Subscribe:

ကျွန်တော်နှင့်ချောကလက်လေး၏တနင်္ဂနွေပြက္ခဒိန်များ

အမှတ်တရ နေ့ရက်တချို့သည် အချိန်ကွဲကြောင်းအတွင်းသို့ ပြတ်ကျခဲ့လေပြီ ။ အချိန်ဆိုသည်မှာ

အကောင်းဆုံးသမားတော်ဟု ဆိုကြသော်လည်း

ကျွန်တော့အတွက်ဆေးရှာမတွေ့သေး၍ ထင်သည် ။ အတိတ်ဆိုသော စကားလုံးအား စာရွက်ပေါ်တွင်

ချရေးလိုက်သည့်အခါတိုင်း

ဘယ်ဘက်ရင်အုံမှ တဆစ်ဆစ် နာကျင်နေဆဲပင် ။ ကျွန်တော့၏ အိပ်ယာဘေးတွင် မင်နီများဖြင့်

အမှတ်အသားပြုထားသော တနင်္ဂနွေနေ့များပါသည့်

ပြက္ခဒိန်လေးများနှင့် ရှုတ်ပွနေဆဲပင်ဖြစ်သည် ။

+++++++ သိပ္ပံပညာ ဘယ်လောက်ကောင်းကောင်း

ကွဲနေတဲ့အသည်းကို ပြန်မဆက်နိုင်ဘူး +++++++++++

ကျွန်တော့နှလုံးသား သွေးတိတ်ချိန်သည် ဘယ်တော့မှ ဖြစ်မည်နည်း....။ကျွန်တော်ကိုယ်တိုင် အခုထိ

မသိသေးသော ပုစ္ဆာတပုဒ်အဖြစ် ရှင်သန်နေဆဲပင်ဖြစ်သည် ။



.............................................(2)....................................................................

ပန်းတပွင့်နှင့်အပြိုင် သူမ လှလွန်းပါသည် ။ ထိုသူမ၏ရပ်ဝန်းတွင် လိပ်ပြာများ သြဘာပေးဘူးသည် ။

လေပြေများလွင့်မျောခဲ့ဘူးသည် ။ သူမ၏မခို့တရို့ ရယ်သံတပိုင်းတစနှင့်ပင် ကျွန်တော့၏ အသက်ရှူသံများ

စည်းချက်လွဲခဲ့ရသည် ။ တခုတ်တရ ပြုံးပြလိုက်သည့်အခါတိုင်းတွင် ကျွန်တော်ဆိုသည်မှာ

လွင့်ပျံပျောက်ဆုံးသွားခဲ့သည် ။ထိုမျှလောက်အထိပင် သူမသည် ကျွန်တော့အား ပြုစားထားနိုင်လွန်းပါသည် ။


............................................(3)......................................................................

သူမနှင့်ကျွန်တော်သည် တိမ်မတောက်သော ညနေခင်းများအား အတူတကွ ဖြတ်သန်းခဲ့ကြဖူးသည် ။

တစ်ယောက်နှင့်တစ်ယောက် ပြိုင်ဆိုင်ခဲ့သော အနမ်းများတွင် အရောင်များမပါခဲ့ချေ ။ အစိုးမရသော

လေပြေများကိုပင် ကျွန်တော်တို့နှစ်ယောက်ကြားသို့ အ၀င်ခံရန် စိုးရွံ့ခဲ့ကြသည် ။

ဆုတ်ကိုင်ထားသောတွဲလက်များတွင် ချွေးစေးများပျံသည်အထိ ကျွန်တော်တို့ ရဲရင့်ခဲ့ကြသည် ။

တယောက်မျက်ဝန်းများအား တယောက် ဘာသာပြန်ဆိုရင်း ကျွန်တော်နှင့်သူမ အိပ်မက်များအား

မျှားခဲ့ကြသည်။ကျွန်တော်ရွတ်ဆိုပြတတ်သော ကဗျာများအား မျက်လုံးလေးမှိတ်၍

သူမနားထောင်နေခဲ့ဘူးသည် ။ တိုက်ဆိုင်လွန်းစွာပင် ထိုနေ့များသည် တနင်္ဂနွေနေ့များသာ ဖြစ်သည် ။

နဂါးတကောင်၏မျက်စောင်းဆန်ဆန် လှပနေသော တနင်္ဂနွေနေ့များဖြစ်သည် ။

.......................................(4)..............................................................................

ကျွန်တော်နှင့်သူမ၏ တနင်္ဂနွေနေ့ရက်များသည် ရက်ရာဇာများအား ခုံမင်စွာဖြတ်သန်းပြီးနောက်

ပြဿဒါးဆန်ဆန် အလန့်တကြား ရောက်ရှိလာခဲ့သည် ။ ထိုနေ့သည် ကျွန်တော့်၏ နှလုံးအိမ်အတွင်း၌

ဓါးထစ်ထားသကဲ့သို့ စွဲထင်နေသော (13) ခုမြောက် တနင်္ဂနွေနေ့ဖြစ်သည် ။သူမနှင့် စတွေ့သည်မှစ၍

(13)ပတ်မြောက် တနင်္ဂနွေနေ့ဖြစ်သည် ။

ငါ့ကိုအိမ်ကလူတယောက်နဲ့ လက်ထပ်ပေးဖို့စီစဉ်နေကြပြီ


သူမပြောသော စကားအဆုံးတွင် ကျွန်တော့၏ကောင်းကင်သည် ရုတ်ရင့်ကြမ်းတမ်းစွာ မဲမှောင်သွားလေသည် ။

အဆက်မပြတ် ခုန်နေသော နှလုံးခုန်သံသည် ရထားတစင်း ခုတ်မောင်းသွားသကဲ့သို့ ကြမ်းရှစွာ

တိုးဝင်သွားလေသည် ။

နင်ဒီည ငါ့ကို လာခိုးပါလား

သူမဆက်ပြောသောစကားသည် ကျွန်တော့်အား အားငယ်ဆုတ်ယုတ်သွားစေသည် ။ ကျွန်တော့်၏

မျက်ဝန်းများတွင် မျက်ရည်များတွဲခိုနေသည်ထင်သည် ။ ကောင်းကင်တွင် ငှက်များမရှိ ။ ပတ်ဝန်းကျင်တွင်

လေပြေများမရှိ ။ အရာရာ တိတ်ဆိတ်သုဉ်းလွန်းလှသည် ။ စာအုပ်တအုပ် ကဗျာတပုဒ်နှင့်

ကျွန်တော့၏ညများတွင် နတ်သမီး အိပ်မက်ဆိုသည်မှာ.........။

ဖြည်းညင်းစွာ ယမ်းခါမိသော ကျွန်တော်၏ နှလုံးသားသည် သူမ၏ရှေ့တွင် ပြိုလဲ ကျဆုံးခဲ့လေပြီ ။

ဘယ်လို ...ဒါဆို နင်ငါ့ကို အပျော်သက်သက်တွဲခဲ့တာပဲလား
နင်သတ္တိမရှိပါဘူးဟာ....


စကားသံတို့ပျောက်ဆုံး...။ မျက်ရည်တို့ဖြင့် လွှမ်းသော ကောင်းကင်အောက်တွင် ကျွန်တော်တို့နှစ်ယောက်

ရပ်နေခဲ့သည် . ဆုံနိင်ရန် အမှတ်မရှိသော မျဉ်းပြိုင်နှစ်ကြောင်းအသွင်နှင့်ဖြစ်သည် ။

ဒါဆို ငါသွားတော့မယ်..နင့်ကိုနှုတ်ဆက်ခဲ့ပါတယ်..ထာဝရအတွက်ပေါ့


ကျောခိုင်းသွားသော သူမ၏ခြေသံများတွင် ကျွန်တော့၏ ၀ိဥာည်ကပ်ငြိပါသွားသည် ။ တိတ်တိတ်ဆိတ်ဆိတ်နှင့်
ရောက်လာခဲ့သော အမှောင်ရောင်အောက်တွင် ကျွန်တော်တို့နှစ်ယောက်၏ နေ၀င်ချိန်မှာ စောလွန်းနေခဲ့သည် ။

.....................ချောကလက်

............................................ချောကလက်

......................................................................ချောကလက်လေးရေ..

ရင်ဘတ်အတွင်းမှ ဆို့တက်လာသော ခေါ်သံများသည် လည်ချောင်းများအတွင်း၌ ပင် ပျောက်ဆုံးသွားခဲ့သည် ။

ဒီလိုနှင့်ပင် ကျွန်တော်တို့ နှစ်ယောက် ဘယ်သူ့မျက်နှာမှမထောက်ပဲ ဝေးချင်တိုင်းဝေးသွားခဲ့လေသည် ။

ပဟေဠိ မဆန် ပုံပြင်မဆန်နှင့်ပင် ကျွန်တော်တို့နှစ်ယောက် ရိုးရှင်းစွာ ဝေးသွားခဲ့ခြင်းဖြစ်လေသည် ။

................................................(5)...........................................................

