Subscribe:

အနာဂတ်သို့ ခရီးထွက်ခြင်း

အေဒီ 2800...

ရုပ်ဖျက်ဝင်ရောက်လာတဲ့ အရွယ်လွန် ကန့်သတ်မဲ့ အိပ်မက်တွေနဲ့

ကွဲပြားခြားနားနေတဲ့ အရောင်စုံအမြင်သီအိုရီ

ခလုတ်နှိပ်လိုက်ရုံနဲ့ ဖြစ်တည်လာတဲ့ မျိုးရိုးဗီဇကောက်ကြောင်း

သံသရာဆိုတာ ကြားဖူးနားဝ ရှိရုံမှတပါး

အ၇င်းအနှီးတွေနဲ့ ဇာစ်မြစ်မဲ့လူတန်းစား

အရိပ်တွေရွေ့တယ်.

အလင်းတွေရွေ့တယ်..

"နေ" သေ "လ " သေ ကမ္ဘာသစ်ထဲ

အတိတ်မရှိ အနာဂတ်မရှိ တခုထဲသော ပစ္စုပ္ပန်ပေါ်က

" လူယောင်ဆောင်သော လူ "

ခပ်အေးအေး သွေးတွေစီးတယ်...။

ယဉ်ကျေးမှုမရှိ....လူကြီးလူငယ်ပြဿနာမရှိ...ရာဇ၀တ်မှုမရှိ

ဂီတမရှိ...ကဗျာမရှိ....အသားအရောင် ကွဲပြား/ ခွဲခြားမှုမရှိ

ပြိုင်ပွဲမရှိ....အိပ်မက်မရှိ....အစိမ်းရောင်မရှိ

သဘာဝမျဉ်းကွေးတွေနဲ့ လျှပ်စစ်ရိုး၇ာ...နေ့မဲ့ ညမဲ့ ၀ိဥာည်မဲ့

ယန္တရားဆန်ဆန် ဖော်မြူလာ အပြုံး

ပုံစံခွက်ထဲက ခုန်ပေါက်ဆွဲသုံး

နူကလီးယားစွမ်းအင်သုံးချစ်သူမ

ခလုတ်နှိပ်လိုက်တိုင်း ပြုံးပြုံးပြတယ်

ဒိုင်မေးရှင်းလွန်ပြဇာတ် ..စက်ရုပ်တသိုက်နဲ့ညီညာဖျဖျ

လက်ခုပ်သံအတုတွေနဲ့ စည်စည်ကားကား လှတယ်...။

ဝေးခြင်း နီးခြင်း ကင်းမဲ့ခြင်း မရှိ

လက်ဖျောက်တချက်အတီးမှာတင် သံသရာကြီးအသစ်ဖြစ်တယ်

မွေးဖွားခြင်း သေဆုံးခြင်း မကွဲမပြား

ဇီဝကမ္မ ဖြစ်စဉ်ဆိုတာ အိပ်ယာဝင် တစ်ထောင့်တစ်ည ပုံပြင်.......။

အေဒီ 2000 သမိုင်းကြောင်းပြောတိုင်း

အနံ့ပါတဲ့ ကြက်သွန်တွေကို လွမ်းတယ်.............။။....။။

ပန်းဝေတံခါးပိတ်

အလွမ်းတွေရှိထားကြောင်း
'ပန်းဝေ' သိလားမေးချင်တယ်..
လမ်းတွေ့ရင်ခေါ်ခွင့်မပိုင်ပါဘူး
ကျွမ်းမြေ့ချင်မျှော်လင့်နိုင်မှာလားရယ်လို့
ခိုးဝှက်ကာ အကြည့်ပုန်းတွေနဲ့
တိုးရှက်ရာ မချိဆုံးပါပဲ
ငြိထုံးလာ အလွမ်းတွေဝေတော့
'ပန်းဝေ' သိမယ်.....။
ကိုယ့်မျက်ရည် ကိုယ်မတွေ့ရှာပါဘူးတဲ့
ညှို့ချက်တွေ အငိုဝှေ့ပါရင်း
ကမ္ဘာချဉ်းအောင် ပန်တော်ပွင့်မဲ့
