Subscribe:

ခင်ဗျား မျက်လုံးထောင့်က မျက်ချေးတွေကို Recycle လုပ်ပစ်လိုက်

ကမ္ဘာကြီးကသူ့အလိုလိုလည်ပတ်နေတယ်၊ကျွန်တော်တို့ကချစ်ခြင်းမေတ္တာနောက် ကောက်ကောက်ပါအောင်
 

ဘာကြောင့် လိုက်နေကြတာလဲ ။ ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲသိတဲ့တနေ့ အဲဒီမေးခွန်းကို ဖြေပါ့မယ် ..။ ဖြေခြင်း
 

မဖြေခြင်း အဖြေရှိခြင်း မရှိခြင်း အကြောင်းခြင်းရာများစွာထဲ ကျွန်တော်တို့ ပိတ်မိနေကြတယ် ။ ထွက်ပေါက်တွေကို
 

ရှာဖွေဖို့ မျက်လုံးပါမလာဘူး ။ ပိတ်မိခြင်းထဲ ပိတ်မိနေတဲ့အတိုင်း ကိုယ့်ကိုကိုယ်ပြန်ပိတ်ထားလိုက်တယ် ။ အလုံပိတ်
 

အခန်းထဲမှာ ၊ အလုံပိတ် အတွေးတွေနဲ့ ၊ ကိုယ့်ကိုယ်ကို အလုံပိတ်ထားကြတယ် ။ ကျွန်တော်တို့ ဘယ်တော့များမှ
 

လွတ်မြောက်ခြင်းလေသန့်ကို ရှူရှိုက်နိုင်မယ် ။ ကြိုတင်ကြံစည်မှုဟာ အနောက်ဖက်ဧရိယာတ၀ိုက်မှာ ။
 

 ပျံနှံနေတုန်းပဲ ။ ရှင်သန်ခြင်း ၊ လွတ်မြောက်ခြင်း ၊ ရှူရှိုက်ခြင်း ၊ ကြိယာပုဒ်ပေါင်းများစွာထဲက အနှေးရုပ်ရှင်ပြကွက်
 

တစ်ခုဟာ ။ လေထုထဲ ။ ပျံနှံ့နေတုန်းပဲ ။ လို့ ယူဆထားလိုက်ရုံပါ ။ ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ ၊ ခင်ဗျား
 

ဆိုလိုတစ်အုပ်လောက် ထုတ်ချင်နေတာလား ။ ခင်ဗျားရဲ့ ဆိုလိုချက်တွေကို ခင်ဗျားရဲ့ ဆိုလိုစာအုပ်ထဲ
 

ထည့်ရေးမှာလား ။ ရယ်ရပါတယ် ၊ သိပ်ကိုရယ်ရပါတယ် ။ လောကကြီးက ကိုယ်တွေနဲ့ အဆင်မပြေဘူး ။ သိပ်ကို
 

ရယ်ရလွန်းပါတယ် ။ တဖြည်းဖြည်းနှေးကွေးလာတဲ့ တစ်ကိုယ်ရည်ကမ္ဘာထဲ ။ ခင်ဗျားမှာ ကျည်ဆံတွေရှိတယ် ။
 

ကျွန်တော့်မှာ ရယ်သံတွေရှိတယ် ။ ဘယ်သူပြိုင်လို့ လှနိုင်မလဲ ။ ဆိုတာ ခင်ဗျားရဲ့ ရွှေ့ကွက်တွေထဲ
 

အသံထွက်မှားကောင်း ။ မှားနေနိုင်တယ် ။ စာလုံးပေါင်းသတ်ပုံတွေကို စွန့်ပစ်လိုက်ကြမယ် ။ ကျွန်တော်တို့
 

သတ်ပုံတွေ မှားယွင်းကောင်း မှားယွင်းနေကြလိမ့်မယ် ။ ဖြည်းညင်းစွာ သတ်ပါ ။ တစ်ခါတည်း အသေသတ်ပါ ။
 

ဘယ်အရာကို ခင်ဗျား လိုအပ်ပါသလဲ ။ ဖြည်းညင်းစွာ တစ်ခါတည်း ရွေးချယ်ပါ ။ စွန့်ပစ်မှုတွေကို စွန့်ပစ်လိုက်ရင်
 

အသစ်တွေကိုသတ်သလိုဖြစ်သွားမယ် ။ ထင်တယ် ။ ဖြည်းဖြည်းသတ်ပါ ။ သီချင်းသံက နားထဲ ။ Solo တွေ ။
 