သူမ၏ မင်္ဂလာပွဲကျင်းပသောနေ့သည် ထူးခြားတိုက်ဆိုင်စွာပင် တနင်္ဂနွေနေ့ဖြစ်လေသည် ။

ဘာမှမပါတဲ့ပြဇာတ်

ဖြစ်နိုင်ရင်.....ငါခင်းမဲ့ပြဇာတ်မှာ

လက်သည်းဖွက်သံ မပါစေနဲ့

မျက်နှာဖုံးတွေမပါစေနဲ့

နေကာမျက်မှန်မပါစေနဲ့

ခေါင်းပေါင်းစ တလူလူနဲ့ မြွေပွေးတွေမပါစေနဲ့

အရိပ်မပါတဲ့ သစ်ပင်တွေမပါစေနဲ့

ရေမစီးတဲ့ မြစ်မပါစေနဲ့

သေနတ်ပစ်ခန်းတွေ မပါစေနဲ့

အငွေ့တလူလူနဲ့ ဆေးလိပ်တိုတွေမပါစေနဲ့

စာရွက်စာတမ်းနဲ့ ယဉ်ကျေးမှုတွေမပါစေနဲ့

လူကုန်ကူးမှုမပါစေနဲ့

ခပ်ကြပ်ကြပ် ဘက်စ်ကားတွေမပါစေနဲ့

မျက်စောင်းထိုးတတ်တဲ့ ကောင်မလေးတွေမပါစေနဲ့

နေ၀င်ချိန်မပါစေနဲ့

ကလေးတယောက်ရဲ့ မျက်ရည် မပါစေနဲ့

ဖြစ်နိုင်ရင်...

အတ္တတွေ မပါအောင်

ငါ့နာမည်ပါ မပါစေနဲ့....

ဈေးသည်ကြီး

ဖိနပ်မပါတဲ့ ခြေအစုံက

ဝမ်းရေးကြောင့် ကြမ်းရှခဲ့လေရဲ့

အစာအိမ် အစိုဓါတ်မပျောက်စေဖို့

အာခေါင်ခြောက်အောင် ဟစ်ခဲ့ရတယ်

ချွေးစက်တွေနဲ့ မနက်ဖြန်တွေအတွက်

တရာသီဝင် တရာသီထွက်နဲ့

ခေါင်းပေါ်က ဈေးဗန်း

ငါ့ထီးငါ့နန်း ဖြစ်ခဲ့တယ်...။

အရောင်ပျော် အ၀ိဇ္ဇာ

စွဲမက်စေရန် အလို့ငှာ ပေါင်းစပ်ပျော်ဝင်နေသော

အရောင်များ

ကင်းဗတ်(စ်) စပေါ်က စိတ္တဇ ပန်းချီကားတစ်ချပ်

အညိုရင့်ရောင် ကော်ဖီတစ်ခွက်

နေ့စဉ်ထုတ် အဖြူရောင် သတင်းစာ

ရုတ်တရက်

လျှပ်စစ်ဝါယာကြိုးထဲက ခုန်ထွက်လာတဲ့

အနီရောင်စာသား သီချင်းတစ်ပုဒ်

ငါ့ အချိန်တွေကို ခိုးယူတတ်တဲ့

အပြာရောင် ဂျာစီဝတ် ဘောလုံးအသင်း

ရဲရဲတောက် နေရောင်အောက်

ပွဲဈေးတန်းက အပေါစား ရောင်စုံမျက်နှာဖုံးနဲ့

အညိုရောင် ၀ံပုလွေများ

အမည်းရောင် အရှက်ကာ မျက်မှန်

အဖြူအမည်း စစ်တုရင်ခုံပေါ်က နယ်ရုပ်များ

အမည်းရောင်ငွေ စက္ကူ

နွမ်းရိသွားသော ခရမ်းရောင်ပန်းတစ်ပွင့်

မာယာ နဲ့ဖျော်ထားတဲ့ နီယွန်ရောင်တောက်တောက် ညထဲမှာ

မီးတောက်ရောင် ၀တ်ရုံနဲ့ လျှောက်လမ်းပေါ်က အင်္ဂါဂြိုဟ်သူ



လမ်းဘေး အဖြူအနီကြား ပလက်ဖောင်း

ဇက်ကြိုးမဲ့

မီးခိုးရောင်လေလွင့်တိမ်တိုက်

ပန်းနုရောင် ခြေဖမိုးတစ်စုံ

အဆိပ်ရနံ့သင်းတဲ့ အပြာရောင်နှုတ်ခမ်း



လက်ထဲက၀ှက်ဖဲ ၊ အနီရောင် ဂျိုကာ

ကြိုးတန်းလမ်းလျှောက် အ၀ါရောင် ဆပ်ကပ်သမား

ခေါင်းပေါ်က အနီရောင်မိုးစက်များ

နိမိတ်ဖတ်ပုဏ္ဏားရဲ့ ``ရောင်စုံ ၀င်္ကဘာ ´´ ကဗျာစာအုပ်

အသံမထွက်နိုင်တဲ့ အဖြူအမည်းရုပ်ရှင်



ပုစွန်ဆီရောင် ညနေခင်းတိမ်ဆိုင်

ဖျော်စပ်သောက်မိတဲ့ ရွှေအိုရောင် ၀ိုင်တစ်ခွက်

ရောက်ရှိသွားတဲ့ အစိမ်းရောင်တောအုပ်

ညအနက်ထဲ

မက်ခဲ့မိတဲ့ အပြာရောင်အိပ်မက်


ပန်းချီဆရာဆီက ထွက်ကျလာတဲ့ သွေးစိမ်းရှင်ရှင်

ဆေးစက်မကျသေးတဲ့ လက်ကျန် ကင်းဗတ်(စ်) စ အဖြူရောင်

နောက်

အရောင်တွေထဲမှာ ပျော်နေတဲ့ အ၀ိဇ္ဇာတစ်ကောင် ..........

ကြယ်ပန်းလူ

ကိုကြယ်ပန်းလူ ရဲ့ လက်ရာများထဲမှ ကျွန်တော်အကြိုက်ဆုံး အရောင်ပျော် အ၀ိဇ္ဇာဆိုတဲ့ ကဗျာလေးပါ

ကဗျာဆရာ

ပုံစံခွက်မရှိသော

စကားလုံးထုတ်လုပ်စက်...။

ကိုက်လမ်း

ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူုယုန်ကလေးပါ
နေ့စဉ်နေ့စဉ်
ငါ့ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း
သစ်ပင်မြက်ပင်ငယ်လေးတွေကိုကိုက်ကိုက်ပြီး
ငါထွက်လာခဲ့မြဲ
ခု..........
လူနဲ့ ခွေးများတောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ
ငါ့သစ္စ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့၊၊ ၊၊

........................ မောင်ချောနွယ်


ဆရာမောင်ချောနွယ်၏ကဗျာများထဲမှ ကျွန်တော် အကြိုက်ဆုံးကဗျာလေးဖြစ်ပါတယ်

ကျွန်တော် ဆွဲခဲ့သော သုညများအကြောင်း

တိမ်မတောက်တဲ့ ညနေတခု၏ကောက်ကြောင်းနဲ့

အသွားမပါတဲ့ ဓါးတချောင်းက ရင်ဘတ်ထဲ ၀င်လာတယ်


သိ၍မှားခဲ့ခြင်းလား...


မသိ၍ မှားခဲ့ခြင်းလား....


အမှန်တရား ရှားပါးလွန်းသော မှန်တချပ်ကတော့ ကွဲအက်ခဲ့လေပြီ


တူးဖော်မိသမျှက


စနေနေ့တိုင်း ထထ အန်တယ်....


လေနီတွေရှုရှိုက်ပြီး အသက်ရှင်ရုံရှင်ခဲ့တာပါ


နှင်းမပါတဲ့ ဆောင်းက အေးမြတတ်သလား..


(သေချာမသိ..သိရန်လဲ မကြိုးစားခဲ့)


အရာရာတိုင်းက စာတန်းမထိုးပဲ ဇာတ်သိမ်းခဲ့တယ်


ပင်ပန်းတကြီး ကူးခတ်ခဲ့တဲ့ တံတွေးခွက်တွေထဲ


ခုထိ မျောလို့ကောင်းတုန်း..


ရင်...တယောက်တခြမ်း...သူမ


စွန့်သွားခဲ့တဲ့ ညနေတွေကလဲ


လေငတ်နေတုန်း.....လွမ်းကောင်းတုန်းပဲ


မနက်ဖြန်တိုင်းက ရောက်မလာခင်ထဲကခြောက်သွေ့


တိတိပပ မဟုတ်ပေမဲ့ ဘ၀ရဲ့ရလာဒ်ကတော့ ဒီလောက်ပါပဲ


မင်နီတွေနဲ့ နေ့ရက်တချို့အတွက်


သုညတွေကို မောကြီးပန်းကြီး ရေးနေမိတုန်းပဲ


(ထိုသုညများကတော့ ယနေ့တိုင် လုံးဝိုင်းခြင်းမရှိသေးချေ...)


သွားလေရာ သယ်ဆောင်သွားမိသော သစ္စာတရားတွေနဲ့


အချိုးကျကျ ပုံဖော်ထားသော မေတ္တာတရား...


မှတ်မှတ်ရရ ကျဆုံးသွားတယ်


ဈာပနမရှိတဲ့ အသုဘတခု...


စက်ခေါင်းမပါတဲ့ ရထားတစီး...


ကပျာကသီ ထထတောက်တဲ့ ကောက်ရိုးမီး...


ဘ၀ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က ဒါပါပဲ


ကျောကို အထိုးခံရတဲ့ ဓါးချက်တွေလဲ များခဲ့ပြီ


လက်ဆန့်တိုင်း မြေမှုန်တွေကပ်နေတတ်တော့


တူးဖော်မိလေသမျှ

စနေနေ့တိုင်း ထထ အန်တယ်....။

မီးနဲ့ရေးတဲ့ပန်းချီ

လက်ကျန်အိပ်မက်တွေနဲ့
ညတွေ စုန်းစုန်းချုပ်ခဲ့ပြီ..

