Subscribe:

ကျွန်တော်နှင့်အနီးတ၀ိုက်တွင်




အလိုမတူပဲ တံဆိပ်တပ်ခံလိုက်ရသောအကြောင်းအရာများ နှင့်
ခိုးယူသုံးစွဲခြင်းခံရသော အနာဂတ်များ ...
သူမ သူမ တို့၏ ခြေဖမိုး လှလှများ နှင့်
တဆင့်ချင်း နစ်ဝင်သွားသော မေတ္တာတရားအမည်တပ် မေတ္တာတရားများ ...
ခွေးဟုခေါ်ရန်ပင် အဆင့်မှီခြင်းမရှိသော ဒေါင်းတံဆိပ်ခွေးများနှင့်
အရပ်ပျက်ယဉ်ကျေးမှုတစွန်းတစများ ...
မကြာခဏငိုယိုတတ်သော ကဗျာဆရာများနှင့်
ပန်းချီကားထဲသို့ ပိုက်ဆံ ထည့်ဆွဲသော ဓါတ်ပုံဆရာများ ...
ဝင်စို့ထွက်စို့များသော အသင်းအဖွဲ့များနှင့်
စည်းလွတ်ဝါးလွတ် တေးဂီတများ ....
ခလုတ်ထိမှ အမိတသည်ဟုစွတ်စွဲခံရသော မိဘမဲ့ကလေးများ ...
လျှပ်စစ်ယဉ်ကျေးမှုမှသည် ဖယောင်းတိုင်ယဉ်ကျေးမှု ကူးပြောင်းခြင်းကာလများ...
စိတ်ကြောရှုံ့ အတတ်ပညာဆိုင်ရာ သင်ခန်းစာများ ...
ဈေးဝယ်ထွက်ခြင်းသည်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေသည် .. ဆိုင်းဘုတ်များ
ဝတ်ကောင်းစားလှဝတ်ဆင်ထားသော ကာဗွန်ဒိုင်အောက်ဆိုဒ်များ ....
မနက်ဖြန်ဟု လိမ်လည်ပြောဆိုခြင်းခံရသော ဒီနေ့များ ...
ရေသန့်ဗူးခေတ်ကြီးဆန်းသစ်ပြီဟုရေးသားထားခြင်းခံရသော သောက်ရေအိုးစင်များ...
မော်ဒန် အယ်လ်ပီ သီအိုရီ အရှုပ်အထွေးများနှင့် ပဲပင်ပေါက်ဈေးကွက်များ ...
ငွေကုန်ကြေးကျများလာသော အကောင်းစားမိန်းမပျက်များ ....
မျက်ကန်းမကြောက်သော တစ္ဆေများနှင့်
တစ္ဆေမကြောက်သော မျက်ကန်းများ ...
ဘောလုံးပွဲအစီအစဉ်များရှေ့မှ ရဟန်းသံဃာများ နှင့်
အသံမစဲ မဟာ ပဌာန်းပွဲကြီးများ ....
ကုန်ကြမ်းမပါသော ကုန်ချောထုတ် ပွဲစားစက်ရုံများနှင့်
ကျွန်ုပ်တို့၏ ချစ်လှစွာသော ကမ္ဘာမြေထိန်းသိမ်းပြုပြင်ရေးများ ..
စသည် .. စသည်ဖြင့် ကျင်လည်လျှက်ရှိသော အကြောင်းအရာများ ......။


- မင်းလုလင် -

အဆိပ်မိခြင်း




အလေအလွင့်များတဲ့ နေ့ရက်အရိုင်းအစိုင်းတွေပဲ ညီလေးရေ ...။

၁၉၉၇ ခုနှစ်က အိပ်ရေးပျက်တဲ့ညတွေထဲက

တယောက်တခြမ်း ခိုးလွမ်းခဲ့ဖူးတဲ့

လရောင်တွေဆိုတာ ကြာခဲ့ပါပြီ ညီလေးရေ..။



ဘ၀ကို အားတက်သရော တိုက်ခိုက်ချင်တဲ့ မင်း

စိတ်အင်နားရှားနိယာမတွေကြားမှာ

မကြာမကြာ မီးပွိုင့် မိတတ်နေပြီလား

ဘ၀ကိုဖြတ်ကူးတယ်ဆိုတာ

လမ်းဖြတ်ကူးသလို ဘယ်ညာကြည့်ရုံနဲ့

မလုံလောက်ဘူးဆိုတာကို မင်းသိနေလောက်ပါပြီကွယ်...။



ညီလေးရေ..

