောက် လမ်းဆုံးရင်တွေ့မဲ့ရွာက ကာလသား
ရောဂါကင်းရှင်းရဲ့လား စိုးရိမ်ရေမှတ်ကိုကျော်လွန်လာတဲ့နောက်တော့ စိုးရိမ်စရာ
အခြေအနေဟာ ပုံမှန်ပြန်ဖြစ်သွား ခင်ဗျားလဲ ရိုးသွားမှာပါ ။

 - မင်းလုလင် -

ကျွန်တော် ဆရာဝန်တစ်ယောက် အလိုရှိနေတယ်

ဦးနှောက်ထဲဝင်ထွက်နေတဲ့ပုန်ကန်လိုစိတ်ကို ခွဲစိတ်ဖို့ နောက်ပြီး
ကျပ်ကျပ်တည်းတည်းဖြစ်နေတဲ့ လက်ရှိအခြေအနေကို စွတ်တရွတ်
သိမှုနယ်ပယ်ထဲကနေ ဆွဲထုတ်ပစ်ဖို့ အကိုက်အခဲပျောက်ဆေးပြားတစ်ချို့
ဒါမှမဟုတ် နားကြပ်တပ်ပြီးကျွန်တော့စိတ္တဇကို နားထောင်ပေးဖို့
ကျွန်တော့စကားသံတွေက ထုံဆေးနံ့တွေ မွှန်နေမလားပဲ ဆောရီးပဲ ဒေါက်တာ
ယဉ်ကျေးမှုကို ကျွန်တော့သွေးကြောထဲ ထိုးသွင်းပေးပါ သွေးခုန်နှုန်းဟာ ပုံမှန်
ရှိရဲ့လား စိုးရိမ်ကြောင့်ကြမှုတွေ အရမ်းများနေသလား ကျွန်တော်မသိဘူး
ကျွန်တော်က ဆရာဝန်တစ်ယောက်မဟုတ်ဘူး ဒေါက်တာ ကျွန်တော်က
ဆရာဝန်တစ်ယောက်အလိုရှိနေတာ ကျွန်တော်ခေါင်းကိုက်နေရတာ
ပုံမှန်ဟုတ်ရဲ့လား ပုံမှန်မဟုတ်ဘူးလား ပုံမှန်မဟုတ်တဲ့ဖြစ်စဉ်တွေကြောင့်လား
ကျွန်တော်ရူးသွားပြီလား နေ့ချင်းညချင်းမျှော်လင့်နေရတဲ့ခံစားမှုအစားထိုး
ခွဲစိတ်ကုသမှုတစ်ခုလား ထုံဆေးမပေးပါနဲ့ ဒေါက်တာ ကျွန်တော်က ထုံပေပေ
လူသား ခံစားချက်ကုန်ခန်းတဲ့ရောဂါနဲ့ နံရံတွေဆီကနေထွက်ပြေးလို့မလွတ်နိုင်တာ
အတက်အဆင်းတွေမှာ မော မော နေတာ ကျွန်တော်အိပ်ရတာမပျော်ဘူး
ကျွန်တော်မအိပ်တာနာရီဘယ်နှစ်လုံးစာ နောက်ထပ်နာရီဘယ်နှစ်လုံးစာ
ကျွန်တော့ကို အိပ်စက်အနားယူခြင်းပေးပါ ဒေါက်တာ လက်ကောက်ဝတ်က
အချိန်တွေထဲမှာ နစ်မြုပ်နေရတာလဲ ၀မ်းနည်းစရာပဲ ဒါသွေးရိုးသားရိုးမှဟုတ်ရဲ့လား
ဖြေပေးပါ ဒေါက်တာ ခင်ဗျားဟာ ကျွန်တော်အလိုရှိနေတဲ့ဆရာဝန်တစ်ယောက်
ကြောက်ရွံ့နေမှုတွေကို ကျွန်တော့ဆီက ဆွဲထုတ်သွားပါ ခပ်ဝေးဝေးတနေရာဆီမှာ
ကျွန်တော်တစ်ယောက်ထဲ အဆင်ပြေပါ့မလား စိုးရိမ်ရတဲ့အခြေအနေမှာ ကျွန်တော်
အသံတွေကိုကြောက်တယ် ကျွန်တော့ကိုယ်ကျွန်တော် မေ့လျော့သွားစေဖို့
နည်းလမ်းတစ်ခုခုများရှိနေမလား ဒေါက်တာ ဖြစ်နိုင်ရင် ကျွန်တော့နားတွေကို
လှီးထုတ်ပေးပါ အသံတွေကြောင့် ကျွန်တော်အိပ်မရတာမျိုးလား ကြောက်
နေရတာမျိုးလား ကျွန်တော် ဆရာဝန်တစ်ယောက်အလိုရှိနေပါတယ် ဒေါက်တာ ။

