Subscribe:

ရာမ

ဗိုလ်လုပ်ချင်တဲ့သူက
လက်ညိုးလေးကွေးတတ်ရုံပဲလား ။
ကိုယ့်မှာ
အိပ်မက်တွေ ကွေးညွှတ်တာတောင်
မိသားစုမှာ အရံကစားသမား ။
လေးတော်တင်ခန်းထဲဝင်ခွင့်မရတဲ့
လူကြမ်းမင်းသား
စတီးဇွန်းပါးပါးပေါ်က အပူငွေ့တွေထဲ
ဘဝတွေပြုတ်ကျသွားတာ မြင်ရတယ် ။ 

- မင်းလုလင် -

စကားစမြည် စိုက်ခင်း


မနက်က ကျန်တဲ့ ၀တ္တရားတွေ ရေခဲသေတ္တာထဲထည့်ဗျာ ဘ၀ဆိုတာ မကြာခဏ
ထုတ်ပိုးသိမ်းဆည်းနေရတာပဲမဟုတ်လား စကားမစပ် ခင်ဗျားအမာရွတ်တွေ
အတော်ပျောက်ကုန်ရောပေါ့ ခေတ်ကြီးက တွန်းတွန်းတိုက်တိုက် ကစားသဗျ
အားရလိုက်တာ ကျုပ်လက်နှစ်ဖက်စလုံး လွတ်လပ်လို့ တနေ့လည်ခင်းလုံး
ပူလိုက်တဲ့နေ ကျုပ်မှာလောကဓံကိုတောင်မေ့ပစ်ရ အရေခွံကိုတောင် မေ့ပစ်ရ
ခင်ဗျား မြင်လား ဟိုမှာ ဟိုမှာ အရေခွံလဲတဲ့မြွေကလဲဗျာ ဦးနှောက်က ငါးမူးသားကိုမရှိ
ဘူး ကွယ်ရာသွားပါ့လား ဘူးတစ်လုံးဆောင်ထားပါလား ကြေငြာကကောင်းတုန်း
ဒီဇာတ်လမ်းအတိုအစတွေက ၀င်ဝင်ရှုပ်နေတယ် ဘယ်နေ့သေမလဲမသိတဲ့ လူဘ၀ထဲ
အခန်းဆက်ဇာတ်လမ်းတွေက ရွဲ့နေသလိုပါပဲ လိုချင်ပြီဆိုရှာမရပြန်ဘူး ဒီ မေတ္တာတရား
ခင်ဗျား တွေ့မိသေးလား နေ့ပူညချမ်းကြီးပါဗျာ ဒါနဲ့ ခင်ဗျား အိပ်မက်နဲ့အဆက်အသွယ်ရသေးလား
ဆောင့်ဆောင့်တိုးနေတဲ့လေကလဲ ကြမ်းပါ့ ဒီဘက်ကို နည်းနည်းတိုးဗျ စကားကျယ်ကျယ်ပြောလဲ
ငရဲမကြီးပါဘူး နေရထိုင်ရတာ တစ်ခုခုလိုနေသလိုလို ခုလိုအပ်နေတာကဘာလဲ မေးခွန်းတော့
မဟုတ်လောက်ပါဘူး ခင်ဗျားဖြေချင်ဖြေ မဖြေချင်လဲ နေ စာမေးပွဲတစ်ခုထဲ
အရွယ်မကြီးသေးတဲ့ကလေးတွေကို စိတ်ဓါတ်အကျဉ်းချသလို မဖြေမနေရ မှ မဟုတ်တာပဲ
ခင်ဗျား မဖြေလဲ ခင်ဗျား နေလို့ရပါတယ် ရောဂါပဲ သိတဲ့အခါကျတော့လဲ ဆေးဖိုးကြီးနေပြန်သတဲ့
ခင်ဗျားတို့ လူ့ဘ၀ကြီးကလဲဗျာ နှစ်ဆယ့်လေးနာရီတိတိ သွေးသိပ်ပူတာပဲ ငိုရ ရယ်ရ
မနက်ဖြန်ကျရင်တော့ စောစောလာဗျ ရာသီဥတုကနည်းနည်းပြောင်းနေတယ် ကျုပ်ကလဲ
အရေခွံပါးတယ် နာရီက တအားလည်သကိုး တရိပ်ရိပ် ညရေးညတာဆိုတော့လဲ မှောင်ထဲမည်းထဲ
မိုးရွာမယ်ထင်တယ် ထင်ချင်တာတွေ လျှောက်ထင်နေရပြန်တော့လဲ ပျော်စရာပဲ
ကျန်းမာရေးဂရုစိုက်ဗျာ အချိန်တန်ရင်တော့ သေသွားကြရမှာပါ ကဲ . . . နောက်မှဆုံမယ်ဗျာ
ဆုံချင်မှလဲ ဆုံမယ် ဂွတ်နိုက်ဗျာ ကိုယ့်လူ ကျုပ်အိပ်ပြီ ။

- မင်းလုလင် -

သားတို့ ရွှံ့နဲ့ပစ်တမ်း မကစားတော့ပါဘူး မေမေ

အမှားမှာ အမှန်ကိုရှာတော့ အမှာစာအမှားတွေ မှားပို့မိမှာစိုးတဲ့ အမှာကို နံရံကပ်
စာစောင်တွေပေါ်မှာ လက်ဗွေရာမကင်းတဲ့ရုပ်သေးခြေထောက်တွေ ဘယ်သူ
ကြိုးဆွဲလိုက်သလဲ ခေါင်းလောင်းဟာအသံမမြည်ပဲတုန်ခါ မျက်ရည်တွေကျလာတယ်
ဒီနေ့ပြီးရင်တော့ နောက်တနေ့အစီအစဉ်ဟာအသက်ဝင်လာမယ်
ဒီတနပ်ပြီးရင်တော့ နောက်တနပ်ဟာဘူတာမှားရပ် အသက်ကိုထုတ်ထားတဲ့ ဖက်ဟာ
နေလောင်ဒါဏ်ကြောင့် အသားတွေမဲကုန်မှာပေါ့ လက်ဖ၀ါးမှာ လမ်းကြောင်းတွေ တိုဝင်
နေသလား ဆရာကြီးရယ် ဆရာလေးရယ် ဆရာရယ် သားတို့သေမှာလား မေမေ
ငယ်ငယ်က ရွှံ့နဲ့ပေါက်တမ်းကစားရင်တောင် ဟိုဘက်မြောင်းခံတပ် ဒီဘက်မြောင်းခံတပ်
လမ်းပေါ်မှာတော့ရွှံ့တွေနဲ့ ပေရေညစ်ပတ် ပန်းကလေးများပွင့်တော့မည် မိုးမည်းရေထဲ
အကျိုးနည်းနေတဲ့ ခဲတံလေးတွေက တံတွေးဆွတ်နေကျ လျှာအဖျားလေးတွေကို
ဖုန်သိပ်နေတဲ့ ဘောလုံးကွင်းလေးက ဖုန်တထောင်းထောင်းနေ့ရက်တွေဆီကို
သွားကြပေါ့ တနိုင်တပိုင်အိပ်မက်လေးတွေ သားလေးကြီးရင် ဘာလုပ်မယ် စစ်ဗိုလ်ကြီး
လုပ်ပါမယ် ယတြာကောင်းကောင်းလေးသာပေးပါ တကယ်သာဂြိုဟ်ဆိုးပြီဆို
တောခိုနေလဲမလွတ်ဘူး ငှက်ဖျားပိုးဦးနှောက်ထဲဝင်  သွားတာတွေ့လိုက်တယ်
ဘယ်တော့မှပြန်လာနိုင်မယ် အေးမြအရိပ်မှာလဲမနေရပါဘူး အခက်ကလေးလဲမချိုးရပါဘူး

" ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ "
နိုင်ငံတော်သီချင်းကို ဘယ်သူရေးလဲ မေမေ ။ ဘယ်တော့မှမှန်မှာလဲ မေမေ ။
သားမေးတာ မှားသွားပြီလား မေမေ ။ အိပ်နေတာလား မေမေ ။
လူကြီးတွေပြောသလို မေမေ ဆုံးပြီ ဆိုတာလား မေမေ ။
အဲ့လိုဆိုရင် သားဘာမှဆက်မေးလို့မရတော့ဘူးလား မေမေ ။

တောင်းနေကျဆုတောင်းတွေဟာ ကြယ်တွေသာကုန်သွားတယ် ကမ္ဘာကြီးမှာ ကျည်ဆံတွေ
ဘယ်တော့မှကုန်သွားမဲ့ ကမ္ဘာကြီးမှာ ကြယ်တွေသာကုန်သွားတယ်
တောင်းနေကျဆုတောင်းတွေဟာ ကျည်ဆံတွေ ကုန်နေတုန်း ။

သားတို့ ရွှံ့နဲ့ပစ်တမ်း မကစားတော့ပါဘူး မေမေ ။


- မင်းလုလင် -

ပိုးကောင်ဟာ ကျုပ်ကို မှတ်မိပါ့မလား တွေး



အကျီ င်္လည်ပင်းပေါက်က၀င်လာတဲ့ ပိုးကောင်ဟာရုတ်တရက် သိမှုကိုနိုးကြားသွားစေတယ်
အထီးမှန်းအစ်မမှန်းမသိတဲ့ အဲ့ဒီပိုးကောင်က ကျွန်တော်နဲ့
အနီးဆုံးမှာရှိနေတယ် အဝေးဆုံးကလာတယ် သူ့နာမည်
ကျွန်တော်မသိဘူး အကျီ င်္ဝတ်ထားခြင်းမရှိတဲ့ပိုးကောင်နဲ့
ကျွန်တော့ရဲ့အပေါ်ယံအရေပြားယားယံမှု ခြေများတဲ့ပိုးကောင်ဟာ
ကျွန်တော်မကြားနိုင်တဲ့စကားတွေပြောနေမယ် ထင်တယ် နားလည်ဖို့
လိုက်မမှီခြင်းအပေါ် အားနာမိသလိုလို ကိုယ့်ကိုခင်တွယ်နေပုံရတဲ့ ပိုးကောင်ဟာ
ဟိုမှ သည်မှ နောက်ပြီး သည်မှ ဟိုမှ ပိုးကောင်ဟာကူးလူးတွားသွား
သူ့ခြေချောင်းတွေအပေါ်မှာ သူ့ကိုသူသယ်ဆောင်ပြီး ခရီးသွားနေတယ် ကျွန်တော့
အကျီ င်္အောက်မှာ ကျွန်တော့ အရေပြားပေါ်မှာ ပိုးကောင်ဟာ
အနေအထိုင်မတတ်သလို အနည်ထိုင်နေသလို ထိုင်နေသလား မတ်တပ်ရပ်နေသလား
ကျွန်တော်မသိပြန်ဘူး အချိန်အတော်ကြာ လေ့လာရေးခရီးမှာ ပိုးကောင်ဟာ နယ်မြေအသစ်လို့
သတ်မှတ်လိုက်လေမလား ကျွန်တော့အရေပြားအဟောင်းကြီးပေါ်မှာ ထွက်ပေါက်ကိုသူရှာတွေ့
ပါ့မလား ကျွန်တော့ရဲ့သွေးကြောတွေထဲသူဝင်ရောက် သွေးမွှန်းပြီး သေဆုံးသွားလေမလား စိုးရိမ်
လာတယ် ပိုးကောင်သိပါ့မလား ဟိုမှ သည်မှ သူ သွား နေ တုန်း
အကျီ င်္လည်ပင်းပေါက်က ၀င်လာတဲ့ပိုးကောင်ဟာ ကျွန်တော့ကို နှုတ်မဆက်ပဲ
အကျီ င်္လည်ပင်းပေါက်ကနေ ပြန်ထွက်သွားတယ် ။

- မင်းလုလင် -

မစ္စတာသင်ကာနဲ့အတူ ဒူးထောင်လက်တင် တွေးမိတဲ့ နေ့



အတွေးတွေကို လိုက်ကောက်ရင် အတွေးဟာ အကောက်ကြီး
ဖြစ်သွားမှာပေါ့ အတွေးတွေ ဖြောင့်ပေးပါ စပယ်ရှယ်ဒစ္စကောင့်နဲ့
အတွေးကို ဖယောင်းပါ သွင်းပေးမယ့်ဆိုင်ရှိရင် လမ်းညွှန်ပါ အတွေး
ဟာ ကောက်ကွေးနေတယ် ကြမ်းတမ်းနေတယ် ထိပ်ပိုင်းနှစ်ခွ
ဖြစ်နေတယ် အတွေးကို ပေါင်းတင်ဖို့လိုမယ် ပေါင်းသင်ဖို့လိုမယ်
ပိုးသတ်ဆေးဖြန်းဖို့လိုမယ် အတွေးဟာ တစ်ခါတစ်လေ မတော်မတည့်
လျော့ရဲရဲ ပျော့ပြဲပြဲ အတွေးတစ်ချို့ အလကားနီးပါးဈေးနဲ့ ရောင်းရန်စဉ်းစား
မိတဲ့ အတွေး ပျော့ပြဲပြီး ပြားနေပါတယ် လျော့ရဲပြီး ထွားနေပါတယ် သွားနေတယ်
ဘယ်နေ့ ဘယ်ခရီး ဘယ်လမ်း ဘယ်စခန်း ဘယ်မှ ညာ ဘာမှညာမနေနဲ့
အတွေးဟာ ဖွာ ထွက် ဟာကွက် အနာစက်တွေနဲ့ ယားယံနေတဲ့နေ့
အတွေးဟာ တွေတွေလေး ခွေ အခါလေးကြုံတုန်း အကာအရံမဲ့ လေ
တနေတယ် တေနေတယ် တွေနေတယ် တွေ့နေတယ် တွေးနေတယ်
အတွေးကို မလွှတ်လိုက်နဲ့ အတွေးလွတ်ထွက်သွားရင် အတွေးတွေ လွတ်ကုန်မှာပဲ
လွှတ် ကုန်မှာပဲ ဦးနှောက်ကြီးကို ဦးနှောက်ဝိုင်လဲပစ်လိုက်ရမလား ဖြုတ်ထုတ်ဆေး
ကြောပစ်လိုက်ရမလား မေးခွန်းတွေကို ဖြေနိုင်ပါ့မလား အတွေးက နှိုက်တိုင်းထွက်တဲ့
လိုတရတွင်းထဲ ရောက်နေတဲ့ အတွေး *မြစ်တွေရဲ့အမှားကို မြိုချရင်း
ပင်လယ်ဟာ ဒဏ်ရာတွေနဲ့ အုံကြွလာခဲ့* အတွေးတွေ အုံကြွလာတယ် ဖုန်ထလာတယ်
ရွှံ့လူးနေတဲ့ အတွေးတွေနဲ့ တိမ်ခူးနေတဲ့ အတွေးတွေ တွေး တွေးရင်း တွေးရင်း အတွေးဟာ
ပျင်းရိလာတယ် ဖန်ခွက်ချင်းတိုက်လိုက်သလို လေးတိလေးကန် အသံနဲ့ အတွေးဟာ တွေးဖို့
နှေးလာတယ် အတွေးတွေ ဝေးလာတယ် ဝေလာတယ် ဝေပြီးရင် ဝေးရတော့မှာပေါ့ ကြွေပြီးရင်
ကြွေးရတော့မှာပေါ့ ဆုံးပြီလို့မှတ်ထားတဲ့ ကျောက်ခဲ ရေပေါ် ကန်တက်လာသလိုမျိုးပေါ့
လန်ထွက်လာသလို အိုး .. ဂေါ့ဒ် လန့်သွားသလို လန်သွားသလို လန်းသွားသလို အတွေးက
အိုး . . . ဂေါ့ဒ် ယောင်ယမ်းတမ်းတ မြူတွေဆိုင်းနေတာ တွေးရင်း မြူတွေဟာ မြူးလာရတဲ့ အတွေး
ဆူး မလာရ တဲ့ ... ဆွေး ကြေကွဲခြင်းဟာ အဖော်နဲ့ အပေါင်းနဲ့ ဝီစကီခွက်နဲ့ မြရာပင်ရိပ်နဲ့ အတွေး
မြရာပင်ကြီးခါးကိုင်းနေတဲ့ကဗျာဆီသို့ အတွေး သွေးထွက်မှ ဆူးစူးမှန်းသိတဲ့အတွေး
အတွေးဟာ အတွေးမဟုတ်တော့ပဲ အတွေးဟာ အတွေးဖြစ်လာ နေရောင်ခြည်မမြင်ရတဲ့ အတွေး
ဗေပေါင်ထီ အသံတွေ ကြားလာရတဲ့ထိ အတွေးဟာ အတွေးချင်း စိန်ခေါ်ထိုးသတ် အတွေးဟာ
မျက်နှာတွေ ဖူးရောင်လာ ဒူး ပေါင်မှာ ထိုးထားတဲ့ တက်တူးတွေဟာ အတွေးသက်သက် ။

