အခုတလော လက်သည်းတွေရှည်တာ မြန်မြန်လာတယ်
ညတွေက ညမှန်းမသိလောက်အောင် မှောင်မှောင်လာ
ဆူးတွေက နက်နက်ရှိုင်းရှိုင်း ထူထပ်လာတော့
ဆပ်ပြာပူဖောင်းဖြစ်ရတာ မလွတ်လပ်ဘူး
အရင်ကလို ဟစ်တလာ မဖြစ်ချင်တော့ဘူး
အရင်ကလို ဗင်းဆင့်ဗန်ဂိုး မဖြစ်ချင်တော့ဘူး
အရင်ကလို ဂျော့ကလူနေး မဖြစ်ချင်တော့ဘူး
အရင်ကလို သစ္စာနီ မဖြစ်ချင်တော့ဘူး
ကိုယ့်အိုးနဲ့ ကိုယ့်ဆန် ဆန့်သလောက်ပဲ
အားရင် ကဗျာရေးတယ်
အားရင်ကဗျာရေးတယ်
အားရင်ကဗျာရေးတယ်
ကျွန်တော့ တာဝန် အရေးသုံးပါးပေါ့
အခုတလော လက်သည်းတွေ ရှည်တာ မြန်မြန်လာတယ်
ငှက်တွေကို ကြည့်တယ်
ငါးတွေကို ကြည့်တယ်
ကိုယ့်ကိုကိုယ်ပြန်ကြည့်တယ်
လက်သည်းတွေတောင် တော်တော်ရှည်နေပြီပဲ
ဒါနဲ့ပဲ ...စိတ်တွေကို ညှပ်ပစ်လိုက်တယ်
ဟိုတစ ဒီတစ ပစ်စလတ်ခတ်..
အရင်ကလို ကောင်းကင်နောက်မှာ ဘာရှိမလဲ မတွေးတော့ဘူး
အရင်ကလို အိပ်ခါနီးတိုင်း ကဗျာမရွတ်တော့ဘူး
အရင်ကလို အနာဂတ်ဆိုတာ
ဘယ်နေ့ကိုပြောတာလဲလို့မမေးတော့ဘူး
ဒီလိုနဲ့ပဲ
လူတလုံးသူတလုံးတော့ဖြစ်လာပြီထင်တယ်
ဒါနဲ့ပဲ ..ကိုယ့်နှလုံးသွေးကိုယ် ဖောက်သောက်ကြည့်လိုက်တယ်
တားမြစ်ချက် တစုံတရာမပါပဲ ကြက်ခြေခတ်တွေ
ဖောဖောသီသီ ထွက်ကျလာ...
ကိုယ့်အရေပြားကို ပြန်ခြုံပြီး စနစ်တကျ ပြန်ထုတ်သိမ်းထားလိုက်တယ်
လက်သည်းတွေကတော့ ရှည်နေတုန်း...။
နှုတ်ခမ်းတွေက တဖြည်းဖြည်း အမဲရောင်သန်းလာပြီ
လူတလုံးသူတလုံးဖြစ်လာလို့ ထင်ပါ့
ပါးစပ်ကထွက်တိုင်းစကားမဟုတ်တော့ဘူး
ပါးစပ်က ထွက်တိုင်း မြှားချက်ထိ စပျစ်သီးတွေ ဖြစ်ဖြစ်လာတယ်
အကျအပေါက်များတဲ့ ကျို့တို့ကျဲတဲ ဓမ္မတွေဖြစ်လာတယ်
ရေမရှိတဲ့ ငါးတစ်ကောင်ဖြစ်လာတယ်
အစွယ်မပါတဲ့ ကျားသစ်တစ်ကောင်ဖြစ်လာတယ်..
လက်သည်းတွေကတော့ ရှည်လို့ကောင်းတုန်း...။
...............................................(မင်းလုလင်)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment