Subscribe:

ရွှေရည်စိမ် ကျွန်



အချိန်တန်တော့လဲ အိမ်ပြန်ကြရမှာပေါ့
တနေ့ ပြီး တနေ့ ပြီး နောက်တစ်နေ့
အချိန်တန်လို့ အိမ်ပြန်သွားကြသူတွေ
အချိန်တန်လို့မှ ပြန်သွားစရာအိမ်မရှိသူတွေ
အကျည်းတန်ညနေခင်းတွေထဲ
နီယွန်မီးထဲ မျက်ရည်တွေ သွန်သွန်ချ ။

အာရှလား ဥရောပလား
ကျားလား နွားလား
သွားကြားလား  -ီး ကြားလားသိစရာမလို
ကျုပ်တို့ဟာ လွယ်လင့်တကူ ညပ်ခဲ့ကြ
ကိုယ့်အတောင်ပံကိုယ် ညှပ်ပစ်ခဲ့ကြ ။

ကမ္ဘာမှာ ငွေဝယ်ကျွန်စနစ် ပပျောက်ခဲ့ပြီ တဲ့
ဆောင်ပုဒ်တွေကို မစားရ၀ခမန်း ရွတ်နေတတ်တဲ့
ကျုပ်တို့က ..... ငွေပေးကျွန်
ကိုယ့်အိတ်ထဲကငွေ နဲ့ ကိုယ် ကျွန်လာခံကြ
( တချို့က )
သူများအိတ်ထဲကငွေနဲ့ ကျွန်လာခံကြ
ရယ်စရာကောင်းလိုက်တာလေ ။

ဟိုမှာ
ဝတ်ကောင်းစားလှတွေနဲ့ ကျွန်
ဟိုမှာ
ဘောလုံးပွဲ ကြိုက်တဲ့ ကျွန်
ဟိုမှာ
ဖုန်းအကောင်းစားနဲ့ ကျွန်
ဟိုမှာ
ရည်းစားထည်လဲတွဲတဲ့ ကျွန်
ဟိုမှာ
ဘီယာသောက်နေတဲ့ ကျွန်
ဟိုမှာ
အိမ်လွမ်းနေတဲ့ ကျွန်
ကျွန်တော်လား
သောက်ကြီးသောက်ကျယ် ကျွန် ။


" နှစ်ဆယ့်လေးနာရီ မီးမပြတ်ဘူး အမေ "
" ရေကလဲ ဘယ်ချိန်ဖွင့်ဖွင့် လာတယ် အမေ "
ရေမီးအစုံ နဲ့ ဘ၀ဟာ
ခွေးတောင်မလျက်တဲ့ ထန်းလျက်လို ထူပေတာပေခံခဲ့ရ
မာကျောခဲ့ရ  ပျော့ညံ့ခဲ့ရ
အားတင်းခဲ့ရ အားပြတ်ခဲ့ရ ။

ဖရီးကောလင်း ၊ စားသောက်ဆိုင်ကောလင်း
စက်ရုံကောလင်း ၊ ဘာညာသာရကာကောလင်း
( တချို့က )
ထောင်နံရံ မှီအိပ်နေတဲ့ သံဗုဒ္ဓေကောလင်း
အလန်းဆုံးဝတ်ပြီး မိသားစုကို လက်ပြနှုတ်ဆက်ခဲ့ကြ
အမှတ်တရ ဓါတ်ပုံပေါင်းများစွာ ချန်ထားခဲ့ကြ
ကိုယ့်ကိုကိုယ် ကျွန်ဇာတ်ထဲ ပျော်ပျော်ကြီး သွတ်သွင်းခဲ့ကြ ။

ဟန်ကိုယ့်ဖို့သာ ရှိစေတော့
ကျွန်မသားလေးက နိုင်ငံခြားမှာလေ တဲ့လား အမေ
ဂုဏ်ယူဝံ့ကြွားစွာ ကျွန်အမည်ကို တမ်းတ
ကျွန်တော် ရှက်ဖို့တောင် မေ့မေ့သွားပါရဲ့ ။

အချိန်တန်တော့လည်း အိမ်ပြန်ကြရမှာပေါ့
အချိန်တန်တော့လည်း အိမ်ပြန်ကြရမှာပေါ့
အချိန်တန်တော့လည်း အိမ်ပြန်ကြရမှာပေါ့
အဲ့ဒါ ဒို့တာဝန်အရေးသုံးပါးပဲ
ဂါထာလို ရွတ်ခဲ့ရ ။

ကျေကျေနပ်နပ် အထိုးခံခဲ့ကြတဲ့  ကျွန် တက်တူး
တချို့က လုပ်အား နဲ့ အောက်ကျနောက်ကျ ပွတ်သပ်ဖျက်ကြ
တချို့က မျက်ရည် နဲ့ ထိတ်လန့်တကြား ပွတ်သပ်ဖျက်ကြ
တချို့က စာရိတ္တ နဲ့ အလောတကြီး ပွတ်သပ်ဖျက်ကြ
သံဗုဒ္ဓေ မှ နပ်မှန်အောင် မရွတ်နိုင်ခဲ့ကြ
ကျုပ်တို့လေ
သေရမှာတောင် မေ့နေကြသလိုလို ။


တနေ့ ပြီး တနေ့ ပြီး နောက်တနေ့ နဲ့ နောက်တနေ့
မိုးမျှော်တိုက်တွေကြားထဲ
နစ်ဝင်သွားတဲ့ စိတ်ဓါတ် နဲ့
သူစိမ်းတစ်ယောက်လို နေသားကျခဲ့ရ ။

နောင်ကြီးတို့ရေ . . . ရွှေတဲ့လား ။
အောက် တန်း စား ရွှေ
ကိုယ့်တိုင်းပြည်မှာ ကိုယ် မနေရခြင်းဟာလဲ
အောက်တန်းကျလွန်းတဲ့ ၀ဋ်နာကံနာ
ကိုယ့်ကိုကိုယ် ပြန်တိုက်ထားတဲ့ ကျိမ်စာ ။

ဟုတ်တယ်
ကျုပ်က
သောက်ကြီးသောက်ကျယ် ကျွန် ။


- မင်းလုလင် -


( စိတ်ထဲ ရှိနေတာလေး ထုတ်ရေးလိုက်ရုံသာ ။ ဘာဆို ဘာမှ မပါ )

0 comments:

Post a Comment