အချိန်ဆိုတာ တည်ငြိမ်မနေဘူးကွဲ့

ဖောက်လွဲဖောက်ပြန်သဘာဝတွေထဲမှာ

ကိုယ့်ကိုကိုယ် ပြန်လိမ်တတ်အောင် မင်းမကြိုးစားမိပါစေနဲ့

စိတ်တူကိုယ်တူ တူးဆွစိုက်ပျိုးခဲ့တဲ့ ဥယျာဉ်က

အနုပညာဆန်ခဲ့တာကလွဲရင်

လူတန်းမစေ့ခဲ့ပါဘူးကွယ်....။




တံတွေးခွက်တွေထဲမှာ ခြေကုန်လက်ပန်းကျနေပြီလား

အားမလျှော့လိုက်ပါနဲ့ကွယ်

နေ၀င်တာကို မြင်လိုက်ရရုံနဲ့

မင်းဘ၀ ညဉ့်နက်မသွားပါဘူး ညီလေးရယ်

တို့တွေ ခိုးလွမ်းခဲ့ဖူးတဲ့ လရောင်တွေကြား

မင်းအရိပ်တွေ သွက်သွက်ခါအောင် ရူးသွပ်ပြလိုက်စမ်းပါ

ကဲ့၇ဲ့သံဆိုတာ အောင်မြင်မှုဆီသွားတဲ့ လမ်းပြမြေပုံတွေပါကွယ်...။



လူငယ်တွေပဲ ညီလေးရေ

အမှားနဲ့ဘယ်ကင်းနိုင်ပါ့မလဲ

အမှန်နဲ့ကင်းနေတဲ့သူတွေကြားမှာ

ပြုံးပြုံးလေး မှားနေပါ ညီ

ပြုံးပြုံးလေးသာ မှားလို့နေပါ....။



လောကကြီးဆိုတာ

ကလေးကစားဝိုင်းလိုပဲ ညီလေး

တယောက်ဆီက တယောက်လုယူနေကြတာပဲ

ငိုပြီးပြန်သွားတဲ့သူက အမြဲတမ်း အနိုင်ကျင့်ခံရမယ် ညီလေးရေ

မင်းမျက်ရည်တွေကို မင်းမော့သောက်ပစ်လိုက်

လျှင်သူစားစတမ်း လောကဓံမှာ

တို့တွေ ၀ိနည်းလွတ်အောင် ပြုံးကြတာပေါ့ကွယ်....။



လူကြိုက်များတိုင်း ပစ္စည်းကောင်းမဟုတ်ပါဘူး ညီလေးရေ

မောင်ချောနွယ်ကဗျာထဲကလို

တို့တွေ လူကြိုက်နည်းတဲ့ ဘ၀မှာပဲ

အရေအတွက်တွေကို မေ့ထားကြတာပေါ့

ဖြစ်နိုင်မယ်ဆိုရင်

ဖြစ်လေရာဘ၀ လူကြိုက်နည်းတဲ့ကောင်သာဖြစ်ရပါလို၏ လို့

ညီညီညာညာ ဆုတောင်းကြပါစို့ကွယ်...။



ကမ္ဘာအကျယ်ကြီးထဲက

ပတ်ဝန်းကျင် ကျဉ်းကျဉ်းလေးထဲကနေ

ကမ္ဘာကြီးအကြောင်း အဆမတန်ပြောတတ်ကြတဲ့လူတွေအလယ်မှာ

လူသွားလူလာ မပြတ်စေနဲ့ ညီလေးရေ..

ဖြေဆေးကိုလိုချင်ရင် အဆိပ်အရင်သောက်မှရတယ်ဆိုတာ

ငါ့ညီ .... ရာသီတွေရင်းပြီး သိနေလောက်ပါပြီကွယ်.....။

- မင်းလုလင် -

ပြေးလမ်းပေါ်ရောက်ရှိနေသော အရူး

ဝတ္တုဖတ်သလို

ဇာတ်သိမ်းခန်းကိုကျော်ဖတ်လို့ရမယ်ဆိုရင်

ဘယ်နေ့ ခလုတ်တိုက်မလဲ သိချင်တယ်

ကျွန်တော်က အဲဒီလို အတွေးကြမ်းတယ်



လောကဓံကို ရေရောသောက်ဖို့

ဘယ်သူငယ်ချင်းကိုမှ အကြံမပြုဖူးဘူး...။


တဖက်ဆယ့်တစ်ယောက်ကန်တဲ့ဘောလုံးကွင်းထဲ

ကွင်းလယ်ဒိုင်ဝင်လုပ်နေရသလို

ဘ၀က

မသိမသာ အထီးကျန်တယ်


ရာသီဥတု ကြမ်းကြမ်းတွေကိုကာကွယ်ဖို့

ကျွန်တော့မှာရင်ငွေ့နွေးနွေးလေးတွေ မရှိဘူး

အနုမြူခေတ်မှာ ထင်းမီးလှုံရင်း

ညရေးညတာပူလောင်နေတတ်တဲ့ ကောင်

ကိုယ်ပိုင်တံဆိပ်နဲ့ လမ်းဘေးမှာ ရောင်းတယ်


သူလိုငါလို ညည်းတွားတတ်ရုံနဲ့

ကဗျာဆရာမဖြစ်ဘူးဆိုတော့လဲ

အဲဒီစိတ်ကို ခဏမေ့ထားရတယ်...။


ဝင်ရိုးစွန်းဒေသက

လပြည့်လကွယ်တွေမှာမှ

ပွဲတော်လုပ်ချင်တဲ့ ကျွန်တော်

လူတောတိုးအောင် ခေတ်မမှီဘူး


ခေတ်ကလဲ လူပြည့်နေတဲ့ စစ်ကျန်ဘတ်စ်ကားကြီးလို

တအိအိ တရွေ့ရွေ့နဲ့လိမ့်လို့

ကျွန်တော်ကလဲ အပြေးပြိုင်ပွဲထဲက လိပ်လို

တအိအိနဲ့ ရွေ့လို့

ပုံပြင်မဟုတ်တော့လဲ အနိုင်ရဖို့ အခက်သားပါလားကွယ်...။

ပြက္ခဒိန်ပေါ်က လမ်းဆုံ

သတိရခြင်းကို ဖွင့်ဆိုဖို့
ရာသီအလုံအလောက်မရှိတော့ဘူး
ငါတို့က ရိတ်သိမ်းချိန်မတိုင်ခင်
အကြွေစောခဲ့တာပါ....ကောင်မလေးရယ်

ဘ၀ကိုချော်လဲရောထိုင်လုပ်ဖို့
ဘာလို့ မေ့လျော့နေခဲ့တာလဲ
ပုစဉ်းရင်ကွဲတကောင်ရဲ့ နောက်ဆုံးထွက်သက်ကို
တို့နှစ်ယောက် ကာရံမမိလိုက်ဘူး

တတ်နိုင်သလောက် နားလည်ပေးလိုက်ကြတာပေါ့ ကောင်မလေးရေ
ဝင်သက်ထွက်သက်တွေက ကျပ်တည်းလွန်းတယ်
အလွမ်းလို့ခေါင်းစဉ်တပ်ဖို့
တို့နစ်ယောက် ရာဇ၀င်ထဲ ပြန်ဝင်ကြပါစို့ကွယ်....။