*မောင်ချောနွယ်၏ ကဗျာစာသား

- ဆူးခက်မင်း - မင်းလုလင် -

နှင်းဆီဝိုင် ၊ တိမ်ပြိုမိုး ၊ ပြီးတော့ မနက်ဖြန် ခင်ဗျား ဘာကားဆက်ရိုက်မလဲ



နှင်းဆီပန်းလေးတစ်ပွင့်ရဲ့ ကောက်ကြောင်းမှာ
ကောင်းကင်တစ်ခြမ်း အနာတရ ၊
မိုးတွေ တစက်စက် စီးကျ ၊
ဒါ ကောင်းကင်ရဲ့ သွေးစက်တွေ ၊
ကိုယ့်အသံကို ပလာစတာကပ်ပေးပါ ။
အနာတရတွေ ။ အမှတ်တရတွေ
တယုတယထွေးပိုက်ထားတော့လည်း နာ နာ နာကျင်မှုတွေ ။
တွေဝေနေ လက်ဖျံတွေထဲ ။
ကျစ်ဆံမြီးကလေးထဲ နှင်းဆီပန်းကလေး
သူမ မသိအောင် ထိုးစိုက် ၊ ကမ္ဘာကြီးက ရယ်ပွဲဖွဲ့နေရဲ့
ကိုယ့်ချစ်ခြင်းမေတ္တာအကြောင်း ။
သွေးထွက်သံယိုတွေအကြောင်း ။
မိုးတွေသည်းလာပြီ ။
အမှောင်ဟာ နေသားတကျ ။
သနပ်ခါးပန်းပွင့်လေး မနက်ဖြန်မနက်ကို
မျှော်နေမလားပဲ ။ မွှေးမွှေးမြမြ ။
စာရေးစားပွဲအံဆွဲကလေးထဲမှာ ၊ ကွန်ပါဘူးကလေးထဲမှာ ၊
ပြီးတော့ ကားတံခါးလက်ကိုင်ကြားမှာ ၊ နှင်းဆီပန်းကလေးတွေဟာ
သိပ်ကိုစူးရဲမွှေးမြလွန်းရဲ့ ။
သူမရယ်တယ် ကျွန်တော်ရူးတယ်
ပုံမှန်ဖြစ်စဉ်မှာ အိပ်မက်တွေပြိုကျလာသလို
မဖြစ်မနေမို့ပါ ဆက်သွယ်မှုဧရိယာဟာ သိမှုရဲ့မနီးမဝေးမှာ
စက္ကူလေယာဉ်ပျံကလေးရဲ့ ခေါက်ရိုးရာတွေအတိုင်း ကျွန်တော် တွန့်ကြေလို့ ။
ဒီ့ထက်ပိုဝေးလည်း ဒီ့ထက်ပိုမဝေးတော့ပါဘူး ကဗျာနဲ့ ၊
အိပ်ထောင်ထဲက ခုန်ထွက်လာတဲ့ ငါးမူးစေ့ကလေးနဲ့ ၊
ဘယ်လိုတရားမျိုးနဲ့မှလည်း ဖြေလို့မရမှန်း သိသိကြီးနဲ့ ။
ရူး . . . ။
လျော့ရဲလာမှုဟာ အသံတိတ် ။
ခရမ်းရောင်ပန်းပွင့်လေးတွေ ပြာတွေ ကြွေကျလာပေါ့
စကားမစပ် .. တိမ်တွေပြိုကျလာတဲ့ မြင်ကွင်းကို
ဝိုင်တစ်ခွက်သောက်ရင်း ကြည့်ဖူးသလား ။
သူမနဲ့ ကျွန်တော် အရေပြားချင်း စကားတွတ်ထိုးခဲ့ကြ ၊
နှုတ်ခမ်းချင်း ကူးလူးဆက်ဆံခဲ့ကြ ၊
တိမ်တွေသာ ပြိုကျမလာရင် သိပ်ကောင်းမှာပဲ ။
လက်တွေမှာ ချွေးစေးတွေ အပြည့် ။
စိတ်မှာ အတိတ်တွေအပြည့်နဲ့ မျက်စိတဆုံး ။
လက်အဆန့်မှာ မိုးတွေ အဆက်မပြတ်ရွာတယ် ။
သူမ ပျော်ပါလေစ ။ မနက်ဖြန်တွေဆီ ။
ဟော .. တိမ်ပြိုမိုးတွေ ရွာချလိုက်ပြီ ။
ကိုယ့်လက်ဖဝါးကို ကိုင်ထားစမ်းပါ အချစ် ..
မနက်ဖြန်ဆိုရင် စက္ကူလေယာဉ်ပျံကလေးစီးပြီး
ရုပ်ဝတ္ထုမြို့တော်ရဲ့ အဝေးကို ထွက်သွားကြမယ့်
ခရီး ။

- ဆူးခက်မင်း - မင်းလုလင် -

တန်ဖိုးနည်းအိမ်ယာ




အရေပြားအနှံတက်တူးထိုးပြီးကာစ အခြေအနေလို
နေရာပေါင်းစုံမှာ နာကျင်မှုတွေ တွယ်ကပ်နေ
သွေးလွှတ်ကြော ၊ သွေးပြန်ကြော အားလုံး
လားရာဆန့်ကျင်လျှက် စီးဆင်း
အသက်ရှူမ၀သလို အလုအယက်
ကိုယ့်နာမည်ကိုဖွဖွလေး လက်ခုပ်ထဲ ထည့်လို့
ပတ်သက်သမျှဟာ အလဂျစ်ထနေတယ်
အိမ်ကလေး ။

ပြတ်ရာ ရှရာတွေ တစ်ခုပေါ်တစ်ခု ထပ်
အော့အန်ပစ်လိုက် ဖို့တောင်
အစာအိမ်ထဲမှာ အစာမရှိ
ခေတ်ပညာတတ်တစ်ယောက်ရဲ့ အိပ်တန်းပြန်ချိန်ဟာ
အမှိုက်အဟောင်းတွေလို ထိုးသိပ်ထည့်ခံရ
မာကျူရီ မီးရောင်အောက်မှာ
နေလောင်ခံ အရေပြားစတွေ ဖွေးကနဲ လက်ကနဲ
အိမ်ကလေး။

အိမ်ကလေးတစ်လုံးအတွက်
ကိုယ်ဟာ အသက်ကို ခပ်ကြမ်းကြမ်း
မွေးမြူနေခဲ့ရ၊ ၀မ်းနည်းနေခဲ့ရ၊ ပျှော်ရွှင်နေခဲ့ရ

“ခင်ဗျားသားရဲ့ အဖေဟာ ခင်ဗျားမဟုတ်ပဲ
ခင်ဗျားရဲ့ ဘွဲ့လက်မှတ်ပဲ ဖြစ်ရလိမ့်မယ်”
လိုအပ်ခြင်းနဲ့ မလိုအပ်ခြင်း ကြားမှာ
အလွှာပါးပါးလေး ခြားနေတယ်
လူ့အဖွဲ့အစည်းဟာ ကွန်ပျူတာတစ်လုံးပဲ
ဝမ်းခေါင်းသံပါတဲ့ ရှက်ရွံ့မှုတွေရဲု့အဆုံးမှာ
အိမ်ကလေး ။

ကြမ်းရှပူနွေးတဲ့ လက်အစုံပေါ်မှာ
နုညံ့ပြီး ပွင့်ဖတ်လေးနဲ့ တူတဲ့ အသက်ရှူသံတွေရှိတယ်
ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်စဉ်ဟာ
ပစ္စုပ္ပန်ကို မြေပေါ်မှာ ဒရွတ်ဆွဲသွား
သွေးရိုးသားရိုး အမှားမျိုးဆိုတာ
ဘယ်လိုအရောင် ဘယ်လိုအရသာလဲ
သုံးဆင့်ချိုင့် ချောင်ချောင်ကလေးလိုပါပဲ
အသင်ရှင်နေထိုင်မှုက
လျော့ရဲပြီး တွဲကျနေတယ် ။

လက်သန်းတစ်ချောင်းလုံး ဒဏ်ရာတွေ အပြည့်ပဲ
သွေးစတွေ ပြည်ဝတ်တွေ နံစော်မှု့တွေနဲ့
ဘာကိုမှ ဆုပ်ကိုင်မထားချင်လောက်အောင်
မင်းရဲ့အဖျားက ကူးစက်လာပြီ
ရှင်သန်မှုတွေက အမြစ်ကစပြီး ပေါက်ထွက် ကုန်ကြ
ခြေဖ၀ါးကြားက တိမ်စတွေ
ဒီအတိုင်းပဲ ထားလိုက်ကြတာပေါ့
မအားလပ်တဲ့ ကြားကပဲ
သက်ပြင်းကို အချိန်လုပြီး မှုတ်ထုတ်ရ
စကားလက်စ် ဂျိုဟန်ဆန်(မ်)ရဲ့ အလှကို ဆိုင်ကယ်ပေါ်တင်ပြီး
တောင်ကြီး မြို့အနှံ့ လျှောက်လည်ဖြစ်ဦးမယ်ထင်မိ
ရုတ်တရက် မိုးရွာလိုက်သလား
စကားသံတွေဟာ ထက်မြလွန်းနေခဲ့
ငှက်ပျောပင်ရဲ့ အစည်းတွေလိုပဲ
ကိုယ်ဟာ မျက်ရည် အရမ်းလွယ်တယ် ။
နောက်ပြီး မလိုအပ်တာတွေကိုပါ
တနင့်တပိုးလွယ်လွယ် ထားတတ်သေးတယ်
ဘ၀သေးသေးလေးနဲ့ပါ
အိမ်ကလေး  ။

လူလေးငါး ယောက်ကိုပဲ မြိုထားမဲ့
အမိုးအကာနဲ့ သွေးနွေး သတ္တ၀ါ
အများသုံး အိမ်သာလောက်မှ သန့်ရှင်းမှု မရှိတဲ့
လုပ်ရပ်နဲ့ စိတ်ကူးစိတ်သန်း တစ်ချို့
ကိုယ့်မှာ ရှိနှင့်နေခဲ့တယ်
အနာတရတွေကို ထွေးထုတ်ရင်း
အော် ညည်းဖို့ကို မေ့နေသလိုပါပဲ
မောပမ်းရင်းနဲ့ ပြေးနေခဲ့ရ
လူ့အဖွဲ့စည်းနဲ့ ယဉ်းကျေးမှုတန်ဖိုးဟာ
လိုက်မမှီအောင် တရိတ်ရိတ် မြင့်တက်လာခဲ့
ရာတန် ခပ်လတ်လတ် တစ်ရွက်လောက် များရှိရင်
လန်ဒန်စီးကရက်တစ်လိပ်လောက်
အားပါးတရ ၀ယ်သောက်ပစ်လိုက်ဦးမယ်
လင်းထက်အောင်နဲ့လည်း သိပ်မတွေ့ဖြစ်တော့ဘူး
အာရုံတွေကို အံသွားနဲ့ ဖိကြိတ်ဝါးနေရင်း
အိမ်ကလေး ။

အမေရယ်၊ မမသဲရယ်၊ ဒဏ်ရာရ မီးသီးတွေရယ်
ဆောင်းတွင်းအတွက် အိပ်ယာကလေး ပြင်ဆင်ထားမယ်
မျက်လုံးတွေလဲ ကျိန်းစပ်ပူလောင်လို့
မနက်ဖြန်ဟာဘယ်လို ရပ်နေလဲဆိုတာတောင်
ကြည့်ဖို့ အဆင်မပြေဘူး
ငွေကြေး ၊ဘွဲ့လက်မှတ် ၊ အနာဂတ်အာမခံချက်
ကိုယ့်ကို လက်မထပ်ပါနဲ့တော့ အချစ်ရယ်
ဒါတွေကိုပဲ သေချာလေး သယ်ယူသွားလိုက်ပါ
လိင်လိုအပ်ချက်က လွဲလို့ပေါ့
ဒါဆို မင်းအိမ်ထောင်ကျသွားပြီလေ
ဒါဟာမင်းရဲ့ လက်ထပ်ပြီးစီးခြင်း လက္ခဏာပဲ
ခံစားမှုဝါဒီတစ်ယောက်ရဲ့ ကျဆုံးခြင်းဟာ
သူ့ကိုယ်သူ ပိုင်ဆိုင်နေခြင်းပဲ ဖြစ်နေလိမ့်မယ် ။

ပင်လယ်ကဗွီးပင်၊ မိန်းမတစ်ယောက်ရဲ့ပြင်းထန်လှတဲ့ စွပ်စွဲချက်
ပညာတတ်အန်ဖတ်  ၊အပေါင်လက်မှတ်
ချစ်သူရဲ့ လျော့ရဲလုနီးပါး အသားစိုင်များ
ဘွဲ့လက်မှတ် ၊အကျင့်စာရိတ္တကောင်းကြောင်းထောက်ခံစာ
အားလုံးကို ထားခဲ့လိုက်တော့မယ်
အိမ်ကလေး
၂၀၀၂ ခုနှစ် ၁၉၉၅ ခုနှစ် ၊ ၂၀၁၂ ခှနှစ် ။
မသေခင်မှာ ရောက်ခဲ့ချင်တယ်
အလင်းရောင် ကောင်းကောင်းနဲ့ မြင်ခဲ့ချင်တယ်
အသက်မျှင်းမျှင်း ရှူနေရတဲ့
ကိုယ် အရေပြားရောဂါသည်လို
အနိုင်နိုင် ရပ်တည်နေရ ၊ ဖွင့်ထုတ်နေရ
ဝမ်းခေါင်းထဲက ထွက်လာတဲ့ အံဖတ်တွေနဲ့
ဆောက်လုပ်ထားတယ်
အကြော အပြိုင်းပြိုင်းထနေတဲ့ လက်အစုံနဲ့
အုပ်မိုး ကာကွယ်ထားတယ်
ဘာသာတရားရဲ့ လှစ်လျုရူမှုကို ခံနေရတယ်
အိမ်ကလေး  ။   ။
                           -    မောင်မိုးမြင့်
                                 ၄.၅.၂၀၁၂


