Subscribe:

ပုံပြင်များနှင့် ကခုန်ခြင်း ( ၂ )



ခင်ဗျားတို့ ကျွန်တော်တို့အားလုံးဟာတချိန်တုန်းက ငယ်ငယ်လေးတွေ မဟုတ်ကြပါလားဗျာ ။း)
သိပ်ဟုတ်တာပေါ့ဗျာ ။ ကျွန်တော်တို့အားလုံးဟာ တစ်ချိန်တွေတုန်းက ငယ်ငယ်လေးတွေပါ ။
အရွယ်ငယ်ငယ် ဗဟုသုတငယ်ငယ် ဦးနှောက်ငယ်ငယ်နဲ့ အတွေးအခေါ်ခပ်ငယ်ငယ်လေးတွေကို ကျွန်တော်တို့
အပိုင်ရခဲ့ကြတယ် ။ ခြွင်းချက်တစ်ယောက်တစ်လေကလွဲရင် အများစုဟာ ကလေးဘ၀ ကလေးလိုသာတွေး
ကလေးလိုသာ သင်ယူခဲ့ကြရမှာပါပဲ ။ ကျွန်တော့ရဲ့ ပုံပြင်များနဲ့ကခုန်ခြင်း ( ၁ ) မှာ
ကုဋေရှစ်ဆယ်သူဌေးသားလေးအကြောင်းပြောခဲ့တယ် ။ စာရေးသူက ပညာမတတ်တဲ့အခါ ခံစားရနိုင်တာတွေကို
သင်ခန်းစာပေးခဲ့ပါတယ် ။ ကျွန်တော်က ကုဋေရှစ်ဆယ်သူဌေးသားကိုမကြည့်ပဲ စာရေးသူကိုကြည့်ပြီး
ကိုယ်ဖြစ်ချင်တာတစ်ခုထဲ ရှေ့တန်းတင်လွန်းတဲ့အခါ အခြားဖြစ်နိုင်ခြေရှုထောင့်တွေကို မေ့လျော့သွားတတ်ကြောင်း
သင်ခန်းစာရယူခဲ့ပါတယ် ။ ထားပါ ။ ဒါက အပိုင်းတစ်မှာ ပြီးခဲ့ပြီးသား ။ အခုက ဒုတိယတပုဒ် ။
ပုံပြင်များနဲ့ကခုန်ခြင်း ( ၂ ) ။ ဒီတစ်ခါလဲ ကျွန်တော်ပုံပြင်လေးတစ်ပုဒ်ကို ခွဲစိတ်ကြည့်မိတယ် ။ ပုံပြင်လေးက
ခင်ဗျားတို့ကြားဖူးပြီးသားဖြစ်နေမှာပါ ။ မှတ်မိဦးမယ်ထင်တယ် ။ ရွှေဥ ဥတဲ့ငန်းကို ဗိုက်ခွဲတဲ့ပုံပြင် ။ သိကြမယ်ထင်တယ် ။
ဒီပုံပြင်လေးကို ခွဲစိတ်ကြည့်မိတယ် ။
        ပုံပြင်လေးရဲ့ဆိုလိုရင်းကို ပြန်ပြောပြရမယ်ဆိုရင်တော့ဖြင့် . . . .
တစ်ခါတုန်းက ရွာကြီးတစ်ရွာမှာ လူတစ်ယောက်ဟာ ငန်းလေးတစ်ကောင်မွေးထားပါသတဲ့ ။ အဲ့ဒီငန်းလေးဟာ
အရွယ်ရောက်လာပြီး ဥ ဥပါသတဲ့ ။ ငန်းပဲ ဥ ဥတာဆန်းသလားဆိုတော့ ငန်းက ငန်းဥ ဥရင်တော့မဆန်းဘူးပေါ့ဗျာ ။
ဒါပေမဲ့ အဲ့ဒီငန်းလေးဥတဲ့ ဥဟာ ရွှေဥတွေဖြစ်ပါသတဲ့ ။ Narrator ဟာ ပုံပြင်လေးကို အဲ့ဒီလိုဖရိမ်ချလိုက်ပါတယ် ။
ပြီးတော့ အရှိန်တင်လိုက်တယ် ။ ငန်းလေးဟာ ရွှေဥတွေ ဥတာဆိုပေမဲ့ တနေ့ကိုမှ ရွှေဥ တစ်လုံးပဲ ဥပါသတဲ့ ။
အဲ့ဒီငန်းပိုင်ရှင်ကလဲ ရွှေဥ တနေ့တစ်လုံးရောင်းပြီး စားသောက်နေထိုင်သတဲ့ ။ ဒါပေမဲ့ သူ့စိတ်ထဲမှာ မရောင့်ရဲနိုင်
ဖြစ်လာပါသတဲ့ ။ တနေ့ကိုရွှေဥတစ်လုံးဥတဲ့ ငန်းဗိုက်ထဲမှာ ရွှေဥတွေအများကြီးရှိကောင်းရှိနိုင်မယ်လို့ သူထင်မိတယ် ။
ဒါကြောင့် ငန်းကို ဗိုက်ခွဲကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့ ။ ဒီလိုနဲ့ နေသာလေသာတဲ့တနေ့မှာ လက်ထပ်မည် ( အဲ့လေ )
နေသာလေသာတဲ့တနေ့မှာ ငန်းဗိုက်ကို သူခွဲကြည့်လိုက်ပါတယ် ။ အဲ့ဒီမှာ . . . . .