စလိုးမိုးရှင်း နဲ့ သေသွားပုံက ။ ဆန်းတယ် ။ စွန်လွှတ်တာ ဆန်းလား ၊ စွန့်လွှတ်တာ ဆန်းလား ။ ဆန်းပြားခြင်း
 

ဆန်ပြာခြင်း ကိစ္စတွေဟာ ကျွန်တော်တို့နဲ့ ဘယ်လို ပတ်သက်လဲ ။ ပတ်ပတ်သက်သက်
 

ပက်ပက်စက်စက် ပြောရရင် ၊ လူမှုအဖွဲ့အစည်းကို ကျွန်တော် စိတ်ပျက်နေတယ် ၊ ဆိုတာပါပဲ ။ ကမ္ဘာဟာ
 

အလုံးသဏ္ဍာန်သို့ ပြန်လည်ကူးပြောင်းခြင်း ။ လှည့်နေသလို ။ လိမ့်နေသလို ။ တစုံတယောက်က လှိမ့်နေသလို ။
 

ကျွန်တော်စွန်လွှတ်ကြည့်လိုက်တယ် ။ ကြိုးထဲ ။ စွန်ဟာ မလွတ်မြောက်နိုင်တော့ဘူး ။ စွန်ဟာ စွန်ပဲ ၊ ကြိုးဟာ
 

ကြိုးပဲ ။ ဆိုင်းကြိုးတပ်ဖို့ ဆိုင်းခဲ့ရတဲ့ ကာလတွေ ဘယ်လောက်ကြာခဲ့သလဲ ၊ ဆိုတာ ၊ ကျွန်တော်တို့ ကိုယ်တိုင်
 

မရေတွက်နိုင်တော့ ၊ မရေတွက်နိုင်တော့ ။ လိမ်လိုက်မိသလား ။ ခင်ဗျား အလိမ်ခံလိုက်ရသလား ။ မေးခွန်းဟာ
 

ခင်ဗျားကို မျိုသွားတာ ။ ခင်ဗျားသိလိုက်သလား ။ ဟော ။ စွန်လေး လွှတ်နေရင်း လွတ်သွားတယ် ။ ကြိုးထဲ ။
 

အချိန်ဟာ ဆိုင်းကြိုးကို တုန့်ဆိုင်းသွားစေတယ် ။ လေထဲ လွှင့်ချင်ရုံလောက်ပါ ၊ လူးလွန့်နေစေရုံလောက်ပါ ၊
 

စက္ကူစွန်လေးတစ်ကောင်အတွက် သရဏဂုံတင်ပေးစရာ ဘာအကြောင်းရှိမလဲ ။ ဈာပန ဆိုတာ
 

ဟာသဇာတ်ကွက်တစ်ပုဒ်လို့ ကျွန်တော် သဘောထားတယ် ။ သိပ်ကို ရယ်ရလွန်းပါတယ် ။ ရယ်သံတွေက
 

အနိုင်ရသွားတဲ့အခါ ။ ဟာသက Solo ဖြစ်လာတယ် ။ စွန်သတ်လို့သေတဲ့ကြိုး ။ ရှာဖွေခြင်းထဲ ။ ဒိထက်လှတဲ့
 

ဈာပနကို လက်ဆောင်ထည့်ပေးလိုက်မယ် ။ သိပ်ကိုရယ်ရလွန်းပါတယ်။ သိပ်ကို ရယ်ရလွန်းတဲ့ လူမှုစနစ်ကြီးကို
 

အားပါးတရ ရယ်ပါမယ် ၊ ဟား ဟား ဟား ဟား ၊ ဒီ့ထက် ဘယ်နှစ်ခေါက် ပိုရယ်ရဦးမလဲ ၊ ဟား ဟား ဟား ဟား ဟား
 

ဟား ဟား ၊ ဒီလောက်ဆို တော်သင့်ပြီ ထင်ပါတယ် ။ ခင်ဗျား မျက်လုံးထောင့်က မျက်ချေးတွေကို Recycle
 

လုပ်ပစ်လိုက် ။


ဆူး ခက် မင်း ။ မင်း လု လင်

ဆံပင်စုတ်ဖွားထဲ အမှန်တရားတွေ တနေ့တွေ့လိမ့်နိုးနိုး

အလင်းရောင်တွေက ဆံပင်စုတ်ဖွားထဲ ထိုးကျ ။ နေတာကို ဆံပင်စုတ်ဖွားနဲ့လူက သဘောကျနေလေရဲ့ ။

