ဖြစ်နိုင်ရင်.....ငါခင်းမဲ့ပြဇာတ်မှာ
လက်သည်းဖွက်သံ မပါစေနဲ့
မျက်နှာဖုံးတွေမပါစေနဲ့
နေကာမျက်မှန်မပါစေနဲ့
ခေါင်းပေါင်းစ တလူလူနဲ့ မြွေပွေးတွေမပါစေနဲ့
အရိပ်မပါတဲ့ သစ်ပင်တွေမပါစေနဲ့
ရေမစီးတဲ့ မြစ်မပါစေနဲ့
သေနတ်ပစ်ခန်းတွေ မပါစေနဲ့
အငွေ့တလူလူနဲ့ ဆေးလိပ်တိုတွေမပါစေနဲ့
စာရွက်စာတမ်းနဲ့ ယဉ်ကျေးမှုတွေမပါစေနဲ့
လူကုန်ကူးမှုမပါစေနဲ့
ခပ်ကြပ်ကြပ် ဘက်စ်ကားတွေမပါစေနဲ့
မျက်စောင်းထိုးတတ်တဲ့ ကောင်မလေးတွေမပါစေနဲ့
နေ၀င်ချိန်မပါစေနဲ့
ကလေးတယောက်ရဲ့ မျက်ရည် မပါစေနဲ့
ဖြစ်နိုင်ရင်...
အတ္တတွေ မပါအောင်
ငါ့နာမည်ပါ မပါစေနဲ့....
ဈေးသည်ကြီး
ဖိနပ်မပါတဲ့ ခြေအစုံက
ဝမ်းရေးကြောင့် ကြမ်းရှခဲ့လေရဲ့
အစာအိမ် အစိုဓါတ်မပျောက်စေဖို့
အာခေါင်ခြောက်အောင် ဟစ်ခဲ့ရတယ်
ချွေးစက်တွေနဲ့ မနက်ဖြန်တွေအတွက်
တရာသီဝင် တရာသီထွက်နဲ့
ခေါင်းပေါ်က ဈေးဗန်း
ငါ့ထီးငါ့နန်း ဖြစ်ခဲ့တယ်...။
ဝမ်းရေးကြောင့် ကြမ်းရှခဲ့လေရဲ့
အစာအိမ် အစိုဓါတ်မပျောက်စေဖို့
အာခေါင်ခြောက်အောင် ဟစ်ခဲ့ရတယ်
ချွေးစက်တွေနဲ့ မနက်ဖြန်တွေအတွက်
တရာသီဝင် တရာသီထွက်နဲ့
ခေါင်းပေါ်က ဈေးဗန်း
ငါ့ထီးငါ့နန်း ဖြစ်ခဲ့တယ်...။
Labels:
ကဗျာများ
အရောင်ပျော် အ၀ိဇ္ဇာ
စွဲမက်စေရန် အလို့ငှာ ပေါင်းစပ်ပျော်ဝင်နေသော
အရောင်များ
ကင်းဗတ်(စ်) စပေါ်က စိတ္တဇ ပန်းချီကားတစ်ချပ်
အညိုရင့်ရောင် ကော်ဖီတစ်ခွက်
နေ့စဉ်ထုတ် အဖြူရောင် သတင်းစာ
ရုတ်တရက်
လျှပ်စစ်ဝါယာကြိုးထဲက ခုန်ထွက်လာတဲ့
အနီရောင်စာသား သီချင်းတစ်ပုဒ်
ငါ့ အချိန်တွေကို ခိုးယူတတ်တဲ့
အပြာရောင် ဂျာစီဝတ် ဘောလုံးအသင်း
ရဲရဲတောက် နေရောင်အောက်
ပွဲဈေးတန်းက အပေါစား ရောင်စုံမျက်နှာဖုံးနဲ့
အညိုရောင် ၀ံပုလွေများ
အမည်းရောင် အရှက်ကာ မျက်မှန်
အဖြူအမည်း စစ်တုရင်ခုံပေါ်က နယ်ရုပ်များ
အမည်းရောင်ငွေ စက္ကူ
နွမ်းရိသွားသော ခရမ်းရောင်ပန်းတစ်ပွင့်
