Subscribe:

Facebooklism Poetry


ခြံစည်းရိုးကာထားသလို စေးပိုင်နေတဲ့အရိုးတွေနဲ့ ရေးသမျှကောင်းနေတော့လဲ
မနာလိုစရာကြီး အားထုတ်မှုဟာသိပ်သိသာတာပဲ မျက်နှာလို မျက်နှာရ
ကွန်မန့်တွေက ကိုယ့်ခြံကထွက်သမျှ အကုန်ကောင်းတဲ့အသီး မိတ်မပျက်အောင်
သနပ်ခါးရေကျဲလေး လူးပြီး လိုက် Like လိုက် Like  လိုက်လိုက်လျောလျောလေး
Like Like ရောနေပြီ ရှုပ်ကုန်ပြီ အုတ်ပဲရောရော ကျောက်ပဲရောရော သဲကသဲပဲ မခွဲ
ငါးမရလဲ ရေခပ်ပြီးပြန်သွား ရေကိုကျိုချက်သောက်သုံးခြင်းဟာ အန္တရယ်ကင်းတဲ့ခေတ်
ဆိုက်ကားဆရာဖြစ်ဖို့ခက်တယ် ကဗျာဆရာဖြစ်ဖို့လွယ်တဲ့ ခေတ်
ခေတ် တစ် ခေတ် နှစ် ခေတ် သုံး ခေတ် လေး ခေတ် ငါး ခစ်ခစ်ခစ်ခစ်
မခိုးမခန့်ရယ်တတ်တဲ့ကလေးမလဲ ကဗျာဖြစ်တဲ့ခေတ် ပါးချိုင့်နက်နက်လေးလဲ
ရာဇ၀င်ဖြစ်တဲ့ခေတ် ပလပ်စတစ်နည်းပညာအသစ်ထွက်လာတဲ့ခေတ်ထဲ ပလပ်စတပ်
ကဗျာဆရာတွေ မချစ်ဘူးပြောရင်ငိုမဲ့ဗိုင်းရပ်စ် ဘယ်ပုံစံနဲ့မှမလွတ်တဲ့ခွက် ပျောက်နေတဲ့ကဗျာ
ရေးနေတဲ့အထာတွေက နှစ်ဆယ့်တစ်ရာစုမှာ အညှာကိုသိသလိုလို အမွှာညီအစ်မပဲမိသလိုလို
သောက်ဖောင်းတွေထုတဲ့အခါလဲထု နိဗ္ဗာန်ရောက်ကြောင်းကလဲ တရားရှာကဗျာမှာတွေ့တဲ့အခါလဲတွေ့
ကဗျာရေးရင်ကိုကဗျာဖြစ်တယ် နှစ်နာရီအတွင်းကဗျာဆရာဖြစ်နည်းရှိတယ်
တဂ်လုပ်ခြင်းဖြင့် တက်လုပ်သွားနိုင်တယ် လူကြားကောင်းပါတယ် လူကြားထဲက ကဗျာဆရာ
လူကြားထဲက ဗျာ ... ဆရာ သောက်ရမ်းလှတယ်ဗျာ (y)


- မင်းလုလင် -

မြင်ကွင်း ( များ )



ကျွန်တော် ၂၀၁၂ ခုနှစ် အောက်တိုဘာလလောက်ကစပြီး စိတ်ထဲရှိရင် ရှိသလို ရေးလာတဲ့ မြင်ကွင်း . . . ဆိုတဲ့
ကဗျာတိုလေးတွေကို တစုတစည်းထဲ ပြန်စုထားတာပါ ။ ကျွန်တော်ရဲ့ ပြောင်းလဲလာတဲ့ စိတ်အခြေအနေတွေကို
ကိုယ်တိုင်လဲ ပြန်သတိထားမိအောင် ရည်ရွယ်ပါတယ် ။ နောက်ထပ်လဲ ရေးနေဦးမှာပါ ။ မသေခင်အထိပေါ့  ။

( ၁ )

အိပ်မက်တွေကျစ်ကျစ်ပါအောင်လိပ်ပြီး
ခါးပုံစထဲ ထည့်ထားတတ်သူတစ်ယောက်ကို
ပုဆိုးကွင်းသိုင်း တွေ့လိုက်တယ် ။
လူပြောများတဲ့ အာရှတိုက်ရဲ့တနေရာ ။


( ၂ )

မိုးရွာတယ်
လမ်းပေါ်က ချိုင့်ခွက်တွေပေါ်
ရေတချို့ တင်ကျန်ရစ်တယ်
ကလေးငိုတယ်
ပါးဖောင်းဖောင်းလေးပေါ်
မျက်ရည်တချို့တင်ကျန်ရစ်တယ်
ကဲ . . . မထူးဆန်းဘူးလားကွယ် ။


( ၃ )

ငိုနေတဲ့ မိန်းကလေးတစ်ယောက်ကို
နေကာမျက်မှန်တလက် ပေးလိုက်တယ်
သူ့မျက်ရည်တွေကိုတော့
ကျုပ် မသုတ်ပေးလိုက်တော့ဘူး
မျက်ရည်ခြောက်သွားတာဟာ
အငိုတိတ်သွားတာမှ မဟုတ်တာပဲကွယ် ။


( ၄ )

သံပုရာသီးတစ်လုံးဝယ်လာတယ်
လူတွေကို ချဉ်စေဖို့
မျက်စိထဲဝင်ရင် စပ်စေဖို့
ဒါမှမဟုတ်
အမောပြေ သံပုရာရည်အေးအေးလေးတခွက်
ဖြစ်လာစေဖို့ ။

လူအခွံကြီးသယ်လာတယ်
ဘာတွေဖြစ်လာစေမှာလဲကွယ် ။


( ၅ )

ညထဲ
လမ်းမီးတွေ ဝေကျ
လှလိုက်တာ
ကိုယ့်မှာ
အိမ်ပြန်လမ်းကိုတောင်
မျက်စိမှောက်ထားမိ ။


( ၆ )

ကျောင်းမှာ ကလေးလေးကို
မုန့်ဖိုးနှစ်ရာပေးလိုက်တဲ့အခါ
ကလေးလေး ပျော်လို့မြူးလို့ ။
ဘီယာဆိုင်မှာ ကောင်မလေးကို
မုန့်ဖိုးနှစ်သိန်းပေးလိုက်တဲ့အခါ
ကောင်မလေး ခိုး ခိုးငိုလို့ ။


( ၇ )

ရေသန့်ဗူးခွံလေးများပါရင်
ပစ်ချပေးခဲ့ပါဗျို့ ။
ခေါင်းလောင်းကြီးနဲ့မြေဖြူလေး
ဟိုး . . . အဝေးကိုငေးနေတယ် ။


( ၈ )

အရက်ဆိုင်ထဲက အမျှဝေသံထွက်လာတော့
လူတွေ နှာခေါင်းရှုံ့ ကြတယ် ။
အသံမှာ အနံ့ပါလို့လား ကွဲ့ ။


( ၉ )

ခေတ်ပေါ်ခွထိုင်ထားကြပါသတဲ့
အမြင်အတုတွေ ကို အတုမြင်အတတ်သင်နေတဲ့
အို . . . . ဘယ်လိုကမ္ဘာကြီး ။


( ၁၀ )

ခိုတွေ ခိုနားနေတဲ့ဓါတ်ကြိုးရှည်ရှည်အောက်မှာ
ခိုစာရောင်းရင်း ခဏနားနေတဲ့ အဘွား
ဘယ်မှာ ခိုးနားနေသလဲ မေတ္တာတရား ။


( ၂ / ၁ )

Apple ဟာပန်းသီးဖြစ်ကြောင်း
မသိတဲ့ လက်သမားကြီးတစ်ယောက်ကို
ဆရာဝန်ကြီးတစ်ယောက်က
ပညာမတတ်တဲ့ လူညံ့ဆိုပြီး နှိမ်တယ် ။ ။

ဆရာဝန်ကြီးနေတဲ့အိမ်ကို
လက်သမားကြီး ဆောက်ပေးထားတာ
သိပ်လှတာပဲ ။


( ၂ / ၂ )

အမှိုက်ပုံပေါ်က
အမှိုက်မပစ်ရ ဆိုင်းဘုတ်လေးက
ဘာအတွက်များပါလိမ့် ။
လမ်းဘေးမှာပိုက်ဆံတောင်းနေတဲ့အဘွားကြီး ကို
ရိုးရာယဉ်ကျေးမှုအကြောင်း
အာဘောင်အာရင်းသန်သန်ပြောနေတဲ့
လူငယ်နှစ်ယောက်
ခလုတ်ဝင်တိုက်သွားတယ် ။


( ၂ / ၃ )

ဗိုက်ဆာလွန်းရင် မအိပ်ချင်သလို
အိပ်ချင်လွန်းရင်လဲ ဗိုက်မဆာပါဘူး . . . . . တဲ့ ။
( မကြာခဏ )
ရေသောက်ဗိုက်မှောက် အိပ်ရတဲ့ ကလေးက
ပြောပြောပြီး ရယ်တယ်
မျက်ရည်တွေနဲ့ ။ ။


( ၂ / ၄ )

စစ်ပွဲတွေ ရပ်ပေးကြပါ . . . .
အလင်းကအော်တယ်
အမှောင်ကအော်တယ် ။

ကျည်ခွံလေးတွေ
အများကြီးရလာတယ် ညီမလေးရေ
ဆန်သွားဝယ်ရအောင်  ။


( ၂ / ၅ )