မှားနေမှန်းသိရက်နဲ့ ကြယ်ဖြစ်ချင်ခဲ့တာကိုက
တိမ်တွေထူလွန်းတယ်

လမသာပါနဲ့
ငါ့အရောင်တွေ မှိန်ကုန်မှာစိုးတယ်

မတူမတန် ရေးခဲ့တဲ့ ကျောက်စာတွေတောင်
စာလုံးပေါင်းမှားတယ်

ည.....
ကဗျာရေးသူအလိုကျ
စကားလုံးတွေ ထ ထ ကတဲ့ည

အဲဒီညကိုပဲ ရင်တခြမ်း သဂြိုင်္လ်ခဲ့တယ်
မတော်တဆနဲ့ ပြာချမိတဲ့ ပန်းသီးတလုံးက
အလင်းရောင် လက်လက်တောက်
မြူးထူးကခုန်နေတဲ့ မီးတောက်တွေနဲ့
အဲဒီညကိုပူဇော်နေတယ်

ပြုံးပြစမ်းပါဦး...ကဝေမရဲ့
နင့်အပြုံးတွေပါ မီးရှို့ပစ်ချင်လို့....

..............................................
..............................................
မကြားတကြား လန့်အော်လိုက်တဲ့ ညည်းသံက
မီးတောက်ထဲ ခုန်ဝင်လာတယ်
ဖြစ်ချင်တာဖြစ်လိုက်စမ်းပါ
ဖီးနစ်ငှက်ရဲ့ အသွင်ပြောင်းခြင်းနဲ့
တဖန်နုပျိုခြင်းမီးတောက် နင့်အပြုံးတွေ ထထတောက်တယ်

်မှားမှန်းသိရက်နဲ့ ကြယ်ဖြစ်ချင်တာကိုက ငါမှားနေခဲ့တာပါ

အိပ်မက်

အိပ်ယာမှ လန့်မနိုးခင်

လက်တွေ့အမှန်တရား....။

တချို့တွေပြောကြတယ်

တချို့တွေပြောကြတယ်

အိပ်မက်ဆိုတာ အရောင်မပါဘူး...တဲ့

တချို့တွေပြောကြတယ်

ဒုက္ခဆိုတာ အဖော်နဲ့လာတာ.....တဲ့

တချို့တွေပြောကြတယ်

သေရင်ပြီးပြီ.....တဲ့

တချို့တွေပြောကြတယ်

ချစ်ခြင်းအစ မျက်စိက.....တဲ့

တချို့တွေပြောကြတယ်

ရင်ဘတ်ရှိမှ ကဗျာဆရာ ဖြစ်တာ....တဲ့

ဒီလိုနဲ့ပဲ...

တချို့တချို့တွေပြောကြသလို

တချို့တချို့တွေ လိုက်လုပ်နေတယ်

တချို့တချို့တွေပြောကြသလို

တချို့တချို့တွေ ငြင်းဆန်နေကြတယ်

တချို့တချို့တွေပြောကြသလို.....

(အင်း..)

အဲဒီပြောကြတဲ့တချို့တချို့တွေကိုပဲ ပြောကြပါတော့ဗျာ..

လူရွှင်တော်

ဟာသတွေပြောမယ်
ပျော်စရာကို မဖန်တီးတတ်လေသော
ငါ.......
ဗီဇရဲ့ အလိုတော်အရ ခပ်နွမ်းနွမ်းပဲ ပျော်တယ်
မတော်တဲ့ ဖိနပ်ကို စီးမိခဲ့ပေမဲ့
ခရီးအသစ်တွေ ပေါက်တယ်

ဘ၀ ဆိုတာ ချုပ်ရိုးချုပ်သား လှစရာမလိုဘူး

ချုပ်ရိုးဖြေမဲ့နေ့
ငါ့ဗီဇကို ထုံဆေးပေးစရာ မလိုဘူး
အလင်္ကာမြောက်တဲ့ ဟာသ တကြောင်းလောက်ပဲ ရွတ်ပြပေးပါ
နောက်တခေါက်ထပ်ပြောမယ်
ဗီဇဆိုတာကိုက ခပ်နွမ်းနွမ်းရယ်ပါ

ကြယ်ကြွေသတို့သား

ကြယ်ကြွေလို့လား ---

သူငယ်ချင်း မင်းဟာ
ယုံကြည်ရာကို ရင်သွေးလိုလည်း မွေးခဲ့တယ်။

သူငယ်ချင်း မင်းဟာ
ဒဏ်ရာတွေကို ဆီမီးလိုလည်း ထွန်းခဲ့တယ်။

သူငယ်ချင်း မင်းဟာ
ကိုယ့်အနာ ကိုယ့်လျှာနဲ့သပ် ရှင်တတ်ခဲ့ပြီးပြီပဲ။

သူငယ်ချင်း မင်းဟာ
ကိုယ့်အရေပြား ကိုယ်လွှာ
ကိုယ့်အရိုး ကိုယ် အပ်လိုသွေး၊ ကိုယ့်ဝတ်စုံ ကိုယ်ချုပ်လို့
ကျကျနန လှခဲ့ပြီးပြီပဲ။

သူငယ်ချင်း
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်းကြွေတဲ့
ဟောဒီကမ္ဘာမြေရဲ့ အနာတရတွေကို
ဒီကနေ့ နေအပြင်းပြင်းပူတဲ့ ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖ၀ါးနဲ့ကာကွယ်ဖို့ ငါတို့ နေရစ်ခဲ့ဦးမယ်။
သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်းဓာတ်ပြားထဲ
မင်းရဲ့ကဗျာတွေ မာတိကာစီဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့်သူငယ်ချင်း
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံ ပြန်စိုက်တဲ့တနေ့
ငါတို့ .......။ ။

.................. မင်းကိုနိုင်


ဆရာတာရာမင်းဝေ၏ အသုဘအခမ်းအနား မှာ ကိုမင်းကိုနိုင်ရွတ်ဆိုခဲ့တဲ့ ကဗျာလေးပါ

ကျွန်တော်ဖွင့်ခဲ့ရသော မြို့ပြ၏တံခါးများ





မြန်နှုန်းမြင့်ဘ၀ ထဲမှာ
တစ်ရက် နဲ့ တစ်ရက်က ဘာမှမကြာလိုက်ဘူး
ခဏခဏ ဝေ့ဝိုက်ကျလာတဲ့ ဆန္ဒတွေ သပ်တင်ရင်း
ကျွန်တော့်လက်ကြားက သိက္ခာတွေပါးပါးလာတယ်
ဟော . . . .
ဒါ ကျွန်တော့် အခုနေတဲ့ မြို့ကြီးပေါ့
မေတ္တာခေါင် အပြုံးရှား
အမြဲ အတွေးတွေ လှောင်နေတယ်
အလင်းဆိုင်ဆိုတာ . . .
စမ်းချောင်းမှာတွေ့လား တာမွေမှာတွေ့လား
ည အိပ်ချင်မှ အိပ်မယ်
မနက်ဆိုစောစောထရမယ်
မထချင်ဘူးလား
စောစောပဲထရတယ်
"ပဲပြုတ်"
ဒါ ကျွန်တော်ရဲ့ မနက် ၆ နာရီ နှိုးစက်ပါ
မယုံဘူးလား
နောက်တစ်နာရီဆို
"ယခု မြန်မာစံတော်ချိန် နံနက် ၇ နာရီ ရှိပါပြီ"

မြို့ပြက နိုးတဲ့မနက်မှာ
စောစောစီးစီးပဲ လ္ဘက်ရည်ဆိုင်ကို ထထွက်တယ်
ခပ်ကုပ်ကုပ်ဆိုင်ရဲ့ ထောင့်ကျကျစားပွဲမှာ
တစ်ယောက်တည်းရန်ဖြစ်လို့ကောင်းတယ်
"ငါမှန်တယ်"
"ငါမမှားဘူး"
"မင်းကဗျာမှာ သီအိုရီမပါဘူး"
"မင်းကဗျာကရော ကာလာစုံလို့လား"
လည်ချောင်းထဲက ရေနွေးကြမ်းခါးခါး ကို
ဆေးပေါ့လိပ် အငွေ့တွေနဲ့ မျောချ
လေတွေ ဟောင်ဖွာဖွာနဲ့ ရောချ
ပြီး . . . .
လက်ထဲက ဘဝ က လှုပ်လှုပ် လှုပ်လှုပ် နဲ့
တစ်ချိန်ချိန်မှာ ( ခဏ အတွင်းမှာ )
ပြိုလဲဖို့ . . .
ခလုတ် နှိပ်ပြီးသား မိုင်းတစ်လုံးလို ပါလာတယ်
မြစ်ရေကြီးတယ် ၊ မိုးခေါင်ရေရှားတယ် ၊ ကဗျာဆရာတစ်ယောက်သေတယ်
ကျွန်တော်တို့ မြို့နယ်က မီးတိုင်တွေ
ညနေဆို မှိန်မှိန်လေးလင်းလာတယ်
မီးတိုင်ရဲ့ တစ်ချက်ချင်းအလင်းကိုရောရင်း
ကျွန်တော်နဲ့ ကျွန်တော့်စကားလုံးတွေ
အရက်ဖြူကိုမြည်းတယ်
ပြင်းရှရှစကားလုံးတွေ တစိမ့်စိမ့်လှတယ်
တစ်ချို့ မီးရောင် မှိန်မှိန်အောက်မှာ
ဘဝတွေကို ဘီယာ နဲ့မြည်းတယ်
ဒီအတ္တတွေ တိုက်ချွတ်ဆေးဖို့တော့
ပြက္ခဒိန်တွေက စုတ်ဖြဲလို့ မလုံလောက်သေးဘူး
"ကျေးဇူးပြုပြီးကြာမယ်ထင်ရင်
လမ်းဘေးချရပ်ပေးပါ"
ဒီမြို့ပြမှာ အားလုံးပုံမှန်ပဲ စီးဝင်သွားတယ်
ကဗျာဆရာ တစ်ယောက်ဖြစ်တယ်
ကျောင်းသားတစ်လှည့် အလုပ်သမားတစ်လှည့်ဖြစ်တယ်
"ကျွန်တော်ထင်ထားပြီးသားပဲ
ဒီပလပ်စတစ် ထိုင်ခုံအကျိုးနဲ့
ဟိုအစ်ကို ထိုင်တဲ့ ဆိုဖာ မလဲပါဘူးဗျာ"
ကျွန်တော် မကြိုက်တဲ့
အနီရောင်ဝတ် နံပါတ် ( ၇ ) တော့ မဟုတ်ဘူး
အမြဲတော့ ကော်လာထောင်တယ်
ဒါပေမယ့် ကော်လာက ကျွန်တော့် ဘဝလိုပဲ
အမြဲ ခေါက်ရိုးကျိုးကျလာတယ်