သခင့်အတွက် ပန်းတွေရယ်
နွမ်းလေတယ် ကျွန်တော် မျက်ဖြေရူး
သြော်...တို့ဘ၀က
တမ်းမပြေတယ်နော် မျက်ရည်ဦး....။
နှောင်တွယ်ကာ ခက်တာပဲ ပန်းရယ်လို့
ရှောင်ဖယ်ကာ မျက်နှာလွှဲစမ်းချင်တာပေါ့
ကျောင်းခန်းဆီ ခြေလှမ်းတွေ အရောက်ယူဆဲမှာပင်
တစ်ယောက်သူနောက်လူ တွေ့နေနှင့်ပြီမို့
ရင်နှင့်စွာ ကျွန်တော် ချစ်ပေမဲ့
မြင်ခွင့်မှာ အဖော်အသစ်တွေနဲ့
" ပန်းဝေ" ရယ်
(တို့လေ...)
မခေါ်ဖြစ်ပါဘူး......။
......................................................(တာရာမင်းဝေ)

ဆရာတာရာမင်းဝေရဲ့ ကဗျာများစွာထဲမှ ကျွန်တော် အကြိုက်ဆုံးတွေထဲက တပုဒ်ပါ

တနင်္ဂနွေယောင်ဆောင်တဲ့ တနင်္ဂနွေ

တနင်္ဂနွေဟာ
ရောမခေတ် ကျွန်ပိုင်ရှင်တံဆိပ် သံပူတုံးကို ကိုင်လာတယ်
အဲဒီသံပူတံဆိပ်ထဲမှာ တနင်္ဂနွေယောင်ဆောင်တဲ့ တနင်္ဂနွေ တချပ်ရှိတယ်

တနင်္ဂနွေဟာ
ဝတ်ကောင်းစားလှတွေရှိတယ်
တခါတလေ လူကြီးလူကောင်းဆန်ဆန် သူ့ကိုသူ ၀တ်ဆင်တယ်

တနင်္ဂနွေဟာ
ထီးကိုင်ရမှာလက်ညောင်းတတ်သူဖြစ်တယ်

တနင်္ဂနွေဟာ နွမ်းရိနေတဲ့ အရေပြားအရှည်ကြီးနဲ့
တခါတခါ ဟောင်းနေတဲ့ကောင်းကင်အတွက် ခေါင်းကုတ်နေတတ်သေးတယ်

တနင်္ဂနွေဟာ
သူ့တကိုယ်စာ အလင်းအတွက် ညနဲ့ စစ်ခင်းတတ်သေးတယ်

တနင်္ဂနွေဟာ
အဆက်မပြတ်တဲ့လောကဓံကို ခဏလေး ဇစ်ဆွဲပိတ်တယ်

တနင်္ဂနွေဟာ
ကြောက်တတ်တဲ့ ကြောင်လေးတကောင်လို ခွေခေါက်နေတယ်
ကြောက်စရာကောင်းတဲ့ ကျားသစ်တကောင်လိုလဲ ဟိန်းဟောက်နေတယ်

တနင်္ဂနွေဟာ
ကိန်းဂဏန်းတွေနဲ့ ကင်းလွတ်ရာ နယ်မြေလဲ ဖြစ်တယ်
တနင်္ဂနွေဟာ ပြိုင်ဆိုင်မှုတချို့တလေရဲ့ ရင်ခုန်သံလဲဖြစ်တယ်

တနင်္ဂနွေဟာ
ညနေခင်းတွေနဲ့လှပနေတဲ့ သနပ်ခါးရနံ့တွေရဲ့ စုရပ်ဖြစ်တယ်
တခါတလေ ရေဆိုးမြောင်းထဲက မြုပ်လှည့်ပေါ်လှည့် နို့ဆီခွက်ဖြစ်တယ်

ဒါပေမဲ့ တနင်္ဂနွေဟာလေ
သူ့ကိုယ်သူ တနင်္ဂနွေဖြစ်မှန်း မသိရှာဘူး

............................................................အုပ်စိုးကြီး + မင်းလုလင်