ညနေစာဝယ်ဖို့
ရိုးသားမှုကို ဘယ်မှာရောင်းရမလဲ မေမေ တဲ့။
ငိုနေတဲ့ကလေးပေါ်ကိုမှ
မိုး တွေ ရွာ ချ ကြ
သူ့မျက်ရည်တွေ ဘယ်သူမြင်ရပါ့ ။


( ၂ / ၆ )

အင်အားသည် အမှန်တရား ဆိုတဲ့
ဆေးမင်ကြောင်ကို ခပ်ဖွဖွပွတ်ရင်း
လူငယ်လေးဟာ
ကြိုးစင်ပေါ် တက်သွားတယ် ။

ပြီးတော့
လူတွေအားလုံးကြားအောင်
တိုးတိုးလေး ပြုံးရင်းပြောတယ်
အမှန်တရားဟာ အင်အားဖြစ်တဲ့တနေ့
သူပြန်လာခဲ့ပါမယ် တဲ့ ။


( ၂ / ၇ )

သွေးထဲဝင်လာတဲ့
မြောက်
အရှေ့
အနောက်
တောင်
ကမ္ဘာပြုမိုးဟာ ခုထိမရွာနိုင်တော့
ဒေါသနဲ့သာ ဖြေပါ ။


( ၂ / ၈ )

မှန်ထဲမှာ ကြည့်မိတော့
လက်ဖြန့်နေသူတွေ တွေ့တယ်
မှန်အပြင်ကို ကြည့်လိုက်တော့
မော့နေတဲ့ ခေါင်းတွေတွေ့တယ်
မှန်ဟာ ပြောင်းပြန်ပေါ်တတ်တယ်လို့
ဘယ်သူ ပြောခဲ့ပါသလဲ ။


( ၂ / ၉ )

ငိုနေတဲ့ကလေး
မုန့်စားရသတဲ့
စကားတွေ မှားများနေသလား
ငိုနေတဲ့ကလေးလေးတွေ
ဗိုက်ဆာလို့ပါတဲ့
ဟိုမှာ ဒီမှာ ။ ။


( ၃ / ၀ )

ညိုညစ်ညစ် အကြမ်းပန်းကန်လုံးလေးနဲ့
ဖက်ကြမ်းဆေးလိပ်တိုလေးနဲ့
ရေဒီယို သီချင်းလေး တိုးတိုး
ပန်းချီကားထဲမှာရှိတယ်
နံရံပေါ်မှာ ။
ဘောလုံးပွဲပြနေတဲ့
ခေတ်မှီလက်ဖက်ရည်ဆိုင်ကြီးရဲ့
နံရံပေါ်မှာ ။

ဖုန်တွေ တက် လို့ ။


( ၃ / ၁ )

ခြုံစရာရှိသူတွေ ချမ်းပြကြပေါ့
မွေ့ယာထူထူကြီး ပေါ်က ဗိုက်ပူပူကြီး ဘေးမှာ
မျက်ရည်ပူပူတွေ စီးကျနေတဲ့ အပျိုလေး ရှိတယ်
ခြုံစရာမရှိတဲ့သူတွေအတွက်
ကမ္ဘာကြီးဟာ ပူနွေးလာနေပါတယ် ။ ။


( ၃ / ၂ )

ငါ
ပျောက်နေချိန်
ငါက
လူမြင်ကွင်းမှာ
အသေအချာ ။ ။


( ၃ / ၃ )

ကြိုးဆွဲရာ
ခေတ် ကတယ် ။
ပြီးတော့လဲ
ကြိုးဆွဲလက်တွေကို
ကြိုး ကိုင်လိုက်တယ် ။


( ၃ / ၄ )

ငယ်ငယ်က
အချင်းချင်း နောက်တယ်
၉၆၉၃ ၉၆၉၃
အခု တွေးတွေးဆဆ ပြောတယ်
ကိုယ့်ခြေထောက်ကိုယ်သုံးမဲ့အစား
ကိုယ့်ဦးနှောက် ကိုယ်သုံး
ကိုယ့်ဦးနှောက် ကိုယ်သုံး ။

- မင်းလုလင် -

ပုံပြင်များနှင့် ကခုန်ခြင်း ( ၂ )