- မင်းလုလင် -

ရောဂါဟာအနက်ရောင်ကျောပိုးလွယ်အိတ်ထဲမှာ တွဲခို






အပိုင်းအစတွေကို မေ့လျော့ပစ်လိုက်ဖို့ မေ့လျော့နေတုန်းပဲ  စိတ္တဇဟာ
တနေ့ထက်တနေ့ ချည်နှောင်လာတယ် ကြိုးတွေပြတ်နေတဲ့ ဂစ်တာကို
သံယောဇဉ်ဖြစ်လွန်းနေမှုကလဲ စိတ္တဇပဲ ဘာလို့လဲ မေမေ
လူတွေက လူပီသလွန်းတဲ့အခါ ရွံစရာကောင်းလာတယ် မြင်မြင်သမျှ
အတတ်ပညာတွေချည်းပဲဆိုတော့ ခံစားမှုဝါဒီတစ်ယောက်ဟာ ကမ္ဘာ
အပေါ်ကနေ ထွက်ခွာသွားပေးရမလား ဟင့်အင်း မဟုတ်ဘူး မေမေ
လူတွေကို ကျွန်တော်ခွင့်မလွှတ်တတ်သေးဘူး ဆူပါ ရိုက်ပါ ငယ်ငယ်ကလို
နားဝင်ချိုစွာ ဆဲပါ အနက်ရောင်ကျောပိုးအိတ်လေး ဟောင်းနေပြီ
မေမေ အနက်ရောင်ဆိုတော့ ဟောင်းနွမ်းနေမှန်းမသိသာဘူး ကျွန်တော်လဲ
ဟောင်းနွမ်းဆွေးမြေ့  တငွေ့ငွေ့လောင်နေတဲ့ စီးကရက်ကို ဦးနှောက်ထဲ
ထိုးသွင်းပစ်လိုက်တယ် မေမေ မကြိုက်ဘူး ကျွန်တော်ကလဲ ဂရုမစိုက်ဘူး
စိတ်ဆိုးနေမလား မေမေ သားလူမိုက်ဟာအမေ့ရင်ခွင်နဲ့ အနီးတ၀ိုက်မှာ
ပျောက်ကွယ်နေတာ ပျောက်ဆုံးနေတာ အမှတ်တရတွေနဲ့ကင်းကွာနေတာ
အိပ်မက်တွေကိုအရောတ၀င်လုပ်နေရတာ ကျွန်တော် ပျင်းတယ် ရောစပ်ထားတဲ့
အရောင်ခပ်ပြင်းပြင်းတွေနဲ့ ကျွန်တော်မမှီမကမ်း ဆုပ်ကိုင်ထားတဲ့ အနုပညာဟာ
လူယဉ်ကျေးတွေရဲ့ ပစ်စာ  ကျွန်တော့မှာရယ်ရလွန်းလို့ အာခေါင်တွေနာလာတဲ့အထိ
သူတို့ သိပ်သနားစရာကောင်းတာပဲ မေမေ တားမြစ်ဧရိယာတွေမှာ ကျွန်တော်
ပျော်တယ် ကဲ့ရဲ့သံတွေကြားမှာ ကျွန်တော်ပျော်တယ် အနာဂတ်ဆီ ခရီးထွက်ဖို့
ကျွန်တော့အနက်ရောင်ကျောပိုးအိတ်လေးက အဆင်သင့်ဖြစ်နေပြီ မေမေ
ခေတ်နဲ့ဝေးရာကို ကျွန်တော် ပြေးထွက်သွားဖို့ သက်လုံ လုံလုံလောက်လောက်
စုမိဆောင်းမိရှိလာတဲ့အခါ ကျွန်တော်ဟာအစိမ်းရောင်အပင်တပင်စိုက်မယ်
ကမ္ဘာကြီးကို အရွဲ့တိုက်မယ် အဲ့ဒီထက် နည်းနည်းလေးပိုချင်လဲပိုမှာပေါ့
မေမေ  သားတော့သေမှာပါပဲ အဲ့ဒါဟာလဲ အမြင့်ဆုံးအောင်မြင်မှု
ဖြစ်ကောင်းဖြစ်နိုင်တာပဲ မေမေ  ။   ။

- မင်းလုလင် -