ဖယောင်းတိုင်

ကိုယ်တိုင်ရှူသွင်းလိုက်တဲ့လေက
ကိုယ့်ကိုကိုယ် ကျွမ်းလောင်သွားစေတယ်
အသွေးအသားတွေ မခမ်းသရွေ့
ငါ့အ၀ိဇ္ဇာနဲ့ငါ
မသေမချင်း လင်းတယ်...။

ဂီတနှင့်လူ

ခွင့်လွတ်ပါတယ် သမီးရယ်
စောင်းကြိုးဖြတ်ခဲ့ရုံနဲ့
ဂီတဆိုတာ အသက်မဲ့မသွားပါဘူး


ဟုတ်တယ်အဖေ
အဲ့ဒီ့ညတုန်းက
မြစ်ငိုသံတောင် ဂီတအပါးမှာ
ပျော်လို့မြူးလို့
ဝတ်လစ်စလစ်တွေများတယ်အဖေ


ထားလိုက်ပါသမီးရယ်
ငိုသံတွေကို မထူမပါးယှက်ချည်ပြီးရင်
ဝတ်လစ်စလစ် ဂီတ ကို အုပ်မိုးပေးကြတာပေါ့

ဒါတော့ဒါပေါ့
အမှတ်မရှိတဲ့သံစဉ်တွေကျတော့
ဘယ်လိုပုဒ်ကျိုးပုဒ်မနဲ့
ဒဏ်နာနာခတ်မလဲအဖေ

သံစဉ်တွေကို အပြစ်ပေးဖို့
ရက်စက်လွန်းပါတယ် သမီးရယ်
ခပ်တိုးတိုးလေးပဲ ငိုလိုက်ပါ


ဖြစ်ပါ့မလား
သူ့နည်းသူ့ဟန်နဲ့တောင်သိပ်ဟန်ပုံမရတာ
မလိုတာတွေဖြုတ်တပ်
ပိုနေတာတွေကျမှ
ဒုက္ခတန်းလန်းနဲ့ သမီးမှာ
ငိုချင်ယောင်ဆောင်ရင်း ပိုပိုညစ်လာတယ်အဖေ

အရောင်ဆိုးရွားတဲ့ ဒုက္ခဆိုတာ
မျက်ရည်မကျတတ်ဘူးသမီး
လူပီသဖို့အတွက် ဒုက္ခကိုမျက်ရည်တိုက်လိုက်စမ်းပါ


မရတော့ဘူးအအဖေ
ခြေရာလက်ရာပျက်လွန်းနေပြီ
သူ့ဘက်ကိုယ့်ဘက်တောင်
လှလှပပစည်းမခြားတတ်မှတော့
မထူးပါဘူး
စိတ်လိုလက်ရ ၀င်ရူးနှမ်းဦးမှပါ

ကောင်းတယ် သမီး
မထိတထိ ကြည့်နေကျတဲ့ စည်းတွေမှာ
သမီးဘက်သမီး ပြန်ပြန်မကျော်မိစေနဲ့
ခေတ်ရဲ့ အလင်းအတိုင်း သမီး ပြုံးပြုံးလေး မှောင်ထားလိုက်ပါ

ဟုတ်အဖေ
တစ်ချီတစ်ချီတော့ကိုယ့်ဘက်ကစကျူး
မှ ငြိမ်ငြိမ်ကျသွားတဲ့ ဂီတာပေါက်စလေးကို
ည.....................ကျရင်
နဲနဲတော့...........