ခင်ဗျားတို့ ကျွန်တော်တို့အားလုံးဟာတချိန်တုန်းက ငယ်ငယ်လေးတွေ မဟုတ်ကြပါလားဗျာ ။း)
သိပ်ဟုတ်တာပေါ့ဗျာ ။ ကျွန်တော်တို့အားလုံးဟာ တစ်ချိန်တွေတုန်းက ငယ်ငယ်လေးတွေပါ ။
အရွယ်ငယ်ငယ် ဗဟုသုတငယ်ငယ် ဦးနှောက်ငယ်ငယ်နဲ့ အတွေးအခေါ်ခပ်ငယ်ငယ်လေးတွေကို ကျွန်တော်တို့
အပိုင်ရခဲ့ကြတယ် ။ ခြွင်းချက်တစ်ယောက်တစ်လေကလွဲရင် အများစုဟာ ကလေးဘ၀ ကလေးလိုသာတွေး
ကလေးလိုသာ သင်ယူခဲ့ကြရမှာပါပဲ ။ ကျွန်တော့ရဲ့ ပုံပြင်များနဲ့ကခုန်ခြင်း ( ၁ ) မှာ
ကုဋေရှစ်ဆယ်သူဌေးသားလေးအကြောင်းပြောခဲ့တယ် ။ စာရေးသူက ပညာမတတ်တဲ့အခါ ခံစားရနိုင်တာတွေကို
သင်ခန်းစာပေးခဲ့ပါတယ် ။ ကျွန်တော်က ကုဋေရှစ်ဆယ်သူဌေးသားကိုမကြည့်ပဲ စာရေးသူကိုကြည့်ပြီး
ကိုယ်ဖြစ်ချင်တာတစ်ခုထဲ ရှေ့တန်းတင်လွန်းတဲ့အခါ အခြားဖြစ်နိုင်ခြေရှုထောင့်တွေကို မေ့လျော့သွားတတ်ကြောင်း
သင်ခန်းစာရယူခဲ့ပါတယ် ။ ထားပါ ။ ဒါက အပိုင်းတစ်မှာ ပြီးခဲ့ပြီးသား ။ အခုက ဒုတိယတပုဒ် ။
ပုံပြင်များနဲ့ကခုန်ခြင်း ( ၂ ) ။ ဒီတစ်ခါလဲ ကျွန်တော်ပုံပြင်လေးတစ်ပုဒ်ကို ခွဲစိတ်ကြည့်မိတယ် ။ ပုံပြင်လေးက
ခင်ဗျားတို့ကြားဖူးပြီးသားဖြစ်နေမှာပါ ။ မှတ်မိဦးမယ်ထင်တယ် ။ ရွှေဥ ဥတဲ့ငန်းကို ဗိုက်ခွဲတဲ့ပုံပြင် ။ သိကြမယ်ထင်တယ် ။
ဒီပုံပြင်လေးကို ခွဲစိတ်ကြည့်မိတယ် ။
        ပုံပြင်လေးရဲ့ဆိုလိုရင်းကို ပြန်ပြောပြရမယ်ဆိုရင်တော့ဖြင့် . . . .
တစ်ခါတုန်းက ရွာကြီးတစ်ရွာမှာ လူတစ်ယောက်ဟာ ငန်းလေးတစ်ကောင်မွေးထားပါသတဲ့ ။ အဲ့ဒီငန်းလေးဟာ
အရွယ်ရောက်လာပြီး ဥ ဥပါသတဲ့ ။ ငန်းပဲ ဥ ဥတာဆန်းသလားဆိုတော့ ငန်းက ငန်းဥ ဥရင်တော့မဆန်းဘူးပေါ့ဗျာ ။
ဒါပေမဲ့ အဲ့ဒီငန်းလေးဥတဲ့ ဥဟာ ရွှေဥတွေဖြစ်ပါသတဲ့ ။ Narrator ဟာ ပုံပြင်လေးကို အဲ့ဒီလိုဖရိမ်ချလိုက်ပါတယ် ။
ပြီးတော့ အရှိန်တင်လိုက်တယ် ။ ငန်းလေးဟာ ရွှေဥတွေ ဥတာဆိုပေမဲ့ တနေ့ကိုမှ ရွှေဥ တစ်လုံးပဲ ဥပါသတဲ့ ။
အဲ့ဒီငန်းပိုင်ရှင်ကလဲ ရွှေဥ တနေ့တစ်လုံးရောင်းပြီး စားသောက်နေထိုင်သတဲ့ ။ ဒါပေမဲ့ သူ့စိတ်ထဲမှာ မရောင့်ရဲနိုင်
ဖြစ်လာပါသတဲ့ ။ တနေ့ကိုရွှေဥတစ်လုံးဥတဲ့ ငန်းဗိုက်ထဲမှာ ရွှေဥတွေအများကြီးရှိကောင်းရှိနိုင်မယ်လို့ သူထင်မိတယ် ။
ဒါကြောင့် ငန်းကို ဗိုက်ခွဲကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့ ။ ဒီလိုနဲ့ နေသာလေသာတဲ့တနေ့မှာ လက်ထပ်မည် ( အဲ့လေ )
နေသာလေသာတဲ့တနေ့မှာ ငန်းဗိုက်ကို သူခွဲကြည့်လိုက်ပါတယ် ။ အဲ့ဒီမှာ . . . . .
ရွှေဥနဲ့တူတာဆိုလို့ လေဥတောင် မတွေ့ပါဘူးတဲ့ကွယ် ။ ငန်းလဲ သေပါလေရော တဲ့ ။ Narrator က ပုံပြင်လေးကို
အဲ့လိုအဆုံးသတ်လိုက်ပါတယ် ။ ပြီးတော့မှ သူ Highlight လုပ်ပြချင်တဲ့ အရာကို သင်ခန်းစာအနေနဲ့ ချပြလိုက်ပါတယ် ။
တစ်နေ့ကို ရွှေဥတစ်လုံး ရတာကို မတင်းတိမ်နိုင်ပဲ လောဘကြီးတဲ့အတွက် ငန်းသေသွားခဲ့ရတယ် ။ နေ့စဉ်ရနေကျ
ရွှေဥတွေလဲ မရတော့ဘူး ။ ဒါကြောင့် အလိုကြီးရင် အရနည်းတတ်ပါတယ် မောင်ညီမလေးတို့ရေ . . .  ဆိုပြီး
ပုံပြင်လေးကို အဆုံးသတ်သွားခဲ့ပါတယ် ။ သူပေးတဲ့သင်ခန်းစာလေးဟာလဲ အင်မတန်ကောင်းမွန်ပြီး တင်ပြပုံလဲ
အလွန်လှပါတယ် ။ ဒါပေသိ . . . .
        ကျွန်တော်အဲ့ဒီပုံပြင်လေးကို ငယ်ဘ၀က ဖတ်ခဲ့ရတုန်းကတော့ သိပ်ပြီးတွေးမိတယ်မရှိပါဘူး ။ အခုအရွယ်ဖတ်မိတော့
ပုံပြင်ဆုံးသွားတာနဲ့ အတွေးဟာမဆုံးနိုင် အစရှည်နေခဲ့ပါတယ် ။ အဲ့ဒီအတွေးလေးက ပုံပြင်များနဲ့ ကခုန်ခြင်း ( ၂ )
ဖြစ်လာပါတော့တယ် ။ ကဲ . . . စကြမယ်ဗျို့ ။ စစချင်း မေးခွန်းလေးတစ်ချို့ပြန်မေးကြည့်ချင်ပါတယ် ။
  1.        ကျွန်တော်တို့လူသားတွေဟာ တင်းတိမ်ရောင့်ရဲခြင်းနဲ့ ကျေနပ်နိုင်တဲ့သတ္တ၀ါမျိုးတွေဖြစ်ပါသလား ။  ဒါမှမဟုတ်
  2.        အသစ်အသစ်တွေကိုဆာလောင်နေပြီး အမြဲတစေ ကြံစည်အားထုတ်နေတဲ့သတ္တ၀ါတွေဖြစ်ပါသလား ။
ဒုတိယမေးခွန်းရဲ့အဖြေဟာ ကျွန်တော်တို့ရဲ့လက်ရှိဘ၀ဖြစ်ပါလိမ့်မယ် ။ ကျွန်တော်တို့တွေဟာ အရာရာဆီမှာ
အားသွန်ခွန်စိုက် ဆာလောင်တတ်ခဲ့ကြတယ် ။ ပုံပြောသူရဲ့ အဆိုအရဆိုရင် လောဘကြီးတတ်ခဲ့ကြပါတယ် ။
အဲ့ဒီလောဘတရားကြောင့်ပဲ ကမ္ဘာဦးအစတုန်းက တုတ်ချောင်းလေးတစ်ချောင်းကို ကိုင်တွယ်ဖို့ ကိုင်တွယ်ခြင်းဆိုတာကို
ပင်ပန်းကြီးစွာအားထုတ်ခဲ့ရတဲ့ လက်တွေဟာ ဒီနေ့မှာ အာကာသသွား လွန်းပြန်ယာဉ်များကိုတောင်
တည်ဆောက်နေတတ်ခဲ့ပါပြီ ။ နေပူဒါဏ်ခံဖို့ အရေပြားသာရှိတဲ့ဘ၀ကနေ ဒီနေ့ခေတ် တန်ဖိုးကြီးအ၀တ်အထည်တွေအထိ
ထုတ်လုပ်ခဲ့နိုင်ပါပြီ ။ လိုအပ်ခြင်းဟာ တီထွင်ခြင်းရဲ့ မိခင်မဟုတ်ပါလားဗျာ ။ ဒါကြောင့် ပုံပြင်လေးဆီ ပြန်သွားရရင်
ငန်းပိုင်ရှင်ဟာ သူ့ဆီ တတောက်တောက်ကျနေတဲ့ရေစက်လေးတွေနဲ့ အာသာမပြေနိုင်လို့  ရေတံခွန်ကိုရှာမိခဲ့သူ
တစ်ယောက်အဖြစ်ကျွန်တော် မြင်မိတယ် ။ သူ့ရဲ့ လောဘဟာ သူ့ရဲ့လူသားဆန်မှုကို အကြွင်းမဲ့ဖော်ပြလိုက်ခြင်းပါပဲ ။
သူလဲ လူတွေထဲက လူတစ်ယောက်ပါပဲလေ ။ သူ့မှာ မျှော်လင့်ချက်တစ်ခု ပေါက်ဖွားခဲ့တယ် ။ ဘာလဲဆိုတော့
ငန်းဗိုက်ထဲမှာသာ ရွှေဥတွေအများကြီး ရှိနေခဲ့ရင် . . . . .
သူ တွေးခဲ့တယ် ။ သူတက်မက်ခဲ့တယ် ။ နောက်ဆုံး သူ ဆုံးဖြတ်ချက် ချခဲ့တယ် ။ အဲ့ဒီဆုံးဖြတ်ချက်ဟာလဲ
သူ့ကို ချီးကျုးချင်စရာကောင်းသွားစေတယ် ။ ငန်းဗိုက်ကိုခွဲရင် ငန်းသေသွားနိုင်တယ်ဆိုတာတော့ သူသိမှာပါ ။
ဒါပေမဲ့ . . .သူစွန့်စားခဲ့တယ် ။ Risk ယူခဲ့တယ် ။ ဆုံးရှုံးလာနိုင်ခြေတွေကို သူမေ့ပစ်ထားနိုင်ခဲ့တယ် ။
သူ့ရဲ့ ဆုံးဖြတ်ချက်ကို သူအကောင်အထည်ဖော်ခဲ့တယ် ။ ဒါဟာ သာမန်လူတစ်ယောက်မလုပ်နိုင်တဲ့ အရာပါပဲ ။
အကယ်၍များ သူမျှော်လင့်ထားခဲ့သလို ရွှေဥတွေရှိနေခဲ့ရင် သူ့ရဲ့ပြောင်းလဲသွားနိုင်မှုဟာ အများကြီးမြင့်သွားမှာပါပဲ ။
မိုးရွာတာကိုစောင့်ပြီး စပါးတွေရှင်လာတာကိုစောင့်နေမလား ။ ကိုယ်တိုင်ရေထလောင်းပြီး မြန်မြန်စပါးရိတ်နိုင်အောင်
လုပ်မလား ။ ထမင်းမြန်မြန်ဖြစ်ဖို့ဆိုရင်တော့ မိုးကိုမျှော်နေရုံနဲ့ မရပါဘူး ။ ရေလောင်းရပါမယ် ။
         အရာရာမှာ မျက်နာပြင်ဟာ သုံးဖက်ဆီရှိနေပါတယ် ။ ကောင်းတဲ့ဘက် ။ ဆိုးတဲ့ဘက် နဲ့ မူလဘက် ဆိုပြီးရှိနေတယ် ။
ကျွန်တော်တို့ဟာ မူလဘက်ကနေ စလိုက်တယ်ဆိုပါတော့ ။ ကောင်းတဲ့ဘက်ကိုရောက်သွားနိုင်တယ် ။
ဆိုးတဲ့ဘက်ကိုရောက်သွားနိုင်တယ် ။ မူလဘက်မှာလဲ ပြန်ရှိချင်ရှိနေနိုင်တယ် ။
  • ကောင်းတဲ့ဘက်ကို ရောက်သွားရင် အကျိုးရှိမယ်  ( မရှုံးဘူး )
  • မကောင်းတဲ့ဘက်ကိုရောက်သွားရင် နစ်နာမယ်   ( ရှုံးမယ် )
  • မူလဘက်မှာပြန်ရှိနေမယ်ဆိုရင် အရင်းပဲ     ( မရှုံးဘူး )
ဖြစ်စဉ်တိုင်းဟာ ဒီမျက်နှာပြင်သုံးခုကိုပဲ အခြေခံနေပါတယ် ။ ရှုံးမှာ တစ်ခု ။ မရှုံးမှာ နှစ်ခု ။
ရာခိုင်နှုန်းအရဆိုရင် ၆၆ / ၃၄ ။ ဒါကြောင့် ကျွန်တော်ဟာ ဒီပုံပြင်လေးကို ဖတ်ပြီးတဲ့အခါမှာ ပုံပြောသူပေးတဲ့
သင်ခန်းစာကို သိပ်အာရုံမကျတော့ပဲ ဒိပြင်သင်ခန်းစာတစ်ခုကို ပိုင်ပိုင်နိုင်နိုင်ကြီး ယူလိုက်မိပါတယ် ။ အဲ့ဒါကတော့
  • တစ်ခုခုကိုလိုချင်ရင် တစ်ခုခုကိုဆုံးရှုံးသွားနိုင်တယ် ။ ကိုယ့်ဘက်မှာ ခြောက်ဆယ့်ခြောက်ရာခိုင်နှုန်းရှိတယ် ။
  • ဖြစ်ချင်တဲ့ ဆုံးဖြတ်ချက်ကို ဖြစ်အောင်လုပ်ရမယ် ဆိုတဲ့အသိပါပဲ
   ပုံပြင်ထဲက ငန်းပိုင်ရှင်ကို အပြစ်ပြောချင်တာတစ်ခုတော့ ကျွန်တော့်မှာရှိပါတယ် ။ ဘာလဲဆိုတော့
သူဟာ Back Up Plan တစ်ခုခုကို ကြိုတင်မစီစဉ်ထားခဲ့ခြင်းပါပဲ ။ ဆိုကြပါစို့ . . .
ငန်းကိုဗိုက်ခွဲတော့မယ်ဆိုရင် မေ့ဆေးပေးဖို့ ၊ ရွှေဥတွေမရှိဘူးဆိုရင် အချိန်မှီပြန်ချုပ်ဖို့ သူဘာမှမပြင်ဆင်ထားခဲ့ဘူး ။
အဲ့ဒီတစ်ခုမှာလဲ သင်ခန်းစာနောက်တစ်ခု ထပ်ရလိုက်ပါတယ် ။
  • ဆုံးရှုံးနစ်နာနိုင်ခြေရှိတဲ့ ဆုံးဖြတ်ချက်တိုင်းမှာ Back Up Plan ရှိသင့်တယ် ဆိုတာပါပဲ
ဒါကြောင့် အဲ့ဒီပုံပြင်ထဲက ငန်းပိုင်ရှင်ဟာ ပုံပြောသူ စွပ်စွဲသလို လောဘကြီးလွန်းတဲ့သူတစ်ယောက်မဟုတ်ပါပဲ
ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရဲသူတစ်ယောက်သာဖြစ်ကြောင်း ကျွန်တော် ကောက်ချက်ချမိပါတော့တယ် ။
ကျွန်တော်သာဆိုရင် မေ့ဆေးပေးပြီးမှ ဗိုက်ခွဲကြည့်မှာဖြစ်တဲ့အကြောင်း ပြောရင်း ပုံပြင်များနှင့်ကခုန်ခြင်း ( ၂ ) ကို
အဆုံးသတ်လိုက်ပါတယ် ။