မာယာ နဲ့ဖျော်ထားတဲ့ နီယွန်ရောင်တောက်တောက် ညထဲမှာ
မီးတောက်ရောင် ၀တ်ရုံနဲ့ လျှောက်လမ်းပေါ်က အင်္ဂါဂြိုဟ်သူ
လမ်းဘေး အဖြူအနီကြား ပလက်ဖောင်း
ဇက်ကြိုးမဲ့
မီးခိုးရောင်လေလွင့်တိမ်တိုက်
ပန်းနုရောင် ခြေဖမိုးတစ်စုံ
အဆိပ်ရနံ့သင်းတဲ့ အပြာရောင်နှုတ်ခမ်း
လက်ထဲက၀ှက်ဖဲ ၊ အနီရောင် ဂျိုကာ
ကြိုးတန်းလမ်းလျှောက် အ၀ါရောင် ဆပ်ကပ်သမား
ခေါင်းပေါ်က အနီရောင်မိုးစက်များ
နိမိတ်ဖတ်ပုဏ္ဏားရဲ့ ``ရောင်စုံ ၀င်္ကဘာ ´´ ကဗျာစာအုပ်
အသံမထွက်နိုင်တဲ့ အဖြူအမည်းရုပ်ရှင်
ပုစွန်ဆီရောင် ညနေခင်းတိမ်ဆိုင်
ဖျော်စပ်သောက်မိတဲ့ ရွှေအိုရောင် ၀ိုင်တစ်ခွက်
ရောက်ရှိသွားတဲ့ အစိမ်းရောင်တောအုပ်
ညအနက်ထဲ
မက်ခဲ့မိတဲ့ အပြာရောင်အိပ်မက်
ပန်းချီဆရာဆီက ထွက်ကျလာတဲ့ သွေးစိမ်းရှင်ရှင်
ဆေးစက်မကျသေးတဲ့ လက်ကျန် ကင်းဗတ်(စ်) စ အဖြူရောင်
နောက်
အရောင်တွေထဲမှာ ပျော်နေတဲ့ အ၀ိဇ္ဇာတစ်ကောင် ..........
ကြယ်ပန်းလူ
ကိုကြယ်ပန်းလူ ရဲ့ လက်ရာများထဲမှ ကျွန်တော်အကြိုက်ဆုံး အရောင်ပျော် အ၀ိဇ္ဇာဆိုတဲ့ ကဗျာလေးပါ

ကိုက်လမ်း
ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူုယုန်ကလေးပါ
နေ့စဉ်နေ့စဉ်
ငါ့ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း
သစ်ပင်မြက်ပင်ငယ်လေးတွေကိုကိုက်ကိုက်ပြီး
ငါထွက်လာခဲ့မြဲ
ခု..........
လူနဲ့ ခွေးများတောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ
ငါ့သစ္စ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့၊၊ ၊၊
........................ မောင်ချောနွယ်

ဆရာမောင်ချောနွယ်၏ကဗျာများထဲမှ ကျွန်တော် အကြိုက်ဆုံးကဗျာလေးဖြစ်ပါတယ်
ကျွန်တော် ဆွဲခဲ့သော သုညများအကြောင်း
တိမ်မတောက်တဲ့ ညနေတခု၏ကောက်ကြောင်းနဲ့
အသွားမပါတဲ့ ဓါးတချောင်းက ရင်ဘတ်ထဲ ၀င်လာတယ်
သိ၍မှားခဲ့ခြင်းလား...
မသိ၍ မှားခဲ့ခြင်းလား....
