Subscribe:

အညတရ ရာဇ၀င်ထဲက ပန်းပျိုးအလင်္ကာ

လူငယ်တစ်ယောက်ရဲ့ နေ၀င်နေထွက်တွေထဲ

အကြည့်ရဲရဲတွေကို တွန်းလှန်ဖို့

ကျွန်တော့ ရာဇ၀င်က အားမကောင်းသေးဘူး မနှင်းဝေ...။


ကဗျာရေးတယ်ဆိုတာ

ရာဇ၀တ်မှုအကြီးကြီး ကျူးလွန်တာမဟုတ်သလို

ကောင်းမှုအကြီးကြီး ပြုတာလဲမဟုတ်ဘူး

စိတ်ရဲ့ အဖုံးကို ခဏလေး လှပ်ကြည့်ရုံသာဖြစ်ကြောင်း

မနှင်းဝေသိအောင် ကျွန်တော် ဘာသာပြန်ပြပါဦးမယ်လေ....။

မနှင်းဝေကတော့ (အရင်တုန်းကလိုပဲ)

ကဗျာဆရာဆိုတာ လူ့ကျင့်ဝတ်တွေကို မကြာခဏချိုးဖောက်တတ်တဲ့

ခပ်ညစ်ညစ် လူပေလူလွင့်တယောက်လို့ သတ်မှတ်နေပေးပါ...။


ရာစုသစ်ရဲ့လောကဓံတရားတွေထဲ

ကျွန်တော်နဲ့ မနှင်းဝေ

ကမ္ဘာတခြမ်းစီခြားလို့....။

မငိုပါနဲ့ မနှင်းဝေ

လေယာဉ်ပျံကြီးစီးပြီး စွန့်ခွာထားခဲ့မဲ့

လောကရဲ့ကောင်းမြတ်ခြင်းတရားတွေထဲ

ပျော်သလိုသာနေခဲ့ပါ

ကျွန်တော်ကတော့

မိုးရာသီမရှိတဲ့ ကမ္ဘာတခြမ်းမှာနေရင်း

တနင်္ဂနွေနေ့ရဲ့ မိုးရေစက်တွေအကြောင်း

ထစ်ထစ်ချုန်းချုန်း စာလုံးပေါင်းနေပါဦးမယ်...။


ဇာတ်သိမ်းခန်း ကြိုသိနေတဲ့ ပြဇာတ်တပုဒ်ပါ မနှင်းဝေ

အရိပ်က အရိပ်လိုနေတတ်ဖို့ကြိုးစားရင်း

ကျွန်တော် .. မီးနီမှ လမ်းဖြတ်ကူးပါတော့မယ်လေ...။


မေ့ပစ်လိုက်ပါ မနှင်းဝေ

အလင်းတို့ရဲ့အလျင်နှုန်းနဲ့

ကျွန်တော့ကို မေ့ပစ်လိုက်ပါ

ထားခဲ့မဲ့သူအဖြစ်နဲ့ ကျွန်တော် ကျန်နေရစ်ခဲ့ပါမယ်...။

ဖြစ်နိုင်ရင်

ကျွန်တော့အတွက် မျက်ရည်မကျပါနဲ့ မနှင်းဝေ

ကျွန်တော်အဆုံးမသတ်မဲ့ အိပ်မက်အတွက်

အလင်းသွန်းတဲ့လက်တွေနဲ့ ကျွန်တော့ညတွေကို လန့်လန့်မနိုးပါနဲ့တော့...။

သံသရာအဆက်ဆက် ကဗျာဆရာဖြစ်ချင်တဲ့သူအတွက်

သက်ပြင်းချသံတွေဆုံးရင်

ကျွန်တော်နဲ့မနှင်းဝေ

လှည့်မကြည့်ကြေး ဝေးကြရုံပါပဲ

ဒိပြင် ဘာမှမပိုလိုက်ပါနဲ့တော့ မနှင်းဝေ...။

0 comments:

Post a Comment