အတွင်းဘက်စည်း၌ မိုးမီးလောင်ခြင်း

ခရမ်းလွန်ရောင်မုန်တိုင်း အဆုံးမှာ
ကြိုးတို့ တထောင်းထောင်းပြတ်တောက်
သံသရာကို တရစ်ချင်းမြိုမဲ့စိတ်က
တံခါးခေါက်သံကို ပြန်ကြောက်နေတယ်..။

ငါမဟုတ်တဲ့ငါ
သူ မဟုတ်တဲ့ သူ
အလင်းမဟုတ်တဲ့အလင်းနဲ့အတူ
လမ်းမဟုတ်တဲ့လမ်းတွေနင်း...။

မီးအိမ်ကငြိမ်းနေပြီ
လေကြမ်းက မဆုံးသေးဘူး
မိုးပြိုလေပြိုကမ္ဘာအိုမှာ
လင်းဖန့်ဖန့် သစ်ပင်တို့ ရွက်နုပျိုကြွေစေ..။

ဘုရားသခင်ကို လက်ဝါးထဲထည့်ပြီး
ကိုယ့်ကိုကိုယ်ပြန်သတ်ရတာလောက်
လွတ်မြောက်တာမရှိဘူး...။

အိပ်မက်တစ္ဆေတို့ ခပ်ကြမ်းကြမ်းလာပါ
ညစုန်းတစ်ကောင်ရဲ့ မျက်လုံးကို အမှောင်ဖုံးပါ
ခပ်မှိန်မှိန်ထွက်ပေါက်တွေကိုတောင်မမြင်ရပါစေနဲ့...။

ကျိမ်စာတို့အက်ကြောင်းထပ်ခဲ့ပြီ
ပိုးကိုက်ခံထားရတဲ့ နတ်ဘုရားရုပ်တု
ကိုးကွယ်ယုံကြည်မှု မှိုင်းတွေ ညိုမွဲညစ်ထေးလို့
အင်တိုက်အားတိုက် ရိုင်းတဲ့ ကြမ္မာမှာ
အနိစ္စတရား မရှာနေတော့ဘူး
ကိုယ်ထင်ရာဝါဒနဲ့
ပလ္လင်တော်ထက်မှာ ညီလွယ်ညွတ်လွယ်...။

အဆုံးကို ရောက်ဖို့ အလယ်ကိုဖြတ်လျှောက်ရမယ်
ဤခရီး ဘယ်လောက်နီးနိုင်မလဲ
သတ်ပါ...
ငါ့စိတ်ကို သတ်ပါ
ငါ့အရိပ်ကို သတ်ပါ
ငါ့အတိတ်ကို သတ်ပါ
အဆိပ်ရည်လူးတဲ့ အိပ်မက်ရူးတွေနဲ့
စိတ်လိုလက်ရ သတ်ပါ...။

မီးအိမ်အသေတို့ရဲ့ ဂီတနဲ့
အပျက်လွန်နိယာမအပြင်ဘက်မှာ
ငါနဲ့ ငါ ကြား အာဃာတ ကင်းစေသား..။

(မင်းလုလင်)

ကျေးပုရပိုက်

တိ မ် မျှ င်ေ တွ ကို တ စ် စ စီ ဆွဲ ထု တ်
စိ တ် ကူး အ ပု ပ်ေ တွ နဲ့
ေ န ေ လ ာ င္ ေ န တဲ ့အ ေ ရ ျပ ာ း
မိ ေ က် း ေ ရ...
ပူ စ ပ် ပူေ လာ င် နဲ့ေ န သား မ ကျ တို င်း
က ဗ် ာ ေ တြ ပဲ ထု တ္ ေ ရ း ေ န ရ တ ယ် ။

မြို့ ကြီး ပြ ကြီး
လို င်း ကား တိုး စီး ဖူး တ ယ်
ဒါ လ ည်း ဘ ၀ မ ဟု တ် ပြ န် ဘူး
ငါ တို့...အ မြ င်ေ တွ ၀ါး
သ တ် ပုံ ေ တြ မွ ာ း ေ န ၾက တ ယ် ။

ဆို ကြ ပါ စို့...မိေ ကျး ရ ယ်
က မ္ဘာ ကြီး လုံး တ ယ် ေ ပါ့
အ ရွိ တ ရ ာ း ကို ခ ဏ ေ မွ ာ က် လို့
သိ ချ င် စ မ်း ရဲ့
ဘာေ ကြာ င့် လုံး ရ သ လဲ
ငါ မ သိ ဘူ း...မိ ေ က် း ။

ဒီ လိုပါ ပဲ လေ...
ငါ က လ ည်း န င့် ကို
က မ္ဘာ ကြီး လုံးေ န သ လို ချ စ် တာ က လွဲ ရ င်
အိ မ်ေ မွး တိ ရိ စ္ဆာ န်ေ တာ င်
ချ က် စား တဲ့ေ ကာ င်ေ ပါ့ ။

လ မ်းေ ဘး လ္ဘ က် ရ ည် ဆို င် ထို င်
ရှိ တဲ့ ပို က် ဆံ ( ၂၀၀ ) တ န် အ နွ မ်းေ လး နဲ့
ညေ န ခ င်း ကို ၀ ယ်
ဒု က္ခ သ ည် ဖြ စ် မှ န်း မ သိ ဖြ စ်
အ ပြ စ်ေ တွ သာ တိုး
" မ ရှိ ခိုး နိုး " ရ ယ် တဲ့ေ လ ။