( ဒီကဗျာကို ဖတ်အပြီးမှာ ကျွန်တော် ရွတ်ကြည့်ချင်စိတ်ဖြစ်လာတယ် ။ ဒါကြောင့် ရွတ်ဆိုဖြစ်ခဲ့ပါတယ်
တန်ဖိုးနည်းအိမ်ယာ ရွတ်ဆိုမှု အသံဖိုင်အား အောက်ပါလင့်ခ်တွင် ဒေါင်းလုပ်ရယူခံစားနိုင်ပါတယ် ။
မောင်မိုးမြင့် ၏ ကဗျာအား မင်းလုလင်မှ ပြန်လည်ရွတ်ဆိုခြင်းပါ )

တန်ဖိုးနည်းအိမ်ယာ ( အသံဖိုင် )

- မင်းလုလင် -

သတ်ပုံမမှန်တဲ့ဓါတ်ပုံ





နံရံပေါ်က လေးထောင့်ဘောင်ထဲမှာ ကိုယ့်ကိုကိုယ် ပြန်မြင်လိုက်ရခြင်းဟာ
သမိုင်းတွင်ကျန်ရစ်စေဖို့အထောက်အထား ဖြစ်နိုင်သည် မဖြစ်နိုင်သည် စသည်
အကြောင်းတရားဟာ အကြောင်တရားရဲ့နောက်မှာ မျက်နှာလိုမျက်နှာရ ဟင်းဖတ်
ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဘ၀ကူးကောင်းစေဖို့ DJ ကောင်းကောင်းတစ်ယောက်
လိုအပ်နေတဲ့ ကွက်လပ်ဟာ အစက်အပြောက်ပေါင်း မြောက်များစွာ
အကိုင်းလွတ်ရုံလေး ခုတ်ထွင်ပစ်လိုက်ရတဲ့ စာရိတ္တပေါင်းသောင်းခြောက်ထောင်

ရိုးမြေကျပိုးသတ်ဆေးဖြန်းဖို့လိုနေတဲ့ နိဗ္ဗာန်ဟာ လှေကားဘယ်နှစ်ထစ်မှာ ဒေါက်ပြုတ်နေတဲ့ ကြိုးစင်
ကချင်တဲ့အခါတော့လဲ စင်ပေါ်တက်လာရုံပေါ့ မိုက်ကရိုဖုန်းကို အသံစမ်းပါ ထိတွေ့နေတဲ့လေနုအေးဟာ
အသက်ရှင်နေသေးကြောင်း ဥပမာ ပြောရရင်တော့ ခပ်ယဲ့ယဲ့မွေးဓါတ်ကိုလှုပ်ရှားစေခြင်းအလို့ငှာ
ဘေးထွက်ဆိုးကျိုးအပြည့်ပါမှန်းသိတဲ့ အောင်စိတ်ကို အိပ်ကပ်ထဲ လိုရမယ်ရ ဆောင်ထားတယ်
မိုးခေါင်တိုင်းဆွဲမိတဲ့သိက္ခာတရားအစွန်းအစနှစ်ဖက် ဖွာလန်ကြဲ အကာအရံဟာဆဲဆိုခံရမှု ကာရံမဲ့ ၏
ဒီလိုမနေနဲ့ ဒီလိုနေတဲ့အခါဇယားဟာ စားပွဲတင်ဇွန်းခွက်ထဲက မှင်ရည်လွတ်ဗလာ
ပြိုင်ပွဲဝင်အဇ္ဈတဆိုတော့လဲ မျှမျှတတ တသသရှိကြရုံအပြင် နောက်ထပ်ရှိနိုင်ဦးမဲ့အရာဟာ စည်း လွတ်
ဝါးလွတ် ၀ါဒ ။ ။ ဗျာ . . . ကမ္ဘာကြီးက ကဗျာဆရာကို ရိုသေသည်တဲ့လား ။


- မင်းလုလင် - 

ကျောနံပါတ် စပိတ်တစ်



အရုပ်သက်သက်ပစ္စုပ္ပန်ထဲမှာ တွေးမိတွေးရာတိုင်းဟာ ဟာကွက်တွေနဲ့
သို့မဟုတ် ဟာသတွေနဲ့ ချို့တဲ့လာတဲ့ မျက်နှာအရေပြားတွန့်ရှုံ့မှုကို
Recycle လုပ်ပစ်လိုက်တယ် နေရာအနှံ့ အမှောင်ဟာခေါက်ရိုးကျိုး နေသလို
ရိုကျိုးပစ်လိုက်တဲ့ နာကျင်မှုတွေ အစိမ်းရောင်ရပ်တည်မှုဟာ ညိုးရော်နွမ်းလျ
အ၀ါရောင် မြို့ပြ နဲ့ သူ့အကြောင်းတွေးတိုင်း အိပ်လို့မပျော်ပါဘူး ဆိုတာတွေ
ပွဲနေပွဲထိုင်မို့ပါ လူအဟောင်းကြီးကို ဖိနပ်အသစ်ထဲထိုးသွင်းလာတယ်
မျက်လုံးလေး တိုးတိုးပိတ်ပြီး အသံဖွဖွလေးတွေကို လိုက်ကြည့်မိတော့လဲ
မနက်ဖြန်က နီးနီးလေး မမြင်ရဘူး အသဲကွဲပုံတက်တူးအဟောင်းနဲ့
အမှောင်ဘက်အခြမ်းမှာမှောက်ထားတဲ့ရင်ဘတ် ညဂစ်တာအပြာ လွင့်
နေတဲ့စိတ်ဓါတ်တစွန်းတစဟာ ညာဖက်လက်ဆန့်တိုင်း  ညဖက်လက်ဆန့်တိုင်း
ယုံကြည်မှုတွေခုန်ထွက်လာတယ် တနင်္ဂနွေအကြောင်းမတွေးဖြစ်တော့ဘူး
မရေးဖြစ်တော့တဲ့ဘေးထွက်ဆိုးကျိုးတွေ အရေခွံကိုခရမ်းရောင်အဖြစ် ပြောင်း
လဲတပ်ဆင်ခြင်းသတင်းဟာဦးနှောက်ရဲ့ညာဖက်သွေးရောင်မသန်းတဲ့ နေ့ရက်တွေထဲ
မွေးရာပါလာတဲ့ဝါသနာပျောက်ဆုံးနေတဲ့အခိုက်အတန့်ပဲ ဆိုတော့ ပုံစံတူ
နောက်ထပ်ရှိနေဦးမလားလို့ အကျီ င်္ကြယ်သီးဖြုတ်လိုက်တယ် ။

- မင်းလုလင် -

စိတ်ရုပ် ( မွေးနေ့အမှတ်တရ တပ်ဆင်ခြင်း )



အမှာစာ
အမှာစာမရှိပဲ ပန်းတွေပွင့်ခဲ့ကြတာ ကမ္ဘာဦးအစကတည်းက လို့ မောင်သိန်းဇော်က ဆိုပါတယ်။
မွေးနေ့အမှတ်တရပေါ့ဗျာ
ကိုယ့်ကိုကိုယ် ကဗျာတွေနဲ့တပ်ဆင်ပြီး ခင်ဗျားတို့ကိုတင်ဆက်လိုက်တယ် ။

လေးစားစွာဖြင့်
- မင်းလုလင် -


ခေတ်ပြိုင်ကဗျာဆရာတို့ရဲ့ ဖန်တီးမှုလက်ရာကောင်းကောင်းတွေကို စုစည်းထားမှုလေးတစ်ခုပါ ။
ဖတ်ကြည့်ချင်တယ်ဆိုရင်တော့ . . . ဒီနေရာမှာ  ဒေါင်းလုပ်ရယူနိုင်ပါတယ် ။

စိတ္တဇ



စိတ် ။
အစ တစ်စ ။
လွှတ်မြောက်ပစ်နိုင်ခြင်းမရှိသော
တစ်အစ တစ်အဆုံး ။
လူကြိုက်များတဲ့ ဈေးကွက်မှာတော့
ရူးတယ်ပဲ ဆိုကြပါတော့ ။ သံပြိုင် ။
အစ ( အဆုံးမရှိတဲ့ အစ ) တစ်စ ။
စိတ် ။

- မင်းလုလင် -

သတိရခြင်းဆိုတာကလဲ ရယ်မောခြင်းအတတ်ပညာပဲ ကိုဘခက်



သံလမ်းပေါ်မှာ အက်ကွဲကြောင်းတွေထဲမှာ ကော်ဖီခွက်တွေအပူချိန်လျော့လာပြီ ကိုဘခက်
ဒါ  Shock ပဲ ထိလွယ်ကွဲကြေလွယ်လူငယ်ဘ၀ဆိုတာ သွေးအေးဖို့ကျ သိပ်ခက်နေပြန်ရော
နေ့ ည လေရသည် ဆိုတဲ့ဆိုင်းဘုတ်ဟာ ညနေကပြိုကျသွားတယ် ဒီအရည်တွေကို မျိုမကျတော့ပါဘူး
လက်ဆောင်ပေးခြင်းသည်းခံပါ  မင်္ဂလာဆောင်ခြင်းကို သည်းခံပါ ဆောင်းဘောက်စ်ကျယ်ကျယ်ဖွင့်ခြင်း
ကျွန်တော်သည်းမခံနိုင်တော့ဘူး ကိုဘခက် တဖြည်းဖြည်းချင်းဆိုတာကလဲ ခရီးရောက်တယ်
ရွေ့ချင်တာရွေ့ စိတ်ဓါတ်တော့မရွေ့စေနဲ့  ဒါက ကျုပ်တို့ခေတ်ရဲ့ဝိနည်းပဲ  သစ်ရွက်တွေ ကြွေလာပြန်ပြီ
အိမ်ရှေ့ အမှိုက်ပုံထဲမှာ အနာဂတ်တွေဖားခုန်ခုန်နေတယ် ဘယ်သူအပြစ်ပေးထားပါလိမ့် လေ့ကျင့်ခန်းများလား
ကြာခဲ့ပြီပေါ့ မီးခိုးတလူလူနဲ့ရထားကြီးမစီးဖြစ်တာ အချိန်ဘယ်လောက်ဝေးဝေးမှာ မမှတ်မိတော့ဘူး
မမှတ်မိချင်တော့ဘူး ဆိုကာမှ လိုချင်တောင့်တမှုက သွေးယားတယ်  ခက်တယ် ကိုဘခက်
လွန်ဆန်ရခက်တာတွေကလည်း လွန်ဆန်ရခက်လိုက်တာ  တိုးတိုးလေး ငြီးမယ် ခင်ဗျား နည်းနည်းလောက်ရယ်ပါ
ကော်ဖီဆက်သောက်ကြဦးစို့ဗျာ  ကော်ဖီစေ့လေးတွေပုံဖော်ထားတဲ့ ပလက်စတစ်အိတ်အခွံနဲ့ မနက်ခင်းနဲ့
အကျီ င်္ခပ်ကြီးကြီးနဲ့ မီးလောင်ပေါက်တစ်ချို့နဲ့ ယုတ္တိဗေဒပုံပြင်တစ်ချို့ကလဲ မျက်လုံးကို လှည့်စားလွန်းတယ်
ဟော . . . ပြေးထွက်လာပြန်ပါပြီ လဲပြိုကျဖို့အတွက် ဒါနဲ့များ ဖြည်းဖြည်းချင်း လဲပေါ့ ပင်ပန်းခံလို့
စကားကြီးစကားကျယ်ဆိုတာ ဘယ်လိုစာလုံးပေါင်းသလဲ ကိုဘခက် အနုပညာနဲ့များ သံတူကြောင်းကွဲမလား
မေးခွန်းတွေကျွန်တော် ထုတ်လုပ်နေပြန်ပါပြီ မနက်ခင်းက အကျည်းတန်သွားတော့မှာပဲ စိုးရိမ်စရာ
နေ့ ည လေပြန်ရအောင်လုပ်ရမယ် ဥပဒေရုံးရှေ့မှာပဲဖြစ်ဖြစ် ဥပဒေဘောင်ထဲကဖြစ်ဖြစ်
မရောက်ဖြစ်တာ သုံးလေးနှစ်ကြာတဲ့နေရာတစ်ခုကိုလဲ အရောက်သွားရမယ် စက်ဘီးကလေးစီးပြီး
ကိုဘခက်ရေ . . . ကျွန်တော့လက်ဖျားကအသံတွေအရင်လိုမကျယ်တော့ဘူးဗျ ခင်ဗျားလည်ချောင်းရှင်းရဲ့လား
စင်ယော်တွေဟာ ကျောင်းဆင်းချိန်ခေါင်းလောင်းသံမှာ သူတို့  ကျွန်တော့ဆီမလာတော့ဘူး ထင်တယ်
ကျောင်းစိမ်းလေးတစ်ယောက်လောက်ပါရင်ပိုကောင်းမလားပဲ လို့ ကျွန်တော့ကို ပြောခဲ့ဖူးတယ်ထင်တယ်
ထင်ထင်ရှားရှားမမှတ်မိတော့တဲ့အထင်တွေကလဲ စိတ်ကို ချောက်ချတာ သိပ်တရားလွန်တာပဲ
နေရထိုင်ရတာ သံလမ်းပေါ်မှာခြေတပေါင်ကျိုးလမ်းလျှောက်ခဲ့တဲ့ညက ပြုတ်ကျုသွားသေးလား
Dream Walker ဖြစ်နေရတာကအပြစ်အကြီးကြီးလွန်ထားသလို ကျူးကျူးကျော်ကျော်စိတ်ပူနေမိသေး
ထပ်တွေ့ပြန်ပြီ ကိုဘခက်ရေ Cyril Takayama တဲ့ ဓါတ်ပုံတွေထဲကဆွဲယူသုံးစွဲနေပုံပြောပါတယ်
ကျွန်တော့ခေါင်းရင်းမှာ ကတ်ကိုဘိန်းရှိတယ် ဆွဲထုတ်ပေးလို့ရမလား ကျွန်တော့ဂစ်တာအသံလွဲနေတာ ကြာပြီ
နိုးစက်ကိုပိတ်ထားလိုက်ပါဗျာ အိပ်မက်ကိုအရောတ၀င်လုပ်ခွင့်လေးတော့ လွတ်လွတ်လပ်လပ်ပေးပါ
ဒီလိုဗျ ကိုဘခက် ရယ်ရလွန်းတော့လဲ မျက်ရည်များတောင် လည်မိတယ် တစ်ခါထဲပါ သွေးအကြီးကြီး နဲ့ ။