- မင်းလုလင် -

ပုံပြင်များနှင့် ကခုန်ခြင်း ( ၁ )



တခါတလေများ ပျင်းပျင်းရှိတဲ့အခါစာအုပ်အဟောင်းလေးတွေရှာကြံဖတ်ရတာဟာလဲ
အရသာတကယ်ရှိတဲ့အပျင်းဖြေနည်းတစ်မျိုးပါပဲ ။ အခြားသူတွေအဖို့ဘယ်လိုလဲမသိပေမဲ့
ကျွန်တော့်အတွက်ကတော့ အဲ့ဒီနည်းကအတော်ကြီးကို စိတ်အပန်းပြေစေပါတယ် ။
စာအုပ်တွေရှာဖတ်တယ်ဆိုတာတောင် စာအခန့် ( စာအုပ်ထူထူ အကြောင်းအရာထူထူ ) ကြီးတွေ
မဟုတ်ပဲ ပေါ့ပေါ့ပါးပါးစာအုပ်လေးတွေရှာဖတ်မိတယ် ။ စိတ်အညောင်းမိနေတဲ့အချိန်ဆို
စာအုပ်ထူထူ အကြောင်းအရာထူထူကြီးတွေကလဲ စိတ်ကိုပိုပိစေတတ်ပါတယ် ။ ဒါကြောင့်
ပေါ့ပေါ့ပါးပါး စာအုပ်လေးတွေပဲရှာဖတ်တယ် ။ ပေါ့ပေါ့ပါးပါးစာအုပ်ဆိုလို့ အဖုံးမပါတဲ့စာအုပ်တော့
မဟုတ်ဘူးပေါ့ဗျာ ။ အကြောင်းအရာပေါ့ပေါ့ပါးပါးလေးတွေပေါ့ ။
   စာတစ်အုပ်ဖြစ်လာဖို့ စာရေးသူတစ်ယောက်ဟာ သာမန်ထက်ပိုတွေးပြီးရေးရပါတယ် ။
ဒါကြောင့် သူတို့သူတို့အများကြီးတွေးပြီးရေးထားတဲ့ စာအုပ်တွေအများကြီးသာ စုံအောင်ဖတ်နေမယ်
ကိုယ်က ဘာမှမတွေးဘူးဆိုရင်တော့ သင်ဟာဗဟုသုတများတဲ့ လူညံ့တစ်ယောက်ပဲဖြစ်နေမှာပါ ။
သူတို့တွေအများကြီးတွေးပြီးရေးထားတဲ့ စာအုပ်နည်းနည်းဖတ် ကိုယ်တိုင်က များများလိုက်တွေးရင်တော့
သင်ဟာကိုယ့်အတွေးအခေါ်ကို ကိုယ်ပိုင်တည်ဆောက်သူဖြစ်လာမယ် လို့ ကျွန်တော်ခံယူထားတယ် ။
ဒါကြောင့် ကျွန်တော် တွေးခေါ်မှုတွေကို သဘောကျတတ်ခဲ့ပါတယ် ။
    အခုလဲ ငယ်ငယ်ကသင်ခဲ့ကြားခဲ့ ကျက်ခဲ့မှတ်ခဲ့ရတဲ့ကဗျာလေးတပုဒ် ပြန်ဖတ်မိပြီး ဆက်တွေးမိခဲ့တယ် ။
ပုံပြင်ဆန်ဆန် ကဗျာလေးတပုဒ်ပေါ့ ။ ဒီနေ့ခေတ်အထိ လူတွေပြောနေကျ နှိုင်းနေကြတုန်းပဲ ။
ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာတဲ့မိဘနှစ်ပါးရဲ့ တစ်ဦးတည်းသော သားလူမိုက်ကြီးအကြောင်းပေါ့ ။
ရှေးသရောခါ   ၊ ပြည်ဗာရာဝယ်  ၊ ကုဋေကြွယ်ထား ၊ သားတစ်ယောက်ဖြစ် ၊ ချစ်၍တစေ ၊ အိမ်မှာနေ၍
စာပေမတတ်  ၊ ဘာညာကွိကွက် အစချီတဲ့ ကဗျာလေး ။ ကျွန်တော်လဲ အလွတ်တော့မရတော့ပါဘူး ။
ဒါပေမဲ့ ကဗျာရဲ့ဆိုလိုရင်းကိုတော့ ပြက်ပြက်ထင်ထင်မှတ်မိနေတုန်းပဲ ။ ခင်ဗျားတို့ရော . . . .
မှတ်မိကြသေးလား ။ အရမ်းချမ်းသာတဲ့ မိသားစုမှာ လူလာဖြစ်တယ် ။ မိဘတွေက ချမ်းသာလွန်းတော့
သူတို့စည်းစိမ်တွေ တသက်စားမကုန်ဘူးလို့ထင်ခဲ့ကြပြီး သူတို့သားလေးကို အိမ်မှာပဲနေခိုင်းခဲ့တယ် ။
ကျောင်းမနေခိုင်းတော့ဘူး ။

                    ဒီလိုနဲ့ . . . . မိဘတွေ ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်ကုန်ကြတဲ့အခါ . . . . .