အမှန်တရား ရှားပါးလွန်းသော မှန်တချပ်ကတော့ ကွဲအက်ခဲ့လေပြီ
တူးဖော်မိသမျှက
စနေနေ့တိုင်း ထထ အန်တယ်....
လေနီတွေရှုရှိုက်ပြီး အသက်ရှင်ရုံရှင်ခဲ့တာပါ
(သေချာမသိ..သိရန်လဲ မကြိုးစားခဲ့)
အရာရာတိုင်းက စာတန်းမထိုးပဲ ဇာတ်သိမ်းခဲ့တယ်
ပင်ပန်းတကြီး ကူးခတ်ခဲ့တဲ့ တံတွေးခွက်တွေထဲ
ခုထိ မျောလို့ကောင်းတုန်း..
ရင်...တယောက်တခြမ်း...သူမ
စွန့်သွားခဲ့တဲ့ ညနေတွေကလဲ
လေငတ်နေတုန်း.....လွမ်းကောင်းတုန်းပဲ
မနက်ဖြန်တိုင်းက ရောက်မလာခင်ထဲကခြောက်သွေ့
တိတိပပ မဟုတ်ပေမဲ့ ဘ၀ရဲ့ရလာဒ်ကတော့ ဒီလောက်ပါပဲ
မင်နီတွေနဲ့ နေ့ရက်တချို့အတွက်
သုညတွေကို မောကြီးပန်းကြီး ရေးနေမိတုန်းပဲ
(ထိုသုညများကတော့ ယနေ့တိုင် လုံးဝိုင်းခြင်းမရှိသေးချေ...)
သွားလေရာ သယ်ဆောင်သွားမိသော သစ္စာတရားတွေနဲ့
အချိုးကျကျ ပုံဖော်ထားသော မေတ္တာတရား...
မှတ်မှတ်ရရ ကျဆုံးသွားတယ်
ဈာပနမရှိတဲ့ အသုဘတခု...
စက်ခေါင်းမပါတဲ့ ရထားတစီး...
ကပျာကသီ ထထတောက်တဲ့ ကောက်ရိုးမီး...
ဘ၀ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က ဒါပါပဲ
ကျောကို အထိုးခံရတဲ့ ဓါးချက်တွေလဲ များခဲ့ပြီ
လက်ဆန့်တိုင်း မြေမှုန်တွေကပ်နေတတ်တော့
တူးဖော်မိလေသမျှ
စနေနေ့တိုင်း ထထ အန်တယ်....။

နှင်းမပါတဲ့ ဆောင်းက အေးမြတတ်သလား..

မီးနဲ့ရေးတဲ့ပန်းချီ
လက်ကျန်အိပ်မက်တွေနဲ့
ညတွေ စုန်းစုန်းချုပ်ခဲ့ပြီ..
မှားနေမှန်းသိရက်နဲ့ ကြယ်ဖြစ်ချင်ခဲ့တာကိုက
တိမ်တွေထူလွန်းတယ်
လမသာပါနဲ့
ငါ့အရောင်တွေ မှိန်ကုန်မှာစိုးတယ်
မတူမတန် ရေးခဲ့တဲ့ ကျောက်စာတွေတောင်
စာလုံးပေါင်းမှားတယ်
ည.....
ကဗျာရေးသူအလိုကျ
စကားလုံးတွေ ထ ထ ကတဲ့ည
အဲဒီညကိုပဲ ရင်တခြမ်း သဂြိုင်္လ်ခဲ့တယ်
မတော်တဆနဲ့ ပြာချမိတဲ့ ပန်းသီးတလုံးက
အလင်းရောင် လက်လက်တောက်
မြူးထူးကခုန်နေတဲ့ မီးတောက်တွေနဲ့
အဲဒီညကိုပူဇော်နေတယ်
ပြုံးပြစမ်းပါဦး...ကဝေမရဲ့
နင့်အပြုံးတွေပါ မီးရှို့ပစ်ချင်လို့....