- မင်းလုလင် -

မျက်လှည့်ဆရာ



လက်ဖျားမှာ ပေါ်လိုက်ပျောက်လိုက်
ဘ၀က ရေပေါ်လမ်းလျှောက်သလို ဖဲချပ်တွေ အရောင်ပြောင်းသွားသလို
အရိပ်ကို အရောင်တင်ခဲ့သူဟာ ငါးပါးသီလနဲ့ ကစားတယ်
ဒီလိုပါပဲ ကြားဖူးနားဝ ပုံပြင်လေးတွေပြောပြောပြီး
မနက်ဖြန်ကို ဖျောက်ပစ်လိုက်တယ်  အလင်းတွေ
အထိတ်တလန့် ထွက်ပြေးကုန်ကြပေါ့ ။

- မင်းလုလင် -

အဲ့ဒီနေ့ ရဲ့ ကိုက်တစ်ရာအကွာမှာ ကိုယ်ရပ်နေတယ်



ပုလင်းထဲ သံယောဇဉ်ကျန်သေးတယ်ထင်တယ်

ဘယ်လိုလုပ်မလဲ စစ်နိုင်

လမ်းတဲ့

သူ့ ကိုယ်သူ တစ်ခြမ်းစောင်းပြီး မောင်းနေတယ်။



လက်သည်းကြားကို အလွမ်းစိုက်ပြီး တူနဲ့ ထုလိုက်တော့လည်း

တစ်ကိုယ်လုံးတုန်ရင်သွားတာက လွဲလို့ ။



မြင်နေကျ နက္ခတ်ဆီက

တံခါးပိတ်သံ ကြားလိုက်ရသလို

သိမ်းထားတဲ့ စံပယ်တစ်ချို့ 

အလိုမတူပဲ အလင်းဝင်ကြ

သေချာတယ် သူမ ကိုယ့်ကို ရန်သူမျိုးတစ်ပါးပါးနဲ့  လူမှားနေပြီ။



ဟိုမှာ မုဆိုးငိုက် ငိုက်နေတာ တွေ့ လား

အိမ်ပြန်ချိန်နောက်ကျ ဖျားနေတဲ့ ဓာတ်တိုင်

ကိုယ်သူ့ ကို အစာတွေ ကျွေးနေမိတယ်။

လန်ချားတစ်စီးဟာ ကိုယ့်ကို မနက်စာပါမုန့် တစ်လုံးလို ကြည့်နေတယ်

ကိုယ့်လက်ဖ၀ါးပြင်မှာထင်ရှားနေတာ အသက်ရှူမှားခြင်းတွေ

ကိုယ့်ကိုယ်ရွံရှာနေတာ ကိုယ့်ကဗျာထဲက မနက်ခင်းတွေ

ဖုန်းနံပါတ်အမှားတွေမှာပဲ အမွှေးတိုင်တစ်ချို့ ထွန်းမိတယ်။



ကိုယ်မလိုချင်ပါဘူး စစ်နိုင်

ဘယ်ကမ်းနားမှလည်း မထိုင်ဖြစ်ဘူး။



ဦးစစ်နိုင် သိလား

ချွန်မြနေတာပဲ

အသည်းကွဲတယ်ဆိုတာလည်း

သူ့ ဂျိုနဲ့ သူပဲ။



မီးမထွန်းပဲ ထ ထ လင်းနေတဲ့ ညရယ်

ယောင်ယမ်းဆွဲနှုတ်မိတဲ့ မျက်ခုံးမွှေးတစ်ချို့ ရယ်

ကိုယ့်ဆီ မပျက်မကွက် ဂါရ၀ပြုနေတဲ့ ညနေငါးနာရီရယ်

သူမ တံတွေးစွတ်ပြီးဖတ်သွားတဲ့ ကဗျာဆရာတစ်ယောက်ရယ်။



ကိုယ်အခြေအနေမကောင်းဘူး စစ်နိုင်

သူမ လမ်းပြောင်းပြန်ကြီးမောင်းနေတယ်။



- ညီဇံလှ  -


( ကဗျာဆရာ ညီဇံလှရဲ့ လက်ရာကောင်းလေးတစ်ခုပါ ။ ကျွန်တော်ကတော့ 
   အရမ်းကိုကြိုက်ပါတယ် ။ )

မြို့ ပြ နာ



လမ်းတွေက မှောင်သလို လင်းသလို ကွေ့သလို ကောက်သလို တစ်ခုခုလိုနေသလိုလို
ဖြတ်စီးသွားတဲ့ခေတ်က ငရဲသားဇာတ်ကားကို 3D နဲ့ ကြည့်ရသလို ရုပ်လုံးကြွ
နေတယ် နဲ့ သေတယ်ကြားမှာ နာတယ် သတ်တယ် ငတ်တယ် ပြတ်တယ် မျက်နှာလေးငယ်
ငယ်ငယ်တုန်းကလို အော်ငိုပစ်လိုက်ချင်တယ်လို့ဆိုပြန်တော့ ရေများရေနိုင် မီးများမီးနိုင်
မလာနိုင်တော့ပါဘူး ရေလဲမလာ မီးလဲမလာတဲ့အခါ အမှောင်ထဲမှာ တိတ်တိတ်ကလေးရယ်
ရပါတယ် သူ့ခေတ်ကိုယ့်ခေတ် ခင်ဗျားခေတ် ကျွန်တော့ခေတ် ခိုးခိုးခစ်ခစ်ရယ်သံကလေးတွေ
ကျယ်လာပြီ ၀တ်ထားတဲ့အကျီ င်္ဟာလောကဓံနဲ့ငြိလွယ် စွန်းထင်းလွယ်မို့ ရေခပ်မကြုံ ထင်းခွေ
ကြုံမှာပေါ့ ဒီလိုညမျိုးနောက်ထပ်ပေါင်းများစွာ ရွတ်စရာကဗျာနဲ့ ရိုက်စရာဂစ်တာနဲ့ နီယွန်မြို့ပြဟာ
သောကြာဂြိုလ်ဆီအလည်ရောက်လာလေဦးမလား မရောက်လာသေးတဲ့ပစ္စုပ္ပန်တစ်ခုခုဆီမှာ Outsider
တစ်ယောက်နဲ့စကားစမြည်ပြောဖြစ်လေဦးမလား ချစ်ခြင်းမေတ္တာကို အယုံအကြည်မရှိ
အဆိုတင်သွင်းလိုက်ဖို့ကြောက်နေတယ်( ထင်တယ် )တစ်ခုခုဟာကြောက်စရာအသွင်အပြင်မျိုးနဲ့
ဦးနှောက်ထဲဝင်ခုနေတဲ့အကြောင်းတရား စကားနောက်ကိုပါသွားလေမလား မပြောမဆို မားဆိုးနဲ့
လက်ဆွဲနှုတ်ဆက်လိုက်တယ် ငါးတစ်ကောင်ဖြစ်မလာသေးကြောင်း အေးချမ်းကိုပြောပြရဦးမယ်
မြို့ဟာအသက်ကြီးသွားမှရာထူးတိုးသွားကြောင်း ဒါမှမဟုတ် မြို့ဟာ အချိုမကုန်သေးကြောင်း
လူကြိုက်များတဲ့အသုံးအဆောင်တွေကို အန်ထုတ်ပစ်လိုက်ဖို့ သွေးပူလေ့ကျင့်ခန်းမရှိတဲ့နေရာမှာ
အနွေးဓါတ်ကလေးမပြတ်ရဖို့ ကော်ဖီပူပူလေးလဲရနိုင်သေးတယ် သိရှိခဲ့ရသမျှ ဟာ
စိတ် ရဲ့ ဆက်သွယ်မှုဧရိယာပြင်ပမှာ ရေဒီယိုသတ္တုကြွနေတယ် ရေဒီယိုသီချင်းလေး မငြီးဖြစ်တာ
ကြာပြီပေါ့ မှတ်မိပါဦးမလား ယဉ်ကျေးမှုကို ခေတ်ပေါ်သွေးနဲ့ ရူးပစ်ချင်တာပဲ သူလိုကိုယ်လို
အလွမ်းဓါတ်ခံလေးနဲ့ မြို့ပြတမ်းချင်းဟာအငွေ့မသေသေးတဲ့ စီးကရက်တိုအညို နဲ့ ကိုယ်နဲ့
လမ်းအဟောင်းထဲ ပြန်လည်အလင်းဝင်လာမဲ့ မနက်ဖြန် နဲ့ စိတ်ဓါတ်ထဲက အဆိပ်ဓါတ်ငွေ့တွေနဲ့ ။

- မင်းလုလင် -


ဆေးလိပ်သောက်ခြင်းဟာ ရှော့ကို ပုံမှန်အားကောင်းစေသလိုလို ထင်ယောင်နေ





မွေးရာပါ လိုလားတောင့်တာမှုတွေဟာ သက်ပျောက်ဆွမ်းတနပ် ရက်လည်
လလည် နှစ်ပတ်လည် အဲ့ဒီပန်ကာ မလည်တော့တာ တော်တော်ကြာပြီ
လျှပ်စီးလက်လိုက်သလိုပြက်ပြက်ထင်ထင် မက်ကန်းနစ်တစ်ယောက်ဆီဖုန်းခေါ်ဖို့
ရှော့အကြီးကြီးလိုနေတယ် ခေါင်းကိုက်ရောဂါ နားထင်ကိုသွေးတွေခပ်ပြင်းပြင်း
ပြေးပြေးဆောင့်နေတယ် မနက်ဖြန်အလှူအိမ်သွားမယ် ညနေကျရင် အရက်ဆိုင်
သွားမယ် လူတွေနဲ့ဝေးဝေးဝေးတဲ့နေရာဟာ သီချင်းထဲမှာလို လှတပတမဟုတ်ဘူး
Criss Angel ရဲ့ မျက်လှည့်ပြကွက်တစ်ခုလို ကြည့်ရတာနားငြီးတယ် အမှိုက်
မပစ်ရ လမ်းကြားထဲမှာဝပ်နေတဲ့မေတ္တာတရားဟာ ခွေးလေခွေးလွင့်လေးလို
ပွတ်သပ်ကျီစယ်မှုလိုချင်နေတယ် စိတ်လေတယ် အလင်းနဲ့ရေးတဲ့
ပန်းချီကားထဲ အရိပ်ကိုထည့်ဆွဲဖို့ လက်တွန့်နေ ဒါမှမဟုတ် တွေဝေနေ စိတ်ကျ
ဟောင်းနေတဲ့တံဆိပ်နဲ့ နေနေတဲ့ အခိုက်အတံ့ဟာ ကြားနေ၀ါဒီ ဘရန်ဒီ
မကြိုက်တဲ့ ရမ်ကော်ဖီ တစ်ယောက်ထဲကို ရှုပ်နေတော့တာပါပဲ မသိတော့တဲ့အထိ
ခရမ်းရောင်ပန်းတွေပွင့်နေတဲ့ကမ္ဘာဆိုတဲ့စာသားပါတဲ့ သီချင်းကို Repeat
လုပ်ပစ်လိုက်တယ် ဆေးလိပ်မသောက်တော့ဘူးလို့ရေးထားတဲ့စာရွက်ကို
မီးရှို့လိုက်တယ် နောက်ဆိုအပိုတွေမလုပ်မိအောင်သတိထားရမယ်
မေ့ပစ်ထားခဲ့တဲ့ သတိတွေက တာမွေမှာ ကဗျာဆရာကောင်းတွေ ပေါတယ် တဲ့
အခန်းလွတ်ထဲက ပန်းချီကားအလွတ်တွေ နည်းပညာသုံးစွန့်လွှတ်မှုတွေ
မေ့ပစ်ထားခဲ့ပါတယ်ဆိုမှ သတိဆိုတဲ့အရိပ်က မလွတ်ဘူး မလွတ်မြောက်နိုင်တော့ဘူး
အကြောင်းအရာဟာ လူပြောများတဲ့ခေါင်းစဉ်ထဲ ၀င်သွားတာ သတိထားမိလိုက်လား
Notification ဟာမျက်စိနောက်စေတဲ့အကြောင်း အရင်းစစ်တော့ အမြစ်မြေကဆိုသလို
သီချင်းဆိုပြိုင်ပွဲတွေများသထက်များလာပြီ ညီမလေး ကျန်းမာရေးဂရုစိုက်ပါ လမ်းလွှဲမှ
မောင်းပါ မီးပွိုင့်မှာ လိုအပ်ရင် ဘရိတ်သုံးမယ်ဆို နည်းနည်းကြိုပြောပါ စသည်ဖြင့်
သိမှုဟာ ဟိုရောက်ဒီရောက် ဟိုမရောက်ဒီမရောက် လမ်းဆုံးရင်တွေ့မဲ့ရွာက ကာလသား
ရောဂါကင်းရှင်းရဲ့လား စိုးရိမ်ရေမှတ်ကိုကျော်လွန်လာတဲ့နောက်တော့ စိုးရိမ်စရာ
အခြေအနေဟာ ပုံမှန်ပြန်ဖြစ်သွား ခင်ဗျားလဲ ရိုးသွားမှာပါ ။

 - မင်းလုလင် -

ကျွန်တော် ဆရာဝန်တစ်ယောက် အလိုရှိနေတယ်

ဦးနှောက်ထဲဝင်ထွက်နေတဲ့ပုန်ကန်လိုစိတ်ကို ခွဲစိတ်ဖို့ နောက်ပြီး
ကျပ်ကျပ်တည်းတည်းဖြစ်နေတဲ့ လက်ရှိအခြေအနေကို စွတ်တရွတ်
သိမှုနယ်ပယ်ထဲကနေ ဆွဲထုတ်ပစ်ဖို့ အကိုက်အခဲပျောက်ဆေးပြားတစ်ချို့
ဒါမှမဟုတ် နားကြပ်တပ်ပြီးကျွန်တော့စိတ္တဇကို နားထောင်ပေးဖို့
ကျွန်တော့စကားသံတွေက ထုံဆေးနံ့တွေ မွှန်နေမလားပဲ ဆောရီးပဲ ဒေါက်တာ
ယဉ်ကျေးမှုကို ကျွန်တော့သွေးကြောထဲ ထိုးသွင်းပေးပါ သွေးခုန်နှုန်းဟာ ပုံမှန်
ရှိရဲ့လား စိုးရိမ်ကြောင့်ကြမှုတွေ အရမ်းများနေသလား ကျွန်တော်မသိဘူး
ကျွန်တော်က ဆရာဝန်တစ်ယောက်မဟုတ်ဘူး ဒေါက်တာ ကျွန်တော်က
ဆရာဝန်တစ်ယောက်အလိုရှိနေတာ ကျွန်တော်ခေါင်းကိုက်နေရတာ
ပုံမှန်ဟုတ်ရဲ့လား ပုံမှန်မဟုတ်ဘူးလား ပုံမှန်မဟုတ်တဲ့ဖြစ်စဉ်တွေကြောင့်လား
ကျွန်တော်ရူးသွားပြီလား နေ့ချင်းညချင်းမျှော်လင့်နေရတဲ့ခံစားမှုအစားထိုး
ခွဲစိတ်ကုသမှုတစ်ခုလား ထုံဆေးမပေးပါနဲ့ ဒေါက်တာ ကျွန်တော်က ထုံပေပေ
လူသား ခံစားချက်ကုန်ခန်းတဲ့ရောဂါနဲ့ နံရံတွေဆီကနေထွက်ပြေးလို့မလွတ်နိုင်တာ
အတက်အဆင်းတွေမှာ မော မော နေတာ ကျွန်တော်အိပ်ရတာမပျော်ဘူး
ကျွန်တော်မအိပ်တာနာရီဘယ်နှစ်လုံးစာ နောက်ထပ်နာရီဘယ်နှစ်လုံးစာ
ကျွန်တော့ကို အိပ်စက်အနားယူခြင်းပေးပါ ဒေါက်တာ လက်ကောက်ဝတ်က
အချိန်တွေထဲမှာ နစ်မြုပ်နေရတာလဲ ၀မ်းနည်းစရာပဲ ဒါသွေးရိုးသားရိုးမှဟုတ်ရဲ့လား
ဖြေပေးပါ ဒေါက်တာ ခင်ဗျားဟာ ကျွန်တော်အလိုရှိနေတဲ့ဆရာဝန်တစ်ယောက်
ကြောက်ရွံ့နေမှုတွေကို ကျွန်တော့ဆီက ဆွဲထုတ်သွားပါ ခပ်ဝေးဝေးတနေရာဆီမှာ
ကျွန်တော်တစ်ယောက်ထဲ အဆင်ပြေပါ့မလား စိုးရိမ်ရတဲ့အခြေအနေမှာ ကျွန်တော်
အသံတွေကိုကြောက်တယ် ကျွန်တော့ကိုယ်ကျွန်တော် မေ့လျော့သွားစေဖို့
နည်းလမ်းတစ်ခုခုများရှိနေမလား ဒေါက်တာ ဖြစ်နိုင်ရင် ကျွန်တော့နားတွေကို
လှီးထုတ်ပေးပါ အသံတွေကြောင့် ကျွန်တော်အိပ်မရတာမျိုးလား ကြောက်
နေရတာမျိုးလား ကျွန်တော် ဆရာဝန်တစ်ယောက်အလိုရှိနေပါတယ် ဒေါက်တာ ။

