Subscribe:

ရောဂါဟာအနက်ရောင်ကျောပိုးလွယ်အိတ်ထဲမှာ တွဲခို






အပိုင်းအစတွေကို မေ့လျော့ပစ်လိုက်ဖို့ မေ့လျော့နေတုန်းပဲ  စိတ္တဇဟာ
တနေ့ထက်တနေ့ ချည်နှောင်လာတယ် ကြိုးတွေပြတ်နေတဲ့ ဂစ်တာကို
သံယောဇဉ်ဖြစ်လွန်းနေမှုကလဲ စိတ္တဇပဲ ဘာလို့လဲ မေမေ
လူတွေက လူပီသလွန်းတဲ့အခါ ရွံစရာကောင်းလာတယ် မြင်မြင်သမျှ
အတတ်ပညာတွေချည်းပဲဆိုတော့ ခံစားမှုဝါဒီတစ်ယောက်ဟာ ကမ္ဘာ
အပေါ်ကနေ ထွက်ခွာသွားပေးရမလား ဟင့်အင်း မဟုတ်ဘူး မေမေ
လူတွေကို ကျွန်တော်ခွင့်မလွှတ်တတ်သေးဘူး ဆူပါ ရိုက်ပါ ငယ်ငယ်ကလို
နားဝင်ချိုစွာ ဆဲပါ အနက်ရောင်ကျောပိုးအိတ်လေး ဟောင်းနေပြီ
မေမေ အနက်ရောင်ဆိုတော့ ဟောင်းနွမ်းနေမှန်းမသိသာဘူး ကျွန်တော်လဲ
ဟောင်းနွမ်းဆွေးမြေ့  တငွေ့ငွေ့လောင်နေတဲ့ စီးကရက်ကို ဦးနှောက်ထဲ
ထိုးသွင်းပစ်လိုက်တယ် မေမေ မကြိုက်ဘူး ကျွန်တော်ကလဲ ဂရုမစိုက်ဘူး
စိတ်ဆိုးနေမလား မေမေ သားလူမိုက်ဟာအမေ့ရင်ခွင်နဲ့ အနီးတ၀ိုက်မှာ
ပျောက်ကွယ်နေတာ ပျောက်ဆုံးနေတာ အမှတ်တရတွေနဲ့ကင်းကွာနေတာ
အိပ်မက်တွေကိုအရောတ၀င်လုပ်နေရတာ ကျွန်တော် ပျင်းတယ် ရောစပ်ထားတဲ့
အရောင်ခပ်ပြင်းပြင်းတွေနဲ့ ကျွန်တော်မမှီမကမ်း ဆုပ်ကိုင်ထားတဲ့ အနုပညာဟာ
လူယဉ်ကျေးတွေရဲ့ ပစ်စာ  ကျွန်တော့မှာရယ်ရလွန်းလို့ အာခေါင်တွေနာလာတဲ့အထိ
သူတို့ သိပ်သနားစရာကောင်းတာပဲ မေမေ တားမြစ်ဧရိယာတွေမှာ ကျွန်တော်
ပျော်တယ် ကဲ့ရဲ့သံတွေကြားမှာ ကျွန်တော်ပျော်တယ် အနာဂတ်ဆီ ခရီးထွက်ဖို့
ကျွန်တော့အနက်ရောင်ကျောပိုးအိတ်လေးက အဆင်သင့်ဖြစ်နေပြီ မေမေ
ခေတ်နဲ့ဝေးရာကို ကျွန်တော် ပြေးထွက်သွားဖို့ သက်လုံ လုံလုံလောက်လောက်
စုမိဆောင်းမိရှိလာတဲ့အခါ ကျွန်တော်ဟာအစိမ်းရောင်အပင်တပင်စိုက်မယ်
ကမ္ဘာကြီးကို အရွဲ့တိုက်မယ် အဲ့ဒီထက် နည်းနည်းလေးပိုချင်လဲပိုမှာပေါ့
မေမေ  သားတော့သေမှာပါပဲ အဲ့ဒါဟာလဲ အမြင့်ဆုံးအောင်မြင်မှု
ဖြစ်ကောင်းဖြစ်နိုင်တာပဲ မေမေ  ။   ။

- မင်းလုလင် -

2 comments:

Sofar Away Fromu said...

ဒီကဗျာလေးထဲက စကားလုံးတော်တော်များများကို
ကြိုက်မိပါတယ် ခံစာမှု့ချင်းလည်း ...
အမြင့်ဆုံးအောင်မြင်မှု့ပါပဲ...

လူခါး said...

ဧက..ရေ.ဒီကဗျာလေး..ကြိုက်တယ်။.ခံစားမှုအား ပိုပြီးအားကောင်းတဲ့ ကဗျာလေးလို့ မြင်မိတယ်..။

Post a Comment