ပူဇော်လိုက်ပါသမီး
အဲ့ဒီ့ဂီတပေါက်စလေးကိုသမီးရဲ့မျက်ရည်တွေနဲ့
ပူဇော်လိုက်စမ်းပါ
အဲ့ဒီ့ဂစ်တာလေးထဲမှာ သမီးရဲ့အနာဂါတ်တွေ
မပုပ်သိုးစေချင်ဘူးကွယ်
သမီးရဲ့မျက်ရည်နဲ့
ဂီတစစ်စစ်
ဒီည.............အဖေကြားချင်တယ်သမီးငယ်

ဂီတာသပ်သပ်နဲ့တော့
အငိုတိတ်ပုံမပေါ်ဘူး..အဖေ
သူတို့စရိုက်ကိုက
လေနှင်ရာလွင့်ချင်နေတာကိုး......။

.........................................................................မင်းလုလင် + အကယ်ဒမီ

လူရွှင်တော်....(2)

သွေးနဲ့သားနဲ့ ဟာသနဲ့ဆောက်တဲ့တံတိုင်း
မကြာခဏပြိုကြတိုင်း ပြုံးတယ်....
အစာမရှိတဲ့ အစာအိမ်နဲ့ ဖိနပ်မပါတဲ့ ခြေထောက်
စင်ပေါ်ရောက်တိုင်း ဟာသမြောက်တယ်
ဆီကခမ်းနေပေမဲ့
အရှိန်ကောင်းကောင်းနဲ့ မီးတောက်
စင်ပေါ်ရောက်တိုင်း
ဟာသမြောက်မြောက်
ထထတောက်တယ်.......။

ကြယ်မလေးအတွက်အလင်းဖတ်စာ

ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ

ကြယ်ကလေးတစ်စင်းကို ချစ်မိတဲ့အခါ

ကျွန်တော်ဟာ . . . . သူ့အနားက

အိမ်နီးချင်းကြယ်တစ်စင်းဖြစ်သွား

ကျွန်တော့်စိတ် . . . .

မှိတ်တုပ်မှိတ်တုပ်ဖြစ်ရတယ် ကြယ်လေးတွေလို ။



ကျွန်တော့်ရင်ခုန်သံဟာ ကြယ်မလေးဆီ ရိုးမြေကျ

ကျွန်တော် မရိုးမရွဖြစ်ရတယ်

ကြယ်မလေးကိုချစ်မိသွားကတည်းက

ကျွန်တော်ဆံပင်နီမဆိုးချင်တော့ဘူး

ဘာမှလည်းမဆိုင်ပါပဲနဲ့

ကျွန်တော် တီရှပ်မ၀တ်ချင်တော့ဘူး

ဘာမှလည်းမဆိုင်ပါပဲနဲ့

ကြယ်မလေးရယ် . . . . ကျွန်တော်က တကယ်ကိုချစ်မိသွားတာ

ဘာမှလည်းမဆိုင်ပါပဲနဲ့ကွယ် . . . . နော်။


ကြယ်မလေး . . . .

ဘယ်ကိုများငေးနေလဲ

ကျွန်တော့်ကိုပဲကြည့် ၊ ကျွန်တော့်အကြောင်းပဲ . . . .

သိ ပါ ကွယ် ။



လွမ်းတိုင်း . . . ကောင်းကင်ပေါ်မော့ မော့ကြည့်ရုံနဲ့

မကျေနပ်နိုင်တော့တဲ့အခါ . . . .

ကျွန်တော်ဟာ ကြယ်ပွင့်လေးတွေကို

ကျွန်တော်ပိုင် လယ်ယာစိုက်ခင်းအဖြစ်စိုက်ပျိုးချင်လာတယ်

`သူမ´က ကြယ်စိုက်ခင်းလေးပေါ့

ကျွန်တော်က ကြယ်ယာစိုက်ပျိုးရေးသမားပေါ့

ကြယ်ပျိုးသူပေါ့ . . . . အဲဒီလိုလေး . . . .

ဖြစ် ချင် တယ် ။



သူ့မျက်လုံးလေးတွေကိုရှေ့ထားပြီး

ကျွန်တော်ကြည့်ချင်တယ်

သူ့အသံစူးစူးလေးကို ရှေ့ထားပြီး

ကျွန်တော်သီချင်းဆိုပြချင်တယ်

သူ့နှုတ်ခမ်းလေးကိုရှေ့ထားပြီး . . . . .

အင်း . . . ကြယ်လေးရေ . . .