ရွှေဥနဲ့တူတာဆိုလို့ လေဥတောင် မတွေ့ပါဘူးတဲ့ကွယ် ။ ငန်းလဲ သေပါလေရော တဲ့ ။ Narrator က ပုံပြင်လေးကို
အဲ့လိုအဆုံးသတ်လိုက်ပါတယ် ။ ပြီးတော့မှ သူ Highlight လုပ်ပြချင်တဲ့ အရာကို သင်ခန်းစာအနေနဲ့ ချပြလိုက်ပါတယ် ။
တစ်နေ့ကို ရွှေဥတစ်လုံး ရတာကို မတင်းတိမ်နိုင်ပဲ လောဘကြီးတဲ့အတွက် ငန်းသေသွားခဲ့ရတယ် ။ နေ့စဉ်ရနေကျ
ရွှေဥတွေလဲ မရတော့ဘူး ။ ဒါကြောင့် အလိုကြီးရင် အရနည်းတတ်ပါတယ် မောင်ညီမလေးတို့ရေ . . .  ဆိုပြီး
ပုံပြင်လေးကို အဆုံးသတ်သွားခဲ့ပါတယ် ။ သူပေးတဲ့သင်ခန်းစာလေးဟာလဲ အင်မတန်ကောင်းမွန်ပြီး တင်ပြပုံလဲ
အလွန်လှပါတယ် ။ ဒါပေသိ . . . .
        ကျွန်တော်အဲ့ဒီပုံပြင်လေးကို ငယ်ဘ၀က ဖတ်ခဲ့ရတုန်းကတော့ သိပ်ပြီးတွေးမိတယ်မရှိပါဘူး ။ အခုအရွယ်ဖတ်မိတော့
ပုံပြင်ဆုံးသွားတာနဲ့ အတွေးဟာမဆုံးနိုင် အစရှည်နေခဲ့ပါတယ် ။ အဲ့ဒီအတွေးလေးက ပုံပြင်များနဲ့ ကခုန်ခြင်း ( ၂ )
ဖြစ်လာပါတော့တယ် ။ ကဲ . . . စကြမယ်ဗျို့ ။ စစချင်း မေးခွန်းလေးတစ်ချို့ပြန်မေးကြည့်ချင်ပါတယ် ။
  1.        ကျွန်တော်တို့လူသားတွေဟာ တင်းတိမ်ရောင့်ရဲခြင်းနဲ့ ကျေနပ်နိုင်တဲ့သတ္တ၀ါမျိုးတွေဖြစ်ပါသလား ။  ဒါမှမဟုတ်
  2.        အသစ်အသစ်တွေကိုဆာလောင်နေပြီး အမြဲတစေ ကြံစည်အားထုတ်နေတဲ့သတ္တ၀ါတွေဖြစ်ပါသလား ။
ဒုတိယမေးခွန်းရဲ့အဖြေဟာ ကျွန်တော်တို့ရဲ့လက်ရှိဘ၀ဖြစ်ပါလိမ့်မယ် ။ ကျွန်တော်တို့တွေဟာ အရာရာဆီမှာ
အားသွန်ခွန်စိုက် ဆာလောင်တတ်ခဲ့ကြတယ် ။ ပုံပြောသူရဲ့ အဆိုအရဆိုရင် လောဘကြီးတတ်ခဲ့ကြပါတယ် ။
အဲ့ဒီလောဘတရားကြောင့်ပဲ ကမ္ဘာဦးအစတုန်းက တုတ်ချောင်းလေးတစ်ချောင်းကို ကိုင်တွယ်ဖို့ ကိုင်တွယ်ခြင်းဆိုတာကို
ပင်ပန်းကြီးစွာအားထုတ်ခဲ့ရတဲ့ လက်တွေဟာ ဒီနေ့မှာ အာကာသသွား လွန်းပြန်ယာဉ်များကိုတောင်
တည်ဆောက်နေတတ်ခဲ့ပါပြီ ။ နေပူဒါဏ်ခံဖို့ အရေပြားသာရှိတဲ့ဘ၀ကနေ ဒီနေ့ခေတ် တန်ဖိုးကြီးအ၀တ်အထည်တွေအထိ