ရေချိုးသန့်စင်ပစ်လိုက်ဖို့ ဆံပင်တွေထဲ သံသယတွေက တနိုင်တပိုင်ထက်ပိုလွန်းနေတယ် လို့

ဆံပင်စုတ်ဖွားနဲ့လူ မကြာခဏ ပြောတယ် ။

ပတ်ဝန်းကျင်ထဲ လူသွားလူလာမပြတ်စေဖို့ ကိုယ့်ကိုကိုယ်တံဆိပ်ပြန်တပ်ထားပါတယ် တဲ့

ဆံပင်စုတ်ဖွားနဲ့လူက ကဗျာဆရာအယောင်ဆောင်မှုကို ထဲထဲဝင်ဝင်နှစ်သက်တယ် ။

မကြာမကြာဆိုသလို စကားလုံးအစုအဖွဲ့တွေကို ကဗျာတွေပါလို့ လူတွေကို လိမ်တယ် ။ လူသွားလူလာမပြတ်စေဖို့ ။

ဆံပင်ရှည်ရှည်တွေထဲ စိတ်ကိုတတ်နိုင်သလောက်တိုအောင် ဖွက်ထားတတ်တဲ့ ဆံပင်စုတ်ဖွားနဲ့လူက

အလင်းဆိုင်ရဲ့ ညတွေထဲ တနံတလျားကျယ်တဲ့ စကားတွေကို အိပ်ချင်ယောင်ဆောင်ရင်း ရှာနေတတ်သတဲ့ ။

သူက လူလိမ် ။ ကဗျာဆရာအယောင်ဆောင်မှုကို  လွယ်လင့်တကူကျူးလွန်တတ်သူ ။ ပြီးတော့လဲ ဘာမှမဟုတ်ပြန်ဘူး ။

စိတ်လိုလက်ရ အလင်းရတဲ့နေ့မျိုးဆိုရင် ဆံပင်တွေထဲ မုသားတွေခိုကပ်နေမလားလို့ မွှေနှောက်ရှာဖွေ

တစ်ယောက်ထဲ တိတ်တိတ်လေး ရယ်နေတတ်တယ် ။

ဆံပင်စုတ်ဖွားနဲ့လူလိမ် ။ သူပြုံးတယ် ။ သူရယ်တယ် ။

တခါတခါကျ ၀မ်းနည်းစရာကောင်းလှတဲ့ ပြက်လုံးတစ်ခုကို ဟက်ဟက်ပက်ပက် ငိုကြွေးနေတတ်တယ် ။

တလောက သဲကန္တာရ တစ်ခုဆီ အလည်သွားရင်း အိုအေစစ်တွေချည်းတွေ့ခဲ့ရတာကို ဒေါသဖြစ်နေလေရဲ့

ဆံပင်စုတ်ဖွားနဲ့လူပေါ့ ..။

မနက်ခင်းဆိုတာ သူဖွင့်မကြည့်ဘူးတဲ့ အပြာရောင်ဇာတ်ကားတစ်ခုသာဖြစ်ကြောင်း ။

အဲဒီ ဆံပင်စုတ်ဖွားနဲ့ လူပေါ့ ။ လိင်မှုကိစ္စ အ၀၀ကို ၀ဖီးဖီးမိန်းမကြီးတစ်ယောက်ဆီမှာ ကိုယ်ထိလက်ရောက်စုံစမ်းနေလိုက်သေးတယ်။

သူကိုယ်တိုင် ပြန်ချုပ်ထားတဲ့ ချုပ်ရိုးတွေကို ငြီးငွေ့နေပြီ တဲ့ ။

သူဟာ တတိယလူဖြစ်ကြောင်း ၊ လူရွှင်တော်ဖြစ်ကြောင်း ၊ ဆံပင်စုတ်ဖွားနဲ့ လူလိမ်တစ်ယောက်ဖြစ်ကြောင်း ။

အာလေးလျှာလေး နဲ့ အသံက ဆံပင်စုတ်ဖွားနဲ့လူဆီမှာနေ့ရောညပါ ခိုလှုံနေ ။

သူ့ဆံပင်စုတ်ဖွားတွေထဲ အသံတွေဝင်သွားမှာကို သွေးရူးသွေးတန်းကြောက်လန့်နေတတ်သေးတယ် ။

အညှီအဟောက်တွေလား ။ အဟောင်းအမြေ့တွေလား ။ ဘောင်တွေထဲ ။ အသစ်တွေထဲ ။

သူဟာ ပန်းချီကားတချပ်မဟုတ်ပါဘူးတဲ့ ။ နားရည်ဝနေကျစကားလုံးတွေနဲ့ ခါးခါးသီးသီး ငြင်းနေတဲ့ ဆံပင်စုတ်ဖွားနဲ့လူ

