Subscribe:

ပြိုင်ပွဲ



" တကယ့်ပရိယာယ်ဆိုတာ စစ်တုရင်ရုပ်လေးတွေပေါ်မှာရှိတာမဟုတ်ပါဘူး .....

လူတွေရဲ့ အတွင်းစိတ်ထဲမှာ ရှိတယ်ဆိုတာ .... "



အခန်း ( ၁ )


ခန်းမဆောင် တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်နေသည် ။ တချက်တချက် ချောင်းဟန့်သံ တစ်ချို့ ....
သက်ပြင်းချသံတစ်ချို့ မှ အပ တိတ်ဆိတ်ခြင်းကသာ ကြီးစိုးနေသည် ။
ခန်းမ၏အလယ်တည့်တည့်တွင် စစ်တုရင်ကစားခုံတစ်ခု နှင့် လူနှစ်ယောက် ။

ပြိုင်ဘက်၏ ရွှေ့ကွက်အဆုံးတွင် ဟာကွက်ကို သူ မြင်လိုက်ရသည် ။
သူ့ မျက်နှာတွင် အဓိပ္ပါယ်ခန့်မှန်းရခက်သော အပြုံးတစ်ခု ။ ထိုဟာကွက်ထဲသို့ သူ၏
ဘစ်ရှော့က မြှားတစင်းနှယ် ၀င်ရောက်သွားသည် ။ သူ့အပြုံးက လေးနက်သည်ထက်
ပို၍လေးနက်လာလေသည် ။ သူ့ရဲ့တိုက်စစ်အောက်တွင် ပြိုင်ဘက်ကစားသမားရဲ့ ခံစစ်ကြောင်း
အတုံးအရုန်း ပြိုလဲသွားခဲ့ရလေပြီ ။

ပြိုင်ဘက်ကစားသမားက ဘုရင်ရုပ်အား ဘေးသို့ ခပ်ဖြည်းဖြည်း တွန်းလှဲ လိုက်သည် ။
သူသိလိုက်ပါပြီ ။ ဒါက စစ်တုရင် ကစားပွဲတစ်ခုရဲ့ အရှုံးပေးခြင်းသင်္ကေတ ။
လက်ခုပ်သံတို့ သူ့အပေါ် ပြိုကျလာသည် ။ ဘယ်နှစ်ကြိမ်မြောက်မှန်း မမှတ်မိတော့နိုင်သော
သူ၏ နိုင်ပွဲတစ်ခု ။ ထိုသို့သော လက်ခုပ်သံမျိုးက သူ့ဘ၀တွင်
အကြိမ်ပေါင်းမြောက်များစွာ ရရှိခဲ့ဖူးသည် ။ အင်္ကျီလည်ပင်းပေါက်အား
သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပြီး သူ မတ်တပ်ထရပ်လိုက်သည် ။
လက်ခုပ်သံတို့အား တုံ့ပြန်သောအပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် အထင်းသားပေါ်လွင်နေသည် ။
သူက အောင်မြင်မှုကို ဆာလောင်နေသော စစ်တုရင်ကစားသမားတစ်ယောက် ။
သူ့ကစားသမားသက်တမ်းတလျှောက် ရှုံးပွဲဆိုတာ မရှိခဲ့သည်အထိ သူ အောင်မြင်ခဲ့သည် ။
ဒါပေမဲ့ အောင်မြင်မှုတွေကို သူ ဆာလောင်နေဆဲ ။

သူ့ရဲ့ထုံးစံအတိုင်း ပြိုင်ဘက်ကစားသမား၏ ဘုရင်ရုပ်လေးကို ကောက်ယူပြီး
ခန်းမ အတွင်းမှ တလှမ်းချင်း သူ လှမ်းထွက်လာခဲ့သည် ။




အခန်း ( ၂ )




စစ်တုရင်ကစားခုံပေါ် ထိုးကျနေသော အလင်းတန်းတစ်ခုမှအပ အခန်းတစ်ခုလုံး တိတ်ဆိတ်
မဲမှောင်နေသည် ။ စစ်တုရင်ခုံဘေးတွင် သူ ။

အချိန်အတော်ကြာငြိမ်သက်နေပြီးမှ ရွှေ့ကွက်တစ်ခုကို သူ ရွှေ့လိုက်သည် ။
ထို့နောက် စစ်တုရင်ကစားခုံ ၏ တဖက်ခြမ်းသို့ ဖြည်းညှင်းစွာ ကူးပြောင်းလိုက်သည် ။
စစ်တုရင်ကစားပွဲတစ်ခုအား သူ တစ်ယောက်ထဲ ကစားနေခြင်းဖြစ်သည် ။
သူ က သူ၏ ပြိုင်ဘက် ။ သူနှင့် လက်ရည်အတူဆုံးပြိုင်ဘက်နှင့် သူ ကစားနေခြင်းဖြစ်သည် ။