ထုတ်လုပ်ခဲ့နိုင်ပါပြီ ။ လိုအပ်ခြင်းဟာ တီထွင်ခြင်းရဲ့ မိခင်မဟုတ်ပါလားဗျာ ။ ဒါကြောင့် ပုံပြင်လေးဆီ ပြန်သွားရရင်
ငန်းပိုင်ရှင်ဟာ သူ့ဆီ တတောက်တောက်ကျနေတဲ့ရေစက်လေးတွေနဲ့ အာသာမပြေနိုင်လို့  ရေတံခွန်ကိုရှာမိခဲ့သူ
တစ်ယောက်အဖြစ်ကျွန်တော် မြင်မိတယ် ။ သူ့ရဲ့ လောဘဟာ သူ့ရဲ့လူသားဆန်မှုကို အကြွင်းမဲ့ဖော်ပြလိုက်ခြင်းပါပဲ ။
သူလဲ လူတွေထဲက လူတစ်ယောက်ပါပဲလေ ။ သူ့မှာ မျှော်လင့်ချက်တစ်ခု ပေါက်ဖွားခဲ့တယ် ။ ဘာလဲဆိုတော့
ငန်းဗိုက်ထဲမှာသာ ရွှေဥတွေအများကြီး ရှိနေခဲ့ရင် . . . . .
သူ တွေးခဲ့တယ် ။ သူတက်မက်ခဲ့တယ် ။ နောက်ဆုံး သူ ဆုံးဖြတ်ချက် ချခဲ့တယ် ။ အဲ့ဒီဆုံးဖြတ်ချက်ဟာလဲ
သူ့ကို ချီးကျုးချင်စရာကောင်းသွားစေတယ် ။ ငန်းဗိုက်ကိုခွဲရင် ငန်းသေသွားနိုင်တယ်ဆိုတာတော့ သူသိမှာပါ ။
ဒါပေမဲ့ . . .သူစွန့်စားခဲ့တယ် ။ Risk ယူခဲ့တယ် ။ ဆုံးရှုံးလာနိုင်ခြေတွေကို သူမေ့ပစ်ထားနိုင်ခဲ့တယ် ။
သူ့ရဲ့ ဆုံးဖြတ်ချက်ကို သူအကောင်အထည်ဖော်ခဲ့တယ် ။ ဒါဟာ သာမန်လူတစ်ယောက်မလုပ်နိုင်တဲ့ အရာပါပဲ ။
အကယ်၍များ သူမျှော်လင့်ထားခဲ့သလို ရွှေဥတွေရှိနေခဲ့ရင် သူ့ရဲ့ပြောင်းလဲသွားနိုင်မှုဟာ အများကြီးမြင့်သွားမှာပါပဲ ။
မိုးရွာတာကိုစောင့်ပြီး စပါးတွေရှင်လာတာကိုစောင့်နေမလား ။ ကိုယ်တိုင်ရေထလောင်းပြီး မြန်မြန်စပါးရိတ်နိုင်အောင်
လုပ်မလား ။ ထမင်းမြန်မြန်ဖြစ်ဖို့ဆိုရင်တော့ မိုးကိုမျှော်နေရုံနဲ့ မရပါဘူး ။ ရေလောင်းရပါမယ် ။
         အရာရာမှာ မျက်နာပြင်ဟာ သုံးဖက်ဆီရှိနေပါတယ် ။ ကောင်းတဲ့ဘက် ။ ဆိုးတဲ့ဘက် နဲ့ မူလဘက် ဆိုပြီးရှိနေတယ် ။
ကျွန်တော်တို့ဟာ မူလဘက်ကနေ စလိုက်တယ်ဆိုပါတော့ ။ ကောင်းတဲ့ဘက်ကိုရောက်သွားနိုင်တယ် ။
ဆိုးတဲ့ဘက်ကိုရောက်သွားနိုင်တယ် ။ မူလဘက်မှာလဲ ပြန်ရှိချင်ရှိနေနိုင်တယ် ။