ဘ ၀ ကို စိ တ် တို င်း ကျ တ ည်ေ ဆာ က် ဖို့
စိ တ် ထဲ မှာ န စ် ေ န တဲ့ အ ရ ာ ေ တြ
တ စ် စ စီ ပြ န်ေ ဖာ်ေ န မိ
( ၁ ) ယ င်း မာ တံဆိ ပ် မိ န်း မ စီး ဖိ န ပ် တ စ် ရံ
( ၂ )ေ ခါ င်း စီး ကြိုး နှ စ် ကွ င်း
( ၃ )ေ ရှာ က် ချို သီး တ စ် လုံး
( ၄ ) ငါး ပိ ရ ည် တ စ် ခွ က် နဲ့
( ၅ ) ကြာ ဇံချ က် တ စ် ပွဲ
ပြီး ပြ ည့် စုံ တဲ့ ဘ ၀ ရ ပြီ ။

ငါ့ တာ ယာ ဖိန ပ်ေ လး ပြ တ်
သဲ ကြိုး အ သ စ် တ ပ် တု န်း ကေ ပါ့
ကြ ယ် မ ေ ၾကြ ပဲ...
ေ န ပူ စ ပ် ခါး အ ပြေး အ လွှား နဲ့
သ တိ တ ရ ဆုေ တာ င်းေ ပး တ ယ်
မိ ေ က် း....
န င့် နု တ် ခ မ်း ေ တြ ထ ာ ၀ ရ ခ်ိဳ ပါ ေ စ ။

အ င်္ကျီ တ စ် ထ ည် နဲ့ေ ဆး လိ ပ် မီးေ ပါ က်
က င်း ချ ည် တွ ယ် မဲ့ လ က် တ စ်ေ ချာ င်း
အို...အ ေ တြ း ေ တြ
သ ရဲ စီး ကုန် ပြီ ထ င် ပါ ရဲ့
မေ ပြာေ ကာ င်းေ ပြာေ ကာ င်း မိေ ကျး ရ ယ်
တ က် နှို င် ရ င်
အိ မ် မ က် ထဲေ တာ င် ဧ ည့် ၀ တ် မ ပြု ပါ နဲ့ ။

ဒုံးေ ပ က တ် သ တ်
အ တ္တေ တွ ဒ ရွ တ် ဆွဲ
ခ ပ် ထူ ထူ ဘ ၀ ထဲ မှာ
ေ လ ခ်ိဳ ေ သြ း ျပီ း ေ ခ် ာ့ သိ ပ် ဖို့
ေ စာ င် ကြ မ်း တ စ် ထ ည်ေ တာ င် မ ရှိ ဘူး ။

မိ ေ က် း....ေ ရ
ပ် င္ း ရိ ေ လ း တွဲ့...
တ စ်ေ ယာ က် ထဲ ရှိ တဲ့ အ ခါ
ေ လာ က ဓံ ထိုး နှ က်
က ၾကိဳ း ေ တြ ပ် က် လို့
အိ ပ် စ က် အ နား ယူ လို ရ င်
ငါ့ ကို ေ ခၚ ပါ
ည ေ ယ ာ င် ဖ န် ဆ င်း
ငါ့ ကို ယ် ငါ အေ မှာ င် ခ င်း လို့
ခ ပ် ဖွ ဖွေ လး က ဗျာ ရွ တ်
န င် တ စ်ေ ယာ က်..
စိ တ် လွ တ် ကို ယ် လွ တ် အိ ပ် စ က် နှို င်ေ စ ရ ပါ့ မ ယ် ။

ေ ဟ ာ ... မိ ေ က် း
စံ ပါ ယ္ ေ တြ ေ ဖြ း ေ ဖြ း လွဳ ပ် ပွ င့်
န င့် ရာ သီေ ရာ က် ပြီ
သူ တို့...ပ င် လုံး ကျွ တ်
ပွ င့် ေ ၀ ၊ ေ ၾကြ က် ၊ ေ မြ ခ
တ စ် ခါ တ စ် ခါ က ေ လ း ဘ ၀ ကို သ တိ ရ သ လိ ုပဲ
ငါ ရို း ရို း ေ လ း လြ မ္ း ေ န မ ယ် ။ ။

(တာယာ)

ကိုတာယာရဲ့ ကဗျာတွေထဲက ကျွန်တော် အကြိုက်ဆုံးကဗျာလေးပါ....။

ဆေးဆိုးပန်းရိုက်လမ်းခွဲ

ရာသီပြောင်းသွားပြီ... မျက်ရည်
ကတ္တရာ အနက်ရောင်ပြေးလမ်းပေါ်မှာ
လူသားဆန်တဲ့ အကြည့်တချက်က
ဝေးရော်ရင့်ထေလို့....။

ရှုံးနိမ့်ခြင်းတွေကို စာဖွဲ့နေတာ ကဗျာဆရာမဟုတ်ဘူး
ဒါဏ်ရာတချို့ကတော့
ဆေးထည့်ဖို့ လိုနေပြီ..မိတ်ဆွေ...။

ခိုတစ်ကောင်ရဲ့ သစ္စာရှိမှုထဲမှာ
ညီးတွားသံကို မေ့ထား
တံခါးရွက်ကြားက သံချေးကိုက် ပတ္တာအိုလေးကတော့
သူ့တာဝန်သူကျေတုန်း
ဘယ်သူတွေပြောခဲ့ပါသလဲ
တော်လဲသံအိုတွေကြားက ဗျက်စောင်းသံကို မကြားခဲ့ပါဘူး လို့..။

သွား... အရူးဆန်တဲ့ဒဿနတွေ
အနားကနေ ဝေးရာကို တရွေ့ရွေ့သွား
ထားခဲ့သူလား
ကျန်နေခဲ့သူလား
ဘယ်လို ရှေ့နောက်ညီ တရားသံတွေကိုမှ
နားထဲအ၀င်မခံတော့ဘူး
သွားလိုရာသာ သွားကြစေတော့..။