သူ့ဘ၀တစ်လျှောက် ပြိုင်ပွဲပေါင်းမြောက်များစွာ သူ ကစားခဲ့သည် ။ ကစားခဲ့သည့်ပွဲတိုင်း
သူအနိုင်ရခဲ့သည် ။ ဒါပေမဲ့ သူမကျေနပ်နိုင်ပေ ။ ပြိုင်ပွဲတိုင်းကို အနိုင်ရနေသော
သူ့ကိုယ်သူ နိုင်ချင်သည် ။ အဲ့ဒါက သူ့ရဲ့ အကြီးမားဆုံးရည်ရွယ်ချက် ။
ထိုသို့ဖြင့် သူ၏အခန်းကျဉ်းလေးထဲတွင် စစ်တုရင်ကစားပွဲများကို နေ့စဉ်သူဖန်တီးခဲ့သည် ။
သူရဲ့ ပြိုင်ဘက်က သူကိုယ်တိုင်ပင် ။

ရက်ပေါင်းများစွာ သူ ကစားခဲ့သည် ။ ဒါပေမဲ့ တခါမှ သူအနိုင်မရခဲ့ ။ ကစားခဲ့သည့်
ပွဲများအားလုံး သရေပွဲများသာ ဖြစ်ခဲ့သည် ။ သူ့ကိုယ်သူ အနိုင်ရမဲ့ နည်းလမ်းကို
နေ့စဉ်တိုင်း သူရှာဖွေခဲ့သည် ။ အဆန်းကြယ်ဆုံးသော ရွှေ့ကွက်များနှင့်
သူ့ကိုယ်သူ ပြန်ရင်ဆိုင်ခဲ့သည် ။ ဒါပေမဲ့ ဘယ်လိုပဲယှဉ်ပြိုင်ပါစေ ... သူ အနိုင်မရခဲ့ ။

အခုလဲ သူရဲ့ ကြောက်စရာကောင်းလှတဲ့ တိုက်စစ်ကို သူ အသည်းအသန် ကာကွယ်လိုက်နိုင်သည် ။ ဒါ့အပြင် ပြန်၍ပင် ထိုးစစ်ဆင်လိုက်နိုင်သေးသည် ။ ပွဲက ဘက်မျှလွန်းနေသည် ။
သူ့ ရဲ့ အတွေ့အကြုံအရ ဒီတစ်ခါ လဲ သရေပွဲ ပဲ ဖြစ်မည်ဆိုတာကို သူကြိုတွက်မိသည် ။

ဒါကြောင့် စစ်တုရင်ကစားပွဲကို အဆုံးသတ်ပြီး အမှောင်ထဲတွင် သူ ငြိမ်ငြိမ်လေး ထိုင်နေသည် ။
သူ့စိတ်ထဲတွင် အရာရာ ဗလာ ။




အခန်း ( ၃ )


မှောင်မဲနေသော အခန်းကျဉ်းလေးထဲတွင် အလင်းရောင်တို့က ကစင့်ကလျား
ပြန့်လျားသွားသည် ။ မီးလောင်နေသော စစ်တုရင် ကစားခုံတစ်ခု ။ ထိုမီးထဲတွင်
သူ့ရဲ့ဘ၀တစ်လျှောက်ကစားခဲ့သော ကစားပွဲများမှ ပြိုင်ဘက် အရှုံးသမားဘုရင်ရုပ်ကလေးများ ။

သူ့မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားသည် ။ ထိုအပြုံးက လက်ခုပ်သံများအား
တုံ့ပြန်နေကြအပြုံးမျိုး ။ အဓိပ္ပါယ်လေးနက်လွန်းလှသည် ။

တဖြည်းဖြည်းချင်း စစ်တုရင်ခုံဘေးသို့ သူ လဲကျသွားသည် ။ သူ့လက်ကောက်ဝတ်က
သွေးစက်တွေက ဘုရင်ရုပ်ကလေးတွေဆီ တဖြည်းဖြည်းချင်း စီးဆင်းသွားနေသလိုပင် ။ ။


- မင်းလုလင် -




( HOE Online Magazine မှာ ရိုးဈာန် ဆိုတဲ့ကလောင်နာမည်နဲ့ ကျွန်တော် ရေးသားခဲ့ပါတယ် )

0 comments:

Post a Comment