လမ်းပေါ်ကကောက်ရတဲ့ သူငယ်ချင်းတွေထဲက
မနေ့ညမှာ တစ်ယောက်ပါမလာဘူး
ရပ်နေတဲ့ အတွေးတွေနဲ့
တစ်ချိန်က အသစ်ဖြစ်ခဲ့တဲ့ သူငယ်ချင်းကို
အတွေးဟောင်းတွေနဲ့
နှုတ်ခမ်းတွေ အလျားလိုက်ဆွဲဆန့်ကြရင်းပြန်တွေ့တယ်
တဆိတ် . . .
ပေါ့အိလွန်းသား စကားတစ်ခွန်းမှမဆိုဘူး
သူ့ဘေးက လွယ်အိပ်လို ကန့်လန့်ပဲ ထွက်သွားတယ်
(မြို့ပြမှာ ဒီလိုပဲ ၀င်တိုက်ကြတယ်)
ကဗျာဆရာတွေ စကားလုံးတွေ တိုက်ကြတယ်
ကျွန်တော်တိုပ ဘယ်သူမှန်းမသိပါပဲ လူလူချင်းဝင်တိုက်ကြတယ်
တစ်ချို့ . . . ဘီယာခွက်ချင်းတိုက်ကြတယ်
တစ်ချို့ . . . ဘဝတွေချင်းတိုက်ကြတယ်
နောက် အားလုံးထထွက်သွားတယ်
ရပ်ရမယ့်နေရာတစ်ယောက်မှ မတူဘူး
( ကျွန်တော်ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်ရှိနေပါသဖြင့်)
ကျွန်တော်ရပ်ထားတဲ့နေရာမှာ
ကဗျာစာရွက်အဟောင်းတွေ ရှိမယ်
ခဲပန်းချီ ဖျက်ရာတွေရှိမယ်
အခုဟောင်သွားတဲ့ ကဗျာအသစ်တွေရှိတယ်
ခဲတံအတို နဲ့ ဆေးလိပ်တိုတွေ ရှိတယ်
ဒါတွေ ညလယ်စာအဖြစ် ကျွန်တော်စားခဲ့တယ်
ကျွန်တော် သူ့ငယ်ချင်းတစ်ချို့ ဒီလိုပဲစားတယ်
"စိတ်ကို ကိုယ်ကလွှတ်ပြီး ကြပ်တည်းပါရစေ
နေပါစေ နေပလေ့စေ
အားလုံး တစ်လမ်းမောင်းပဲကောင်းပါတယ်"
ဘေးလူတွေကြည့်ရင်တစ်ယောက်မှ ပုံမလာဘူး
မာနတွေထိုးထိုးထောင်ထောင်နဲ့
စကားလုံးတွေ လူနဲ့မလိုက်အောင်
လုစားကြတယ်
အိပ်မက်တွေတော့ မချိုကြပါဘူး
ခဏ ခဏ
အတိတ် နဲ့ အနာဂါတ် ပိတ်ပြီးသာအိပ်ကြရတယ်
ပတ္တာတွေ တအီအီနဲ့
ကျွန်တော် ဖွင့်မိတဲ့ တံခါးတွေ
လေးလေးပင်ပင်ပွင့်သွားကြတယ်

......................... မောင်မိုးချို


မောင်မိုးချို၏လက်ရာများအနက်မှ ကျွန်တော် အကြိုက်ဆုံးကဗျာလေးဖြစ်ပါတယ်

အသစ်ဖြစ်သွားသော စကားလုံးအဟောင်းများ

ပြန်ကြည့်လိုက်ပါဦး

ဟော..ဟိုနားမှာ စကားလုံးတွေကျကျန်ခဲ့သလားလို့

မြင်မြင်သမျှက အသစ်အသစ်တွေချည်းပဲ

ငါကိုယ်တိုင်ကရော.....

ဘယ်နေရာမှာဝေးခဲ့တာလဲ

ငါလဲ ကမ္ဘာပတ်လမ်းကြောင်းထဲမှာပါ

စိတ်တွေကို ရေချိုးပေးရမှာလား

စွန်းခဲ့ဘူးတဲ့ အယူအဆတွေကို နှမြောတယ်..

နောက်လှည့်ကြည့်ရမလား

ရှေ့ကိုပဲမျှော်ကြည့်ရမလား

တချို့တွေပြောသလို

ကိုယ့်ရင်ထဲပဲ ကိုယ်ကြည့်မိမယ်“

ငါဟာ ဆွတ်ချူခဲ့သူလား

ခြွေချခဲ့သူလား..

တကယ်တော့

အဲဒီလို ဆွဲငင်အားတွေမှာနေရတာကိုက မုန်းစရာကောင်းနေတယ်

ငါကိုယ်တိုင်ကကို ဆွဲငင်ချင်ခဲ့တာ

အကြောင်းအရာတွေလေ

ဘယ်လိုမှကိုမလုံလောက်နိုင်ဘူး

ငါ့ကို သေးသေးမွှားမွှားလေးတွေအတွက် မပြောင်းလဲလိုက်ပါနဲ့

ဆက်ရန်ဆက်ရန် မနက်ဖြန်တွေက င့ါကို ကိုက်ဆွဲသွားသလားလို့

တရွတ်တိုက်ကို အဟောင်းအတိုင်းကြီး....

အဟောင်းအတိုင်းကြီး အလွန်တရာကြီးကျယ်တဲ့စကားလုံးတစုနဲ့

ဆွဲငင် ကပြ လုံလုံလောက်လောက်ကို တီးခေါက်ကြည့်လိုက်တယ်...

သံစဉ် အသစ်တွေကြားမှာ ငါ့စောင်းကြိုးတွေတိုနေပြီလား

ကိုယ်ကိုတိုင် တီးခတ်ကြည့်ပြီးမှ တိုမှန်းသိတာ နောက်ကျလွန်းနေပြီလား

တလိပ်လိပ်နဲ့ မေးခွန်းတွေက တစ တစ နဲ့ ပိုပြီးဟောင်းနွမ်းနေစေတုန်းပဲ

အသင့်လှပခဲ့ပြီးသော ကမ္ဘာမှာ

အရောင်အသစ်တွေနစ်နေတာကိုက

ငါ့ကို သေသေချာချာ ဟောင်းနွမ်းသွားစေတယ်

ဒီမှာ...........

မေတ္တာတရားသည်သာ အစစ်ရတနာဆိုရင်

ဒီကမ္ဘာကို ငါတယောက်ထဲ ထမ်းထားရဲတယ်
...............................................................

...............................................................

စာကြွင်း.. ဒီကဗျာဖတ်သူများ မျက်နှာမသစ်ကြပါနှင့်
စိတ်များသာ သစ်ပေးကြပါ
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အုပ်စိုးကြီးနှင့် ပေါင်းစပ်ရေးဖွဲ့သည်

" လ နှစ်ချောင်းငင် လူ "

" လ နှစ်ချောင်းငင် လူ "

အဲဒီစာလုံးပေါင်းသေချာပြီလား....?

သိတဲ့သူတွေ ပြောပြကြပါဦး

လူတယောက်ဖြစ်ဖို့ ' လ ' ကို နှစ်ချောင်းငင်ရုံပဲလား

ဘာတွေလာပြောနေတာလဲ လို့ ပက်ပက်စက်စက် ဝေဖန်ပစ်စမ်းပါ

ပန်းသီးစားတဲ့လူ...

အလွမ်းတေးသွားနဲ့လူ...

ဘယ် လူ က လူ အစစ်လဲ

ငါကကော.....ခင်ဗျားကကော.....

" မူရင်းမဟုတ်ပဲ အကုန်မိတ္တူဆွဲ

နင့်နှလုံးသားထဲ အတုတွေ အပြည့်မဟုတ်လား "

မပြောကြစမ်းပါနဲ့ ..အဲဒီ စိတ္တဇ နာမ်တွေကို

မျက်စိဆိုတာ အပိုပစ္စည်းမဟုတ်ဘူး...

အယူအဆတွေလား ....၀ါဒတွေလား ...ထားလိုက်စမ်းပါ...

တွေးကြည့်မနေနဲ့..ပြေးကြည့်လိုက်..ခေါင်းပူတယ်

သီအိုရီတွေ ဒိုင်မေးရှင်းတွေ အတွေးအခေါ်တွေ ကြိုတင်ကြံစည်မှုတွေ

တော်ပါပြီ..မပြောတော့ဘူး..