- မင်းလုလင် -

ရောဂါဟာအနက်ရောင်ကျောပိုးလွယ်အိတ်ထဲမှာ တွဲခို






အပိုင်းအစတွေကို မေ့လျော့ပစ်လိုက်ဖို့ မေ့လျော့နေတုန်းပဲ  စိတ္တဇဟာ
တနေ့ထက်တနေ့ ချည်နှောင်လာတယ် ကြိုးတွေပြတ်နေတဲ့ ဂစ်တာကို
သံယောဇဉ်ဖြစ်လွန်းနေမှုကလဲ စိတ္တဇပဲ ဘာလို့လဲ မေမေ
လူတွေက လူပီသလွန်းတဲ့အခါ ရွံစရာကောင်းလာတယ် မြင်မြင်သမျှ
အတတ်ပညာတွေချည်းပဲဆိုတော့ ခံစားမှုဝါဒီတစ်ယောက်ဟာ ကမ္ဘာ
အပေါ်ကနေ ထွက်ခွာသွားပေးရမလား ဟင့်အင်း မဟုတ်ဘူး မေမေ
လူတွေကို ကျွန်တော်ခွင့်မလွှတ်တတ်သေးဘူး ဆူပါ ရိုက်ပါ ငယ်ငယ်ကလို
နားဝင်ချိုစွာ ဆဲပါ အနက်ရောင်ကျောပိုးအိတ်လေး ဟောင်းနေပြီ
မေမေ အနက်ရောင်ဆိုတော့ ဟောင်းနွမ်းနေမှန်းမသိသာဘူး ကျွန်တော်လဲ
ဟောင်းနွမ်းဆွေးမြေ့  တငွေ့ငွေ့လောင်နေတဲ့ စီးကရက်ကို ဦးနှောက်ထဲ
ထိုးသွင်းပစ်လိုက်တယ် မေမေ မကြိုက်ဘူး ကျွန်တော်ကလဲ ဂရုမစိုက်ဘူး
စိတ်ဆိုးနေမလား မေမေ သားလူမိုက်ဟာအမေ့ရင်ခွင်နဲ့ အနီးတ၀ိုက်မှာ
ပျောက်ကွယ်နေတာ ပျောက်ဆုံးနေတာ အမှတ်တရတွေနဲ့ကင်းကွာနေတာ
အိပ်မက်တွေကိုအရောတ၀င်လုပ်နေရတာ ကျွန်တော် ပျင်းတယ် ရောစပ်ထားတဲ့
အရောင်ခပ်ပြင်းပြင်းတွေနဲ့ ကျွန်တော်မမှီမကမ်း ဆုပ်ကိုင်ထားတဲ့ အနုပညာဟာ
လူယဉ်ကျေးတွေရဲ့ ပစ်စာ  ကျွန်တော့မှာရယ်ရလွန်းလို့ အာခေါင်တွေနာလာတဲ့အထိ
သူတို့ သိပ်သနားစရာကောင်းတာပဲ မေမေ တားမြစ်ဧရိယာတွေမှာ ကျွန်တော်
ပျော်တယ် ကဲ့ရဲ့သံတွေကြားမှာ ကျွန်တော်ပျော်တယ် အနာဂတ်ဆီ ခရီးထွက်ဖို့
ကျွန်တော့အနက်ရောင်ကျောပိုးအိတ်လေးက အဆင်သင့်ဖြစ်နေပြီ မေမေ
ခေတ်နဲ့ဝေးရာကို ကျွန်တော် ပြေးထွက်သွားဖို့ သက်လုံ လုံလုံလောက်လောက်
စုမိဆောင်းမိရှိလာတဲ့အခါ ကျွန်တော်ဟာအစိမ်းရောင်အပင်တပင်စိုက်မယ်
ကမ္ဘာကြီးကို အရွဲ့တိုက်မယ် အဲ့ဒီထက် နည်းနည်းလေးပိုချင်လဲပိုမှာပေါ့
မေမေ  သားတော့သေမှာပါပဲ အဲ့ဒါဟာလဲ အမြင့်ဆုံးအောင်မြင်မှု
ဖြစ်ကောင်းဖြစ်နိုင်တာပဲ မေမေ  ။   ။

- မင်းလုလင် -

ကျုပ်တို့က လူငယ်




သက္ကရာဇ်ဟာ အတွန်းအတိုက်များတယ် လက်တဆုပ်စာမက
အိုမင်းရင့်ရော်လာမှုတွေနဲ့ ကျုပ်တို့က ကိုးကွယ်ယုံကြည်မှု ပုံမှန်
မရှိတဲ့ လူငယ် ဆိုတော့လဲ မကြာခဏ လဲတယ် အကြေးခွံတွေဟာ
အရောင်တောက်တောက်ဝတ်ဆင်ထားတဲ့ နေ့ ဆိုရင် ညလုံးပေါက်
အလင်းဆိုင်ထိုင်တယ် လမ်းတွေဆီ လျှောက်တယ် ပြေးဝင်လာတဲ့
ညတွေဆီ ပြေးဝင်တယ် ပြီးတော့လဲ ဟင်းလင်းပွင့်ပစ်လိုက်ရ
အလေအလွင့်အဖြစ် လေလွင့်ပစ်လိုက်ရ ကျုပ်တို့က မိုးလေ၀သ
သတင်းမသိတဲ့လူငယ် မိုးမိလွယ်တယ် မျက်ရည်လွယ်တယ် သွေး
ဆူလွယ်တယ် စိတ်ဓါတ်ဟာ ဓါတ်ပုံတစ်ပုံအောက် အလျင်စလို
ရိုက်သွင်းလိုက်တဲ့ မှတ်ချက်စာတစ်ကြောင်းလို ကို့ရို့ကားယား
ဖော်ပြချက်တွေနဲ့ မနေ့က နဲ့ ဒီနေ့ဟာ သိသိသာသာကွဲလွဲလာတယ်
လူ့အဖြစ်ဟာ နိမ့်ကျလာနေသလို ပြီးတော့လဲ လောင်ကျွမ်းပစ်လိုက်ရ
လျော့ကျလာတဲ့အရေခွံကို သေသေသပ်သပ်  ပြန်ဆွဲစေ့နေရ
စေ့ထားတဲ့တံခါးပေါက်တွေကို သက်လုံကောင်းကောင်းနဲ့
တွန်းဖွင့်နေရ ကျုပ်တို့က လူငယ် အမှားတွေနဲ့ ပြကွက်ဟာ
ထပ်နေတယ် တလမ်းပေါ်တလမ်း တခန်းပေါ်တခန်း တယောက်ပေါ်
တယောက် လူလေးယောက်မှာ အနုပညာရှင် တယောက်
ရှိနေပြီလို့ကျုပ်တော့သတ်မှတ်မိတာပဲ ဆိုတဲ့ လူငယ်ဟာ လူငယ်နဲ့
ညကြီးမင်းကြီးမအိပ်ခဲ့ရတဲ့ မောင်ချောနွယ်အကြောင်း မပြောကြဘူး
ခေတ်မှီယဉ်ကျေးမှုအကြောင်း မပြောကြဘူး ကျုပ်တို့က လူငယ်
လိင်စိတ်ကြွစကားလုံးတွေကို နှစ်သက်တယ် ခေတ်မှီ
အိပ်ယာဝင်ပုံပြင်တွေကို လက်လှမ်းမမှီတဲ့နေရာမှာ သိုလှောင်
အနုပညာလက်ကျန်ထဲဝင်ရောက်ပုန်းခိုနေတဲ့ ခင်ဗျားတို့ဟာလဲ
တချိန်က လူငယ် ဂျင်းဘောင်းဘီဝတ်တယ် အပြာရောင်နည်းနည်း
ထည့်ဖျော်ထားတဲ့ စိတ်ကြွဆေးသောက်တယ် ပြီးတော့လဲ လူကြီး
လူကောင်း လုပ်ပစ်လိုက်ရတာပါပဲ ။

- မင်းလုလင် -

ကျောင်းသားမဟုတ်တော့တဲ့အခါ ကျောင်းဟာလွမ်းစရာဖြစ်လာ





အဖြူရောင်ဟာ ဒီနေရာမှာ စခဲ့ကြတယ်ဆိုရင်
ဒီနေရာဟာ အဖြူရောင်နယ်နိမိတ်ပဲ ။
ခဲတံကို စက်တပ်ခလုတ်နှိပ်ပြီး သုံးနိုင်သူတွေရှိသလို
ခဲတံကို တံတွေးစွတ်အားစိုက် ဖိရေးကြသူတွေလဲရှိမယ်
ခမ်းနားတဲ့ အတိတ်တွေ အရိပ်ကျနေတဲ့ ကျောင်းဟာ
ခြံစည်းရိုးအသစ်နဲ့ လှနေတုန်းပဲ ။
ငါတို့တုန်းကလေ .... စသည်ဖြင့်
လွမ်းစရာဟာ ရာစုနှစ်နဲ့အပြည့်အဝ
ကျောင်းဟာ နုပျိုနေတုန်းပဲ ။
ကဲ ... ငိုရတာလဲ ရှိချင်ရှိမယ်
မျက်ရည်ဟာ ကျောင်းကိုရောက်ရင် အရောင်တောက်လာတယ်
နေရတာက ဘေးလူတစ်ယောက်လို
နွေးထွေးမှုဟာ ကိုယ့်အပေါ်ကို တည့်တည့်မကျဘူး
မရှိတော့မှ ပိုတန်ဖိုးကြီးလာတတ်တဲ့အရာတွေထဲ
မုန့်ဈေးတန်းနဲ့ စိန်ပန်းပင်တွေ တလှည့်စီ လွမ်းကြ
တမ်းတမ်းတတဖြစ်လာရင် မျက်လုံးတွေကို အရည်ဖျော်ကြ
ပျော်ကျလာတဲ့ မျက်ရည်တွေထဲမှာ အရိပ်ထင်နေမယ်  ကျောင်း ။

- မင်းလုလင် -

( ပဲခူးမြို့  ။ အ . ထ . က ( ၃ ) ကျောင်းအား သတိရလွမ်းဆွတ်မိစဉ်က )

ပြိုင်ပွဲ



" တကယ့်ပရိယာယ်ဆိုတာ စစ်တုရင်ရုပ်လေးတွေပေါ်မှာရှိတာမဟုတ်ပါဘူး .....

လူတွေရဲ့ အတွင်းစိတ်ထဲမှာ ရှိတယ်ဆိုတာ .... "



အခန်း ( ၁ )


ခန်းမဆောင် တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်နေသည် ။ တချက်တချက် ချောင်းဟန့်သံ တစ်ချို့ ....
သက်ပြင်းချသံတစ်ချို့ မှ အပ တိတ်ဆိတ်ခြင်းကသာ ကြီးစိုးနေသည် ။
ခန်းမ၏အလယ်တည့်တည့်တွင် စစ်တုရင်ကစားခုံတစ်ခု နှင့် လူနှစ်ယောက် ။

ပြိုင်ဘက်၏ ရွှေ့ကွက်အဆုံးတွင် ဟာကွက်ကို သူ မြင်လိုက်ရသည် ။
သူ့ မျက်နှာတွင် အဓိပ္ပါယ်ခန့်မှန်းရခက်သော အပြုံးတစ်ခု ။ ထိုဟာကွက်ထဲသို့ သူ၏
ဘစ်ရှော့က မြှားတစင်းနှယ် ၀င်ရောက်သွားသည် ။ သူ့အပြုံးက လေးနက်သည်ထက်
ပို၍လေးနက်လာလေသည် ။ သူ့ရဲ့တိုက်စစ်အောက်တွင် ပြိုင်ဘက်ကစားသမားရဲ့ ခံစစ်ကြောင်း
အတုံးအရုန်း ပြိုလဲသွားခဲ့ရလေပြီ ။

ပြိုင်ဘက်ကစားသမားက ဘုရင်ရုပ်အား ဘေးသို့ ခပ်ဖြည်းဖြည်း တွန်းလှဲ လိုက်သည် ။
သူသိလိုက်ပါပြီ ။ ဒါက စစ်တုရင် ကစားပွဲတစ်ခုရဲ့ အရှုံးပေးခြင်းသင်္ကေတ ။
လက်ခုပ်သံတို့ သူ့အပေါ် ပြိုကျလာသည် ။ ဘယ်နှစ်ကြိမ်မြောက်မှန်း မမှတ်မိတော့နိုင်သော
သူ၏ နိုင်ပွဲတစ်ခု ။ ထိုသို့သော လက်ခုပ်သံမျိုးက သူ့ဘ၀တွင်
အကြိမ်ပေါင်းမြောက်များစွာ ရရှိခဲ့ဖူးသည် ။ အင်္ကျီလည်ပင်းပေါက်အား
သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပြီး သူ မတ်တပ်ထရပ်လိုက်သည် ။
လက်ခုပ်သံတို့အား တုံ့ပြန်သောအပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် အထင်းသားပေါ်လွင်နေသည် ။
သူက အောင်မြင်မှုကို ဆာလောင်နေသော စစ်တုရင်ကစားသမားတစ်ယောက် ။
သူ့ကစားသမားသက်တမ်းတလျှောက် ရှုံးပွဲဆိုတာ မရှိခဲ့သည်အထိ သူ အောင်မြင်ခဲ့သည် ။
ဒါပေမဲ့ အောင်မြင်မှုတွေကို သူ ဆာလောင်နေဆဲ ။

သူ့ရဲ့ထုံးစံအတိုင်း ပြိုင်ဘက်ကစားသမား၏ ဘုရင်ရုပ်လေးကို ကောက်ယူပြီး
ခန်းမ အတွင်းမှ တလှမ်းချင်း သူ လှမ်းထွက်လာခဲ့သည် ။