အလင်းရောင်တွေက ဆံပင်စုတ်ဖွားထဲ ထိုးကျနေတာကို သဘောကျနေလေရဲ့ ။

ရာစုနှစ်ထဲ ။ ၀မ်းနည်းစရာပြက်လုံး ။ နဲ့ လူရွှင်တော် ။ ကျွန်တော်ရူးနေတယ် ။ မနှင်းဝေ



နေ့ရောညပါလွမ်းနေကြောင်း တံခါးတွေက ပြောနေတယ် ။ မနှင်းဝေ ။
ကျန်းခန့်သာလို့ မာပါစ ။ လို့ နှုတ်ဆက်လိုက်ဖို့ ။ မျက်နှာချင်းဆိုင်ဆုံတွေချိန်မရှိ ။
တော့ဘူးဆိုရင် ကျွန်တော်တို့နှစ်ယောက် ။ တကယ်ဝေးသွားကြပြီဆိုတာ ။
အိပ်မက်မက်နေတာ မဟုတ်ဘူး ။ မနှင်းဝေ ။ တနင်္ဂနွေနေ့များ ။
အားလုံးကို မြေမြုပ်ပစ်ဖို့ ဘယ်သူကူညီနိင်မလဲ ။ဆိုတာ ဘယ်သူ သိနိုင်မလဲ ။ လို့ ရင်ဘတ်ဖွင့်ပြီး ။
ထက်ခြမ်းပြဲ လေယာဉ်လက်မှတ်ပေါ်က နေ့စွဲ ။ တယ်လီဖုန်းနံပါတ် တစ်ခု ။ နှင့် အတူ အပြာရောင်မိန်းမပတ်နာရီတစ်လုံး ။ အိပ်မက်မဟုတ်ကြောင်း သေချာသည်ထက်
ပိုသေချာအောင် ကျွန်တော် အိပ်ပျော်ကြည့်လိုက်တယ် ။ မနှင်းဝေ ။
က အိပ်မက်ထဲ သိပ်လှလွန်းနေရဲ့ ။ အရမ်းဝမ်းနည်းစရာကောင်းတဲ့ ပြက်လုံး ။
စကားလုံး မိုင်းဗုံး ။ ဒီနူးညံ့မှုက ခရစ်နှစ် တခြမ်းသာသာပဲ ခမ်းနားခဲ့တယ် ။ ဆိုတာ ။
အသည်းကွဲရာသီ အခင်းအကျင်းထဲ လက်လွတ်စပယ် ပြုတ်ကျသွားတယ် ။
မနက်တိုင်း နင်နှိုးမဲ့ ဖုန်းသံလေးကို လွမ်းနေမယ် ။ ဆိုတာ မနှင်းဝေရဲ့ ကျိန်စာ ။
တွေ ကျွန်တော့မှာ တယုတယပွေ့ပိုက်လို့ ။ နင်ပြန်လာမဲ့ တနေ့ကျရင် ။ ထက်ခြမ်းပြဲ လေယာဉ်လက်မှတ်ပေါ်က နေ့စွဲထဲမှာ အရိပ်တွေရှိလေလိမ့်မလား ။
လို့ ကျွန်တော် သွေးရူးသွေးတန်း လိုက်ရှာမိတယ် ။ ဆိုတာ မနှင်းဝေ သိမှသိပါလေစ ။
အိပ်ယာဝင် တယ်လီဖုန်းသံများ ။ ပြက္ခဒိန်ပေါ်က မင်နီကြက်ခြေခတ်များ ။
အားလုံးကို မြေမြုပ်ပစ်လိုက်ဖို့ ။ ဘယ်သူကူညီနိုင်မလဲ ။
ကျွန်တော်က မေးခွန်းတွေထဲ ထဲထဲဝင်ဝင်နေထိုင်ရတာ ပျော်တယ် ။ ဆိုတာ မနှင်းဝေ သိမှသိပါလေစ ။
လို့ ကျွန်တော့ကိုယ်ကျွန်တော် ပြန်မေးမိတယ် ။မနှင်းဝေ သိမှသိပါလေစ ။
တနင်္ဂနွေ မပါတဲ့ ပြက္ခဒိန်ကို ခုထိ ရှာမတွေ့သေးတာ ကျွန်တော်သိပ်ညံ့နေပုံပဲ ။ လို့ ညနက်နက်တွေထဲ တွေးမိတယ် ။ မနက်ဖြန်တွေတိုင်းဟာ
ရောက်မလာခင်ကတည်းက ခြောက်သွေ့ ။ နေပြီဆိုတာကို
ကျွန်တော်တိုးတိုးလေးပြောကြည့်မယ် ။ မနှင်းဝေ ။ အရင်လို
ဟက်ဟက်ပက်ပက် ရယ်ပါ ။ ဒါ ၀မ်းနည်းစရာ ပြက်လုံးတစ်ခု ။ ဆိုတာ
ကျွန်တော် ၀န်ခံပါတယ် ။ တနင်္ဂနွေနေ့များ ။ အားလုံးကို မြေမြုပ်ပစ်ဖို့
ဘယ်သူကူညီနိင်မလဲ ။ဆိုတာ ဘယ်သူ သိနိုင်မလဲ ။ လို့ ရင်ဘတ်ဖွင့်ပြီး ။
ကျွန်တော် တိတ်တိတ်ကလေး ငိုနေတာကို ။ မနှင်းဝေ သိမှသိပါလေစ ။

