နင့်ညနဲ့ ဆန့်သလောက်ပဲ အိပ်မက်ပါ...ဒေလီယာ
လတပြိုက်နှစ်ပြိုက်သာရုံနဲ့
ညရဲ့ အရောင်က လဲ့ဖြာမလာနိုင်ဘူး
တကယ်တော့ ဘ၀ဆိုတာ အဖြူအမဲ ပန်းချီကား တချပ်ပါ
နင်သိခဲ့ရဲ့လား ...ဒေလီယာ
အလွမ်းအကြောင်းပြောကြမယ်ဆိုရင်
ငါ့အသံတွေ ကျီးပြိုနေခဲ့တယ်ဆိုတာ....
နင်ခြွေချလိုက်တဲ့ပန်းတပွင့်ရဲ့ငိုသံကို
နင်မကြားမိဘူးထင်ရဲ့
ငါအုပ်မိုးပေးခဲ့တဲ့ အရိပ်တခြမ်းက
ငါ့တကိုယ်စာတောင်မလုံခြုံနိုင်ဘူးဆိုတော့
နင်ကိုယ်တိုင်ပဲ မိုးပါ..ဒေလီယာ
ငါကတော့....
နေ တရစ် လ တရစ်နဲ့ နွမ်းတယ်...။
နင်လဲ နင့်လမ်းနင်လျှောက်
ငါလဲ ငါ့လမ်းငါလျှောက်
မတော်တဆများ ဆုံမိကြရင် ငါခေါင်းငုံ့ထားမယ် ဒေလီယာ
နင်ကတော့ ခမ်းခမ်းနားနား ပွင့်ဝေပါ...
နင်က ကောင်းကင်ခြုံထားတဲ့ အလင်းသစ်
ငါက မိုးမိခဲ့တဲ့ စက္ကူလှေ
တစ်ယောက်စီ တစ်နေရာစီ တဘ၀စီ
ငါ့ဝဋ်နဲ့ငါ လွမ်းတတ်သလောက် လွမ်းပါရစေ.... ဒေလီယာ
ကိုယ့်နှလုံးသွေး ကိုယ်ဖောက်သောက်ရင်း
ငါ အနက်ရှိုင်းဆုံး ကျိမ်စာတစ်ခု ရွတ်မယ်
ငါ့ကို မုန်းလိုက်ပါ ..
နင့်နှုတ်ခမ်းတချက်အလှုပ်နဲ့တင် ငါ့ကို ပစ်စလက်ခတ် မုန်းပစ်လိုက်ပါ....ဒေလီယာ
နင့်နက္ခတ်တွေတထပ်ချင်း ခင်းရင်း
ငါ့ကို ရိုးရိုးသားသား မေ့ပစ်လိုက်ပါကွယ်....။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment