Subscribe:

အတွင်းဘက်စည်း၌ မိုးမီးလောင်ခြင်း

ခရမ်းလွန်ရောင်မုန်တိုင်း အဆုံးမှာ
ကြိုးတို့ တထောင်းထောင်းပြတ်တောက်
သံသရာကို တရစ်ချင်းမြိုမဲ့စိတ်က
တံခါးခေါက်သံကို ပြန်ကြောက်နေတယ်..။

ငါမဟုတ်တဲ့ငါ
သူ မဟုတ်တဲ့ သူ
အလင်းမဟုတ်တဲ့အလင်းနဲ့အတူ
လမ်းမဟုတ်တဲ့လမ်းတွေနင်း...။

မီးအိမ်ကငြိမ်းနေပြီ
လေကြမ်းက မဆုံးသေးဘူး
မိုးပြိုလေပြိုကမ္ဘာအိုမှာ
လင်းဖန့်ဖန့် သစ်ပင်တို့ ရွက်နုပျိုကြွေစေ..။

ဘုရားသခင်ကို လက်ဝါးထဲထည့်ပြီး
ကိုယ့်ကိုကိုယ်ပြန်သတ်ရတာလောက်
လွတ်မြောက်တာမရှိဘူး...။

အိပ်မက်တစ္ဆေတို့ ခပ်ကြမ်းကြမ်းလာပါ
ညစုန်းတစ်ကောင်ရဲ့ မျက်လုံးကို အမှောင်ဖုံးပါ
ခပ်မှိန်မှိန်ထွက်ပေါက်တွေကိုတောင်မမြင်ရပါစေနဲ့...။

ကျိမ်စာတို့အက်ကြောင်းထပ်ခဲ့ပြီ
ပိုးကိုက်ခံထားရတဲ့ နတ်ဘုရားရုပ်တု
ကိုးကွယ်ယုံကြည်မှု မှိုင်းတွေ ညိုမွဲညစ်ထေးလို့
အင်တိုက်အားတိုက် ရိုင်းတဲ့ ကြမ္မာမှာ
အနိစ္စတရား မရှာနေတော့ဘူး
ကိုယ်ထင်ရာဝါဒနဲ့
ပလ္လင်တော်ထက်မှာ ညီလွယ်ညွတ်လွယ်...။

အဆုံးကို ရောက်ဖို့ အလယ်ကိုဖြတ်လျှောက်ရမယ်
ဤခရီး ဘယ်လောက်နီးနိုင်မလဲ
သတ်ပါ...
ငါ့စိတ်ကို သတ်ပါ
ငါ့အရိပ်ကို သတ်ပါ
ငါ့အတိတ်ကို သတ်ပါ
အဆိပ်ရည်လူးတဲ့ အိပ်မက်ရူးတွေနဲ့
စိတ်လိုလက်ရ သတ်ပါ...။

မီးအိမ်အသေတို့ရဲ့ ဂီတနဲ့
အပျက်လွန်နိယာမအပြင်ဘက်မှာ
ငါနဲ့ ငါ ကြား အာဃာတ ကင်းစေသား..။

(မင်းလုလင်)

0 comments:

Post a Comment