ဒီကဗျာကို တွေးပြီးရေးလိုက်တာကို မဟုတ်ဘူး

" လ နှစ်ချောင်းငင် လူ " ဖြစ်ကြောင်း ကိုယ့်ကိုကိုယ် သက်သေပြလိုက်တာ

ပက်ပက်စက်စက် ဝေဖန်သွားကြစမ်းပါ....
............... နောင်ရိုး

အလွမ်းရောင်ပြဇာတ်

အလွမ်းတွေက

ငါ့ကောင်းကင်တခုလုံး မှိုင်းညို့ပြာလွင်

ဗုံသံမပါပဲ ကကြိုးဆင်ခဲ့တယ်

မိကြယ်ဖြူရေ....

ညတွေနက်နက်လာတိုင်း

နင့်အရိပ်တခြမ်း

ငါ ...မမှီမကမ်းလွမ်းတယ်

လက်တဆန့်စာ ဝေးသွားရုံလေးပါပဲ

ငါမက်တဲ့ အိပ်မက်တွေက နင်ဖြစ်နေတာတော့

ခပ်တိုးတိုး ရှိုက်တဲ့ ဂစ်တာသံတွေတောင်........ဆွေးတယ်

လွတ်ကျသွားတဲ့ သတိရစိတ်တွေတိုင်းက

ငါ့ကို ရင့်ရော်သွားစေတယ်

မိကြယ်ဖြူရေ...

တခါတခါ ဖူးပွင့်လာတဲ့ ရနံ့တွေမှာ

သနပ်ခါးရနံ့လေးတွေ ကပ်ညှိပါနေတုန်းပဲ ကွဲ့

တခါတခါ ပြိုကျလာတဲ့ မိုးတိမ်တွေမှာ

နင့်အရိပ်တွေ ကပ်ညှိပါနေတုန်းပဲ ကွဲ့

တခါတခါ တီးခတ်မိတဲ့ ငါ့ဂစ်တာမှာ

နင့်သံစဉ်တွေ ကပ်ညှိပါနေတုန်းပဲ ကွဲ့

တခါတခါ ရေးသားမိတဲ့ ငါ့ကဗျာတွေမှာ

နင့်ကာရံတွေ ကပ်ညှိပါနေတုန်းပဲ ကွဲ့

မိကြယ်ဖြူရေ...

ငါတို့လက်တွေ ပြန်မဆက်နိုင်သေးတော့လဲ

မိုးတခြမ်း လေတခြမ်းနဲ့

( ငါနင့်ကို..)

သည်းသည်းမဲမဲ လွမ်းတယ်....။

ဖြစ်နိုင်ရင် ဒီကဗျာနဲ့ ဝေးဝေးနေပါ

ခင်ဗျားရဲ့ အသက်ရှူသံတွေ ခဏလောက်ငှားချင်တယ်

ကျွန်တော့စကားလုံးတွေ လေငတ်နေလို့....

အတွေးတွေနဲ့ ဆန်းသစ်ပြတာလား

စကားလုံးတွေနဲ့ လမ်းသစ်ပြတာလား

သေချာတာကတော့

ကျွန်တော်က ကဗျာဆရာမဟုတ်ဘူး

ကဗျာရေးသူသက်သက်

စကားလုံးတွေနဲ့ အဂ္ဂိရတ် ထိုးနေသူတယောက်

ခင်ဗျားပြောတဲ့ အတင်းတွေ သတင်းတွေ

ခင်ဗျားပြောတဲ့ အလင်းတွေ အမှောင်တွေ

ခင်ဗျားပြောတဲ့ အ၀ိဇ္ဇာတွေ တဏှာတွေ

ဖြစ်နိုင်ရင် ကဗျာဆိုတာကို ခဏမေ့ထားလိုက်ပါ

စကားလုံးတွေကခုန်တဲ့ ပြဇာတ်မှာ

ကျွန်တော်က ကားဆွဲ မီးထိုး သက်သက်မျှပဲ

လက်ထဲကထွက်ကျလာတဲ့အမှန်တရား....!!!!

ဖြစ်နိုင်ရင် ဝေးဝေးမှာ သွားထားလိုက်စမ်ပါ

အမှန်တရားဆိုတာ အမှားလှအောင် ဖန်တီးပေးထားတဲ့ အိမ်ဖြည့်သက်သက်ပဲ

ကျွန်တော်....

ခင်ဗျား......

သူ......

သူမ......

တခါတလေမှန်ပြဖို့ တတ်နိုင်သလောက်မှားပြခဲ့တယ်လေ

ဖြစ်နိုင်ရင်ဗျာ

(ရိုင်းတယ်မထင်ပါနဲ့)

ခင်ဗျားကိုယ်တိုင် ဒီကဗျာနဲ့ ဝေးဝေးမှာနေပေးပါ

...................................နောင်ရိုး.....

ခင်ဗျားအကြောင်းပြောရမှာ လည်ချောင်းနာတယ်

ခင်ဗျားအကြောင်းပြောရမှာ လည်ချောင်းနာတယ် လောကဓံ

ပိတ်ဆို့ထားတဲ့ နံရံတွေနဲ့ ဖောက်ထွက်ရဲတဲ့သတ္တိတွေက ခင်ဗျားကို စိန်ခေါ်နေတယ်

ခင်ဗျားကနာရီတွေကို စားသုံးနေတယ်ဆို

ကျူပ်တို့က နာရီတွေကို ချနင်းပြီး ခင်ဗျားကို တိုက်မယ်

ခင်ဗျားက ဆာလောင်ခြင်းတွေကို လက်နက်အဖြစ် အသုံးပြုတယ်ဆို

အဲဒီဆာလောင်ခြင်းတွေက ကျူပ်တို့က ၀မ်းဝစေတယ်

ခင်ဗျားမွှေးထားတဲ့မီးလေ....တစစနဲ့လောင်မြိုက်နေတယ်

ကျူပ်တို့ကလဲ ပြာမဖြစ်ခင် ခင်ဗျားဆီအရင်လွင့်ခဲ့မယ်

ခင်ဗျားရဲ့သတ္တိက ချုံခိုပြီး တိုက်ခိုက်တာတဲ့လား

ရင်ကော့ပေးထားပါတယ်.....ကြောက်တတ်ရင် အကြိမ်ကြိမ်သေတယ်

ကဲ..အခုတော့ ခင်ဗျားသွေးတဲ့ဓါးမှာ အဆိပ်ရည်လူး ဒီအရူးကို ထိုးစိုက်လိုက်ပါဦး

ခင်ဗျားအကြောင်းပြောရတာလဲ လည်ချောင်းနာတယ် လောကဓံ..။


နောင်ရိုး

ပန်းသွေးကျိမ်စာ

ကောင်းကင်တခြမ်းက မှောင်တလှည့် လင်းတလှည့်

" ငါ " ပျောက်နေတဲ့ အခွံတခွံ

ဥတုမှားနေတဲ့မျက်ဝန်းတွေနဲ့

ကျိမ်စာတွေ ရေရွတ်နေတယ်........

"" $#@!^%*#@"

.......အနမ်းတထပ် ပန်းတထပ်နဲ့ မျက်ရည်တွေ ကြွေစေသား.......

တခဏအတွင်းပဲ ကျိမ်စာသင့်သွားရဲ့

စီးကျလာတဲ့ ကောက်ကြောင်းတွေမှာ

ပန်းသွေး.........ပန်းတို့၏သွေး

( ရဲရဲနီစွေးခဲ့ချေပြီ)

နောင်ခေတ်အဆက်ဆက်မှာ

ပန်းခေတ် ........ပန်းသမိုင်း.....ပန်းသွေး

တူးဖော်မိကြစေသား.......

နမ်းရှိုက်ရင်း ကျိမ်စာသင့်ကြစေသားးးးးးးး.....။။။။။။။။။

........................(နောင်ရိုး)

ပျင်းလို့ရေးတဲ့အနမ်း

အလွမ်းလား

တခါတခါတော့လဲ ပုပ်အက်အက် အနံ့အသက်နဲ့

ရင်ထဲကို ထိုးသိပ်ထည့်ထားလိုက်ချင်ရဲ့

အိပ်မက်တွေ ကန့်လန့်ခွဲခံရတဲ့ညမှာ

လရောင်ကလဲ ညှီစို့စို့နဲ့

တစက်စက်ကို စိုကျနေတယ်

တချို့တွေက ကိုးကွယ်သတဲ့

တချို့တွေက အပျင်းပြေသတဲ့

ဒါကိုပဲ အချစ်လို့ခေါ်သတဲ့လား

နှစ်ယောက်ရှိမှ ဖြစ်တည်မယ့်အရာကို အနမ်းဟုခေါ်သည်

ကန့်ကွက်ချင်သူများ စာရင်းပေးနိုင်သည်

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ထိုကဗျာအား လေပြည်အားဖြင့်လည်းကောင်း

လိပ်ပြာတကောင်အားဖြင့်လည်းကောင်း

အထိအခိုက်မရှိစေရ.....

.................................(နောင်ရိုး)

ကဗျာတကောင်၏ ကတိုက်ကရိုက် လင်္ကာ

မြို့ပြည // အတ္ထုပ္ပတ္တိအပိုင်းအစ // မပြီးနိုင်သော ပန်းချီကားတချပ်..

ရင်ဘတ် // ကျောက်ဖြစ်ရုပ်ကြွင်း // ချနင်းထားသော ဦးနှောက်တခြမ်း..

ကာရံ // ဆေးလိပ်တို // နတ်သမီး မီးခြစ်ဆံတစ်ချောင်း..

အတောင်ပံ // လွင့်လွင့်လူးလူး // မိုးမိလိပ်ပြာ..

ဝိဥာည် // ပူးတုံ့ခွာတုံ့ည // အိပ်မက် // ဆိုး..

မိုးသောက် // ရေ // မျက်နှာ // ယမကာ..

ဖိနပ်စုတ် // လဲရန်မရှိသော // ပစ္စည်းမဲ့ဝါဒီ // လူတန်းစား..

လွယ်အိတ် // ငွေနှစ်ရာ // လေထန်ကုန်း // အချိန်မှီ..

ပလေတိုးနစ် // ရီရယ်လစ်ဇင် // ပို့စ်အပိုင်းအစ // တဖွဖွ..

စာအုပ်တိုက် // ထုတ်ဝေသူ // အရင်းရှင်စနစ်လက်ကျန်ဒဿန..

နေ၀င် // ကားခ // ငှားရမ်းခြင်းနိယာမ // အပြန်လမ်း..

ဆည်းဆာ // ယမကာ // အစားမထိုးနိုင်သော // လေထန်..

နီယွန်မီးတိုင်များ // လင်းတုံ့မှိန်တုံ့ // ပလက်ဖောင်းများ..

လှေကား // ဂုံးကျော်တံတား // သော့မရှိတဲ့တံခါး..

အတွေး // ရီဝေေ၀ // ကာရံ // အလွဲအမှားရင်ခတ်သံ..

(အဲဒီညက ကြယ်တွေအိပ်တန်းပြန်နောက်ကျတယ်)

နောင်ရိုး

ဗာလတမ်းချင်း

ပုလင်းကွဲတစ်ခု
ခပ်ရှရှရယ်သံကြား
ခပ်ရှက်ရှက်ငိုသံတွေ ပိုပိုသာသာသုံးလို့
တကယ်တော့ သူဆိုတာ
လူမသိနိုင်တဲ့လမ်းတွေနောက်
အုတ်ချပ်တွေခင်းလေ့ရှိတဲ့ (အကောင်)ပေါ့

ဟုတ်တယ်..သူတို့တွေက အတောင်ပံမပါဘူး
အမွှေးအမျင်မပါဘူး
ခပ်ကြမ်းကြမ်း အတ္တတွေနဲ့ ကိုယ့်ကိုကိုယ် မော့သောက်နေကြတယ်
မျက်ရည်ဆိုတာက သူတို့ရဲ့ပကာသနပဲ

ဒီလိုနဲ့
ကိုယ့်ကိုယ်ကိုယ်ပြန်ခိုးတဲ့ညတွေမှာ
စိတ္တဇဆိုတာကို ဖက်တွယ်ရင်း
မင်းချမ်းတတ်တဲ့ နေ့တွေကို မီးထွန်းကြည့်ပါရစေ
ခပ်စုတ်စုတ် နာရီတွေပေါ်
တွဲလွဲခိုရင်းပေါ့

အဲဒီနာရီတွေက ပျော့လို့တွဲလို့
ဒါလီရဲ့ ပန်းချီကားထဲမှာ ပျော်ကျနေတယ်
မင်းမသိခဲ့တာတခုက
ပြက္ခဒိန်တွေရဲ့ သစ္စာပဲ...

ဟား...........ခပ်ပါးပါးရီရင်း
နရီတစ်ချက်လိုက်မယ်
တွေ့လား......ဟိုးရှေ့ကကုန်းတွေမှာ
သူတို့ကိုယ်တိုင်လောင်ကျွမ်းလို့
မွေးဖွားလက်စ အပြုံးတောင်
လျော့တိလျော့ယဲ
တစ်ဆုံးထိ မွန်းသွားတယ်
ည နက် နက် ထဲ မှာ....
(အဲဒီညက လေပြေငတ်နေတဲ့ည
တစ္တေတကောင် သွေးပြတ်ကြောက်လန့်နေတဲ့ည)
လရောင်ကို ခပ်တိုးတိုး ကျိမ်ဆဲမိတယ်
ငါ့ရယ်သံက ...တိုးရှ...တိုး....ရှ

အနိုးကြားဆုံးညတွေပဲ
ကုတ်ဖတ်တတ်ရင်း
အမည်ခံပုဒ်မတစ်ခုတော့
ဂုဏ်ယူစွာတနင့်တပိုးထမ်းထားရင်း
အိပ်မက်ဆိုတာတွေကို
ခမ်းခမ်းနားနားရွာချမိ
ဟော့ဒီ့ ဗလာရင်ဘတ်ကြီးထဲမှာ
သည်းသည်းမဲမဲ .....
တခမ်းတနား.....
နာနာကျည်းကျည်း...
မက်မက်မောမော.......
ရွာ.......ချ..

နမ်းဖူးပြီးသား........
ချမ်းဖူးပြီးသား............
လွမ်းဖူးပြီးသား...............
မာကျည်းပြီးသားမို့................
ညတွေရေ..................ညတွေမှာပဲ
အခွံလွတ်ဒဏ်ရာတွေ
သိမ်း.............ထား.............လိုက်......တော့ ။။

+++++++++++++++++++++++++++++++++++++++++++++++++
(စာကြွင်း)
ထိုညက ပုပ်ပွနေတဲ့ မလိမ်မိုးမလိမ္မာ အိပ်မက်တွေအား
ငြင်ငြင်သာသာ မြေမြုပ်သဂြို င်္လ်ဖြစ်ခဲ့ပါတယ်
နာမည်ပျက်ရှိခဲ့ရသော နာရီတွေအတွက်
အလွမ်းသီချင်းတပုဒ်တောင်းဆိုရန်
လေပြေငတ်ခဲ့သောညအား
ခခယယ ပန်ကြားခဲ့ပါတယ်..

အကယ်ဒမီနှင့်ပေါင်းစပ်ရေးဖွဲ့ခံစားသည်

မီးကျိုးမောင်းပျက် ဒဿန

နားလည်မှုတဲ့လား.....
ကဲ.....ခင်ဗျားတို့ပဲ ပြောကြတော့..။

နားလည်ပေးနိုင်ရုံလောက်နဲ့တော့
ပေါ့ဆိမ့်တခွက်က ကော်ဖီဖြစ်မလာဘူး
တယောတလက်နဲ့ ဆမ်ဖိုနီမဖြစ်ချင်ပါနဲ့
ဆီဖြစ်ဖို့က နှမ်းတလုံးပဲ လိုတယ်
(စားမလောက်ရုံသာရှိတာပါ)

တန်ပြန်တုန့်ပြန်မှု!!!
ဟုတ်လား
သက်ရောက်မှုကရော
ခင်ဗျားတို့ပေးခဲ့လို့လား
အဖေကသားဖြစ်
သားကအဖေဖြစ်နဲ့
မီးကျိုးမောင်းပျက်ဝါဒမှာ
ဘယ်စားစရာက အာဟာရဖြစ်မလဲ
ပေါင်မုန့်တလုံးအတွက် အိပ်မက်နေရင်တော့
ခင်ဗျားရင်ခုန်သံတွေ မှိုတက်ကုန်မယ်
ဆာလောင်နေတဲ့မျက်ဝန်းတွေ
တစာစာအော်နေတဲ့ ကမ်းလက်တွေ..
ဘယ်ခေတ်မှာ သမိုင်းဖြစ်မလဲ
(ဘယ်လို !!! )
လူနဲ့ ပဋိပက္ခ လို့ခင်ဗျားပြောလိုက်တာလား
အဲဒီ ပဋိပက္ခဆိုတာကို စာလုံးပေါင်းဖို့
လူဘယ်နှစ်ယောက်လောက် အသက်နဲ့ရင်းခဲ့ရလဲ
ဆုတ်ယုတ်မှုဒဿနမှာ
ညီမျှခြင်းမရှိဘူးဆိုတာသေချာပြီဆိုရင်တော့
မျက်ရည်နဲ့ခင်းတဲ့ကျွန်တော့ပြက်လုံးမှာ
ခင်ဗျားတို့ပဲ တသောသောရယ်မောကြတော့...။

အ၀ါရောင်ရာသီနဲ့လွဲခဲ့တဲ့ သံစဉ်

ခပ်ဆိုးဆိုးရယ်တော့မဟုတ်ပါဘူး
ကြိုးပြတ်ခဲ့တယ် ဆိုရုံပါပဲ
နှင်းတွေကခေါင်လှချည့်လား...ဆောင်းရယ်
ကြိုးပြတ်သွားတဲ့ ဂစ်တာကြီးက တိုးတိုးလေး ညည်းတယ်
လေတွေအဆုပ်လိုက်ကြဲကျတဲ့အထဲမှာ
သံစဉ်ဖြည်းဖြည်းလေးတပိုဒ်
လွင့်ပါလာရဲ့.......
ငါငိုနေတာမဟုတ်ပါဘူး
ဂစ်တာအိုကြီးက (အထိတ်တလန့်)ငြင်းတယ်
နှင်းတွေက ခေါင်နေတုန်းပဲ ဆောင်းရေ...
ဂစ်တာကြီးက လွမ်းလွမ်းဆွေးဆွေး
အသံတွေတောင် မေ့မေ့ကုန်ပြီလေ
(ဒီလိုနဲ့ပဲ)
ရာသီတွေမှာ...(အဲဒိနှင်းခေါင်တဲ့ရာသီတွေမှာ)
ကျိုးပျက်သွားတဲ့ ဂစ်တာအိုကြီးရဲ့ ငိုသံတွေကို
(ဘယ်တော့မှ)
မကြားရတော့ဘူးလေ....။

