Subscribe:

ဘောင်ခတ်ခံရသောမျက်ဝန်းတစုံ၏ရှိုက်သံ

၂၄နာရီတို့..ကောက်ကျစ်
တရားမဲ့
သစ္စာမဲ့
ငိုကြွေး.........
လေပြေတချို့
ငါ့ရင်မြို့ရိုးပေါ် ၀ရုန်းသုန်းကား ပြုတ်ကျလာတယ်
နွေဦးကတော့ အပူငွေ့တချို့နဲ့
ခမ်းခမ်းနားနားလောင်မြိုက်နေတုန်းပဲ......။

ဘယ်လိုမျက်ရည်မျိုးပါလိမ့်
ပြောမထွက်ခဲ့တဲ့စကားလုံးတွေနဲ့ လုပ်ထားသတဲ့..
(ဒါနဲ့ပဲ.....)
သက္ကရာဇ်တချို့ ထမ်းလို့ပိုးလို့
မြစ်တွေကို ငါ..စီးခဲ့ပေါ့.။

အသန့်ရှင်းဆုံးဆုကို ပထမဆုထက် ပိုတက်မက်ခဲ့တာ....
သီချင်းအသေတပုဒ်အတွက် ရိုးသားစွာ နမ်းရှိုက်ခဲ့တာ....
ဘောင်ဘင်မခတ်တဲ့စာရွက်တွေကို အတွေးတွေဖြည့်ခဲ့တာ...
တိတ်တိတ်ဆိတ်ဆိတ် အသံမေ့သွားတယ်...။။

နွေဦးကတော့ လောင်ကောင်းတုန်းပဲ......

ငါ့ရင်တခြမ်း တရားစီရင်ရာနေ့
အမှန်တရားက ကိုယ်ဖော့ပြီး အမှားတွေကိုခြွေတယ်....


ပါးစပ်သေနတ်ဆိုတာ
ယမ်းနံ့မထွက်ပေမဲ့
လူတော့အခါခါသေသတဲ့.
ငါပျိုးခဲ့တာ သစ်သီးက တလုံးထဲပါ
ဒါပေမဲ့....
ကမ္ဘာဦး ပန်းသီးဖြစ်နေတယ်

ငါအိပ်ခဲ့တဲ့ ညတွေ
ငါလျှောက်ခဲ့တဲ့ ၀ိရောဓိတွေ
ငါမှားခဲ့တဲ့ ကြက်ခြေခတ်တွေ..
နောင်တတွေနဲ့ ဝေကောင်း စွေကောင်း တုန်းပဲ

တယောက်တည်း မညီညွတ်တာလဲ ကြာပေါ့
ကိုယ့်ကိုကိုယ် နားလည်မပေးနိုင်မယ့်အတူတူ
ဟောဒီ ဘောင်ဘင်ခတ်မဲ့ ကဗျာနဲ့ပဲ
ငါစိတ်နောက်ကျော...ငါဓါးနဲ့ ထိုးလိုက်တယ်..။။

လွင့်လွင့်မျောမျောကို သေဆုံးလို့....

0 comments:

Post a Comment