- မင်းလုလင် -

ဒီကဗျာရေးပြီးတဲ့အခါ မနှင်းဝေနဲ့ကျွန်တော် သံသရာအဆက်ဆက် ဝေးမြဲဝေးနေကြပါစေ

ရိုးရိုးသားသား ဖောက်ပြန်မှုလေးတစ်ခုပါ

နှုတ်ခမ်းထောင့်ချိုးလေး မဲ့ကွေးအသွားမှာ

သွေးရူးသွေးတန်း ချစ်မိသွားတယ်ဆိုတာကလဲ

ရိုးမြေကျ လွမ်းဖို့သက်သက် .....။

စက်တင်ဘာဆီမှာ ပြန်မလာနိုင်သူလေး ပျော်နေပါစေ

ပြိုကျနေပုံ ....။ စက်တင်ဘာတွေ ပြိုကျနေပုံ ...။

ကျွန်တော့အပေါ်ကို စက်တင်ဘာတွေ ပြိုကျနေပုံက စောလွန်းနေသလိုလို ....။


မေတ္တာတရားဟာ ကျွန်တော်နဲ့ စက်တင်ဘာကြား

ထုနဲ့ထည်နဲ့ ဝေးကွာသွားအောင် နှုတ်ဆက်လိုက်တယ်

ဒါကျိမ်စာတစ်ခုပဲလား ...။ မေးခွန်းတွေ ကျိန်စာ ထပ်သင့်ကုန်တယ် ..။

တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်အတွက် တံခါးတွေ ဖွင့်ထားသလား ...

တစ်စုံတစ်ယောက်က ဖွင့်ထားတဲ့တံခါးပေါက်ဆီကို ပြန်လာနိုင်မလား ....။

စက်တင်ဘာတွေ ပြိုကျနေတဲ့ ရာသီခွင်ထဲ

ကံဆိုးမှုတွေ နဲ့ ကိုယ် .... နာကျင်ရပါတယ် ကြေကွဲရပါတယ်

စက်တင်ဘာဆီမှာ ပြန်မလာသူလေး တစ်ယောက် ပျော်နေဖို့ပါပဲ......။


အိပ်မက်ထဲ ... အိပ်မက်တွေထဲ ... အိပ်မက်မမက်တော့တဲ့ အိပ်မက်တွေထဲ

အသစ်တဖန် ပြန်လည်တည်ဆောက်ဖို့ ဆိုတာ

(ထားခဲ့လိုက်စမ်းပါ စက်တင်ဘာ)

ဒါအိပ်မက် မက်နေတာ မဟုတ်ဘူး ..။

တံခါးပေါက်တွေကို ဖွင့်ထားတုန်းပဲ ...။

ပြန်မလာသူလေးလဲ ခုထိရောက်မလာသေးဘူး ....။

အိပ်မက်တွေ ဆက်ရှိနေဦးမလားပဲ ...။ မသေချာဘူး .....။


တစ တစ ထက်ပိုပြီးတော့ တစ ထက် တစ ဝေးကွာသွားရုံပါ

(ကျွန်တော့အပေါ်ကို)

စက်တင်ဘာပြိုကျလာပုံက ဖရိုဖရဲ နဲ့

(တဆိတ်)

စောလွန်းတယ် ....။



စက်တင်ဘာတွေဆီမှာတော့ ပြန်မလာသူလေး ပျော်နေဖို့ပါပဲ ....။

အညတရ ရာဇ၀င်ထဲက ပန်းပျိုးအလင်္ကာ

လူငယ်တစ်ယောက်ရဲ့ နေ၀င်နေထွက်တွေထဲ

အကြည့်ရဲရဲတွေကို တွန်းလှန်ဖို့

ကျွန်တော့ ရာဇ၀င်က အားမကောင်းသေးဘူး မနှင်းဝေ...။


ကဗျာရေးတယ်ဆိုတာ

ရာဇ၀တ်မှုအကြီးကြီး ကျူးလွန်တာမဟုတ်သလို

ကောင်းမှုအကြီးကြီး ပြုတာလဲမဟုတ်ဘူး

စိတ်ရဲ့ အဖုံးကို ခဏလေး လှပ်ကြည့်ရုံသာဖြစ်ကြောင်း

မနှင်းဝေသိအောင် ကျွန်တော် ဘာသာပြန်ပြပါဦးမယ်လေ....။

မနှင်းဝေကတော့ (အရင်တုန်းကလိုပဲ)

ကဗျာဆရာဆိုတာ လူ့ကျင့်ဝတ်တွေကို မကြာခဏချိုးဖောက်တတ်တဲ့

ခပ်ညစ်ညစ် လူပေလူလွင့်တယောက်လို့ သတ်မှတ်နေပေးပါ...။


ရာစုသစ်ရဲ့လောကဓံတရားတွေထဲ

ကျွန်တော်နဲ့ မနှင်းဝေ

ကမ္ဘာတခြမ်းစီခြားလို့....။

မငိုပါနဲ့ မနှင်းဝေ

လေယာဉ်ပျံကြီးစီးပြီး စွန့်ခွာထားခဲ့မဲ့

လောကရဲ့ကောင်းမြတ်ခြင်းတရားတွေထဲ

ပျော်သလိုသာနေခဲ့ပါ

ကျွန်တော်ကတော့

မိုးရာသီမရှိတဲ့ ကမ္ဘာတခြမ်းမှာနေရင်း

တနင်္ဂနွေနေ့ရဲ့ မိုးရေစက်တွေအကြောင်း

ထစ်ထစ်ချုန်းချုန်း စာလုံးပေါင်းနေပါဦးမယ်...။


ဇာတ်သိမ်းခန်း ကြိုသိနေတဲ့ ပြဇာတ်တပုဒ်ပါ မနှင်းဝေ

အရိပ်က အရိပ်လိုနေတတ်ဖို့ကြိုးစားရင်း

ကျွန်တော် .. မီးနီမှ လမ်းဖြတ်ကူးပါတော့မယ်လေ...။


မေ့ပစ်လိုက်ပါ မနှင်းဝေ

အလင်းတို့ရဲ့အလျင်နှုန်းနဲ့

ကျွန်တော့ကို မေ့ပစ်လိုက်ပါ

ထားခဲ့မဲ့သူအဖြစ်နဲ့ ကျွန်တော် ကျန်နေရစ်ခဲ့ပါမယ်...။

ဖြစ်နိုင်ရင်

ကျွန်တော့အတွက် မျက်ရည်မကျပါနဲ့ မနှင်းဝေ

ကျွန်တော်အဆုံးမသတ်မဲ့ အိပ်မက်အတွက်

အလင်းသွန်းတဲ့လက်တွေနဲ့ ကျွန်တော့ညတွေကို လန့်လန့်မနိုးပါနဲ့တော့...။

သံသရာအဆက်ဆက် ကဗျာဆရာဖြစ်ချင်တဲ့သူအတွက်

သက်ပြင်းချသံတွေဆုံးရင်

ကျွန်တော်နဲ့မနှင်းဝေ

လှည့်မကြည့်ကြေး ဝေးကြရုံပါပဲ

ဒိပြင် ဘာမှမပိုလိုက်ပါနဲ့တော့ မနှင်းဝေ...။

အရပ်ပျက်မ




အံစာတုံးတစ်တုံးကို မြှောက်တင်လိုက်ပြီးမှ
ဘယ်နံပါတ်ကျမလဲမကြည့်ရဲသူတစ်ယောက်လို
မျှော်လင့်ချက်ဆိုတာ ဘယ်ဆီဘယ်ဝယ်မှန်းမသိ
သိက္ခာတရားဆိုတာကလဲ
ဝမ်းဝစေတဲ့အကြောင်းတရားမဟုတ်ဘူးဆိုတော့
ညရေးညတာ အလှမပျက်စေဖို့
မျက်ရည်ကို ခဏမေ့ထားခဲ့သူ...မိန်းမပျက်မလေး
ရောင်နီလာတိုင်း
တံတွေးခွက်တွေထဲ ခြေကုန်လက်ပန်းကျနေတုန်း.....။

- မင်းလုလင် -

အခွန်လွတ်ပြဿနာ




တဘ၀လုံး မြေမှာ ရှပ်တိုက်ခဲ့သမျှ
အရောင်းစာရင်းမှာ ဈေးကောင်းမရဘူး...။

အကြောင်းမဲ့ တိတ်ဆိတ်နေတဲ့ လက်သည်းဖွက်သံတွေကြား
သံသရာကို နောက်ကြောင်းပြန်လှည့်ဖို့
ဘယ် သကောင့်သားက ကြိုးစားဖူးလို့လဲ
စကားလုံးလှလှလေးတွေဘယ်လိုသုံးသုံး
ကျိန်စာဆိုတာ ခါးတယ်...။