အမေ့ထံသို့....ပေးစာ

ခြေစုံကန်ထွက်ခဲ့တာမဟုတ်ပါဘူး
ရင်ခွင်ထဲက ပြုတ်ကျခဲ့တာပါ....အမေ
အတုံးအရုံးပါပဲ
လောကဆိုတာကို စာလုံးပေါင်းကြည့်ဖို့
ကျွန်တော် မကြိုးစားမိခဲ့ဘူး
ဒါပေမဲ့...အသံထွက်တော့မှန်ခဲ့ပြီ....အမေ
ဆီးကြိုနေကြတဲ့ ကမ်းလက်တွေက
လက်ဖမိုးမပါဘူး.....အမေ
လက်ဖ၀ါးသက်သက်..
ကျွန်တော့ဆီက တောင်းယူ လုယူကြလေရဲ့
လောကဓံရဲ့ အကန်အကျောက်တွေနဲ့
ဖြူစင်မှုတွေလဲ ပြယ်လွင့်ခဲ့ပြီလေ
ကျွန်တော့ကိုခွင့်လွတ်ပါ....အမေ
ကြိုးဝိုင်းထဲမှာ မြင်သမျှလူတိုင်းက
အတ္တတွေအများကြီး ထမ်းပိုးထားကြတယ် ...အမေ
သူတို့ပင်ပန်းမှာပဲလို့ တွေးခဲ့မိပေမဲ့
ကျွန်တော်ကိုယ်တိုင်လဲ အတ္တတွေကို စနစ်တကျ ထမ်းပိုးတတ်နေပြီလေ
နေသားကျနေပါပြီ....အမေ
တစ်ရာသီဝင်တစ်ရာသီထွက်နဲ့
ကျွန်တော် ခရီးဆက်နေဆဲပါ...အမေ
ညောင်ပင်အိုမှာ နေမညိုခင်တော့
ပုခုံးပေါ်က အတ္တတွေ
နေကာမျက်မှန်တွေ
မျက်နှာဖုံးတွေထားခဲ့ပြီး
ကျွန်တော်ပြန်လာခဲ့မယ်....အမေ
အပြုံးတချို့တ၀က် မျက်ရည်တွေနဲ့ ကြိုလှည့်ပေါ့.....။

ဧည့်သည်

ဝင်လာတယ်
ငိုသံတခုနဲ့
တက်မက်မှုတွေနဲ့
အတ္တတချို့ထုပ်ပိုးပြီး
ခရီးပြန်ထွက်သွားတယ်

ရွာ

မီးခိုးငွေ့ကင်းတဲ့လေက ကန့်လန့်ဖြတ်ပြေးလို့
တခါတခါ လွင့်လွင့်လာတဲ့ ဖုန်တွေ..
တခါတခါ ဖြတ်ပျံသွားတဲ့ ငှက်တွေ..
သေချာပါတယ်
ဒါ...ငါတို့ရဲ့ ရင်ဘတ်တွေဆောက်တဲ့ ရွာလေးပဲ
....................................................................
ဒီရွာလေးမှာ ပီကာဆိုမရှိဘူး
စပါးချွေနေတဲ့ ချွေးသုတ်လက်တွေရှိတယ်
ဒီရွာလေးမှာ ကာရာအိုကေ မရှိဘူး
လယ်ကွင်းထဲက လွင့်ပျံတေးသံတွေပဲရှိတယ်
ဒီရွာလေးမှာ ဝေဖန်ရေးသမားတွေမရှိဘူး
ခေတ်ပြိုင်နဲ့ထွင်းထုထားတဲ့ ရင်ဘတ်ပန်းပုတွေပဲရှိတယ်
..........................................................................
ခေတ်တွေသာ အရောင်အမျိုးမျိုးနဲ့ရွာလေးကို လာကြည့်သွားတယ်
ရွာလေးကတော့ တိတ်ဆိတ်.......
.........................................................................
နေကာမျက်မှန်မရှိတဲ့ ဒီရွာလေးမှာ
သနပ်ခါးပါးကွက်လေးတွေရှိတယ်
ဘီယာဆိုင်မရှိပေမဲ့
ထန်းတောလေးရှိတယ်
မော်တော်ကားတွေ ဆိုင်ကယ်တွေမရှိပေမဲ့
ခလောက်သံလေးတွေနဲ့ နွားလှည်းတွေရှိတယ်
အီလက်ထရောနစ် တီးလုံးတွေမရှိပေမဲ့
အုန်းမောင်းသံရှိတယ်
..........................................................................
သက္ကရာဇ်တွေသာ ပြောင်းပြောင်း ဟောင်းဟောင်းသွားပေမဲ့
ဒီရွာလေးကတော့
မြို့ပြ အန်ဖတ်တွေကင်းကင်းနဲ့
ရင်ဘတ်တွေဆောက်လုပ်နေဆဲပါပဲ..

ဘဝ

ကွဲနေတဲ့ကြည့်မှန်တချပ်မှာ
ဘ၀ကို ပုံဖော်ကြည့်မိတယ်
ဟိုနားကတစ
ဒီနားကတစ
ဖြစ်တည်မှုတွေက ကာလတွေအတိုင်းပဲ
ရွေ့ရွေ့လျားလျား...........

အကယ်၍....အချစ်သည်


အကယ်၍.....အချစ်သည် တိမ်တိုက်တခုဖြစ်ပါက

ကျွန်ုပ်သည် ရေမှုန်တစ ဖြစ်ရပါလို၏...။

အကယ်၍......အချစ်သည် ပန်းတပင်ဖြစ်ပါက

ကျွန်ပ်သည် ပန်းပျိုးလက်ဖြစ်ရပါလို၏..။

အကယ်၍.....အချစ်သည် မုန်တိုင်းတခုဖြစ်ပါက

ကျွန်ပ်သည် လေဖိအားနည်းရပ်ဝန်း ဖြစ်ရပါလို၏..။

အကယ်၍.....အချစ်သည် ရယူခြင်းဖြစ်ပါက

ကျွန်ပ်သည် ပေးဆပ်သူ ဖြစ်ရပါလို၏..။

အကယ်၍...အချစ်သည် အချစ်ဖြစ်ပါက

ကျွန်ုပ်သည် အချစ်၏ မျက်ဝန်းများဖြစ်ရပါလို၏...အရှင်ဘုရား...။

အမေ


မျက်ရည်တစက်က မျက်လုံးထဲကဖောက်ထွက်လာတယ်

ဒီမှာပဲ မျှော်လင့်ချက်တွေ

ဒီမှာပဲ အားတင်းထားမှုတွေ

ရှေ့ဆီကမှုန်ပျပျ အလင်းအတွက်

လက်တွေမှာ မာန်အပြည့်

စိတ်တွေမှာ ဒါဏ်အပြည့်....


“ဘဲအုပ်က တစ်ရာနှစ်ရာ

မဗေဒါက တပင်တည်း” ရယ်ပါ

လက်သည်းတွေနဲ့ ၀ိုင်းကိုက်ကြပေါ့........


အတောင်ပံတွေကို ကြိုးတုတ်

လှောင်အိမ်ထဲ ဖမ်းထည့်ထားရုံနဲ့

ငှက်တကောင် ဘဝ

ဈာန်နိမ့်မသွားပါဘူး

မိုးသားတွေရဲ့ လိုအပ်ချက်တွေ

ပျံသန်းရင်းရှာဖွေ

နေရောင်ခြည်ကိုသယ်လာခဲ့ပေါ့....


သူဟာ............ငါတို့ရဲ့ လက်တွေကို အနုပညာမြောက်စေတယ်

သူဟာ............ငါတို့ရဲ့စိတ်ဓါတ်တွေကို ရဲရင့်လွန်းစေတယ်

သူဟာ............ငါတို့ရဲ့ခြေလှမ်းတွေကို မြင့်တက်စေတယ်

သူဟာ.............ငါတို့ရဲ့ မျက်ဝန်းတွေကို ပြုံးစေတယ်

သူဟာ............ငါတို့ရဲ့ အိပ်မက်တွေကို လင်းစေတယ်

သူဟာ............ငါတို့ရဲ့ ဘ၀တွေကို ပန်းရနံ့တွေ ပျံ့သင်းစေတယ်

သူဟာ...........ငါတို့ရဲ့ သမိုင်းကို တောက်ပစေတယ်

သူဟာ.........................။


ယုံကြည်ချက်အတွက်

မိုးသားကိုကျောခိုင်း

လွတ်လပ်မှုကိုစတေးခဲ့တဲ့

အ၀ါရောင်ငှက်.......အိပ်တန်းပျောက်နေဆဲပဲ....။


“ပျံရင်းသေမယ်” တဲ့

ရဲရဲတောက်စိတ်ဓါတ်နဲ့

အသွေးကိုစွန့်

အသားကိုစွန့်

ရင်ဘတ်ထဲဆူးဝင်နေတာတောင်

နှလုံးသွေးတစက်စက်နဲ့

အကောင်းဆုံးသီချင်းသီကြူးရင်း

ဆူးငှက်...........

အ၀ါရောင်ငှက်.....အိပ်တန်းပျောက်နေဆဲပဲ..။

ပန်းပျိုးအလင်္ကာ

ကြယ်တွေ..ထစ်ထစ်ချုန်းချုန်းကြွေတဲ့ည
ပန်သူမဲ့ နှင်းဆီ
ပန်းပျိုးလက်ကို ပြန်ဆူးခဲ့တယ်....

ငါခုတ်ခဲ့တာ မဟုတ်ပါဘူး
ငါဟာ အက်ကြောင်းကြားမှာ ညပ်နေတဲ့ ဓါးတလက်...

ဟိုတုန်းကလိုပါပဲ
ခခယယ ရှိခဲ့တဲ့ ငါ့မျက်ဝန်းတွေ
မိုးကိုမျှော်ကြည့်နေတုန်းပဲ...

ဟိုတုန်းကလိုပါပဲ
ကောင်းကင်မှာဆော့ကစားနေတဲ့ လက်အစုံကို ကမ်းလင့်နေတဲ့
ငါ့လက်တွေမှာ...
မြေမှုန် တွေ ကပ်ငြိနေတုန်းပဲ...