အခန်း ( ၂ )




စစ်တုရင်ကစားခုံပေါ် ထိုးကျနေသော အလင်းတန်းတစ်ခုမှအပ အခန်းတစ်ခုလုံး တိတ်ဆိတ်
မဲမှောင်နေသည် ။ စစ်တုရင်ခုံဘေးတွင် သူ ။

အချိန်အတော်ကြာငြိမ်သက်နေပြီးမှ ရွှေ့ကွက်တစ်ခုကို သူ ရွှေ့လိုက်သည် ။
ထို့နောက် စစ်တုရင်ကစားခုံ ၏ တဖက်ခြမ်းသို့ ဖြည်းညှင်းစွာ ကူးပြောင်းလိုက်သည် ။
စစ်တုရင်ကစားပွဲတစ်ခုအား သူ တစ်ယောက်ထဲ ကစားနေခြင်းဖြစ်သည် ။
သူ က သူ၏ ပြိုင်ဘက် ။ သူနှင့် လက်ရည်အတူဆုံးပြိုင်ဘက်နှင့် သူ ကစားနေခြင်းဖြစ်သည် ။

သူ့ဘ၀တစ်လျှောက် ပြိုင်ပွဲပေါင်းမြောက်များစွာ သူ ကစားခဲ့သည် ။ ကစားခဲ့သည့်ပွဲတိုင်း
သူအနိုင်ရခဲ့သည် ။ ဒါပေမဲ့ သူမကျေနပ်နိုင်ပေ ။ ပြိုင်ပွဲတိုင်းကို အနိုင်ရနေသော
သူ့ကိုယ်သူ နိုင်ချင်သည် ။ အဲ့ဒါက သူ့ရဲ့ အကြီးမားဆုံးရည်ရွယ်ချက် ။
ထိုသို့ဖြင့် သူ၏အခန်းကျဉ်းလေးထဲတွင် စစ်တုရင်ကစားပွဲများကို နေ့စဉ်သူဖန်တီးခဲ့သည် ။
သူရဲ့ ပြိုင်ဘက်က သူကိုယ်တိုင်ပင် ။

ရက်ပေါင်းများစွာ သူ ကစားခဲ့သည် ။ ဒါပေမဲ့ တခါမှ သူအနိုင်မရခဲ့ ။ ကစားခဲ့သည့်
ပွဲများအားလုံး သရေပွဲများသာ ဖြစ်ခဲ့သည် ။ သူ့ကိုယ်သူ အနိုင်ရမဲ့ နည်းလမ်းကို
နေ့စဉ်တိုင်း သူရှာဖွေခဲ့သည် ။ အဆန်းကြယ်ဆုံးသော ရွှေ့ကွက်များနှင့်
သူ့ကိုယ်သူ ပြန်ရင်ဆိုင်ခဲ့သည် ။ ဒါပေမဲ့ ဘယ်လိုပဲယှဉ်ပြိုင်ပါစေ ... သူ အနိုင်မရခဲ့ ။

အခုလဲ သူရဲ့ ကြောက်စရာကောင်းလှတဲ့ တိုက်စစ်ကို သူ အသည်းအသန် ကာကွယ်လိုက်နိုင်သည် ။ ဒါ့အပြင် ပြန်၍ပင် ထိုးစစ်ဆင်လိုက်နိုင်သေးသည် ။ ပွဲက ဘက်မျှလွန်းနေသည် ။
သူ့ ရဲ့ အတွေ့အကြုံအရ ဒီတစ်ခါ လဲ သရေပွဲ ပဲ ဖြစ်မည်ဆိုတာကို သူကြိုတွက်မိသည် ။

ဒါကြောင့် စစ်တုရင်ကစားပွဲကို အဆုံးသတ်ပြီး အမှောင်ထဲတွင် သူ ငြိမ်ငြိမ်လေး ထိုင်နေသည် ။
သူ့စိတ်ထဲတွင် အရာရာ ဗလာ ။




အခန်း ( ၃ )


မှောင်မဲနေသော အခန်းကျဉ်းလေးထဲတွင် အလင်းရောင်တို့က ကစင့်ကလျား
ပြန့်လျားသွားသည် ။ မီးလောင်နေသော စစ်တုရင် ကစားခုံတစ်ခု ။ ထိုမီးထဲတွင်
သူ့ရဲ့ဘ၀တစ်လျှောက်ကစားခဲ့သော ကစားပွဲများမှ ပြိုင်ဘက် အရှုံးသမားဘုရင်ရုပ်ကလေးများ ။

သူ့မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားသည် ။ ထိုအပြုံးက လက်ခုပ်သံများအား
တုံ့ပြန်နေကြအပြုံးမျိုး ။ အဓိပ္ပါယ်လေးနက်လွန်းလှသည် ။

တဖြည်းဖြည်းချင်း စစ်တုရင်ခုံဘေးသို့ သူ လဲကျသွားသည် ။ သူ့လက်ကောက်ဝတ်က
သွေးစက်တွေက ဘုရင်ရုပ်ကလေးတွေဆီ တဖြည်းဖြည်းချင်း စီးဆင်းသွားနေသလိုပင် ။ ။


- မင်းလုလင် -




( HOE Online Magazine မှာ ရိုးဈာန် ဆိုတဲ့ကလောင်နာမည်နဲ့ ကျွန်တော် ရေးသားခဲ့ပါတယ် )

ကျွန်တော် နှင့် ရောက်တတ်ရာရာများ ( ၃ )

ကပေါက်တိကပေါက်ချာ မင်းလုလင် 's စာ



    စာရေးတဲ့အလုပ်က ထင်သလောက်မလွယ်မှန်း ရေးဖူးတဲ့သူတိုင်း သိကြပါလိမ့်မယ် ။
    ကျွန်တော်နှင့်ရောက်တတ်ရာရာများ လို့ခေါင်းစဉ်ပေးထားတာတောင်မှ ရောက်တတ်ရာရာ ရေးဖို့
    အကြောင်းအရာက မရှိဖြစ်နေတယ် ။ ဒါနဲ့ပဲ ယခင် ရယ်စရာ ယခု ပြုံးစရာမဂ္ဂဇင်းရဲ့ အယ်ဒီတာ
    မောင်မောင်စနေရဲ့ ထုံးနှလုံးမူပြီး သူ့ရဲ့ခေါင်းစဉ်ကို ခပ်တည်တည်ပဲ ယူတတ်လိုက်တယ် ။
    ကပေါက်တိကပေါက်ချာ မင်းလုလင်ရဲ့စာ ပေါ့ဗျာ ။ ဆရာမောင်မောင်စနေရဲ့အရင်
    ဘယ်သူတွေက ဒီခေါင်းစဉ်ကိုသုံးခဲ့ဖူးလဲဆိုတာမသိပေမဲ့ ကျွန်တော်ကတော့ ဆရာမောင်မောင်စနေရဲ့
    စာတွေကို ဖတ်ပြီးတော့ သူ့ခေါင်းစဉ်ကို ခပ်တည်တည်ပဲ ပုံတူကူးချလိုက်တာပါ ။
    ပြောမဲ့သာပြောတာ ၊ ဒီခေါင်းစဉ်အောက်မှာ စာရေးရတာ တော်တော်လွတ်လပ်တယ်ဗျ ။
    ကပေါက်တိကပေါက်ချာရေးထားတဲ့စာတွေဆိုတော့ မှန်တာရှိရင်လဲရှိမယ်  မှားတာရှိရင်လဲရှိမယ် ။
    ဆင်ဝှေ့ရန်ရှောင် အပြစ်လွတ်တယ်ပေါ့ဗျာ ။ ခေါင်းစဉ်အောက်မှာ စာရေးတဲ့အကြောင်းပြောရင်းနဲ့
    တလောက မျက်နှာစာအုပ်ကြီးရဲ့ စာမျက်နှာတစ်ခုမှာဖတ်လိုက်ရတဲ့ ကိုလူပအောင်ရဲ့
    ခေါင်းစဉ်အောက်က ကဗျာ ၊ ကဗျာအောက်က ခေါင်းစဉ်ဆိုတဲ့ စာလေးတပုဒ်ကို သွားသတိရမိတယ် ။
    အွန်လိုင်းကဗျာဆရာတစ်ချို့ကို ရည်ညွှန်းတဲ့ စာတပုဒ်ပါ ။ တကယ်တော့ အွန်လိုင်းမီဒီယာဆိုတာက
    လွတ်မြောက်နယ်မြေ တစ်ခုလိုပါပဲ ။ မိမိဖန်တီးချင်တဲ့ အနုပညာကို လွတ်လွတ်လပ်လပ် ဖန်တီးတင်ဆက်လို့ရတယ် ။
    ဒါပေမဲ့ လွတ်လပ်မှုကို အလွဲသုံးစားတော့ မလုပ်သင့်ဘူး ။ ယခုနှစ်ပိုင်းမှာ အွန်လိုင်းကဗျာအသိုင်းအ၀ိုင်းမှာ
     အလှုပ်အရှားတွေ အမြောက်အများတွေရပါတယ် ။အပြောင်းအလဲတွေနဲ့ အသစ်တွေကို
     ကြိုးစားဖန်တီးမှုတွေလဲ တွေ့ရပါတယ် ။ တစ်ချို့တွေကျတော့ တဆိတ်လွန်လွန်းတယ်ဟုပြောရမလိုပင် ။
     အသစ်ဆိုမှ အသစ် ။ အဟောင်းဆို ဖတ်တောင်မဖတ်ချင်ဘူးဆိုတာမျိုးတွေလဲ တွေ့ရပါတယ် ။
     ဒါမျိုးကျတော့ ကဗျာကိုစော်ကားနေသလိုပင် ။ ကျွန်တော် ကဗျာဖတ်ပါတယ် ။
     ကဗျာဖတ်တာမှ ဟိုးငယ်ငယ် ကလေးဘ၀ကတည်းက ဖတ်တာပါ ။
     တို့ကျောင်းတို့ ၊ တို့ဖေဖေတို့ ၊ ဒီလိုကနေ စပြီး သပြေနုချိန် ၊ နွေဦးကာလမြူထသောအခါ စသည်စသည်ဖြင့်
     ကဗျာနဲ့ ရင်းနှီးခဲ့တာပါ ။ အဟောင်းဆို ဖတ်တောင်မဖတ်ချင်ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေကတော့
    ဘယ်လိုကဗျာမျိုးတွေ ဖတ်ပြီး ကဗျာနဲ့ ရင်းနှီးခဲ့သလဲတော့ မသိဘူးပေါ့ဗျာ ။
     အဟောင်းတွေဆို ဖတ်ကိုမဖတ်ချင်ဘူးဆိုတာကတော့ ..... စာရွက်တွေဟောင်းနေတော့
    စာလုံးတွေပျက်တဲ့ဟာကပျက်နဲ့ ဖတ်ရတာ အရသာပျက်လို့ထင်ပါရဲ့ ။ တစ်ချို့တွေကပြောကြသေးတယ် ။
     စွန့်လွတ်ရမယ် ။ အသစ်ကိုလိုချင်ရင် စွန့်လွတ်ရမယ် ။ ကျွန်တော်ကလဲ ပြောလိုက်ချင်ပါတယ် ။
     တကယ်စွန့်လွတ်ရဲတယ်ဆိုရင် ကဗျာဆရာဘ၀ကိုပါ စွန့်လွတ်လိုက်ပြီး ဆိုက်ကားနင်းကြပါလားလို့ ။
     အဲ့ဒီထက် စွန့်လွတ်ပြီး အဲ့ဒီထက်သစ်တာတော့ မရှိတော့ဘူးထင်တယ် ။
    ဘ၀တစ်ခုလုံးပါ အသစ်ဖြစ်သွားနိုင်ပါတယ် ။ ရယ်စရာအဖြစ်ပြောတာပါ ။
    တစ်ချို့ကကျတော့လဲ နာမည်ကြီးတွေနဲ့ ခင်မင်မှုရှိကြောင်း သိပ်ကို သိစေချင်ကြတယ်ဗျ ။
     စိန်နားကပ်အရောင်နဲ့ ပါးလေးလဲ နည်းနည်းပြောင်နိုင်ကောင်းရယ်လို့ တွေးတာမျိုးလဲ ဖြစ်ချင်ဖြစ်မှာပေါ့ ။
    နာမည်ကြီးဆိုတာကတော့ ရှင်းပါတယ် ။ ကဗျာဆရာမောင်ချောနွယ်နဲ့ ကဗျာဆရာမင်းလုလင်
     ဘယ်သူ့ကို လူပိုသိသလဲလို့မေးရင် ကလေးတွေခွေးတွေ မမေးပဲနဲ့ကို သိနိုင်ပါတယ် ။
     မင်းလုလင်ဆိုတာက ငချွတ်တာတေပေါက်စလေး ။ ဒီတော့ ဆရာမောင်ချောနွယ်ကို လူပိုသိတာပေါ့ ။
    ဒီတော့ မောင်ချောနွယ်က နာမည်ကြီးပေါ့ ။ အဲ့လိုပုဂ္ဂိုလ်မျိုးတွေကို ကျွန်တော်ကလဲ ပြောချင်ပါတယ် ။
    ကျွန်တော်လဲ နာမည်ကြီးတွေနဲ့ သိပါတယ် ။
    ဥပမာ - ခရစ်စတီယာနို ရော်နယ်ဒို တို့ ၊ အိုဘားမား တို့ ဇာဂနာတို့ စသည်ဖြင့်ပေါ့ ။
    ဘယ်လိုသိသလဲဆိုရင် တီဗီထဲမှာ မြင်ဖူးပါတယ် ။  ဒီတော့ သူတို့ကို လမ်းမှာတွေ့ရင် တွေ့တာနဲ့
   ဘယ်သူတွေလဲဆိုတာ ကျွန်တော်သိပါတယ် ။ နာမည်ကြီးဆိုတာလဲ လူတွေပဲ မဟုတ်ပါလား ။
    ရောက်တတ်ရာရာတွေပြောလာလိုက်တာ ကဗျာတွေ နာမည်ကြီးတွေအထိတောင်ရောက်သွားပြီ ။
    ကျွန်တော်ဆိုတာကလဲ ကဗျာနဲ့ပတ်သတ်ရင် မူလတန်းကလေးအဆင့်တောင်မရှိသေးဘူးဆိုတော့
    ဒါတွေလိုက်ပြောနေတော့လဲ ရယ်စရာဖြစ်တာပေါ့ ။
    အခုမှ ကပေါက်တိကပေါက်ချာဆိုတဲ့ ခေါင်းစဉ်နဲ့ စပ်မိ ဟပ်မိ ဖြစ်လာတယ် ။
    နောက်တစ်ခုက ကျွန်တော်တို့ကမ္ဘာမှာ ကယ်တင်ရှင်ဖြစ်ချင်တဲ့သူတွေလဲ အရမ်းများလာပုံပဲ ။
    Save the seahorse ၊ Save the shark ၊ Save the children ၊Save the ayeyarwady စသည်စသည်ဖြင့်
   Save the တွေ တော်တော်များလာတယ် ။ တကယ်လိုအပ်နေတဲ့ကယ်တင်မှုတွေရှိသလို ပေါ်ပြူလာဖြစ်ချင်လို့
    ကယ်တင်ကြတာတွေလဲ ရှိပါတယ် ။ တကယ့်ကယ်တင်မှုတွေအတွက်တော့
     စိတ်ရောကိုယ်ပါ လက်ခုပ်လက်ဝါးတီးပြီး အားပေးအားမြှောက်ပြုပါတယ် ။
    နောက်ပြီး အဲ့ဒီ ကယ်တင်ရှင်တွေကို အကူအညီတစ်ခုလောက်တောင်းချင်ပါတယ် ။
    ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် Save the POET ဆိုတာလေးပါ လုပ်ပေးနိုင်ကြမလားရယ်လို့ပေါ့  ။     ။