     ကလေးလေးဟာ လူကြီးလေးဖြစ်လာတယ် ။ အပေါင်းအသင်းတွေရှိလာတယ် ။ ဒီနေ့ခေတ်လိုပါပဲ ။
ပိုက်ဆံချမ်းသာတော့ အပေါင်းအသင်းတွေက ကပ်တယ် ။ ဒီကောင်လေးက ပညာမတတ်ခဲ့လေတော့
အပေါင်းအသင်းတွေပြောသမျှယုံတယ် ။ ဟိုကမြှောက် ဒီကပင့် နဲ့ ဟိုကတို ဒီကလျှို ဥစ္စာစည်းစိမ်တွေ
ကုန်ပါလေရောပေါ့ ။ အဲ့ဒီအခါ အထည်ကြီးပျက်ကလေးဟာ တောင်းရမ်းစားသောက်လေသတဲ့ ။
    သူတောင်းတဲ့အခါကျတော့ အပေါင်းအသင်းတွေ ပတ်ဝန်းကျင်တွေက သူ့ကိုပညာမတတ်တဲ့ငမိုက်သားပါဆိုပြီး
ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ကန်ကြောက် မြို့ကမောာင်းထုတ်လိုက်သတဲ့ ။ ဒီလိုနဲ့ ကောင်လေးဟာ
တောကိုထွက်သွားရ . . . ငတ်ပြတ်ပြီး ဇာတ်ပေါင်းတော့ ကောင်သေ ဠင်းတ ကျ၏တည်း ပေါ့ ။
   အကြောင်းအရာကောင်းကောင်း နဲ့ ကလေးလေးတွေစိတ်ဝင်စားအောင် ဖရိမ်ချထားတဲ့ အဲ့ဒီကဗျာလေးနဲ့
စာရေးသူဟာ ပညာမတတ်ခြင်းရဲ့ အပြစ်ကို Highlight လုပ်ပြခဲ့ပါတယ် ။ သူပြသွားတဲ့ သင်ခန်းစာလေးလဲ
အတော်ကောင်းပါတယ် ။ ဒါပေသိ . . . . .
   ဒီကဗျာကိုဖတ်ပြီး ကျွန်တော့စိတ်ထဲ အတွေးတွေတန်းစီဝင်လာခဲ့တယ် ။ အဲ့ဒီအတွေးတွေနောက်
တောက်လျှောက်လိုက်သွားမိတော့ စာရေးသူကိုပြန်မေးချင်စရာ မေးခွန်းတွေတန်းစီပြီးပေါ်လာခဲ့တယ် ။
အဲ့ဒီအတွေးတွေကပဲ ပုံပြင်များနှင့်ကခုန်ခြင်း ဖြစ်လာပါတော့တယ် ။ ကဲ . . . စရအောင်ဗျာ ။
  ကဗျာလေးကိုဖတ်ပြီး ကျွန်တော်ပထမဆုံးတွေးမိတာက ဒီကောင်လေးပညာမတတ်ရခြင်းရဲ့ ဇစ်မြစ်
ကလေးတစ်ယောက်ရဲ့ မွေးစဘ၀ကနေကျောင်းနေအရွယ်ရောက်သည်အထိ အဲ့ဒီကလေးဟာ
အုပ်ထိန်းသူအပေါ်မှာ ရာနှုန်းပြည့်နည်းပါးမှီတည်နေပါတယ် ။ အုပ်ထိန်းသူက အပူဆို သူပူရပါမယ် ။
အုပ်ထိန်းသူက အအေးဆို သူအေးရပါမယ် ။ ဒါကြောင့် ဒီကောင်လေးပညာမတတ်ရခြင်းရဲ့ ဇစ်မြစ်ကို
အစဆွဲထုတ်ကြည့်တဲ့အခါ သူ့ရဲ့ အုပ်ထိန်းသူတွေအပေါ်ရောက်သွားပါတယ် ။ မေးခွန်းရှိလာပါတယ် ။
   ဒီကောင်လေးပညာမတတ်ရခြင်းဟာ . . .
  1. သူ ကျောင်းမနေချင်ခဲ့တာလား
  2. မိဘတွေက ကျောင်းမထားခဲ့တာလား
    ဒီကောင်လေးပုံစံအခြေအနေအရ ( စာရေးသူအာဘော်အရဆိုရင် ) မိဘတွေကပဲ ကျောင်းမထားခဲ့တာ
ဖြစ်ပါတယ် ။ ဒါကြောင့် သူပညာမတတ်ရခြင်းဟာ သူ့တစ်ယောက်ထဲရဲ့အပြစ်မဟုတ်ပါဘူး ။ ဒီလိုနဲ့
မွေးတယ် ။ ကြီးပြင်းတယ် ။ နေထိုင်နေတယ် ။ မိဘတွေသေဆုံးသွားတဲ့အခါကျတော့ . . .
သူ့မှာစည်းစိမ်တွေကျန်နေရစ်ခဲ့တယ် ။ ဒီနေရာမှာ စာရေးသူရဲ့အာဘော်ကို လုံးဝကောက်နှုတ်ကြည့်ကြစို့ ။
သူဟာ ပညာမတတ်တဲ့အတွက် သူ့ကိုဝိုင်းဝန်းလိမ်လည်လှည့်ဖြားပြီး သူ့ဥစ္စာတွေကို ခိုးယူခဲ့ကြတယ် ။
သူဟာ သူ့စည်းစိမ်တွေအားကိုးပြီး ဗိုလ်ကျခဲ့တယ်လို့ အနိုင်ကျင့်ခဲ့တယ်လို့ ကဗျာထဲမပါခဲ့ဘူး ။
ဒီနေရာမှာထွက်လာတဲ့ ကောက်ချက်က -
  • သူပညာမတတ်ဘူး ။ လူတွေက သူ့ဆီက လိမ်ယူတယ် ။
ဒီလိုဆိုရင် သူကအလိမ်ခံလိုက်ရတာပေါ့ ။ တစ်ခါအလိမ်ခံရရင် လိမ်သူအပြစ် ၊ နှစ်ခါအလိမ်ခံရရင် လိမ်သူအပြစ် ။
သုံးခါအလိမ်ခံရရင် အလိမ်ခံရတဲ့သူအပြစ်လို့ ဆိုနိုင်သော်ငြား အများနဲ့တစ်ယောက် ဖြစ်နေတဲ့အခြေအနေမျိုးမှာ
အမှောင်ထဲကလူကို သူမြင်နိုင်ပါ့မလား ။ တွေးစရာဖြစ်သွားပြီ ။ ဒီလိုနဲ့ သူ ဆင်းရဲမွဲတေသွားခဲ့ပြီ ။ အဲ့ဒီအချိန်မှာ
သူဘာလုပ်ခဲ့လဲ ။ သူ ခိုးမစားခဲ့ပါဘူး ။ သူ လုမစားခဲ့ပါဘူး ။ ကြိုက်မရှက် ၊ ငိုက်မရှက် ၊ ငတ်မရှက် ဆိုတဲ့အတိုင်း
သူ့ကိုယ်သူ အရိုးသားဆုံးပြဌာန်းပြီး သူတောင်းစားခဲ့တယ် ။ တောင်းစားတယ်ဆိုတဲ့သဘောက ပေးမှရတာမျိုး ။
မပေးလဲဘာမှမဖြစ်ပါဘူး ။ လုတာနဲ့မတူပါဘူး ။ ဓါးပြတိုက်ခြင်းဆိုတာက တောင်းခြင်းအမည်ခံထားတဲ့ လုယူမှုပါပဲ ။
သူ ရိုးရိုးသားသားတောင်းစားခဲ့တယ် ။ သူတောင်းတဲ့အလှည့်ကျတော့မှ သူ့ကိုဝိုင်းဝန်းရိုက်နှက်ကြတယ် ။
အကြောင်းရင်းက ဘာလဲဆိုတော့ . . . . .သူပညာမတတ်လို့ တဲ့ ။ လူမိုက်ရယ်လို့ သမုတ်ပြီး ရိုက်ကြတယ် ။
မြို့ကနေ နှင်ထုတ်ကြတယ် ။ အင်အားဟာ အမှန်တရားဖြစ်သွားခဲ့တယ် ။ အများညီတော့ သူတို့တွေ ဤ ကို ကျွဲ လို့
ဖတ်ခဲ့ကြတယ် ။ အထည်ကြီးပျက်ကောင်လေးဟာ တောအရပ်ဆီ ထွက်ပြေးသွားရတယ် ။ တော မှာ ငတ်ပြတ်ပြီး
သေဆုံးသွားခဲ့ရတယ် ။ အတွေးတွေ အများကြီးဝင်လာပါတော့တယ် ။
  • လူတစ်ယောက်ဟာ ပညာမတတ်ရုံနဲ့ လူမိုက်ဖြစ်သွားပါသလား
  • ပညာမတတ်တဲ့လူတစ်ယောက် တောင်းရမ်းစားသောက်ခြင်းဟာ ရိုက်နှက်စရာ မြို့ကနှင်ထုတ်စရာ လိုပါသလား
  • သူ့ဆီမှာ ရှိတုန်းက သူ့ဆီကဥစ္စာပစ္စည်းတွေယူငင်သုံးစွဲခဲ့ပြီး သူငတ်ပြတ်နေတဲ့အချိန်မှာ ထမင်းလေးတလုတ်အတွက် ပတ်ဝန်းကျင်က ဘာကြောင့်ငြိုငြင်နေပါသလဲ
ဒါကြောင့် ဒီပုံပြင်ဆန်တဲ့ကဗျာလေးကို ဖတ်အပြီးမှာ ကျွန်တော်ဟာ  ကဗျာထဲက သူဌေးသားလေးကို မမြင်တော့ပဲ
စာရေးသူကိုသာ သွားမြင်မိပါတော့တယ် ။စာရေးသူဟာ သူဌေးသားလေးကိုကြည့်ပြီး သင်ခန်းစာယူစေချင်ပေမဲ့
ကျွန်တော်က စာရေးသူကိုကြည့်ပြီး သင်ခန်းစာတွေရလိုက်ပါတယ် ။
စာရေးသူဟာ ပညာ ဆိုတာကို Highlight လုပ်ပြချင်စိတ်တွေ အရမ်းလွန်ကဲနေခဲ့ပုံရတယ် ။
သူပြချင်တဲ့ ထောင့်တစ်ခုထဲအတွက် ကျန်တဲ့ထောင့်ပေါင်းများစွာကို လျစ်လျူရှုထားခဲ့တယ် ။
အဲ့ဒီ အတိအကျမှန်သယောင်ထောင့်တစ်ခုထဲကိုပဲ လူတွေရဲ့စိတ်ထဲ ရိုက်သွင်းချင်ခဲ့တယ် ။
ပိုဆိုးတာက အဲ့ဒီကဗျာလေးကို သင်ကြားဖို့ပြဌာန်းတဲ့ ပညာရေးအဆင့်အတန်းဟာ ကိုယ်ပိုင်အသိဥာဏ်တွေးခေါ်နိုင်စွမ်း
နိမ့်ပါးသေးတဲ့ ကလေးလေးအရွယ် သူငယ်တန်း တစ်တန်းအရွယ်တွေအတွက် ဖြစ်နေတာပါပဲ ။
ဒီတော့ ကလေးတွေရဲ့ စိတ်ထဲမှာ အဲ့ဒီအသိကြီးကိုပဲ စွဲမြဲနေခဲ့ပြီး ကုဋေကြွယ်သူဌေးသားလေးဟာ
ရာဇ၀င်လူဆိုးကြီးဖြစ်ခဲ့ရတယ် ။ ဒီနေ့ ဒီအချိန်အထိ သူဟာ ဥပမာပေးစရာ နာမည်ဆိုးကြီးနဲ့လူတစ်ယောက်ဖြစ်နေခဲ့တယ် ။
ကျွန်တော်တို့ သူ့ဘက်က တွေးကြည့်ပေးခဲ့သင့်တယ် မဟုတ်ပါလားဗျာ ။
ဒီကဗျာလေးကို ဖတ်အပြီးမှာတော့ ကျွန်တော်ဟာ သင်ခန်းစာတစ်ခုကို ကောင်းကောင်းရလိုက်ပါတယ် ။ ဘာလဲဆိုတော့
  • ကိစ္စတစ်ခုကိုလူတွေကြားထဲချပြတဲ့အခါ ကိုယ်ပြချင်တဲ့ထောင့်တစ်ခုကို အားပြုလွန်းရင် ကျန်တဲ့ဖြစ်နိုင်ခြေရှုထောင့်ပေါင်းများစွာကို မေ့လျော့သွားနိုင်တယ် ဆိုတာပါပဲ ။

