ဝတ္တုဖတ်သလို
ဇာတ်သိမ်းခန်းကိုကျော်ဖတ်လို့ရမယ်ဆိုရင်
ဘယ်နေ့ ခလုတ်တိုက်မလဲ သိချင်တယ်
ကျွန်တော်က အဲဒီလို အတွေးကြမ်းတယ်
လောကဓံကို ရေရောသောက်ဖို့
ဘယ်သူငယ်ချင်းကိုမှ အကြံမပြုဖူးဘူး...။
တဖက်ဆယ့်တစ်ယောက်ကန်တဲ့ဘောလုံးကွင်းထဲ
ကွင်းလယ်ဒိုင်ဝင်လုပ်နေရသလို
ဘ၀က
မသိမသာ အထီးကျန်တယ်
ရာသီဥတု ကြမ်းကြမ်းတွေကိုကာကွယ်ဖို့
ကျွန်တော့မှာရင်ငွေ့နွေးနွေးလေးတွေ မရှိဘူး
အနုမြူခေတ်မှာ ထင်းမီးလှုံရင်း
ညရေးညတာပူလောင်နေတတ်တဲ့ ကောင်
ကိုယ်ပိုင်တံဆိပ်နဲ့ လမ်းဘေးမှာ ရောင်းတယ်
သူလိုငါလို ညည်းတွားတတ်ရုံနဲ့
ကဗျာဆရာမဖြစ်ဘူးဆိုတော့လဲ
အဲဒီစိတ်ကို ခဏမေ့ထားရတယ်...။
ဝင်ရိုးစွန်းဒေသက
လပြည့်လကွယ်တွေမှာမှ
ပွဲတော်လုပ်ချင်တဲ့ ကျွန်တော်
လူတောတိုးအောင် ခေတ်မမှီဘူး
ခေတ်ကလဲ လူပြည့်နေတဲ့ စစ်ကျန်ဘတ်စ်ကားကြီးလို
တအိအိ တရွေ့ရွေ့နဲ့လိမ့်လို့
ကျွန်တော်ကလဲ အပြေးပြိုင်ပွဲထဲက လိပ်လို
တအိအိနဲ့ ရွေ့လို့
ပုံပြင်မဟုတ်တော့လဲ အနိုင်ရဖို့ အခက်သားပါလားကွယ်...။
Subscribe to:
Post Comments (Atom)
2 comments:
ဖတ်သွားပါတယ်ခင်ဗျာ ။
တကယ်တော့ ရိုးသားမှုတွေဟာ ပုံပြင်တွေထဲမှာပဲ အနိုင်ရကြတာပါဗျာ
Post a Comment