  • ကောင်းတဲ့ဘက်ကို ရောက်သွားရင် အကျိုးရှိမယ်  ( မရှုံးဘူး )
  • မကောင်းတဲ့ဘက်ကိုရောက်သွားရင် နစ်နာမယ်   ( ရှုံးမယ် )
  • မူလဘက်မှာပြန်ရှိနေမယ်ဆိုရင် အရင်းပဲ     ( မရှုံးဘူး )
ဖြစ်စဉ်တိုင်းဟာ ဒီမျက်နှာပြင်သုံးခုကိုပဲ အခြေခံနေပါတယ် ။ ရှုံးမှာ တစ်ခု ။ မရှုံးမှာ နှစ်ခု ။
ရာခိုင်နှုန်းအရဆိုရင် ၆၆ / ၃၄ ။ ဒါကြောင့် ကျွန်တော်ဟာ ဒီပုံပြင်လေးကို ဖတ်ပြီးတဲ့အခါမှာ ပုံပြောသူပေးတဲ့
သင်ခန်းစာကို သိပ်အာရုံမကျတော့ပဲ ဒိပြင်သင်ခန်းစာတစ်ခုကို ပိုင်ပိုင်နိုင်နိုင်ကြီး ယူလိုက်မိပါတယ် ။ အဲ့ဒါကတော့
  • တစ်ခုခုကိုလိုချင်ရင် တစ်ခုခုကိုဆုံးရှုံးသွားနိုင်တယ် ။ ကိုယ့်ဘက်မှာ ခြောက်ဆယ့်ခြောက်ရာခိုင်နှုန်းရှိတယ် ။
  • ဖြစ်ချင်တဲ့ ဆုံးဖြတ်ချက်ကို ဖြစ်အောင်လုပ်ရမယ် ဆိုတဲ့အသိပါပဲ
   ပုံပြင်ထဲက ငန်းပိုင်ရှင်ကို အပြစ်ပြောချင်တာတစ်ခုတော့ ကျွန်တော့်မှာရှိပါတယ် ။ ဘာလဲဆိုတော့
သူဟာ Back Up Plan တစ်ခုခုကို ကြိုတင်မစီစဉ်ထားခဲ့ခြင်းပါပဲ ။ ဆိုကြပါစို့ . . .
ငန်းကိုဗိုက်ခွဲတော့မယ်ဆိုရင် မေ့ဆေးပေးဖို့ ၊ ရွှေဥတွေမရှိဘူးဆိုရင် အချိန်မှီပြန်ချုပ်ဖို့ သူဘာမှမပြင်ဆင်ထားခဲ့ဘူး ။
အဲ့ဒီတစ်ခုမှာလဲ သင်ခန်းစာနောက်တစ်ခု ထပ်ရလိုက်ပါတယ် ။
  • ဆုံးရှုံးနစ်နာနိုင်ခြေရှိတဲ့ ဆုံးဖြတ်ချက်တိုင်းမှာ Back Up Plan ရှိသင့်တယ် ဆိုတာပါပဲ
ဒါကြောင့် အဲ့ဒီပုံပြင်ထဲက ငန်းပိုင်ရှင်ဟာ ပုံပြောသူ စွပ်စွဲသလို လောဘကြီးလွန်းတဲ့သူတစ်ယောက်မဟုတ်ပါပဲ
ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရဲသူတစ်ယောက်သာဖြစ်ကြောင်း ကျွန်တော် ကောက်ချက်ချမိပါတော့တယ် ။
ကျွန်တော်သာဆိုရင် မေ့ဆေးပေးပြီးမှ ဗိုက်ခွဲကြည့်မှာဖြစ်တဲ့အကြောင်း ပြောရင်း ပုံပြင်များနှင့်ကခုန်ခြင်း ( ၂ ) ကို
အဆုံးသတ်လိုက်ပါတယ် ။

- မင်းလုလင် -

0 comments:

Post a Comment