နှုတ်ခမ်းလေးကိုရှေ့ထားပြီး ကျွန်တော်ဘာလုပ်ရင်ကောင်းမလဲ

. . . . . . . မလန့်ပါနဲ့ ကြယ်မလေးရယ်

ချစ်လို့စတာပါကွယ် ။



သမာရိုးကျမဟုတ်ဘဲ

ကြယ်လေးတစ်ပွင့်ကိုချစ်မိတဲ့အခါ

ကျွန်တော် . . . ကြယ်ကြည့်သူတစ်ဦးဖြစ်သွား

ကြယ်ကလေးကြွေကျလာဖို့ ဆုတောင်းမိတယ်

ကျွန်တော့်နံဘေးနားကို . . .



ကျွန်တော်လေ . . .

`ဟိုတစ်နေ့တုန်းက´ ကိုပြန်ရောက်သွားတော့

ပွဲတော်ကို မျက်ဝါးထင်ထင်ပြန်မြင်တယ်

ကြယ်မလေးရေ . . . ကြယ်မလေးရေ . . .



ကျွန်တော်ဟာ ကြယ်မလေးယက်လုပ်တဲ့ အ၀တ်လေးတစ်ထည်ဖြစ်ချင်တယ်

ကျွန်တော့်ကို သူဝတ်ဆင်တဲ့အခါ

ကျွန်တော် နွေးနွေးထွေးထွေးဖြစ်သွားချင်တယ်

ကျွန်တော်ဟာသူ့ရဲ့ မီးလင်းဖိုလေး

သူဟာကျွန်တော့်ရဲ့ဆောင်းတွင်းလေး . . .

အဲဒီလိုလည်း ဖြစ်ချင်တယ် ။



တကယ်တော့ `သူမ´ဟာ

လှလှပပ ကြယ်နတ်သမီးလေးတစ်ပါးမဟုတ်ပါဘူး

ပြောင်စပ်စပ်နိုင်တဲ့ ကြယ်ရူးမလေးတစ်ဦးဖြစ်တယ်

ပြောရင်းနဲ့ကို . . . ချစ် ချစ်လာမိတာ

ကြယ်မလေးရေ . . . ကျွန်တော့်ဆီကြွေပါ ။



ကြယ်မလေးအတွက် အလင်းတွေသွန်းထားတဲ့ဖတ်စာ

ဒီကဗျာရေးပြီးတော့ ကြယ်မလေးကို ပေးမဖတ်ဝံ့ပြန်ဘူး

ရှက်တာပေါ့ကွယ် . . . . ကြယ်စင်မလေးရယ်

ကျွန်တော်က ချစ်မိသွားတဲ့အခါ . . . .

သူရဿဝါ
===============================================
===============================================

ဒီကဗျာလေးကိုဖတ်ပြီးကြိုက်လွန်းလို့ ကိုသူရဿဝါဆီမှာ ခွင့်တောင်းပြီးတင်ထားတာပါ

ကိုသူရဿဝါက ဒီကဗျာလေးကို ရေးဖြစ်ပုံလေးကိုလဲ ပြောပြခဲ့ပါတယ် အမှတ်တရအနေနဲ့ သူနဲ့ပြောဖြစ်ခဲ့တဲ့ ကြယ်မလေးရဲ့ အစကိုလဲတင်ပေးလိုက်ပါတယ်..ကျေးဇူးပါ ကိုသူရဿဝါ

""အဲဒီကဗျာမရေးခင် ရှေ့ကဗျာတွေတုန်းက ကျွန်တော် ဒဿနကဗျာတွေ ၊ ဘဝကဗျာတွေလျှောက်ရေးနေတာ
နည်းနည်းငြီးငွေ့လာတော့ အချစ်ကဗျာလေးတစ်ပုဒ်လောက်ရေးမယ်ဆိုပြီး
အဲဒါလေးရေးဖြစ်တာ
အဲဒီလိုပုံစံမျိုးက ကျွန်တော်ကဗျာတွေစရေးတုန်းကပုံစံမျိုးလေးပေါ့
စကားလုံးအားကောင်းကောင်းနဲ့
အဲဒါလေးကို အလွမ်းပြေပြန်ရေးတာပါ
း))
ကြယ်မလေးဆိုတာက စကားလုံး အဆန်းဖြစ်အောင် သုံးထားတာပါ ""