- မင်းလုလင် -

ကျွန်တော်နှင့်ရောက်တတ်ရာရာများ ( ၂ )

အာနီ လျှာနီ မြန်မာပြည်


တံတားဦးက ကွမ်းနုဝါ

ငါန်းမြှာ က ဆေး
ကွမ်းသီး တောင်ငူနဲ့
ကိုင်းထုံးဖြူ ပြည်ရှား
သာဝါးလို့ထွေး ။    ။
ဒီစာချိုးလေးက မြန်မာတွေ ဘယ်လောက်တောင် ကြီးကြီးကျယ်ကျယ်
ကွမ်းစားခဲ့သလဲဆိုတာ ပေါ်လွင်စေပါတယ် ။ ကွမ်းရွက်ကို တံတားဦးက ၊
ဆေးကို ငါန်းမြှာ က ၊ ကွမ်းသီးကို တောင်ငူက အစရှိသည်ဖြင့် ကောင်းပေ့ဆိုတဲ့
နေရာတွေက ကွမ်း ကွမ်းသီးတွေစုပေါင်းပြီး ဘုရင်ကိုဆက်သ ။
ဘုရင်က ကွမ်းတော်ကို စားတော်မူတယ်ပေါ့ ။ အဲ့သလိုကြီးကျယ်ခဲ့ကြပါတယ် ။

အခုခေတ်မှာတော့ တစ်ချို့အိမ်တွေမှာ ကွမ်းအစ်နဲ့ ကွမ်း ကွမ်းသီးခြမ်း တည်ပြီး
စားတာကလွဲရင် ကွမ်း ဘယ်က ရ ၊ ကွမ်းယာဆိုင်က ရဆိုသလို ဖြစ်နေပါပြီ ။
ရပ်ကွက်တိုင်းမှာ ဘုန်းကြီးကျောင်းမရှိချင်နေရမယ် ။ ကွမ်းယာဆိုင်တော့ ရှိတယ် ။
ကွမ်းယာရောင်းရင်း တိုက်ဆောက်ကြတယ် ။ ကားစီးကြတယ် ။ ကွမ်းယာရောင်းတဲ့လုပ်ငန်း
တွင်ကျယ်နေတာပြောပါတယ် ။ ဒါက မြန်မာနိုင်ငံမှာ ။ ကွမ်းစားချင်ရင် အလွယ်လေး ၀ယ်စားလို့ရတယ် ။

ကွမ်းကို နှစ်နှစ်ခြိုက်ခြိုက်စားတတ်တဲ့လူတစ်ယောက် နိုင်ငံရပ်ခြားကို ရောက်ပြီဆိုရင်တော့
အခက်တွေ့တော့တာပဲ ။ မြန်မာလူမျိုးတွေ ဖွင့်ထားတဲ့ ဆိုင် ( မြန်မာဆိုင်လို့ပဲ လွယ်လွယ်ဆိုကြပါစို့ ) နဲ့
နီးတယ်ဆိုရင်တော့ သိပ်အခက်မတွေ့လှပါဘူး ။ မြန်မာဆိုင်က မြန်မာပြည်မှာလောက်မကောင်းပေမဲ့
စားလို့ဖြစ်တဲ့ ၀ါးလို့ဖြစ်တဲ့ ကွမ်းယာ ရောင်းတယ် ။ နောက်ပြီး ကွမ်းရွက်တွေ ကွမ်းသီးတွေလည်း
ရောင်းတယ်ပေါ့ ။ ဒီတော့ မြန်မာဆိုင်နဲ့ နီးတဲ့ ကိုရွှေမြန်မာတွေအဖို့တော့ ကွမ်းစားဖို့ ကွမ်းဝါးဖို့
သိပ်အပန်းမကြီးလှပါဘူး ။

မြန်မာဆိုင်နဲ့ ဝေးတဲ့ ကွမ်းသမားတွေအဖို့ကတော့ တော်တော့ကို အခက်တွေ့စေတာပဲ ။
တစ်ပတ်တစ်ခါလောက်ဖြစ်စေ တစ်လတစ်ခါလောက်ဖြစ်စေ မြန်မာဆိုင်ရောက်တဲ့အခါ ကွမ်းရွက်တွေ
ကွမ်းသီးတွေ ၀ယ်လာ ။ အိမ်မှာ ထားပြီး ခြိုးခြိုးခြံခြံ စားရတာ ဆိုတော့ .. တော်တော့်ကို အခက်တွေ့စေပါတယ် ။
ကျွန်တော်ကိုယ်တိုင်ကလည်း နိုင်ငံရပ်ခြားကို ရောက်နေတဲ့ ကွမ်းသမားတစ်ယောက်ပဲ ဆိုပါတော့ ။
ဒီတော့ အထက်မှာပြောခဲ့သလို မြန်မာဆိုင်ရောက်တဲ့အခါ ကွမ်းရွက်တို့ ကွမ်းသီးတို့ ၀ယ်ထား ၊ အိမ်မှာ ရေခဲသေတ္တာထဲထည့်ပြီး
ကွမ်းယာ ရေခဲရိုက်ထား ။ စားချင်တဲ့အခါ အာသာပြေ တစ်ယာ နှစ်ယာလောက် ကောက်ယာပြီး စားလိုက်တယ် ။

ကျွန်တော်လုပ်တဲ့အလုပ်မှာက ကွမ်းယာပေါင်းထုတ်ကလေးတွေငုံတဲ့ နီပေါလူမျိုးတွေ အများကြီးရှိတယ် ။
အဲ့ဒီ နီပေါလူမျိုးတွေထဲက တစ်ယောက်က ကျွန်တော်တို့စားတဲ့ကွမ်းယာမျိုးကို အရမ်းသဘောကျတယ်ဗျ ။
ပါးစပ်ကို နီနီကလေး ဖြစ်သွားစေတယ်ပေါ့ ။ သူပြောပုံပြောပါတယ် ။ နှုတ်ခမ်းနီနီ လျှာနီနီလေးနဲ့ တော်တော်လှတယ် တဲ့ ။
အဲ့သလို ကွမ်းယာမျိုးကိုလည်း သူက သိပ်စားချင်နေရှာတယ် ။ ဒါပေမဲ့ ကျွန်တော့ဆီမှာ တောင်းရမှာလဲ အားနာတဲ့ပုံပဲ ။
ကျွန်တော် ကွမ်းဝါးတဲ့အခါ အားကျတဲ့ မျက်နှာလေးနဲ့ ထိုင်ငေးနေတတ်တော့ ကျွန်တော်လည်း အားနာလာတယ် ။

ဒါနဲ့ တစ်နေ့တော့ ကျွန်တော့်အိမ်ကို လိုက်ခဲ့ ... အိမ်မှာ ခင်ဗျားစားချင်တဲ့ ကွမ်းယာမျိုးရှိတယ်ဆိုပြီး
အိမ်လိုက်ဖို့ ခေါ်တော့ သကောင့်သားက အားတက်သရောကို ချက်ချင်းထလိုက်လာတယ် ။
အိမ်ရောက်တော့ ရေခဲရိုက်ထားတဲ့ ရေခဲစိမ်ကွမ်းရွက်တွေ ကွမ်းသီးတွေကို ထုတ် ။
ထုံး အထုပ်သေးသေးလေးကို ထုတ် ။ သူ့ကို ကွမ်းတစ်ယာ ယာပေးလိုက်တယ် ။
သူက ကျွန်တော်ယာပေးတဲ့ကွမ်းယာကို မယူသေးဘဲ ကျွန်တော့်ကို ကြောင်ငေးငေးနဲ့ကြည့်နေတယ်ဗျ ။
ကျွန်တော်လည်း “ဟေ့လူ .. ဒီမှာ ခင်ဗျားစားချင်တဲ့ ကွမ်းယာလေ”  ဆိုတော့
သူက “ခင်ဗျား တစ်ခုထည့်ဖို့ မေ့နေတယ်ထင်တယ်” တဲ့ ။

ကျွန်တော်လည်း ဘာကျန်သေးပါလိမ့် လို့ တွေးပြီး ပစ္စည်းတွေ သေချာစစ်ကြည့်တော့လည်း အကုန်အပြည့်အစုံပဲ ။
ကွမ်းရွက်စိမ်းစိမ်းလေးပေါ်မှာ ထုံးဖြူဖြူလေး ကွက်လို့ ။ အဲ့ဒီအပေါ်မှာမှ ရေခဲရိုက်ထားတဲ့ကွမ်းသီး ညိုညိုကလေး ။
သူ့ဘေးမှာ မြန်မာဆေးရွက် အပိုင်းသေးသေးလေး ။ အကုန်စုံပါတယ်ပေါ့ ။ ဘာမှမမေ့ပါဘူးလို့ ပြောလိုက်တော့ ....
သကောင့်သားက ခင်ဗျား နီတဲ့ဟာ မေ့နေတယ်လေဗျာ တဲ့ ။ ကျွန်တော့် အတွေးထဲမှာ နီတဲ့ဟာဆိုတော့ ရှားဆေးကို
ပြောတယ်မှတ်တာပေါ့ ။ အဲ့ဒါနဲ့ နီတဲ့ဟာမရှိဘူး ။ အဲ့ဒါက မြန်မာပြည်မှာပဲ ရှိတာ .. လို့ပြောတော့
ခင်ဗျားလိမ်တယ်တဲ့ ။ ဟောဗျာ ... ကျွန်တော်လည်း ကိုယ့်နဖူးကိုယ်ရိုက်ပြီး ဘာလိမ်လို့လဲ ပေါ့ ။
ဒီတော့မှ သကောင့်သားက ခင်ဗျားကွမ်းဝါးလိုက်ရင် နှုတ်ခမ်းတို့ လျှာတို့မှာ နီနီလေး ဖြစ်သွားတယ် ။
အဲ့ဒီနီတဲ့ဟာကိုပြောတာ ဆိုတော့မှ .. ၊ ကျွန်တော် တဟားဟား အော်ရယ်လိုက်မိတယ် ။
ကွမ်းရွက်စိမ်းစိမ်းရယ် ကွမ်းသီးညိုညိုရယ် ထုံးဖြူဖြူရယ် သုံးမျိုးပေါင်းလိုက်ရင် နီသွားတယ်ဆိုတာ သူမသိရှာဘူးကိုး ။

ဒါနဲ့ပဲ ကျွန်တော်က သူ့ကိုပေးတဲ့ကွမ်းယာကို ကိုယ့်ပါးစပ်ထဲကိုယ်ပြန်ထည့်ပြီး ခင်ဗျား ခဏစောင့်ကြည့်နေ ဆိုပြီး
စောင့်နေခိုင်းလိုက်တယ် ။ တအောင့်ကြာတော့ ကိုရွှေကွမ်းယာက နီလာပါလေရော ။ အဲ့ဒီတော့မှ ငနီ
( နီပေါလူမျိုးကို ကျွန်တော်ခေါ်တဲ့ အခေါ် ) သဘောတွေကျပြီး အတင်းကို နောက်တစ်ယာ ယာခိုင်း ။
အငမ်းမရ စားတော့တာပဲ ။ နှုတ်ခမ်းတွေရော နှာခေါင်းတွေပါ ပေပွလို့ ။ ကျွန်တော်လည်း သဘောတွေကျလို့ပေါ့ ။

မြန်မာပြည်မှာလို ကွမ်းယာဆိုင်မြောက်များစွာနဲ့ နေရာမျိုးကို ငနီ့ ကို ခေါ်သွားချင်မိတာ အမှန်ပဲ ။
ကျုပ်တို့မြန်မာတွေက ခင်ဗျားမျက်စိထဲ လှပါတယ် ဆိုတဲ့ အာနီ လျှာနီ မျိုး တွေဗျ လို့ ကြွားချင်မိတာလည်း ပါတာပေါ့ဗျာ ။    
ဒါပေမဲ့ ကျွန်တော် မြန်မာပြည်ဒေသတစ်ခုမှာ တွေ့ဖူးခဲ့တဲ့ ကွမ်းယာဆိုင်တစ်ဆိုင်ကိုတော့ ငနီ့ ကို မမြင်စေရဘူး ။
အဲ့ဒီဆိုင်နာမည်က အရည်မရ အဖတ်မရ ကွမ်းယာဆိုင် တဲ့ ။ ဆိုင်ထဲမှာလည်း စာလုံးမည်းမည်းကြီး အကြီးကြီးတွေနဲ့
ရေးထားသေးတယ် ။ ဘာရေးထားတာလဲ ဆိုတော့ ...

