Subscribe:

လမ်းထိပ်ကလက်ဖက်ရည်ဆိုင်

ဆိုင်က ခပ်ကျဉ်းကျဉ်းလေးပါ
ဒါပေမဲ့ ကမ္ဘာကြီးအကြောင်း ခင်ဗျား နားရှိသလောက်ကြားနိုင်တယ် ။
သီချင်းသံတိုးတိုးလေးတွေနဲ့အတူ ။ ဆိုင်ထောင့်မှာ ။
အမြဲတမ်းမျက်ခွံတွေလေးနေတတ်တဲ့စားပွဲထိုးလေး (နဲ့ ၊ ကို)
စကားလုံးတွေနဲ့ပစ်ပေါက်နေတတ်တဲ့ ဆိုင်ရှင် (နဲ့ ၊ ကို)
အကြည့်တွေဒေါက်ထောက်ထားတဲ့ ဆိုင်ရှင်ကတော် ရှိတယ် ။
သီချင်းသံတိုးတိုးလေးတွေနဲ့အတူ ။ မနက်တိုင်းမနက်တိုင်း မီးခိုးငွေ့တလူလူနဲ့
မျက်မှန်ကြီးတွေ စကားသံထူထူကြီးတွေနဲ့ ရောဂါထူထူကြီးတွေ ။ စီးချင်းထိုးတယ် ။
လက်ဖက်ရည်ခွက်ထဲ ယင်ကောင်တစ်ကောင် ထည့်ဖျော်လိုက်သလို အရသာက ရွံစရာချိုချိုတွေနဲ့ ။
ဆိုင်ထဲ ။ သီချင်းသံတိုးတိုးလေးက တဖြည်းဖြည်းကျယ်လာ။ နားတွေ တဖြည်းဖြည်းများလာ ။
ရေလိုမီးလို အခိုးအငွေ့တွေ ထူပြောတယ် ။ ပန်ကာမလည်ဘူး ။ ကဗျာဆရာတွေရှိတယ် ။ ဒါပေမဲ့ သူတို့က ကဗျာနဲ့ ခပ်ကင်းကင်းနေတယ် ။ လက်ဖက်ရည်အဖန်သောက်တယ် ။ သီချင်းသံ ခပ်ကျယ်ကျယ်တွေနဲ့ အတူ
ဆိုင်ထဲ ။ ရာသီစာ တစ်လုံးတစ်ခဲကြီးတွေနဲ့ လက်မောင်းလှဲတယ် ။ ပရိယာယ်ကြွယ်ကြွယ် သုံးတယ် ။
စစ်တုရင်ကစားပွဲတွေနဲ့ ။ ဆိုင်ထဲ ။ မနေ့ကဆိုတဲ့စကားထဲ ဒီနေ့ကမ္ဘာက
ကပ်တွယ်လို့ ။ ဆွမ်းခံရင်း ငှက်ဝင်သင့်နေတဲ့ ကိုရင်လေးတွေ ရှိတယ် ။သီချင်းသံမှ
ဗီဒီယိုဇာတ်ကားတစ်ခုအဖြစ်ကူးပြောင်းစ ။ ကာလ ။ နားတွေ တဖြည်းဖြည်း ဆုတ်ခွာသွားကြတယ် ။ ကဗျာဆရာ တစ်စု ဘောလုံးကန်ကြတယ် ။ ခေတ်ထဲ အခါထဲ အာထဲ လျှာထဲ ။ တော်လှန်ရေးဇာတ်ကား ။
သေနတ်သံတွေကြား ပြေးဟယ်လွှားဟယ် မျက်စိနောက်စဖွယ် ။ မြစ်ရိုးတလျှောက်စုန်ဆင်းလို့ ။ ရေမစီးဘူး ။
စားပွဲထိုးလေးက မျက်ခွံတွေကို အလဲထိုးလိုက်နိုင်တဲ့သတင်းက ဆိုင်ပိုင်ရှင်ဆီမရောက်ဘူး ။
ဆက်သွယ်မှု အားနည်း ။ ကဗျာဆရာတစ်စု စစ်တိုက်နေကြတယ် ။
ခြောက်ကြိုးတပ်စကားသံတွေနဲ့ ဘလက်ကော်ဖီတွေ ပြုတ်ကျလာတယ် ။
အရသာကသွားတိုက်ဆေးဆန်ဆန်။ နံရံပေါ်မှာ နာရီပေါ်မှာ အိမ်မြှောင်တစ်ကောင် ။
စကားသံထူထူကြီးနဲ့ မျက်မှန်ကြီးတွေ တဖြည်းဖြည်းဆုတ်ခွာသွားကြတယ် ။ သီချင်းသံတိုးတိုးလေးတွေ နဲ့ ။
ကိုရင်လေးတွေ တဖြည်းဖြည်းဆုတ်ခွာသွားကြတယ် ။ သပိတ်အနက်ရောင်ကိုယ်စီပိုက်လို့ ။
ဆိုင်ထဲ ။ ခြောက်ကြိုးတပ် ဘလက်ကော်ဖီတွေ ။ မီးခိုးငွေ့တလူလူနဲ့ စကားသံထူထူတွေနဲ့
လိင်သံထူထူကြီးတွေ ။ သီချင်းသံတိုးတိုးတွေနဲ့ အတူ ။ နာရီထဲ
လက်တံတွေက အထက်အောက် မျဉ်းဖြောင့် ။ အရောင်က အညိုရောင် သန်းလာတယ် ။
ကဗျာဆရာတစ်စု ရုတ်ချည်းဆုတ်ခွာ ။ နာမည်ကြီးတယ်ဆိုတာ WhiteBoard ထက်မှာ ။ ပန်ကာမလည်သေးဘူး ။
စားပွဲထိုးလေးဖယောင်းတိုင် မီးညှိလိုက်တဲ့အသံက ခပ်တိုးတိုး ။ အင်ဂျင်သံကျယ်ကျယ် ထဲမှာ မန်ချက်စတာယူနိုက်တက် ။ လူတန်းစားမခွဲခြားဘူး ။ ဆိုင်ထဲ ။ ညက တိုးဝင်ငြိမ်သက် ။
အားလုံးအောင်မြင်စွာ ဆုတ်ခွာသွားကြတယ် ။
ဆိုင်က ခပ်ကျဉ်းကျဉ်းလေးပါ ။
ဒါပေမဲ့ ကမ္ဘာကြီးအကြောင်း နားနဲ့မဆန့်အောင် ခင်ဗျားကြားလိုက်ရလိမ့်မယ်။

- မင်းလုလင် -

0 comments:

Post a Comment