ကြွေခဲ့တဲ့....မကြွေသေးတဲ့.....ပန်းမဟုတ်သောပန်း

သူကပြောတယ်

အချစ်ဆိုတာ ကိုးကွယ်ရာတဲ့

ဒီလိုနဲ့ပဲ သူဟာ အချစ်ရဲ့ကျေးကျွန်ဖြစ်လာတယ်

သူ့ကို လူတွေက တခမ်းတနား ကျိမ်ဆဲကြတယ်

သူလဲ လေတိုက်ခံပြီး လူတလုံးသူတလုံးဖြစ်လာတယ်

တချို့လူတွေက သူ့အကြောင်းပြောရင်းနဲ့

သူ့ကို မေ့လျော့သွားကြတယ်

သူဆိုတာကို သူမှန်းမသိတော့တဲ့အထိ

သူ့ကို ချစ်ခဲ့ကြတယ်

သူ့အမှတ်တရတွေ ရေးဖွဲ့တယ်

သူ့အကြောင်းဇာတ်ထုပ်တွေမှာ သူကမင်းသားပဲ

(ဒါပေမဲ့)...

ဗီလိန်ဆန်ဆန် ဇာတ်ရုပ်အကြောင်းပြောတိုင်း

သူ့ကို မထိတထိ သတိရကြတယ်

သူ့ကိုပုံကြီးချဲ့ကြတယ်

သူ့ကို ခိုးကူးကြတယ်

သူကတော့တိတ်တိတ်နေတယ်

စကားတခွန်းပဲ ထပ်တလဲလဲပြောတယ်

""စာရွက်ပေါ်မှာဘောပင်နဲ့ရေးမှ ကဗျာမဟုတ်ဘူး

မြေကြီးပေါ်မှာ တုတ်နဲ့ရေးလဲ ကဗျာပဲ "" ....

သူထပ်တလဲလဲ ပြောတယ်

ထပ်တလဲလဲပြောတယ်

ထပ်.....တ......လဲ......လဲ ...ပြောတယ်

ပြောရင်းနဲ့ သူလဲကျသွားတယ်

သူ့ဘေးမှာ ကဗျာရေးတဲ့ တုတ်ချောင်းလေးနဲ့

သူ့ဘေးမှာ သူရေးထားတဲ့ ကဗျာလေးနဲ့
.......................................................................
...........................................................................
.......................................................................။။။။
=============================================

ကျွန်တော့လက်ပေါ်မှာတင် ဆုံးပါးသွားတဲ့ ကျွန်တော့်သူငယ်ချင်းကဗျာဆရာလေး တနှစ်ပြည့်အမှတ်တရလေးပါ

ညစုန်း

ညစုတ်ညပဲ့
"လ" တစ်ကောင် "ကြယ်" တစ်မြီးမှမလင်း
ပုပ်အက်အက်လေပြည်ရနံ့သင်းတယ်....။

အတ္တုပ္ပတ္တိ

ကိုယ့်ကိုကိုယ် ပြန်ပြန်ခိုးကြည့်ရတာ

စိတ်တွေတောင် ညောင်းတယ်

အတ္တသို့ ခရီးတခေါက်.....

ဘယ်သူမှမပါလဲ ငါ့ရထားက ဘူတာကိုဝင်မှာပါ

လောင်စာဖြစ်သွားတဲ့ ပြက္ခဒိန်အတွက်

မီးတောက်လေးက ငိုနေမယ်ထင်သလား

ဒါနဲ့ပဲ မျက်လုံးတွေက ထူထူထဲထဲ ကျလာတယ်

သူများလျှာပေါ်လဲ လျှောက်တတ်ခဲ့ပြီးပြီ

အဆိပ်ယောင်ဆောင်တဲ့ အဆိပ်တွေလဲ သောက်တတ်ခဲ့ပြီ

ဖိနပ်မစီးတတ်ရုံနဲ့ ဘ၀ပျက်သွားတဲ့ အန္ဓတယောက်

ထပ်တလဲလဲ သေတယ်..