လူမိုက်ခေတ်ရဲ့အနုပညာမှာ
ကန့်လန့်တိုက်ယဉ်ကျေးမှုတွေက
စိတ်ယားအောင် ဖန်တယ်...။

ဝေးပြီ
ဝေးကြပြီ
လက်တကမ်းနဲ့ မျက်စိတလှမ်း
အလိုရှိရာအလိုတော်အတိုင်း
ဝေးလိုကဝေးစေ....။

ကန့်လန့်ကာနောက်ကွယ်မှာ
လက်တဖက်ဝှက်လို့
ကျန်တဲ့တဖက်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့
ဝန်အကြီးကြီးလေးတယ်
ပုတ်ချပြီး ကဲ့ရဲ့ထားခဲ့ကြ
ငါ့ကို သွေးပျက်လို့ ဆုတ်ခွာထားခဲ့ကြ...။

ငွေကြေးစီးဆင်းမှုနိယာမနဲ့
လဲယူလိုက်တဲ့ လက်ပြနှုတ်ဆက်မှု
ကောင်းရာမွန်ရာလမ်းစဉ်အတိုင်း
ဖိနပ်ပါးပါးစီးပြီး ထီးဖြူဖြူလေးဆောင်းထားမယ်
အမြင်သွေဖီမှု မရှိပါစေနဲ့တော့....။

ရင်ဘတ်ထဲမှာ မရှိတော့ဘူးတဲ့လား
" ရှင်က ၀ါသနာရူး တစ်ယောက်ပဲ " တဲ့လား
မမှတ်မိနိုင်တော့လောက်အောင် ဝေးစေ...။

ကမ်းပါးအစွန်းမှာ
ကြိုးတမ်းလမ်းလျှောက်မှုမျိုး နောက်ထပ်မလုပ်တော့ဘူး

ရေကြည်ရာမြက်နုရာမှာ
မျက်ရည်ကြည်တို့ မကျစေတော့ဘူး

ကိုးကွယ်ယုံကြည်မှုတယောက်တခြမ်းနဲ့
တစုံတယောက် ...အဝေး.... တစုံတယောက်...။

နင်က ဆလင်းဘတ်အိတ်ကို
ပုခုံးပေါ်ဆွဲတင်လိုက်ချိန်မှာ
ငါက အယူဝါဒတစ်ခုကို
ရင်ဘတ်ထဲက ပစ်ချလိုက်တယ်....။

ကျွန်တော်တို့မြို့မှာ....

ကျွန်တော်တို့မြို့မှာ လိင်ကူးသန်းရောင်းဝယ်မှု ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ ဦးနှောက်ဖောက်စားသူတွေ ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ ဗုဒ္ဓ၀ါဒ ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ အလုပ်မဲ့လူတန်းစား ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ ဘီးတပ်ယဉ်ကျေးမှု ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ မြစ်ရေကြီးမှု ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ ကိုယ့်ဂုဏ်ကိုယ်ဖော်တဲ့ မသူတော်တွေထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ လက်ဖျောက်တီးတတ်တဲ့ လူ့မလိုင်တွေ ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ လက်ဖျံရိုးပါးတဲ့ အနုပညာရှင်တွေ ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ နေမ၀င်ရိုင်းစိုင်းမှု ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ အိမ်ရာမဲ့ခြေတိုင်တွေ ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ စကားကြီးစကားကျယ် ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ ကိန်းဂဏာန်းတွေ ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ ကိုးကွယ်ယုံကြည်မှုတွေ ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ ဒုစရိုက်မှုတွေထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ ဈေးကွက်ကဲ့ရဲ့မှု ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ ညရေးညတာအမှောင်ကျမှုတွေ ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ ပုဂ္ဂလိက ပျော်ရွှင်မှုတွေ ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ ခေါင်းရွက်ဗျက်ထိုးလူယဉ်ကျေးတွေ ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ အမြုပ်တစီစီနဲ့ အဟောင်းဆိုင်တွေ ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ အိပ်မက်ငတ်နေတဲ့ လူငယ်တွေ ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ ပေါက်ကွဲလွယ်တဲ့တိုက်တာတွေ ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ ပင်ကျအဆိပ်တွေ ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ ၀င်လွယ်ထွက်လွယ်ဒေါသတွေ ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ ကျီးမနိုးမှီလင်းနေတတ်တဲ့ နေရောင်တွေ ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ မျက်စိပိတ်နားပိတ်နေတတ်တဲ့သေတ္တာအိုကြီးတွေ ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ လောင်စာမဲ့မီးအိမ်တွေ ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ နွေရောက်တိုင်းမီးလန့်တတ်တဲ့ ရေကန်ကြီးတွေ ထွန်းကားတယ်

ကျွန်တော်တို့မြို့မှာ ...............

ကျွန်တော်တို့မြို့မှာ ...............................................။

နောက်ဆုံးညနေက ကျွန်တော်အိမ်ပြန်နောက်ကျတယ် မနှင်းဝေ

မနေ့တုန်းကလိုပဲ .. မနှင်းဝေ
ဘယ်ဘက်ရင်အုံအောက်က
သံစဉ်အပြိုတွေကြားမှာ
ကျွန်တော့စိတ်ဓါတ်တွေ ညိုမွဲနေတုန်းပဲ..။

သံသရာဆိုတာကို လက်ချိုးရေကြည့်ဖို့
သက်လုံမကောင်းတဲ့ လူငယ်
တလမ်းသွားယဉ်ကျေးမှုနဲ့
ကျွန်တော့ဇာတာမှာ နေသာလသာမရှိသေးဘူး.. မနှင်းဝေ...။

ထားခဲ့ပါ
ကျွန်တော့ကို ထားခဲ့ပါ
စက္ကန့်တွေ အများကြီးရဲ့ အဝေးမှာ
ကျွန်တော့ကို ထားခဲ့ပါ
ဆီပျောက်မီးပျောက်ခြေရာတွေကို ပိတ်
ကျွန်တော့ အိပ်မက်တွေကို အလင်းမှိတ်ထားလိုက်မယ်
မနှင်းဝေ.. လင်းမြကြည်ဝေပါစေ...။