" ကွမ်းစားခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းပါ "    ။      ။



- မင်းလုလင် -

ကျွန်တော် နှင့် ရောက်တတ်ရာရာများ ( ၁ )



လူနှင့် အမြင်တရား

တလောက အီးမေးလ် တစ်ခု တွင် ဖတ်လိုက်ရသည် ။ မြန်မာပိုက်ဆံ နှစ်ရာကျပ်တန်မှာ
စာလုံးပေါင်းမှားနေပါတယ်တဲ့ ။ သူပြောမှ ကျွန်တော်လည်း အပြေးအလွှား ရှိတဲ့နှစ်ရာတန်လေး
ထုတ်ကြည့်မိတယ် ။

သူထောက်ပြထားတာက မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဆိုတဲ့နေရာမှာ နိုင်ငံတော် ကို
စာလုံးပေါင်း မှားနေတယ် တဲ့။  ( နိုင် ) ကို စာလုံးပေါင်းတဲ့နေရာမှာ ( နိုင်) လို့ ပေါင်းထားပါတယ်တဲ့ ။
အမှန်က နငယ်အသေးကို တစ်ချောင်းငင်ပြီး ( နိုင် ) လို့ဖြစ်ရမှာပါ ။
အဲဒါအထိ သိပ်ပြီး ထူးဆန်းတာတော့မဟုတ်ပါဘူး ။

ထွေထွေထူးထူး တွေးမိစရာလည်း မလိုပါဘူး ။ ဒါပေမယ့် သူက ဆက်ပြောသွားသေးတယ် ။
အဲဒီအမှားကို သူ့ရဲ့သား သုံးတန်းကျောင်းသားလေးက ရှာတွေ့တာပါ တဲ့ ။

တွေးစရာတွေအများကြီး ဖြစ်လာပါတယ် ။

လူတွေရဲ့ အမြင်ကိုပါ ။ ကျွန်တော်တို့တွေ လောကကြီးထဲ အမှားတွေ ဘယ်လောက်များများကို
မျက်ကွယ်ပြုထားမိသလဲ ဆိုတာကိုရောပေါ့ ။ ကျွန်တော်တို့တွေ ( အထူးသဖြင့် ) ပိုက်ဆံကို ပိုက်ဆံလို
တန်ဖိုးထားရမှန်းသိတဲ့ လူတွေဖြစ်လာရင် ပိုက်ဆံပေါ်က စာလုံးပေါင်းအမှားကို မြင်ဖို့ဆိုတာ
တော်တော်ခဲယဉ်းပါတယ် ။ ကျွန်တော်တို့က ပိုက်ဆံကို ပိုက်ဆံလိုပဲ မြင်ကြပါတယ် ။
ပိုက်ဆံပေါ်က စာလုံးပေါင်းသတ်ပုံ အမှားထက် ပိုက်ဆံရဲ့ တန်ဖိုးကို ပိုပြီး မြင်တတ်ကြပါတယ် ။

ဒီပိုက်ဆံတစ်ရွက်ပေးလိုက်ရင် ဘယ်လောက်အထိ ကိုယ်ပြန်ရနိုင်မလဲ ၊ ဒီပိုက်ဆံတစ်ရွက်က
ဘယ်လောက်တန်သလဲ ၊ ဒီမေးခွန်းတွေပဲ ကြည့်မိ ဖြေမိမှာ မလွဲပါဘူး ။ ဒါပေမယ့်
သုံးတန်းကျောင်းသားလေးနဲ့တော့ မတူနိုင်ဘူး ။ သူက ပိုက်ဆံကို သုံးကောင်းသုံးတတ်မှာဖြစ်ပေမယ့်
ပိုက်ဆံရဲ့တန်ဖိုးကို ကျိမ်းသေပေါက်သိနိုင်မယ်လို့ မပြောနိုင်ဘူး ။ ဒါကြောင့် သူ့ရဲ့ အမြင်ထဲ ပိုက်ဆံပေါ်က
စာလုံးပေါင်းသတ်ပုံအမှားကို လွယ်လွယ်ကူကူ မြင်သွားနိုင်တာလဲ ဖြစ်နိုင်ပါတယ် ။

အမှန်တော့ လောကကြီးထဲ အဲ့လိုအမှားတွေကိုချည်း လိုက်လံရှာဖွေနေမယ်ဆိုရင် ကျွန်တော်တို့တွေ
တအား ကလေးဆန်သွားကြပါလိမ့်မယ် ။ မှန်နေရင်တော့ ပိုကောင်းတာပေါ့ ။ ဒါပေမဲ့ အမှားတွေကို
လိုက်ထောက်ပြနေတာထက် အဲဒီအမှားတွေဖြစ်တည်နေတဲ့နေရာရဲ့ တန်ဖိုးကို သိတာက
ပိုပြီး ကောင်းမယ်ထင်တယ် ။  သုံးတန်းကျောင်းသားလေးတစ်ယောက်ရဲ့ ပိုက်ဆံပေါ်မြင်တဲ့အမြင်နဲ့တော့
ကျွန်တော်တို့ အရာရာကို တန်ဖိုးထားနိုင်ခြင်း ရှိမရှိဆိုတာ ...။

အဲဒီကလေးကိုလည်း ချီးကျူးပါတယ် ။ အရိုးသားဆုံး မြင်တတ်လို့ပါပဲ ။

မှန်တယ် မှားတယ် ဆိုတာထက် သူမြင်တတ်တဲ့ အရာလေးက ကလေးတွေရဲ့ မြင်ကွင်းမှာ
အညှီအဟောက်ကင်းတယ်ဆိုတာ ပေါ်လွင်နေသလိုပဲ ။ ပိုက်ဆံဆိုတာ အင်မတန်ကို ခေါင်းကိုက်စေတဲ့ အရာလို့
ဆိုနေကြတဲ့အထဲ ဒီဖြစ်ရပ်လေးကလဲ ခေါင်းကိုက်စေတဲ့ အကြောင်းလေးအဖြစ် အသစ်တိုးလာတယ် ။
မှန်ပါတယ် ။ ပိုက်ဆံဆိုတာ အင်မတန်ကို ခေါင်းကိုက်စေပါတယ် ။ 
ဒါပေမဲ့ ကျွန်တော်ကတော့ ခေါင်းကိုက်ချင်ပါတယ် ။

ခင်ဗျားတို့ရော .... ခေါင်းမကိုက်ချင်ကြဘူးလား ။




- မင်းလုလင် -

အငွေ့

ထိရှခဲ့ရသမျှတွေဟာ နံရံတွေဆီကနေ ပဲ့တင်ထပ်ပြီး နောက်
တစ်ခါ ပြန်ရောက်လာတယ် သိစိတ်ရဲ့အဝေးမှာ ကိုယ်ဟာ
အိပ်မက်ကိုအရောတ၀င် နေရထိုင်ရတာ သိပ်အဆင်မပြေလှဘူး
အလင်းရောင်တွေက ကိုယ့်အပေါ်ကိုမှ တည့်တည့်ပြိုကျ
လာရသလား နေသားတကျနေမှုထိုင်မှုက ညနေမတိုင်ခင်
မှောင်နေပြီ မမြင်မစမ်းနဲ့ စမ်းသပ်ပုံသဏ္ဍာန်တွေထဲ စိတ်တွေ
ပိတ်မိနေ အဆိပ်မိနေတဲ့ကမ္ဘာပေါ်မှာ ကိုယ်ဟာ တဦးတည်းသော
အနက်ရောင်အနံ့နဲ့ ဘေးထွက်ဆိုးကျိုးခပ်များများဟာ
လူကြိုက်များတဲ့ အရောင်းထိုင်းပစ္စည်းတွေလို ဈေးကြီးလိုက်တာ
ကမ္ဘာဟာ ကိုယ်နဲ့မဆိုင်သလို ဆံသဆရာလက်ထဲကလွတ်ကျလာတဲ့
ကတုံးဆံပင်ပေါက်ဟာ ကိုယ်နဲ့မဆိုင်တော့သလို သောက်နေတဲ့
ဆေးလိပ်ရဲ့ ထွက်သက်တွေဟာ ကိုယ်နဲ့မဆိုင်တော့သလို မိုးရွာထဲမှာ
ရေငတ်နေသလို လိုအပ်ချက်တွေဟာ လက်ဖျံရိုးပေါ်ကို တွားတက်လာနေ
ငြင်းဆန်ခဲ့ရသမျှ ခပ်မှိုင်းမှိုင်းမြင်ထောင့်တွေဟာ အရောင်ယောင်မှားတွေ
ထင်မှတ်နေရပုံ လက်ခံနေရပုံ သိပ်ကိုမှန်နေကြပုံ မှန်ထဲကြည့်လို့
ကိုယ့်အရိပ်ကိုယ် ပြန်မမြင်ရသူတွေဟာ ကိုယ့်ဆီကို တဖြည်းဖြည်းချင်း
တိုးကပ်လာ ဒါဟာ ယဉ်ကျေးမှုပါ ကိုယ်ဟာ လိုက်လို့ကိုမမှီပါ တဖြည်းဖြည်း
ဝေးကွာသွား မမှီမကမ်းဆုပ်ကိုင်လိုက်မိတဲ့ သံသယဟာ အမှတ်မထင်
အမှတ်တရစာရင်းဝင်သွားတယ် လုပ်ရပ်တွေ ဖြစ်ရပ်တွေ အပြောဇာတ်ဟာ
မိုးအလင်းထိ မပြီးသေးဘူး ထိုင်ကြည့်နေပါတယ် ပန်းချီကားထဲ
စုတ်ချက်တွေဟာ လက်ဖမိုးဖြစ်လိုက် လက်ဖ၀ါးဖြစ်လိုက် ဖြစ်ချင်ရာ
ဖြစ်လိုက် ပျက်လိုက်ကမ္ဘာမှာ မောတယ် မောဖြစ်အောင်ကိုမောလိုက်တယ်
နံရံလေးဖက်အပေါ်က မီးလုံးဟာကိုယ့်အရိပ်ကိုဖောက်ထုတ်သွားချိန်
မတိုင်ခင်အထိ အရိပ်ဟာကိုယ့်ကိုနောက်ယောင်ခံလိုက် တစ်ခါတစ်ခါ
ကျော်တက်သွားလိုက် ဒါဟာ မျက်လှည့်ပွဲတစ်ခုပါ ဒါဟာ လက်ဝှေ့ပွဲ
တစ်ခုပါ ဒါဟာ ဘ၀တစ်ခုပါ အဲ့သလိုယူဆပစ်လိုက်ရတဲ့အခါ ထိရှခဲ့
ရသမျှတွေဟာ နံရံဆီကနေပဲ့တင်ထပ်ပြီး ကိုယ်ဆီပြန်ရောက်လာတယ် ။


( မင်းလုလင် )

ညီမလေးအိပ်ပျော်နေတုန်းမှာ အစ်ကိုဟာ ညီမလေးမျက်ခွံလေးတွေဖြစ်တယ်

ပင်လယ်မှာ ကျွန်တော် လျှပ်ပေါ်လောလီ နေခဲ့တာတွေ နောင်တရသလို ဖြစ်မိပါတယ်
တစ်ခါတစ်ခါ ကော်ဖီသောက်တတ်ပေမဲ့ ကိုယ်တိုင် ကော်ဖီ မှောက်ကျတဲ့ ကိုယ်ခန္ဒာ အခိုက်အတန့် မျိုးမှာ
အလေးချိန်က ဒလိမ့်ခေါက်ကွေး ၁ပိဿာ ၂ပိဿာ စသဖြင့် ဘယ်လောက်ပေါ့ပေါ့ ဘယ်လောက်ပါးပါး
ညီမလေး အတွက်တော့ ဟောဒီ ၅ ပေ ၇ လက်မ ပေါင် ၁၁၀ လေးဟာ အမြဲ အသင့်ပါပဲ ပြောမရဆိုမရ
ရန်ကုန်နဲ့ မန္တလေးဟာ ၁ နာရီ မိုင် ၁၀၀ နှုန်း နဲ့  ခုတ်မောင်းဆန့် ထွက်ရင်တောင် သွေးကြောမိုင်ပေါင်း
ခုနှစ်သောင်းကျော် ကြားက ယိုစိမ့်ကျကျလာမယ့် ဖြစ်မှု ပျက်မှု နှလုံးသားအာရုံခံစား စေ့စော်မှု
စိတ်မထင်ရင် မထင်သလို အော်ငိုတတ်မှု ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ကျိန်ဆဲရင်း တံတားပေါ်က
ခုန်ချလိုက်ရင် ကောင်းမလား ဘုရားရှေ့ သွားပြီး အပြစ်တွေ ၀န်ခံရမလား တရားမရသေးဘူး
သတင်းစာနေ့ စဉ်မဟုတ်ရင်တောင် တစ်ရက်ခြားစီလာပါ ညီမလေး နေကောင်းပါရဲ့ လား
ကောင်းကောင်းနေပါရဲ့ လား အကိုတို့ ကြုံနေရတာ အချစ်ဇာတ်လမ်း ကောင်းကောင်း တစ်ပုဒ်သာဆို
ညီမလေး မှာ အစာအိမ်ရောဂါ ရှိခဲ့မှာ မဟုတ်ဘူး ကိုင်ထားတဲ့ဖုန်း စကားပြောခွက်ကို မချလိုက်ပါနဲ့ 
သတိရရင် အဲဒီသတိက အကိုပေးလိုက်တဲ့ သတိပါ ညီမလေး ရထားတဲ့ သတိဟာ အကို့ လွယ်အိတ်ထဲက
ကဗျာစာအုပ်လေးဖြစ်တယ် C D လေး တစ်ချပ်ဖြစ်တယ် အကိုဘက်ကစပြောချင်တဲ့ " ဟဲလို " တစ်ခွန်း
ဖြစ်တယ် ကက်ဆက်ဖွင့်လိုက်ရင် ဒီသီချင်းက ရင်သို့ တိုးဝှေ့ နေဆဲပဲ ရထားလက်မှတ်ထဲ ခုန်ဝင်ချင်နေတဲ့
ပဋိပက္ခ မသိစိတ် ယန္တရားက ထိုင်မသိမ်းစလို ထိန်းမရ သိမ်းမရနဲ့ ပါလား ဆေးလိပ်ကို လမ်းမပေါ်
ပစ်ထည့်လိုက်တာ အဲဒီနေ့ က အဲဒီနေ့ က ညီမလေးကို လွမ်းလို့ ပေါ့ကွာ ယနေ့ ကျွန်တော်တို့ ကမ္ဘာဟာ
ခရစ်နှစ် ၂၀၁၀ ဖြစ်ပါတယ် ဧရာဝတီလည်း အရင်လောက် မနုပျို တော့ ကျွန်တော်တို့ လည်း
အရင်လောက် မဖြတ်လတ်တော့ အနာတရ တွေ ဧဒင်မှာပဲ လာလာပွင့်ကြတယ် ဖြန့် ခင်းထားတဲ့
သက်တန့် တစ်ခင်းစာလို ခွေခွေကလေး ရောထွေးနေရင် အကောင်းသား လှုပ်ခတ်လိုက်တော့
ကမ္ဘာကြီး မပြားဘဲ ကောင်းကင် ကြီး ပြားသွားတယ် အပေါ်က သက်တန့် ကြီး ပြုတ်ကျတော့မယ်
အိပ်စက်နေတဲ့ ငါ့ညီမလေး လန့် နိုးတော့မယ် အသံဗလံတွေ ဆူညံပွက်လောရိုက် စံပယ်တွေလည်း
တစ်သိုက်သိုက် တစ်ရှိုက်ရှိုက် ရာသီဥတုက အစစအနန ပွန်းပဲ့ကြွေ ဘာမှ ထွန်ယက်မရတဲ့
ကွင်းပြင်လို မနက်ခင်းမှာ အကို့ ကို မလိုအပ်တော့လို့  ထစ် , အ ပစ်ချလိုက်ခဲ့တာလည်း ညီမလေး
စုတ်ဖြဲလိုက်တော့မေ့လိုက်တော့ အိပ်ရာကနိုးလာရင် ကမ္ဘာကြီး ကို မြင်အောင်ကြည့်လိုက် တစ်ခါတစ်ခါ
ကမ္ဘာက ကြီးလွန်းပြီး မျက်လုံးတွေက သေးငယ်လွန်းတော့ မမြင်ရဘဲ ဖြစ်တတ်တယ်
ဒီအခါမှာ လူအဖြစ် ပီသအောင် အချစ်ကားကောင်းကောင်း တစ်ကားလောက်ကြည့်လိုက်
ပြီးမှ ချစ်သောမျက်စိနဲ့  မျက်စိတစ်ဆုံး ထပ်ကြည့်လိုက် မမြင်ရသေးဘူး ဆိုရင် နှစ်နှစ်ခြိုက်ခြိုက်
အိပ်ရေးဝအောင်ထပ်အိပ်လိုက် အကို က အမြဲရှိနေမယ် အမြဲမှ အမြဲတမ်းကိုရှိနေမယ်
ညီမလေးအိပ်ပျော်နေတုန်းမှာ အကိုဟာ ညီမလေး မျက်ခွံလေးတွေဖြစ်တယ် ။ 



- မောနွေ -




( ကဗျာဆရာ မောနွေ ရဲ့ နောက်ထပ်လက်ရာကောင်းလေးတစ်ခုပါ )