သောကြာကြယ်ကို ခူးဖို့ စိတ်ကူးမိတာကလွဲရင်
ငါးမျှားရမှာတောင် ကြောက်တတ်တဲ့ လူရွှင်တော်
ပြက်လုံးသံကြားတာနဲ့ ငိုတယ်
တကယ်တော့
ဒုက္ခဆိုတာလဲ ကဗျာပုံစံတစ်မျိုးပဲ
ဒါကို ..ငါရဲ့တစ်ခါသုံးမိတ်ဆွေတွေသဘောပေါက်ပုံမရဘူး....

- မင်းလုလင် -

ကျွန်တော်နှင့်အနီးတ၀ိုက်တွင်




အလိုမတူပဲ တံဆိပ်တပ်ခံလိုက်ရသောအကြောင်းအရာများ နှင့်
ခိုးယူသုံးစွဲခြင်းခံရသော အနာဂတ်များ ...
သူမ သူမ တို့၏ ခြေဖမိုး လှလှများ နှင့်
တဆင့်ချင်း နစ်ဝင်သွားသော မေတ္တာတရားအမည်တပ် မေတ္တာတရားများ ...
ခွေးဟုခေါ်ရန်ပင် အဆင့်မှီခြင်းမရှိသော ဒေါင်းတံဆိပ်ခွေးများနှင့်
အရပ်ပျက်ယဉ်ကျေးမှုတစွန်းတစများ ...
မကြာခဏငိုယိုတတ်သော ကဗျာဆရာများနှင့်
ပန်းချီကားထဲသို့ ပိုက်ဆံ ထည့်ဆွဲသော ဓါတ်ပုံဆရာများ ...
ဝင်စို့ထွက်စို့များသော အသင်းအဖွဲ့များနှင့်
စည်းလွတ်ဝါးလွတ် တေးဂီတများ ....
ခလုတ်ထိမှ အမိတသည်ဟုစွတ်စွဲခံရသော မိဘမဲ့ကလေးများ ...
လျှပ်စစ်ယဉ်ကျေးမှုမှသည် ဖယောင်းတိုင်ယဉ်ကျေးမှု ကူးပြောင်းခြင်းကာလများ...
စိတ်ကြောရှုံ့ အတတ်ပညာဆိုင်ရာ သင်ခန်းစာများ ...
ဈေးဝယ်ထွက်ခြင်းသည်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေသည် .. ဆိုင်းဘုတ်များ
ဝတ်ကောင်းစားလှဝတ်ဆင်ထားသော ကာဗွန်ဒိုင်အောက်ဆိုဒ်များ ....
မနက်ဖြန်ဟု လိမ်လည်ပြောဆိုခြင်းခံရသော ဒီနေ့များ ...
ရေသန့်ဗူးခေတ်ကြီးဆန်းသစ်ပြီဟုရေးသားထားခြင်းခံရသော သောက်ရေအိုးစင်များ...
မော်ဒန် အယ်လ်ပီ သီအိုရီ အရှုပ်အထွေးများနှင့် ပဲပင်ပေါက်ဈေးကွက်များ ...
ငွေကုန်ကြေးကျများလာသော အကောင်းစားမိန်းမပျက်များ ....
မျက်ကန်းမကြောက်သော တစ္ဆေများနှင့်
တစ္ဆေမကြောက်သော မျက်ကန်းများ ...
ဘောလုံးပွဲအစီအစဉ်များရှေ့မှ ရဟန်းသံဃာများ နှင့်
အသံမစဲ မဟာ ပဌာန်းပွဲကြီးများ ....
ကုန်ကြမ်းမပါသော ကုန်ချောထုတ် ပွဲစားစက်ရုံများနှင့်
ကျွန်ုပ်တို့၏ ချစ်လှစွာသော ကမ္ဘာမြေထိန်းသိမ်းပြုပြင်ရေးများ ..
စသည် .. စသည်ဖြင့် ကျင်လည်လျှက်ရှိသော အကြောင်းအရာများ ......။