မြို့တော်ခန်းမရှေ့မှာ
ဆူးလေက အင်တာနတ်ဆိုင်မှာ
တိရိစ္ဆာန်ရုံထဲက ခုံတန်းလျားလေးတွေပေါ်မှာ
ပြက္ခဒိန်တွေထဲက
မိုးရေစိုရာ တနင်္ဂနွေနေ့များ
အရိပ်ချင်းထပ်ရာ ညနေခင်းတွေတိုင်း
ကျွန်တော့ စိတ်နဲ့ကျွန်တော် ရူးတယ်
ကျွန်တော့လက်တွေကတော့
တယ်လီဖုန်းနံပါတ်လေးတခုကို အသားကျနေတုန်းပဲ မနှင်းဝေ...။

ကဗျာတွေရေးတယ်
သီချင်းတွေရေးတယ်
ကျွန်တော့စိတ်ထဲက အသံတွေကို
မေ့လျော့ဖို့ ကြိုးစားနေပါတယ် မနှင်းဝေ
ကျေးဇူးပြု၍
အိပ်မှုန်စုံမွှား ကျွန်တော့ကမ္ဘာမှာ
သံစဉ်ပျိုတွေနဲ့ လန့် .. လန့် မနိုးပါနဲ့...။

ကဗျာတွေဖတ်တယ်
သီချင်းတွေနားထောင်တယ်
အတိတ်ကိုမေ့လျော့ဖို့
အသိဥာဏ်မရှိတဲ့လူငယ်
လျော့ရဲရဲ လမ်းတွေအထက်မှာ
ကျွန်တော့ရင်ငွေ့ ကျွန်တော်ပြန်ရှာရင်း
လေ လွင့် နေ ပါ ဦး မယ် လေ....။

၂၁ ရာစုရဲ့ သိမ်ငယ်မှုတွေထဲ
ကျွန်တော့လက်တွေကို မတွဲချင်ပါနဲ့ မနှင်းဝေ
လောကဓံဆိုတာ
ကော်ဖီတခွက်... ဂစ်တာတလက်
တိရိစ္ဆာန်ရုံဝင်ခွင့် လက်မှတ်တွေလောက်
မခမ်းနားဘူး.. မသားနားဘူး
ကျွန်တော့ရင်ဘတ်ကို တထစ်ချင်းနင်းတက်ဖို့
မနှင်းဝေ ခြေထောက်တွေကို ကျွန်တော် အားနာမိပါရဲ့
အကြည့်စိမ်းစိမ်းတွေနဲ့သာ
ကျွန်တော့ကမ္ဘာကို ဖျက်ခဲ့ပါလေ
နောက်ဆုံးလရောင်ကို တရှိုက်မက်မက်သောက်ပြီး
ကျွန်တော့ကိုယ်ကျွန်တော် အမှောင်ချပစ်လိုက်မယ်
မနှင်းဝေ... လင်းမြကြည်ဝေနေပါစေသား.....။

မေ့ပစ်လိုက်ပါတော့ .. မနှင်းဝေ
သွေးရိုင်းသားရိုင်းနဲ့ တစ္ဆေတကောင်အကြောင်း
ကော်ဖီခွက်တွေအကြောင်း
သီချင်းသံတွေအကြောင်း
ကဗျာရွတ်သံတွေအကြောင်း
မြို့ပြညများထဲက လမ်းမီးတွေအကြောင်း
အားလုံး မေ့ပစ်လိုက်ပါ
မနက်ဖြန်တွေမှာ မြို့ရိုးအသစ်အထပ်ထပ်နဲ့
မနှင်းဝေ နန်းတော်ထဲမှာ ပန်းအသစ်တွေ ပွင့်ဝေနေမှာပါ...။

ခေါင်းမော့နေပါ မနှင်းဝေ
စံပယ်ရိုင်းတအုပ်နဲ့
ညနေကြမ်းကြမ်းတွေအားလုံး
ကျွန်တော် သယ်ဆောင်သွားပါ့မယ်
ခါတိုင်းလိုပဲ ပြုံးသဲ့သဲ့လေး ခေါင်းမော့နေလှည့်ပါ...။

နောက်ဆုံးအကြိမ်အဖြစ်
နောက်ဆုံးတွေ့ခဲ့တဲ့ ညနေက
ကျွန်တော်အိမ်ပြန်နောက်ကျခဲ့တယ် မနှင်းဝေ
ကျွန်တော့ကို ခွင့်မလွတ်လိုက်ပါနဲ့.....။

ထီးတလက်အလိုရှိသည်....။

ဒီလအတွင်း အစိမ်းရောင်ထီးတလက် အလိုရှိကြောင်း
ကိုယ့်ကိုကိုယ် သံချောင်းခေါက်လိုက်တယ်....

