Subscribe:

အိမ်ဝေး


ဒီညလဲ ကြယ်တွေမစုံဘူး။
ဘယ်လမ်းခွဲထဲမှာအိမ်ရှိမလဲ
ပလက်ဖောင်းဟာ ကိုယ့်ညကို တစ်ရေးသိပ်တယ်
တိုးတိုးလေး  .... တိတ်တိတ်လေး
အိပ်ပျော်နေတဲ့ ညရဲ့ နံဘေးမှာ ကိုယ်ဟာ
ကြယ်အကြွေတွေကို ငေး
ဟိုး . . . ဝေးဝေးက အိမ် ဆီ အလန့်တကြား ဖက်တွယ်ထားမိ ။

မနှိုးနဲ့
သူနိုးလာရင် မေမေ မရှိဘူး
မနှိုးနဲ့
သူနိုးလာရင် ဖေဖေ မရှိဘူး
သူမရှိတဲ့ အိမ် သူ့ဆီမှာရှိမနေဖို့ ဝေးရတယ်  ။

ကြယ်အကြွေကလေးထဲမှာများ အိမ်ရှိနေမလား
ကြယ်အကြွေလေးနဲ့များ အိမ်ကဆောက်ထားတာလား
စိတ်အလျင်တွေကအစ ကျုံ့ကျုံ့လာတယ်
အိမ်ကိုလက်ဖျံထဲထည့်ချင်တဲ့ ဝေဒနာ
( မဟုတ်ဘူး ) ( မဟုတ်ဘူး )
ဒါဏ်ရာဟာ လက်ဖျံရိုးထဲက ထွက်ကျလာတာ
အိမ်ကလေးထဲ မိုးတွေ ရွာနေမလား
အိမ်ကလေးထဲ နှင်းတွေ ဝေနေမလား
ရာသီဥတုတွေရဲ့အဆုံးအထိ ပြေးကြည့်တော့လဲ
အိမ်ကလေးကို မမြင်ရဘူး
အတွေး နဲ့ အတွေး နဲ့ အတွေး နဲ့
ဝေး ချင် တိုင်း . . . . . ဝေး  ။

ဦးထုပ်တစ်လုံးထဲမှာလား
စားပွဲခုံရဲ့ နောက်ကျောဘက်မှာလား
ကမ္ဘာကျော်မျက်လှည့်ပညာရှင် ရဲ့ လက်ထဲ
အိမ်ကလေး ပါသွားတာမျိုးလား
မျက်ရည်တွေနဲ့ ကွယ်သွားတာမျိုးလား
ယိုယွင်းနေတဲ့ မနက်ဖြန်မနက်
အိပ်ယာဘေးတဖက် ယောင်ယမ်းကြည့်မိတော့
မနက်စာနွေးနွေး ဟာ သွေးဆုတ်ဖြူလျော်လို့  ။

ဖိနပ်မပါလည်း အိမ်ပြန်ချင်တဲ့ စိတ်မျိုးနဲ့
မြေပုံမပါလည်းအိမ်ပြန်ရဲတဲ့စိတ်မျိုးနဲ့
သံလိုက်အိမ်မြှောင်ညွှန်ပြရာအရပ်မှာ
ခပ်စုတ်စုတ် မျှော်လင့်ချက်လေး ရှိမယ်
အရောင်ဟာ ပေရေ ညှို့မှိုင်း
စိုထိုင်းစပြုလာတဲ့ အလင်းတ၀ိုက်မှာ
ဒီညစာ ဘယ်သူ့မျက်နှာကြည့်ပြီးစားမလဲ
ဘယ်အရပ်မျက်နှာမှာကော အိမ်ရှိနေမလဲ
ကန်ထွက်သွားတဲ့ အလျင်ဟာ
ပြန်လည်တူးဖော်ခွင့်မရှိတော့တဲ့ ပြက္ခဒိန်အဟောင်းတွေဆီ
ဦးတည်ရာမဲ့ ကုန်းဆင်းအတိုင်း လိမ့်ဆင်းသွားတဲ့အထိ . . . . . ။

အိမ်ကလေးဟာ ကိုယ့်ဆီ ပြန်မလာဖြစ်သေးဘူး
ကိုယ်ဟာ အိမ်ကလေးဆီ ပြန်မလာဖြစ်သေးဘူး
တနေရာရာမှာ အိမ်ကလေး ရှိနေဦးမယ်
တနေရာရာဆီမှာပဲ ကိုယ်ရှိနေဦးမယ်  ။

မိုးတွေရွာတုန်းကပေါ့
ပုရွက်ဆိတ်လေးတွေဟာ တွင်းဆီ အပြေး
ငှက်ကလေးတွေက အသိုက်ဆီ အပျံ
ကိုယ့်တစ်ယောက်တည်း အထီးကျန်နေရ
မိုးတွေရွာတုန်းကလေ
မိုး နဲ့ ကိုယ် နဲ့ ချော်လဲရောငို ။

မနှိုးပါနဲ့
ညဟာ ကိုယ့်ဘေးမှာ တိတ်တိတ်လေးအိပ်နေ
ကိုယ်မရှိတဲ့ အိမ်လေးထဲ အိမ်မရှိတဲ့ ကိုယ်
ခိုး ခိုးပြီး ငေး  တိုးတိုးလေး ဆွေးတယ်
ဘယ်သူမှ မသိလိုက်ပါဘူးကွယ်

မနေ့ကလေ
အိမ်ကလေးဟာ ကိုယ့်ဆီပြေးလာခဲ့
မနက်ဖြန်ကျရင်ရော
အိမ်ကလေးဆီ ကိုယ်ပြေးသွားနိုင်ပါ့မလား
မေးခွန်းဟာ အလန့်တကြား ကိုယ့်ကို လှုပ်နှိုးလိုက်တယ်
အိပ်မက်ထဲ အိမ်ကလေးဟာ ၀ိုးဝိုးဝါးဝါးသာ ကျန်နေခဲ့ရပေါ့ ။

| နေပိုင် | မင်းလုလင် |

0 comments:

Post a Comment