အလင်းမရှိတဲ့ မီးအိမ်ကို ကိုင်မိရုံပါ

လမ်းမပြနိုင်တဲ့ သံလိုက်အိမ်မြောင်တခုရဲ့ မျက်ရည်ဆိုတာ

စိတ်ပျက်လက်ပျက် လွမ်းမိတဲ့ မိုးရာသီပဲ

အဖော်မပါပေမဲ့ တယောက်ဆိုတယောက်ပဲ ဒုက္ခရေ

သူရဲကောင်းဆိုတာ ရန်သူဘက်ကကြည့်ရင်

အကြီးဆုံး ရန်သူပဲ...

ငါ့ဝဋ်နာနဲ့ငါ ခပ်တိုးတိုးမိုက်ပါရစေ...

ဖြတ်လျှောက်မိတဲ့ ခရီးက နွံအိုင်ဖြစ်နေတော့လဲ

ငါ့ခြေထောက်မှာ ရွံ့ပေတာ မဆန်းခဲ့ဘူးပေါ့......။။။။

သူမ စုတ်ဖြဲသွားတဲ့ တနင်္ဂနွေတခြမ်း

ရူးရူးမိုက်မိုက်ပါပဲ…
တနင်္ဂနွေတွေဆီကို ပြေးလာလိုက်ရတာ
တစ်နေ့က သောကြာနေ့လေးအထိ
ငါ ပြုံးနေတတ်ခဲ့တယ် ၊၊ ၊၊

ပြန်မလာနိုင်တော့ဘူးတဲ့…
အခုတော့ ပင်လယ်မဖြစ်လိုက်ရတဲ့ လှိုင်းလေးကို
ပွေ့ပိုက်သိမ်းဆည်းခဲ့ရ…
သင်းကွဲတယ်ဆိုတာ..
ပလက်ဖောင်းလေး နံဘေးက
ခြောက်ကပ်စွာတိုးတိတ်သွားတဲ့ သီချင်း
တယောသံလေးလည်း ငိုနေခဲ့ပြီ ၊၊

သင်္ကေတလေး ကွဲရှသွားတဲ့ညနေမှာပေါ့
ဘာမှ မရလိုက်ပေမယ့်
ငါ အားလုံးကို ထားခဲ့လိုက်ရတယ် ၊၊

ငါ မငိုခဲ့ပါဘူး . . .
စိုမှာစိုးလို့ တိတ်ပစ်လိုက်ရတဲ့ မိုးတွေလို
ငါ မငိုခဲ့ပါဘူး ကွယ်

ဒီ အငေးလေးတွေ တဖြည်းဖြည်းဝေးတော့မယ် ၊၊

ဘယ်လိုမှ ဖြေလို့မရခဲ့ဘူး .. ၊၊
နောင်လာမယ့် တနင်္ဂနွေတွေဆို
သူမကို ပြန်မရတော့ဘူး
ဘယ်လိုမှ ဖြေလို့မရခဲ့ဘူး ...၊၊
မနက်ဖြန်တွေကို စိုက်ပျိုးပေးနိုင်မလား တဲ့ ...
........................................
ဘယ်လိုမှ ဖြေလို့ မရခဲ့ပါဘူး ...
မေးခွန်းတိုးတိုးလေးတွေရယ် ၊၊

သူမ မျက်နှာအလွှဲမှာ

တနင်္ဂနွေလေး ပြတ်ရှသွား……

ကြယ်တွေကိုယ်စား ကြွေသွားခဲ့ရတယ်

နောင်လာမယ့် တနင်္ဂနွေတွေဆို

သူမ ပြန်မလာတော့ဘူး ၊၊


................................................ဇာတိ...................


ကိုဇာတိရဲ့ ကဗျာလေးပါ ..ကျွန်တော့ရဲ့ အဖြစ်အပျက်တချို့နဲ့ တိုက်ဆိုင်နေလွန်းလို့ပါ