- မင်းလုလင် -

မနှင်းဝေလက်ထဲ ခွေခေါက်နေချင်တဲ့ ဂျိုကာ ( ကျွန်တော် ) ဆိုပါစို့



အမှတ်မထင် ၀င်တိုက်မိခဲ့တဲ့ ပုံပြင်သေးသေးလေးပါပဲ မနှင်းဝေ
ကျွန်တော့မှာလေ
ရယ်သံတိုတိုလေးတွေထဲ ပြုတ်ကျခဲ့ရ
မျက်စောင်းစူးစူးလေးတွေကို ဖက်တွယ်ခဲ့ရ
ကျွန်တော့ဆောင်းရာသီမှာ
နှင်းတွေ ဝေခဲ့ပေါ့ ။

မနှင်းဝေ ရယ်လေ
ကျွန်တော့ဝင်သက်ထွက်သက်ကို ဆေးဆိုးထား ။

ဖန်ကြိုးမျှင် ဆက်သွယ်မှုထဲ
ကျွန်တော် နဲ့ မနှင်းဝေ မရောင့်ရဲနိုင်ခဲ့ကြ
ကမ္ဘာဟာ ဘာလို့ ပိုင်းခြားထားခြင်းခံရတာလဲ
ကျွန်တော်ရှိနေတဲ့နေရာမှာ
မနှင်းဝေ ရှိမနေခြင်းဟာလဲ ၀ဋ်နာကံနာပဲ ။

ကျွန်တော်က
သာမန်လူငယ်တစ်ယောက်ဆိုတော့လဲ
သာမန် ချစ်ခြင်းမေတ္တာနဲ့ပဲပေါ့ မနှင်းဝေ
ဒိထက် မပိုနိုင်တော့သလို
ဒိထက်လဲ မလျော့နိုင်တော့ပါဘူး
( တစ်ခါတစ်လေကျ )
ကျွန်တော်က
ကမ္ဘာသုံးငွေစက္ကူမှာတောင်
မနှင်းဝေပုံ ရိုက်နှိပ်ထားချင်တဲ့ကောင်
( တစ်ခါတစ်လေကျ )
မောင်မိုးမြင့်ရဲ့ ကဗျာထဲကလို
မနှင်းဝေအလှကို ဆိုင်ကယ်ပေါ်တင်ပြီး
လျှောက်သွားချင်မိတာပါပဲ
ရယ်စရာမကောင်းဘူးလား မနှင်းဝေ ။

သူလိုကိုယ်လိုပါပဲ
ကျွန်တော့မှာလဲ နှစ်ဆယ့်လေးနာရီပဲ ရှိတယ်
သူလိုကိုယ်လို မဟုတ်တာက
ကျွန်တော့နှစ်ဆယ့်လေးနာရီမှာ မနှင်းဝေ ရှိတယ် ။

နှင်းတွေ ခေါင်လိုက်တာ ဆောင်းရယ်  တဲ့
ကျွန်တော့ဂစ်တာအိုကြီး တိုးတိုးငြီးတယ်
ကျွန်တော်ရယ်တယ်
မနှင်းဝေ ရယ်တယ်
ခွင့်လွှတ်လိုက်ပါ မနှင်းဝေ
ကျွန်တော့ဆောင်းရာသီမှာ နှင်းတွေ ဝေနေကြောင်း
မနှင်းဝေလက်ကို ရဲရဲတွဲ
ဂစ်တာကြီးသိအောင် စာလုံးပေါင်းပြချင်ပါသေးရဲ့
ရယ်စရာမကောင်းပြန်ဘူးလား မနှင်းဝေ ။

စကားမစပ်
မနှင်းဝေ ရေ . . .
ကျွန်တော့ကို နမ်းပါ
သံသရာကို စိန်ခေါ်ပစ်ချင်လို့ ။

- မင်းလုလင် -

( ဟိုတစ ဒီတစနဲ့ လျှောက်တင်နေတဲ့ Facebook Status တွေကို ကဗျာအဖြစ်စုစည်းထားလိုက်ရုံပါ )

အိမ်သာသုံးစက္ကူအကောင်းစားဟာ မစ်ကီမောက်စ်အရုပ်လေးနဲ့



နာရီကိုဆွဲဆန့်လိုက်တော့ အချိန်ဟာ တစ်ပေနဲ့ 
နှစ်လက်မ လက်ထိပ်သေးသေးလေးနဲ့ဆွဲခတ်ခေါ်သွားတယ်
ရိပ်ကနဲ ရိတ်သိမ်းခံလိုက်ရ သက်တန့်ကွေးကွေးပေါ်မှာ 
မနက်ဖြန်ကို သီချင်းထဲထည့်ပြီး အမြင့်ဆုံးကီးနဲ့ သော့ခတ်ထားလိုက်တော့မယ် 
မြင်ကွင်းတွေက အပ်ကြောင်းထပ်လာ ကမ္ဘာကအက်ကြောင်းထလာ
အဆင့်မြင့်နေမှုထိုင်မှုသွားမှုလာမှုသေမှု မောလို့တိုက်စရာ ရေမရှိဘူး Sick / စစ် ပဲရှိတယ် 
တစ်ရှူးစက္ကူ ဟာ မလိုင်ဖြစ်လာတဲ့အခါ အားတွေရှိလာ ( စေ ) တယ်
ဆီ ဟာ ရေငုတ်နိုင်ကြောင်း နည်းပညာရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရောယောင် 
အရောင်တူပစ်ဖို့ ဓါတ်တိုင်ဘေးသေးပန်းဖို့ မှောင်ရိပ်ခိုမှု
အမှောင်ကျ / ချ ခံရ  ဗီလိန်အကယ်ဒမီရတာ ဘာဆန်းလို့လဲလို့ဆို
အတုန်းအရုန်း ကုန်းထလိုက် လက်ညိုးလေးနဲ့တောက်ချလိုက်
ဒါ သံသရာပဲ ဇာတ်အနာပဲ လက်ဖက်ရည်ခွက်ထဲကျသေတဲ့ ယင်ကောင် ( လို )
ဆာလောင်မှုဟာ တင်ပါးမှာအထိုးခံထားရတဲ့တက်တူး  ဒီည 
အိမ်မပြန်ဖြစ်တော့လဲ နောက်တစ်ညပေါ့ နောက်တစ်ညပေါ့ 

" မနောက်ပါနဲ့ အကိုကြီးရယ် ညီမကဒါလေးနဲ့ လုပ်စားနေရတာပါ
  ဒါ ညီမအမေ အမွေပေးခဲ့တဲ့ လယ်ကွက်ကလေးပါ "

သိမ်း / သိမ်း / သိမ်း
သိမ်းထုတ်သေချာတဲ့ 
အိမ်ထောင်ဦးစီး | ကြီး | တို့ ခင်ဗျား 
ခေါ်စရာအဖေတွေအပိုရှိရင်ပြောပါ ခင်ဗျား
ခေါ်စရာအဖေမရှိတဲ့ကလေးတွေပိုနေပါတယ် ခင်ဗျား
ခင်ဗျားတို့ ခေတ် ဟာ ဟာကွက်တွေနဲ့ ဟာသပြက်လုံး မိုးလုံးမှိုင်းလဲ မိုးမရွာဘူး

ပုခုံးတဖက်မှာ စပါးနှံရှိတယ်  ညရှိတယ် အဲ့ဒီညဟာ ဆင်ဆာဖြတ်ခံထားရတဲ့ လ နဲ့ ။
/ ဒါမှမဟုတ် / 
ပုခုံးတဖက်မှာ မိုင်နှစ်ဆယ်ကျော်ကြာအောင်ဖိထားမဲ့ထမ်းပိုးရှိတယ် အဲ့ဒီထမ်းပိုးဟာချွေးနဲ့သွေးနဲ့ ။