မနေ့က
စူးစူးဝါးဝါးအော်မြည်သံတွေနဲ့ (မိုးက)
ရေစက်တွေကို ငါ့အပေါ် မြှားတွေလို ပစ်ချ
ခေါင်းပေါ်မှာ.....ပုခုံးပေါ်မှာ
ကျောပေါ်မှာ.....ရင်ဘတ်ပေါ်မှာ.....။

မချွတ်တမ်းဝတ်ဆင်ခဲ့တဲ့ အရေခွံက
ငါ့စိတ်ကို မိုးမစိုအောင်ကာကွယ်ပေးနိုင်ရုံမှတပါး
မိုးဖြူရွာရွာ မိုးမဲရွာရွာ (တကိုယ်လုံး)
လွတ်လွတ်ကျွတ်ကျွတ် စိုတယ်....။

မြို့ထဲမှာ ... လိုင်းကားပေါ်မှာ
ပန်းခြံထဲမှာ... လမ်းပေါ်မှာ
ထီးရောင်စုံ ဒီဇိုင်းစုံ
(မဟုတ်ပါဘူး)
ငါ့အတွက်က အစိမ်းရောင် ထီးတလက်ပဲလိုတယ်
ဒါဆို ငါ့အတွက် စိတ်ရောကိုယ်ပါ လုံမယ်
ကောင်းကင်မျက်နှာ အရိပ်တကြည့်ကြည့်
ကြည့်နေရတဲ့ ဘ၀က လွတ်မယ်.......။

မြေချစ်သူက ထီးတလက်အတွက် (အိမ်မှာ)
စကားများစွာ လောင်ကျွမ်းရသတဲ့
သစ္စာနီက
ထီးဖွင့်ထားရင် ထီးအောက်မှာ မိုးရွာစေနိုင်တဲ့
ထီးတလက်ကို လိုချင်သတဲ့

ဆန္ဒတွေ ဘယ်လိုပဲ များများ
(လိုရင်း အဓိပ္ပါယ်က)
ဒီမိုးရာသီမကုန်ခင် ငါ့အတွက်
ထီးတလက် အပိုင်ရဖို့.....။

ပင်လယ်ပျော်

မြင်ကွင်းတိုင်းက
ကမ္ဘာကြီးလုံးကြောင်းသက်သေ
အထီးကျန်အတွေးတွေမှာ
စင်ရော်ငှက်တကောင်တောင် အဖော်မပါဘူး.။

အမြုတ်တစီစီနဲ့
လှိုင်းခေါင်းဖြူဖြူတွေ
သေမင်းတေးကို တလှည့်စီဆိုလို့
ညရေးညတာကို တိုက်စားနေတယ်

" ယနေ့ ရွာရန်ရာခိုင်နှုန်း........
ယနေ့လေတိုက်နှုန်း.........."
အထပ်ထပ်ရွတ်ဖတ်နေရတဲ့ ဂါထာတခုလို
နှုတ်ခမ်းပေါ် မကြာမကြာဆွဲတင်ရင်း
ပင်လယ်မီးစုန်းတွေတောက်တဲ့အချိန်
ကျွန်တော် အိမ်ပြန်နောက်ကျမယ် အမေ....။

စာမျက်နှာ ၂၂

မနေ့ကပြောတဲ့ တရားက
ဒီနေ့ ခါးနေပြီ ကိုစစ်..။
အလုပ်အကိုင်ရှားပါးမှုပြဿနာ
နေမှုထိုင်မှု လိင်မှုရေးရာ
ဘယ်ထောင့်က ကြည့်ကြည့်
ဒီအရပ်မှာ သူတော်ကောင်းမရှိဘူး

ကိုစစ် နေတဲ့ ရန်ကုန်နဲ့
ကျွန်တော်နေတဲ့ရန်ကုန် မိုးရွာပုံချင်းအတူတူပါပဲ
ငယ်ငယ်တုန်းက မိုးရွာရင်မိုးရေချိုးမယ်ဆိုတဲ့သီချင်းက
အခု လေမလုံမိုးမလုံနဲ့ ရုပ်လုံးပေါ်လာပြီ
ကျောရိုးတလျှောက်
အရှိုးရာတွေအထပ်ထပ်နဲ့
ကျွန်တော်က ပြေးလမ်းပေါ်ရောက်မှ
ခြေကျိုးသွားတဲ့ ပြိုင်မြင်းတကောင်ပဲ....ကိုစစ်

ရင်ဘတ်ဝဲယာတဖက်တချက်ဆီမှာ
အကျအပေါက်များတဲ့ မျှော်လင့်ချက်တွေနဲ့
ညရေးညတာ လွမ်းလို့ ငိုစရာမျက်ရည်မရှိဘူး

ဝါယာကြိုးအပေါက်အပြဲတွေနဲ့ ကျွန်တော့ညတွေအတိုင်း
လောကဓံက ဥာဏ်နီဥာဏ်နက်များတယ် ကိုစစ်

ပတ်ဝန်းကျင်က နှလုံးခုန်သံတွေက
သူတို့မျက်နှာဖုံးတွေနဲ့ သူတို့မျက်ရည်ကိုဖုံးကွယ်ထားကြတယ်
ငိုတယ်ဆိုတာ လူသိမခံဝံ့တဲ့ မကောင်းမှုတခုလား
ကျွန်တော်ခုထိနားမလည်နိုင်သေးဘူး ကိုစစ်

ကျွန်တော်က ကမ္ဘာ့သတင်းကိုလိုက်မမှီနိုင်တဲ့ကောင်
လူပြိန်းကြိုက်စကားလုံးအတိုအထွာတွေနဲ့
ကောင်းမှု မကောင်းမှု ဒွန်တွဲနေတဲ့
ခပ်ရိုးရိုး အတ္ထုပ္ပတ္တိ တစ်ခုပါပဲ
အရင်ကလို စီးကရက်လက်ကြားညှပ်ခဲ့တဲ့
ခပ်ပေါ့ပေါ့ မိုးပျံပူဖောင်းတလုံးမဟုတ်တော့တာကလွဲရင်....
ကိုစစ်နဲ့ကျွန်တော်နဲ့အားကျခဲ့တဲ့
ကိုငှက် မရှိတော့တာကလွဲရင်......
အရာရာ အရင်အတိုင်းပါပဲ ကိုစစ်..။

တချိန်ကလို ကတ္တီပါ ဖိနပ်နဲ့ ကျွန်တော်
ရွံ့ထဲဗွက်ထဲ လမ်းမလျှောက်တော့ဘူး
အသားအရောင်ခွဲခြားခံရတဲ့ တာယာဖိနပ်လေးနဲ့ပဲ
ကျွန်တော် အာကာသကို လမ်းလျှောက်ထွက်ခဲ့မယ် ကိုစစ်