..............................................
..............................................
မကြားတကြား လန့်အော်လိုက်တဲ့ ညည်းသံက
မီးတောက်ထဲ ခုန်ဝင်လာတယ်
ဖြစ်ချင်တာဖြစ်လိုက်စမ်းပါ
ဖီးနစ်ငှက်ရဲ့ အသွင်ပြောင်းခြင်းနဲ့
တဖန်နုပျိုခြင်းမီးတောက် နင့်အပြုံးတွေ ထထတောက်တယ်
်မှားမှန်းသိရက်နဲ့ ကြယ်ဖြစ်ချင်တာကိုက ငါမှားနေခဲ့တာပါ

တချို့တွေပြောကြတယ်
တချို့တွေပြောကြတယ်
အိပ်မက်ဆိုတာ အရောင်မပါဘူး...တဲ့
တချို့တွေပြောကြတယ်
ဒုက္ခဆိုတာ အဖော်နဲ့လာတာ.....တဲ့
တချို့တွေပြောကြတယ်
သေရင်ပြီးပြီ.....တဲ့
တချို့တွေပြောကြတယ်
ချစ်ခြင်းအစ မျက်စိက.....တဲ့
တချို့တွေပြောကြတယ်
ရင်ဘတ်ရှိမှ ကဗျာဆရာ ဖြစ်တာ....တဲ့
ဒီလိုနဲ့ပဲ...
တချို့တချို့တွေပြောကြသလို
တချို့တချို့တွေ လိုက်လုပ်နေတယ်
တချို့တချို့တွေပြောကြသလို
တချို့တချို့တွေ ငြင်းဆန်နေကြတယ်
တချို့တချို့တွေပြောကြသလို.....
(အင်း..)
အဲဒီပြောကြတဲ့တချို့တချို့တွေကိုပဲ ပြောကြပါတော့ဗျာ..

လူရွှင်တော်
ဟာသတွေပြောမယ်
ပျော်စရာကို မဖန်တီးတတ်လေသော
ငါ.......
ဗီဇရဲ့ အလိုတော်အရ ခပ်နွမ်းနွမ်းပဲ ပျော်တယ်
မတော်တဲ့ ဖိနပ်ကို စီးမိခဲ့ပေမဲ့
ခရီးအသစ်တွေ ပေါက်တယ်
ချုပ်ရိုးဖြေမဲ့နေ့
ငါ့ဗီဇကို ထုံဆေးပေးစရာ မလိုဘူး
အလင်္ကာမြောက်တဲ့ ဟာသ တကြောင်းလောက်ပဲ ရွတ်ပြပေးပါ
နောက်တခေါက်ထပ်ပြောမယ်
ဗီဇဆိုတာကိုက ခပ်နွမ်းနွမ်းရယ်ပါ
ပျော်စရာကို မဖန်တီးတတ်လေသော
ငါ.......
ဗီဇရဲ့ အလိုတော်အရ ခပ်နွမ်းနွမ်းပဲ ပျော်တယ်
မတော်တဲ့ ဖိနပ်ကို စီးမိခဲ့ပေမဲ့
ခရီးအသစ်တွေ ပေါက်တယ်
ဘ၀ ဆိုတာ ချုပ်ရိုးချုပ်သား လှစရာမလိုဘူး
ချုပ်ရိုးဖြေမဲ့နေ့
ငါ့ဗီဇကို ထုံဆေးပေးစရာ မလိုဘူး
အလင်္ကာမြောက်တဲ့ ဟာသ တကြောင်းလောက်ပဲ ရွတ်ပြပေးပါ
နောက်တခေါက်ထပ်ပြောမယ်
ဗီဇဆိုတာကိုက ခပ်နွမ်းနွမ်းရယ်ပါ
Labels:
ကဗျာများ
Subscribe to:
Posts (Atom)