ပန်းတို့ရဲ့ သခင်မကိုတံခါးဖွင့်ထားတဲ့
ငါ့အခန်းလေးမှာ
လရောင် ကြယ်ရောင်တွေ လက်ဖြာနေတုန်းပါပဲ...

မမျှော်လင့်ခဲ့ပါဘူး
ငါဟာ ကျဆုံးပြီးသား ဓါးတလက်
ငတ်မွတ်နေတဲ့ အောင်မြင်မှုတွေ
ဒူးထောက်ခဲ့တဲ့ မျက်တောင်တချက်
ငါ..မမျှော်လင့်ပါဘူး....။

ဒီလိုနဲ့ပဲ..
မြင်ခွင့်တွေနဲ့ ရေးဖွဲ့ခဲ့တဲ့ကောင်းကင်တမ်းခြင်းတွေမှာ
လွမ်းတသသရှိခဲ့တဲ့
မျက်ရည်ရနံ့တွေ စိုစွက်ပျံ့သင်းခဲ့တယ်လေ.....။

ကဗျာမွေးတဲ့အိမ်....



ပြတင်းတံခါးကိုဖွင့်ကြည့်တော့......
လရောင်ကညိုပြာမှုန်ဝေနေမယ်

ဆေးလိပ်တိုတချို့...
စာရွက်အပိုင်းအစတချို့....
ဟိုတကြဲ ဒီတပြန့်
လျှပ်စစ်မီးမလိုဘူး
ဖယောင်းတိုင်မီးရောင်...လရောင်...ကြယ်ရောင်
အတွေးတွေ လင်းတယ်..။
ပြတင်းတံခါးကို ဖွင့်ကြည့်တော့.....
ရွှေရောင်လက်တောက်နေတဲ့မီးရောင်စုံတွေကြား
သစ်ပင်ကြီးမှာ အညိုရောင်တွေ ပျော်ကျနေမယ်

တို့လို့တွဲလဲ ကာရံတချို့..
တွန့်ကြေနေတဲ့ အိပ်ယာ..
ဟိုတပြန့် ဒီတကြဲ

ဘီယာမလိုဘူး
အရက်ဖြူတပိုင်း...ရေတခွက်
အတွေးတွေ လင်းတယ်...။
ပြတင်းတံခါးကိုဖွင့်ကြည့်တော့.......
ရောင်စုံမျက်နှာဖုံးများ

နေကာမျက်မှန်အောက်က မျက်လုံးစိမ်းများ
အဆိပ်ရောင် ပကာသနများ
ခန္ဓာဗေဒ သုတေသနနဲ့ ချစ်ခြင်းတရား

ကိုယ်ချင်းစာမခံရတဲ့ ကိုယ်ချင်းစာတရား

ဖျက်ဆီးခံနေရတဲ့ လူ့သမိုင်းအကောင်းဆုံးတီထွင်ပစ္စည်း...ယဉ်ကျေးမှု

စစ်တုရင်ကစားခုံပေါ်က နယ်ရုပ်တရုပ်......
ကာရံတွေ လွယ်အိတ်စုတ်လေးထဲထည့်
လရောင်စိုနေတဲ့ ခြင်ထောင်တခြမ်း

တိုနေတဲ့ ဖယောင်းတိုင် မီးတောက်....
ပြတင်းတံခါးကိုပိတ်လိုက်တယ်.......

အကြွင်း...


အိပ်မက်တွေ တောင်ပုံရာပုံနဲ့
လက်ကျန်ရင်ခုန်သံတွေ
ရှင်သန်နေခဲ့တာပါ....
ဖိတ်တ၀က်စင်တ၀က်
မျှော်လင့်ချက်တွေမကုန်ခင်
ကြယ်တွေနဲ့ရံ
တိမ်တွေမံပြီး
မင်းနင်းဖြတ်ဖို့
လမ်းခင်းပေးချင်ရဲ့..
နွေဦးရက်တွေရဲ့ ရိုးရာနဲ့
ကံကော်တွေမဝေခင်
ရင်နဲ့ဆက်ဆက် ဖူးပွင့်လိုက်တယ်
ချစ်သူ...မွှေးကြူပါစေသား....။

ဘောင်ခတ်ခံရသောမျက်ဝန်းတစုံ၏ရှိုက်သံ

၂၄နာရီတို့..ကောက်ကျစ်
တရားမဲ့
သစ္စာမဲ့
ငိုကြွေး.........
လေပြေတချို့
ငါ့ရင်မြို့ရိုးပေါ် ၀ရုန်းသုန်းကား ပြုတ်ကျလာတယ်
နွေဦးကတော့ အပူငွေ့တချို့နဲ့
ခမ်းခမ်းနားနားလောင်မြိုက်နေတုန်းပဲ......။

ဘယ်လိုမျက်ရည်မျိုးပါလိမ့်
ပြောမထွက်ခဲ့တဲ့စကားလုံးတွေနဲ့ လုပ်ထားသတဲ့..
(ဒါနဲ့ပဲ.....)
သက္ကရာဇ်တချို့ ထမ်းလို့ပိုးလို့
မြစ်တွေကို ငါ..စီးခဲ့ပေါ့.။

အသန့်ရှင်းဆုံးဆုကို ပထမဆုထက် ပိုတက်မက်ခဲ့တာ....
သီချင်းအသေတပုဒ်အတွက် ရိုးသားစွာ နမ်းရှိုက်ခဲ့တာ....
ဘောင်ဘင်မခတ်တဲ့စာရွက်တွေကို အတွေးတွေဖြည့်ခဲ့တာ...
တိတ်တိတ်ဆိတ်ဆိတ် အသံမေ့သွားတယ်...။။

နွေဦးကတော့ လောင်ကောင်းတုန်းပဲ......

ငါ့ရင်တခြမ်း တရားစီရင်ရာနေ့
အမှန်တရားက ကိုယ်ဖော့ပြီး အမှားတွေကိုခြွေတယ်....


ပါးစပ်သေနတ်ဆိုတာ
ယမ်းနံ့မထွက်ပေမဲ့
လူတော့အခါခါသေသတဲ့.
ငါပျိုးခဲ့တာ သစ်သီးက တလုံးထဲပါ
ဒါပေမဲ့....
ကမ္ဘာဦး ပန်းသီးဖြစ်နေတယ်

ငါအိပ်ခဲ့တဲ့ ညတွေ
ငါလျှောက်ခဲ့တဲ့ ၀ိရောဓိတွေ
ငါမှားခဲ့တဲ့ ကြက်ခြေခတ်တွေ..
နောင်တတွေနဲ့ ဝေကောင်း စွေကောင်း တုန်းပဲ

တယောက်တည်း မညီညွတ်တာလဲ ကြာပေါ့
ကိုယ့်ကိုကိုယ် နားလည်မပေးနိုင်မယ့်အတူတူ
ဟောဒီ ဘောင်ဘင်ခတ်မဲ့ ကဗျာနဲ့ပဲ
ငါစိတ်နောက်ကျော...ငါဓါးနဲ့ ထိုးလိုက်တယ်..။။

လွင့်လွင့်မျောမျောကို သေဆုံးလို့....

တေလေတယောက်၏၀င်္က၀ုတ္တိအလင်္ကာ



ဘီလူးတကောင်ရဲ့မာနမျိုးနဲ့
ကျဆုံးခြင်းရဲ့လက်တကမ်းအလို
ငါ့အိပ်မက်တွေ.....အလွမ်းရောင်သန်းတယ်.
နက္ခတ်ဆိုးတွေမြူးတဲ့ည..
နင်းစရာမြေကြီးရှားပါးလွန်းတာ
ငါ့အတွက်အမှန်တရားပဲ
သံယောဇဉ်ဆိုတာ
လက်ကျန်တောင်မပိုင်ဘူး
အနမ်း...အလွမ်း..
အချိုးချကြည့်တော့
စိတ်ကျရောဂါနဲ့ အကြွင်းသုည
ငါ့အိပ်မက်တွေ..ဝေးတယ်
အချစ်ဆိုတာ..ငါ့အတွက်
သဲနဲ့ပက်ရမဲ့ အမဲပဲ.
အရာရာလွဲတတ်လွန်းခဲံ့တဲ့ငါ...
တယောက်တည်းပြေးတဲ့ပြိုင်ပွဲမှာ
ခလုတ်တိုက်လဲခဲ့သူငါ.....
စုမိဆောင်းမိရှိခဲ့တာကတော့
မသေချာမှု..နောင်တ တရားပဲ
မင်နီတွေ ပက်ဖြန်းပြီးချိန်ထိ..အဖြေရှာမရခဲ့တဲ့ငါ..
ပေးဆပ်ခြင်းဆိုတဲ့..အဘိဓမ္မာတရပ်ပဲပိုင်ဆိုင်တဲ့ငါ....
နှလုံးခုန်သံတောင် မျက်ရည်နံ့သင်းတယ်...။။။

စံပယ်


ညှင်းလေအနော့
ပြေလျော့တဲ့စံပယ်
ကဗ္မလာမြစိုင်ထက်၌
တင့်မြန်းစံပ္ပါယ်...။
ရနံ့ငယ်ခုန်ဆော့
လွင့်သင်းလေပြေသယ်
လူတကာဘ၀င်ခိုက်အောင်
ကြူရနံ့ လှိုင်တယ်....။
အပွင့်ရယ်ငယ်
လိုရှာချင် နှမပျိုလေးရယ်
ချူကာသာ လက်ငယ်လှမ်းတော့
မြနန်းစိုင်တင့်တဲ့စံပယ်
နှမလေးကေသာထက်၌
လွန်စွတင့်တယ်.....။