- မင်းလုလင် -

အဆိပ်မိခြင်း




အလေအလွင့်များတဲ့ နေ့ရက်အရိုင်းအစိုင်းတွေပဲ ညီလေးရေ ...။

၁၉၉၇ ခုနှစ်က အိပ်ရေးပျက်တဲ့ညတွေထဲက

တယောက်တခြမ်း ခိုးလွမ်းခဲ့ဖူးတဲ့

လရောင်တွေဆိုတာ ကြာခဲ့ပါပြီ ညီလေးရေ..။



ဘ၀ကို အားတက်သရော တိုက်ခိုက်ချင်တဲ့ မင်း

စိတ်အင်နားရှားနိယာမတွေကြားမှာ

မကြာမကြာ မီးပွိုင့် မိတတ်နေပြီလား

ဘ၀ကိုဖြတ်ကူးတယ်ဆိုတာ

လမ်းဖြတ်ကူးသလို ဘယ်ညာကြည့်ရုံနဲ့

မလုံလောက်ဘူးဆိုတာကို မင်းသိနေလောက်ပါပြီကွယ်...။



ညီလေးရေ..

အချိန်ဆိုတာ တည်ငြိမ်မနေဘူးကွဲ့

ဖောက်လွဲဖောက်ပြန်သဘာဝတွေထဲမှာ

ကိုယ့်ကိုကိုယ် ပြန်လိမ်တတ်အောင် မင်းမကြိုးစားမိပါစေနဲ့

စိတ်တူကိုယ်တူ တူးဆွစိုက်ပျိုးခဲ့တဲ့ ဥယျာဉ်က

အနုပညာဆန်ခဲ့တာကလွဲရင်

လူတန်းမစေ့ခဲ့ပါဘူးကွယ်....။




တံတွေးခွက်တွေထဲမှာ ခြေကုန်လက်ပန်းကျနေပြီလား

အားမလျှော့လိုက်ပါနဲ့ကွယ်

နေ၀င်တာကို မြင်လိုက်ရရုံနဲ့

မင်းဘ၀ ညဉ့်နက်မသွားပါဘူး ညီလေးရယ်

တို့တွေ ခိုးလွမ်းခဲ့ဖူးတဲ့ လရောင်တွေကြား

မင်းအရိပ်တွေ သွက်သွက်ခါအောင် ရူးသွပ်ပြလိုက်စမ်းပါ

ကဲ့၇ဲ့သံဆိုတာ အောင်မြင်မှုဆီသွားတဲ့ လမ်းပြမြေပုံတွေပါကွယ်...။



လူငယ်တွေပဲ ညီလေးရေ

အမှားနဲ့ဘယ်ကင်းနိုင်ပါ့မလဲ

အမှန်နဲ့ကင်းနေတဲ့သူတွေကြားမှာ

ပြုံးပြုံးလေး မှားနေပါ ညီ

ပြုံးပြုံးလေးသာ မှားလို့နေပါ....။



လောကကြီးဆိုတာ

ကလေးကစားဝိုင်းလိုပဲ ညီလေး

တယောက်ဆီက တယောက်လုယူနေကြတာပဲ

ငိုပြီးပြန်သွားတဲ့သူက အမြဲတမ်း အနိုင်ကျင့်ခံရမယ် ညီလေးရေ

မင်းမျက်ရည်တွေကို မင်းမော့သောက်ပစ်လိုက်

လျှင်သူစားစတမ်း လောကဓံမှာ

တို့တွေ ၀ိနည်းလွတ်အောင် ပြုံးကြတာပေါ့ကွယ်....။



လူကြိုက်များတိုင်း ပစ္စည်းကောင်းမဟုတ်ပါဘူး ညီလေးရေ

မောင်ချောနွယ်ကဗျာထဲကလို

တို့တွေ လူကြိုက်နည်းတဲ့ ဘ၀မှာပဲ

အရေအတွက်တွေကို မေ့ထားကြတာပေါ့

ဖြစ်နိုင်မယ်ဆိုရင်

ဖြစ်လေရာဘ၀ လူကြိုက်နည်းတဲ့ကောင်သာဖြစ်ရပါလို၏ လို့

ညီညီညာညာ ဆုတောင်းကြပါစို့ကွယ်...။



ကမ္ဘာအကျယ်ကြီးထဲက

ပတ်ဝန်းကျင် ကျဉ်းကျဉ်းလေးထဲကနေ

ကမ္ဘာကြီးအကြောင်း အဆမတန်ပြောတတ်ကြတဲ့လူတွေအလယ်မှာ

လူသွားလူလာ မပြတ်စေနဲ့ ညီလေးရေ..

ဖြေဆေးကိုလိုချင်ရင် အဆိပ်အရင်သောက်မှရတယ်ဆိုတာ

ငါ့ညီ .... ရာသီတွေရင်းပြီး သိနေလောက်ပါပြီကွယ်.....။

- မင်းလုလင် -