Subscribe:

ဆေးဆိုးပန်းရိုက်လမ်းခွဲ

ရာသီပြောင်းသွားပြီ... မျက်ရည်
ကတ္တရာ အနက်ရောင်ပြေးလမ်းပေါ်မှာ
လူသားဆန်တဲ့ အကြည့်တချက်က
ဝေးရော်ရင့်ထေလို့....။

ရှုံးနိမ့်ခြင်းတွေကို စာဖွဲ့နေတာ ကဗျာဆရာမဟုတ်ဘူး
ဒါဏ်ရာတချို့ကတော့
ဆေးထည့်ဖို့ လိုနေပြီ..မိတ်ဆွေ...။

ခိုတစ်ကောင်ရဲ့ သစ္စာရှိမှုထဲမှာ
ညီးတွားသံကို မေ့ထား
တံခါးရွက်ကြားက သံချေးကိုက် ပတ္တာအိုလေးကတော့
သူ့တာဝန်သူကျေတုန်း
ဘယ်သူတွေပြောခဲ့ပါသလဲ
တော်လဲသံအိုတွေကြားက ဗျက်စောင်းသံကို မကြားခဲ့ပါဘူး လို့..။

သွား... အရူးဆန်တဲ့ဒဿနတွေ
အနားကနေ ဝေးရာကို တရွေ့ရွေ့သွား
ထားခဲ့သူလား
ကျန်နေခဲ့သူလား
ဘယ်လို ရှေ့နောက်ညီ တရားသံတွေကိုမှ
နားထဲအ၀င်မခံတော့ဘူး
သွားလိုရာသာ သွားကြစေတော့..။

လူမိုက်ခေတ်ရဲ့အနုပညာမှာ
ကန့်လန့်တိုက်ယဉ်ကျေးမှုတွေက
စိတ်ယားအောင် ဖန်တယ်...။

ဝေးပြီ
ဝေးကြပြီ
လက်တကမ်းနဲ့ မျက်စိတလှမ်း
အလိုရှိရာအလိုတော်အတိုင်း
ဝေးလိုကဝေးစေ....။

ကန့်လန့်ကာနောက်ကွယ်မှာ
လက်တဖက်ဝှက်လို့
ကျန်တဲ့တဖက်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့
ဝန်အကြီးကြီးလေးတယ်
ပုတ်ချပြီး ကဲ့ရဲ့ထားခဲ့ကြ
ငါ့ကို သွေးပျက်လို့ ဆုတ်ခွာထားခဲ့ကြ...။

ငွေကြေးစီးဆင်းမှုနိယာမနဲ့
လဲယူလိုက်တဲ့ လက်ပြနှုတ်ဆက်မှု
ကောင်းရာမွန်ရာလမ်းစဉ်အတိုင်း
ဖိနပ်ပါးပါးစီးပြီး ထီးဖြူဖြူလေးဆောင်းထားမယ်
အမြင်သွေဖီမှု မရှိပါစေနဲ့တော့....။

ရင်ဘတ်ထဲမှာ မရှိတော့ဘူးတဲ့လား
" ရှင်က ၀ါသနာရူး တစ်ယောက်ပဲ " တဲ့လား
မမှတ်မိနိုင်တော့လောက်အောင် ဝေးစေ...။

ကမ်းပါးအစွန်းမှာ
ကြိုးတမ်းလမ်းလျှောက်မှုမျိုး နောက်ထပ်မလုပ်တော့ဘူး

ရေကြည်ရာမြက်နုရာမှာ
မျက်ရည်ကြည်တို့ မကျစေတော့ဘူး

ကိုးကွယ်ယုံကြည်မှုတယောက်တခြမ်းနဲ့
တစုံတယောက် ...အဝေး.... တစုံတယောက်...။

နင်က ဆလင်းဘတ်အိတ်ကို
ပုခုံးပေါ်ဆွဲတင်လိုက်ချိန်မှာ
ငါက အယူဝါဒတစ်ခုကို
ရင်ဘတ်ထဲက ပစ်ချလိုက်တယ်....။

0 comments:

Post a Comment