တစ်ကိုက်စာကို တ၀က်ဝက်လိုက်ရင် နှစ်ယောက်စာဖြစ်ရမှာပေါ့ ဥာဏ်ဆိုတာ
လွှာသုံးရင် ပြားချပ်ချပ် ပြားချပ်ချပ် သင်္ကြန်အမြောက်ကြီးလက်ချက်နဲ့ လှန့်သေရရှာ
သူ့ခမျာ နှစ်ပိုင်းတပိုင်း x ( တစ်ကိုက်စာ ) ကို ငေးရုံသာငေးခဲ့ရ  ။

တချို့ကြယ်တွေရဲ့ ဖွံ့ဖြိုးမှုနှုန်းဟာ 
သောက်ပြီးသားဘီယာဘူးခွံတွေနဲ့ တိုက်ရိုက်အချိုးကျတယ်
တချို့ကြယ်တွေကျတော့
ပစ်ပြီးသား ကျည်ဆံအခွံတွေနဲ့ တိုက်ရိုက်အချိုးကျတယ်  
တချို့ကျတော့
ကျပြီးသားသွေးတွေ နဲ့
တချို့ကျတော့ 
ကျပြီးသားစိတ်ဓါတ် နဲ့  
နဲ့ နဲ့ လာတဲ့ ခပ်ယဲ့ယဲ့ ဖိနောင့်ပါးဖိနပ်စုတ် ( ကလေး ) 
မတော်တရော်ဟာ မျက်စိထဲဝင်နေပြီး နေသားတကျ ခြေကုတ်ယူလိုက်တယ်  \ အသင့်အနေအထား \ 

                        ( ၁ ... ၂ ... ၃ ... ဒိုင်းးးးးးးးး )

         သံပုရာသီး ၊ ဘလက်လေဘယ် နဲ့ မာကျူရီ ၊ ပြိုင်ကားအကောင်းစား  

                                        ||| VS |||
                                   
                                         မျက်ရည်


လွှတ်လှဗျို့ . . . . . ဒိုင်ဟာ ပွဲမပြီးခင် ပွဲသိမ်းဗြောက်ကိုဖောက်လိုက်တယ် . . . DIeeeeeeeeeeeeee !


- မင်းလုလင် -

နာနာကျင်ကျင် > ကြင်ကြင်နာနာ



နာကျင်မှုဟာ ဆွတ်ဆွတ်ဖြူ အခန်းလွတ်တစ်ခုထဲ ကျနော်ဟာ ဘယ်တစ်ယောက်လဲ 
ကိုယ့်ခန္ဓာ ကို ပြတိုက်တစ်ခုထဲ မောင်းသွင်း လွတ်ထွက်သွား/လွှတ်ချထားချင်ပြီ
မျက်လုံးတွေကို လိုက်ဖမ်းရင်း စိတ်က နံရံပေါ်မှာ ပန်းချီကားတစ်ချပ်ပေါ်မှာ တအံ့တသြ 
နာကျင်/ဆွတ်ရှ တဖြည်းဖြည်း ပါးလျလာ အနားရချင်တဲ့အခါ ကိုယ့်မျက်လုံးကိုယ်
ပန်းချီထဲမှာပြန်တွေ့လိုက်ရသလို အရိပ် / အရောင်တွေ ရိပ်ကနဲ ယောင်ယမ်းအော်မိ 
စိတ် ဟာ အထစ်အငေါ့သေးသေးလေး အိပ်မက်တွေကို အိပ်ယာဘေးမှာ
ပစ်စလက်ခတ်ပစ်တင်လို့ အနားမှာ ကောက်သိမ်းခွင့်ရတဲ့ အလျားလိုက် မနက်ဖြန်တွေ ဟိုတစ်စ 
သည်တစ်စပါပဲ နောက်ထပ် နောက်ထပ် ကုတ်ခြစ်/ကိုယ့်စိတ်ကိုယ် ကုတ်ခြစ် 
အရောင်တွေစုံလို့ အရာတွေမထင်ခဲ့ဘူး ခုတ်ထစ်ဖဲ့ကြွေပစ်လိုက်ပါပြီ 
ပြက္ခဒိန်ပေါ်က နေ့စွဲတွေမှာ တအီအီနဲ့ညည်းညူ လို့ ဒါဟာ အမာရွတ်တစ်ခု 
ဒါဟာ သံယောဇဉ်တစ်ခု ဒါမှမဟုတ် ဒါဟာ တစ်ခုခု နာကျင်မှုဟာ 
ဆေးပြယ်စပန်းချီကားလေး ကိုယ့်ရှေ့မှာ မီးလောင်ဒါဏ်ရာနဲ့  နာ...နာ..
နာကျင် / နာကျင်မှုဟာ အရေပြားတစ်လျှောက် ထိုးဖောက်လွင့်ဝါး/ အသံများ ညံဆူ 
တိတ်ဆိတ်ဖောက်ကွဲပစ်ရ / နာ...နာ ..ကျင်...ကျင် ကျဉ်စက်နဲ့ တို့လိုက်သလို 
ဖျင်းကနဲခံစားမှုဟာ ပြက္ခဒိန်ပေါ်မှာ ယိမ်းထိုးလို့ လွတ်ထွက်သွားတဲ့ စိတ်အစွန်းအစဟာ 
ချည်တိုင်ဆီပြန် ပြန်ရောက်မလာတော့ဘူး အိပ်မက်အဖြစ်နဲ့ အိပ်မက်နေခဲ့ရ လွင့်လွင့်ဝဲ၀ဲ 
အိပ်မက်ပစ်လိုက်ရ   ဒါ ခြေဖမိုးဖြူဖြူလေးပဲ ဒါ သွေးကြောစိမ်းစိမ်းလေးပဲ 
 ဒါ နာကျင်ကဗျာတစ်ပုဒ် ဒါ သွေးစက်လက်နဲ့ဘောင်မဲ့ပန်းချီကားတစ်ချပ် လို
ပါးချိုင့်နက်နက်ကလေး မပါတဲ့အခါ မျက်ဝန်းနက်နက်ကလေးမပါတဲ့အခါ
သီချင်းဟာ မျက်ရည်ဝဲနေရ သီချင်းဟာ တိုးတိုးလေးငိုနေခဲ့ရ ခိုးခိုးငိုနေခဲ့ရ
သူမ / ဒါမှမဟုတ် / သူ့ဆီမှာ မရှိတော့တဲ့ သူမ ... မနေ့ကအကြောင်းတွေးမိတော့
ငှက်ကလေးတစ်ကောင်ဟာ ရုတ်တရက် လန့်ပျံပြေးသွားတာ ဟိုး .... အဝေးကြီးထိ ။

- မောင်ရေချမ်း - မင်းလုလင် -


ရွှေရည်စိမ် ကျွန်



အချိန်တန်တော့လဲ အိမ်ပြန်ကြရမှာပေါ့
တနေ့ ပြီး တနေ့ ပြီး နောက်တစ်နေ့
အချိန်တန်လို့ အိမ်ပြန်သွားကြသူတွေ
အချိန်တန်လို့မှ ပြန်သွားစရာအိမ်မရှိသူတွေ
အကျည်းတန်ညနေခင်းတွေထဲ
နီယွန်မီးထဲ မျက်ရည်တွေ သွန်သွန်ချ ။

အာရှလား ဥရောပလား
ကျားလား နွားလား
သွားကြားလား  -ီး ကြားလားသိစရာမလို
ကျုပ်တို့ဟာ လွယ်လင့်တကူ ညပ်ခဲ့ကြ
ကိုယ့်အတောင်ပံကိုယ် ညှပ်ပစ်ခဲ့ကြ ။

ကမ္ဘာမှာ ငွေဝယ်ကျွန်စနစ် ပပျောက်ခဲ့ပြီ တဲ့
ဆောင်ပုဒ်တွေကို မစားရ၀ခမန်း ရွတ်နေတတ်တဲ့
ကျုပ်တို့က ..... ငွေပေးကျွန်
ကိုယ့်အိတ်ထဲကငွေ နဲ့ ကိုယ် ကျွန်လာခံကြ
( တချို့က )
သူများအိတ်ထဲကငွေနဲ့ ကျွန်လာခံကြ
ရယ်စရာကောင်းလိုက်တာလေ ။

ဟိုမှာ
ဝတ်ကောင်းစားလှတွေနဲ့ ကျွန်
ဟိုမှာ
ဘောလုံးပွဲ ကြိုက်တဲ့ ကျွန်
ဟိုမှာ
ဖုန်းအကောင်းစားနဲ့ ကျွန်
ဟိုမှာ
ရည်းစားထည်လဲတွဲတဲ့ ကျွန်
ဟိုမှာ
ဘီယာသောက်နေတဲ့ ကျွန်
ဟိုမှာ
အိမ်လွမ်းနေတဲ့ ကျွန်
ကျွန်တော်လား
သောက်ကြီးသောက်ကျယ် ကျွန် ။


" နှစ်ဆယ့်လေးနာရီ မီးမပြတ်ဘူး အမေ "
" ရေကလဲ ဘယ်ချိန်ဖွင့်ဖွင့် လာတယ် အမေ "
ရေမီးအစုံ နဲ့ ဘ၀ဟာ
ခွေးတောင်မလျက်တဲ့ ထန်းလျက်လို ထူပေတာပေခံခဲ့ရ
မာကျောခဲ့ရ  ပျော့ညံ့ခဲ့ရ
အားတင်းခဲ့ရ အားပြတ်ခဲ့ရ ။

