Subscribe:

အငွေ့

ထိရှခဲ့ရသမျှတွေဟာ နံရံတွေဆီကနေ ပဲ့တင်ထပ်ပြီး နောက်
တစ်ခါ ပြန်ရောက်လာတယ် သိစိတ်ရဲ့အဝေးမှာ ကိုယ်ဟာ
အိပ်မက်ကိုအရောတ၀င် နေရထိုင်ရတာ သိပ်အဆင်မပြေလှဘူး
အလင်းရောင်တွေက ကိုယ့်အပေါ်ကိုမှ တည့်တည့်ပြိုကျ
လာရသလား နေသားတကျနေမှုထိုင်မှုက ညနေမတိုင်ခင်
မှောင်နေပြီ မမြင်မစမ်းနဲ့ စမ်းသပ်ပုံသဏ္ဍာန်တွေထဲ စိတ်တွေ
ပိတ်မိနေ အဆိပ်မိနေတဲ့ကမ္ဘာပေါ်မှာ ကိုယ်ဟာ တဦးတည်းသော
အနက်ရောင်အနံ့နဲ့ ဘေးထွက်ဆိုးကျိုးခပ်များများဟာ
လူကြိုက်များတဲ့ အရောင်းထိုင်းပစ္စည်းတွေလို ဈေးကြီးလိုက်တာ
ကမ္ဘာဟာ ကိုယ်နဲ့မဆိုင်သလို ဆံသဆရာလက်ထဲကလွတ်ကျလာတဲ့
ကတုံးဆံပင်ပေါက်ဟာ ကိုယ်နဲ့မဆိုင်တော့သလို သောက်နေတဲ့
ဆေးလိပ်ရဲ့ ထွက်သက်တွေဟာ ကိုယ်နဲ့မဆိုင်တော့သလို မိုးရွာထဲမှာ
ရေငတ်နေသလို လိုအပ်ချက်တွေဟာ လက်ဖျံရိုးပေါ်ကို တွားတက်လာနေ
ငြင်းဆန်ခဲ့ရသမျှ ခပ်မှိုင်းမှိုင်းမြင်ထောင့်တွေဟာ အရောင်ယောင်မှားတွေ
ထင်မှတ်နေရပုံ လက်ခံနေရပုံ သိပ်ကိုမှန်နေကြပုံ မှန်ထဲကြည့်လို့
ကိုယ့်အရိပ်ကိုယ် ပြန်မမြင်ရသူတွေဟာ ကိုယ့်ဆီကို တဖြည်းဖြည်းချင်း
တိုးကပ်လာ ဒါဟာ ယဉ်ကျေးမှုပါ ကိုယ်ဟာ လိုက်လို့ကိုမမှီပါ တဖြည်းဖြည်း
ဝေးကွာသွား မမှီမကမ်းဆုပ်ကိုင်လိုက်မိတဲ့ သံသယဟာ အမှတ်မထင်
အမှတ်တရစာရင်းဝင်သွားတယ် လုပ်ရပ်တွေ ဖြစ်ရပ်တွေ အပြောဇာတ်ဟာ
မိုးအလင်းထိ မပြီးသေးဘူး ထိုင်ကြည့်နေပါတယ် ပန်းချီကားထဲ
စုတ်ချက်တွေဟာ လက်ဖမိုးဖြစ်လိုက် လက်ဖ၀ါးဖြစ်လိုက် ဖြစ်ချင်ရာ
ဖြစ်လိုက် ပျက်လိုက်ကမ္ဘာမှာ မောတယ် မောဖြစ်အောင်ကိုမောလိုက်တယ်
နံရံလေးဖက်အပေါ်က မီးလုံးဟာကိုယ့်အရိပ်ကိုဖောက်ထုတ်သွားချိန်
မတိုင်ခင်အထိ အရိပ်ဟာကိုယ့်ကိုနောက်ယောင်ခံလိုက် တစ်ခါတစ်ခါ
ကျော်တက်သွားလိုက် ဒါဟာ မျက်လှည့်ပွဲတစ်ခုပါ ဒါဟာ လက်ဝှေ့ပွဲ
တစ်ခုပါ ဒါဟာ ဘ၀တစ်ခုပါ အဲ့သလိုယူဆပစ်လိုက်ရတဲ့အခါ ထိရှခဲ့
ရသမျှတွေဟာ နံရံဆီကနေပဲ့တင်ထပ်ပြီး ကိုယ်ဆီပြန်ရောက်လာတယ် ။


( မင်းလုလင် )

0 comments:

Post a Comment