ဖရီးကောလင်း ၊ စားသောက်ဆိုင်ကောလင်း
စက်ရုံကောလင်း ၊ ဘာညာသာရကာကောလင်း
( တချို့က )
ထောင်နံရံ မှီအိပ်နေတဲ့ သံဗုဒ္ဓေကောလင်း
အလန်းဆုံးဝတ်ပြီး မိသားစုကို လက်ပြနှုတ်ဆက်ခဲ့ကြ
အမှတ်တရ ဓါတ်ပုံပေါင်းများစွာ ချန်ထားခဲ့ကြ
ကိုယ့်ကိုကိုယ် ကျွန်ဇာတ်ထဲ ပျော်ပျော်ကြီး သွတ်သွင်းခဲ့ကြ ။

ဟန်ကိုယ့်ဖို့သာ ရှိစေတော့
ကျွန်မသားလေးက နိုင်ငံခြားမှာလေ တဲ့လား အမေ
ဂုဏ်ယူဝံ့ကြွားစွာ ကျွန်အမည်ကို တမ်းတ
ကျွန်တော် ရှက်ဖို့တောင် မေ့မေ့သွားပါရဲ့ ။

အချိန်တန်တော့လည်း အိမ်ပြန်ကြရမှာပေါ့
အချိန်တန်တော့လည်း အိမ်ပြန်ကြရမှာပေါ့
အချိန်တန်တော့လည်း အိမ်ပြန်ကြရမှာပေါ့
အဲ့ဒါ ဒို့တာဝန်အရေးသုံးပါးပဲ
ဂါထာလို ရွတ်ခဲ့ရ ။

ကျေကျေနပ်နပ် အထိုးခံခဲ့ကြတဲ့  ကျွန် တက်တူး
တချို့က လုပ်အား နဲ့ အောက်ကျနောက်ကျ ပွတ်သပ်ဖျက်ကြ
တချို့က မျက်ရည် နဲ့ ထိတ်လန့်တကြား ပွတ်သပ်ဖျက်ကြ
တချို့က စာရိတ္တ နဲ့ အလောတကြီး ပွတ်သပ်ဖျက်ကြ
သံဗုဒ္ဓေ မှ နပ်မှန်အောင် မရွတ်နိုင်ခဲ့ကြ
ကျုပ်တို့လေ
သေရမှာတောင် မေ့နေကြသလိုလို ။


တနေ့ ပြီး တနေ့ ပြီး နောက်တနေ့ နဲ့ နောက်တနေ့
မိုးမျှော်တိုက်တွေကြားထဲ
နစ်ဝင်သွားတဲ့ စိတ်ဓါတ် နဲ့
သူစိမ်းတစ်ယောက်လို နေသားကျခဲ့ရ ။

နောင်ကြီးတို့ရေ . . . ရွှေတဲ့လား ။
အောက် တန်း စား ရွှေ
ကိုယ့်တိုင်းပြည်မှာ ကိုယ် မနေရခြင်းဟာလဲ
အောက်တန်းကျလွန်းတဲ့ ၀ဋ်နာကံနာ
ကိုယ့်ကိုကိုယ် ပြန်တိုက်ထားတဲ့ ကျိမ်စာ ။

ဟုတ်တယ်
ကျုပ်က
သောက်ကြီးသောက်ကျယ် ကျွန် ။


- မင်းလုလင် -


( စိတ်ထဲ ရှိနေတာလေး ထုတ်ရေးလိုက်ရုံသာ ။ ဘာဆို ဘာမှ မပါ )

ကျုပ်တို့က လူငယ် ( ၂ )

အဲ့ဒီနေ့တုန်းက မိုးတွေရွာလား မရွာလား သေချာမသိသလို
အဲ့ဒီသေချာမသိခြင်းဟာ မြို့မှာလား ရွာမှာလားဆိုတာလဲ တဆင့်စကားတဆင့်နား
ကျုပ်တို့နားထဲကို ဆယ့်ကိုးရာစုကြီး ပစ်ဝင်လာခဲ့တာ
ကျုပ်တို့ပါးစပ်ကနေ လေထုကိုစတင်ညစ်နွမ်းစေခဲ့တာ
အဲ့ဒီသေချာမသိတဲ့ နေရာကနေ ကျုပ်တို့လာခဲ့တယ်
ပုံစံခွက်တွေကို ပုံစံတကျ သွန်မှောက်ပစ်ခဲ့ကြ  စားကြွင်းစားကျန်ဟာ ရောဂါပဲ
နောက်ဆုံးတစက်ထိ အရသာရှိစေမဲ့ ကော်ဖီ နဲ့ ဘ၀ကိုပက်သွင်းထားတာ
သစ်ကိုင်းဖျားလေး တအိအိ လှုပ်ခါကျန်နေခဲ့တဲ့အထိ ကျိုးကျသွားမဲ့အထိ
ခါတော်မီအရောင်အဆင်းနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ခေတ် ( ဟာ )
ရင်သားသေးလှီလှတဲ့မိန်းမတစ်ယောက် ဖျားယောင်း
မြူဆွယ်နေသလို ရင်ခုန်စရာမကောင်းတော့ဘူး
ကျုပ်တို့ကလူငယ်
တက်ကျမ်းကိုခါးမှာထိုးရင်း သေနတ်ပစ်တမ်းလဲ ဆော့ချင်ဆော့မယ်
မိုးရေထဲလမ်းလျှောက်တဲ့ ညဟာ တိမ်တွေလိုပေါ့ပါးပစ်လိုက်ကြ
အရေခွံကိုစိတ်နဲ့တသားတည်းဝတ်ဆင်ထားခဲ့တဲ့ အလင်းနဲ့
လွတ်လပ်မှုကို လက်ပတ်နာရီလိုပတ်မယ် ( မကြာခဏ ထုတ်ထုတ်ကြည့်မယ် )
ဂျင်းဘောင်းဘီဝတ်မယ် သူရဲကောင်းတွေကိုအလေးပြုမယ် ဂိမ်းကစားမယ်
နီယွန်မီးရောင်တွေ မော့သောက်တဲ့အခါ လမ်းပြောင်းပြန်လဲ မောင်းချင်မောင်းမယ်
ကျုပ်တို့ကလူငယ်
အရောင်တောက်တောက်ရိုင်းစိုင်းမှုတွေ နဲ့
အသွေးအသားထဲ မေတ္တာတရားကို မိုးလုံလေလုံကိုးကွယ်တယ်
ပုခုံးပေါ်တွန်းတင်ထားတဲ့ မျက်လုံးတွေအတွက်
လက်ဖျံမှာထိုးထားတဲ့တက်တူး
ကိုယ်ပိုင်ရာသီဥတုဟာ ( ဘယ်တော့မှ ) ကွက်ကြားမိုးမရွာဘူး
မိုးနည်းဒေသရဲ့ချွေးတစက်စက် မိုင်နှစ်ဆယ်လို
/ ဒါမှမဟုတ် /
သွေးတစက်စက် အနှစ်နှစ်ဆယ်လို
/ ဒါမှမဟုတ် /
တောက်တခတ်ခတ်ဘ၀နှစ်ဆယ်လို
ပြိုကျနေတဲ့မနက်ဖြန်ထဲက အမှန်တရားဟာ
အပ်ဖျားတထောက်စာအစက်အပြောက်လေးဖြစ်နေရင်တောင်
မှန်ဘီလူးသုံးပြီး မြင်အောင်ကြည့်မဲ့ ( ကြည့်ရမဲ့ )
ကျုပ်တို့ကလူငယ်
ဒီကစားကွက်အခင်းအကျင်းထဲ ဖျက်မြင်း မဖြစ်သွားစေဖို့ပဲ ။

- မင်းလုလင် -


( မိုင်တိုင် ၂၄ မှ ဆက်လက်ထွက်ခွာ - Poetry Ebook - မှ )

ရိုးမြေကျ လို့ ဆိုကြပါစို့ မနှင်းဝေ



ကျောက်ချရပ်နားထားရတဲ့
သင်္ဘောတစီးရဲ့ ကျောက်ဖြုတ်သံပါပဲ
မီးခိုးငွေ့တလူလူ နဲ့ မီးခိုးတွေကြားက အထွက်
မင်းရှင်သန်ကျန်နေခဲ့တာဟာ
ငါ သေဆုံးသွားခြင်းထက် ပိုဆိုးတဲ့ အဓိပ္ပါယ်
ပါးပြင်ပေါ်က အရေပြားတွန့်ခေါက်မှုအပေါ်မှာ
မြစ်တွေ စီးနေမလား
ပူလောင်မှုကို ခွေးပေါက်စလေးလို တယုတယ မွေးမြူနေမလား
ငါ့လက်ကို တင်းတင်းကိုင်ထား
ဒါဟာ ငါ့ရဲ့နောက်ဆုံးနွေးထွေးနိုင်မှု
ငါ စကားတွေ မပြောနိုင်တဲ့အခါ
ငါ့ စကားတွေကို မင်းကြားရမှာ
ငါ မင်းကို စိတ်မချတဲ့အကြောင်းကတော့
နွယ်ပင်လို ရှင်သန်နေဦးမှာ ။

- မင်းလုလင် -