ကျွန်တော်က မှောက်ထားတဲ့ဖဲချပ်ကို
ထိတ်လန့်တကြား လှန်ကြည့်တတ်တဲ့သူမဟုတ်ခဲ့ဘူး ကိုစစ်
ပျံကျမိုးတွေ ရွာလာတဲ့တနေ့
ကိုယ့်ကိုကိုယ် သူစိမ်းတယောက်လို တံဆိပ်ရိုက်ပြီး
စာမျက်နှာတွေပေါ်ကို ကူးခတ်လာခဲ့မယ်
ကျွန်တော့နာမည်ကျွန်တော် ခပ်ဖွဖွရွတ်ဆိုရင်းပေါ့......။

လွန်ခဲ့သောဘ၀က ကဗျာဆရာ

ကိုယ့်ဘ၀ကိုယ် ပုံဖော်ရတာလောက်
အောက်တန်းကျတာမရှိဘူး
အသက်..။ ။
(၂၁) ခါတွေးပြီးရင် မနက်ဖြန်ကိုရောက်ပြီ.
အရိပ်တွေ ညနက်နေတုန်းပဲ
ကိုယ့်အဓိပ္ပါယ်ကိုယ်ပြန်ရှာမတွေ့တဲ့အခါ
စိတ်...။ ။.
ကမ္ဘာကို အလောင်းကောင်လို မြေမြုပ်ပစ်ခဲ့တယ်..။
အပျက်မ မျက်ရည်လောက်မှ မခမ်းမနားပဲ
အာဃာတတွေအန်ချဖို့တဲ့
ပါးစပ်ပေါက်ကို ဆွဲဆွဲချဲ့နေရတာ မောတယ်..။
သေနတ်တချက်ဖောက်ရင်
ပေါင်မုန့်တလုံး ပျောက်တဲ့ခေတ်...
ဒါဏ်ရာကို တိုးတိုးလေး ညီးညူဖို့
အသံတွေက ကျယ်လွန်းနေတဲ့ခေတ်...
ကမ်းထားတဲ့လက်တွေက
သွေးညှီနံ့တထောင်းထောင်းနဲ့ဆိုတော့
ကမ္ဘာကို အလောင်းကောင်လို မြေမြုပ်ပစ်ခဲ့တယ်
တချို့သွေးစသွေးနတွေက နေရာမရွေးဘူး
ကိုယ့်ကိုသဂြို င်္လ်မဲ့မီးကို
ကျောက်ခဲရိုက် မွှေးနေရသလို
မြို့ကြီးပြကြီးမှာ ခွေးရူးကိုက်ခံနေရတယ်
နေ့စာညစာက အံလွဲနေတော့
ရင်ဘတ်ထဲ ချောင်းကြည့်ရတာတောင် အိပ်ရေးပျက်တယ်..။
တကယ်တော့
ကိုယ့်ဘ၀ကိုယ်ပုံဖော်ရတာလောက်
အောက်တန်းကျတာ မရှိဘူးမဟုတ်လား...။။။။

မင်းလုလင်

မမမြို့ကြီးသူ

လှည်းယာဉ်ကလေးစီး
ထီးနီနီလေးဆောင်းပြီး
ခေါင်းမဖြီးဘဲ လှနေတဲ့ မမ။

ကိစ္စမရှိဘူး
ကြယ်သုံးလေးပွင့်လောက် ဆွဲခူး
အိပ်မက်အထွေအထူးတွေနဲ့ 
ကျွန်တော့်ဖာသာရူးတာ။

မမ
သနပ်ခါးပန်းလေးပန်
ညဥ့်ယံမှာလည်း
မွှေးတယ်။

မမ
ပုထုဇဉ်မမ
လူဝတ်ကြောင်နဲ့ လှတယ်။

မမဟာ
စံပယ်ဖြူဖြူ
ကံကော်ဖြူဖြူ
စံကားပန်းဖြူဖြူ။

မမဟာ
ကျွန်တော့် မျက်ကြည်လွှာ
မမဟာ
ကျွန်တော့် လက်ဗွေရာ။

ကျွန်တော့် နံဘေးက
ပုရိသတို့ ရဲ့ ရှေ့ ရေး
မမအကြောင်းပဲ ကျွန်တော် တွေးမိပေါ့။

မမအပြုံးကိုရတဲ့နေ့ ကစလို့ 
အမှောင့်ပယောဂတွေနဲ့ 
တရေးနိုးတိုင်း
ကျွန်တော် ထထကတယ်။

မမ မျက်စောင်းက
အကြောင်းသုံးပါးမရွေး
ကျွန်တော့်မှာ
ပုံပြင်သေးသေးလေးတွေထဲ
ပြုတ်ပြုတ်ကျရ။


မမက မြို့ ကြီးသူ
ကျွန်တော်က ကျေးတောသား
မတရားတာတော့ အမှန်ပဲ။

မမခြေတစ်လှမ်းအရွေ့ 
ကမ္ဘာ့ ဘဏ်ထဲက ကုဋေတစ်သန်း
ကျွန်တော့် ရှေ့ ကို ရောက်လာစေ့ချင်တယ်။

မမက ဒေါက်မြင့် ဖိနပ်စီးတဲ့အခါ
ကျွန်တော်က တာယာဖိနပ်စီးတယ်၊
မမက ကိုယ့်ကားကိုယ်မောင်းသွားတဲ့အခါ
ကျွန်တော်က သူများနွားကျောင်းရတယ်။

မမ
မမဟာ
ကိုလွှမ်းမိုးသီချင်းထဲက
ဟိုအစ်ကိုကြီးရဲ့  မခင်နှင်းဆီ။

မမဟာ
ဆရာအောင်ခြိမ့်ရဲ့  ဂန္တ၀င်မမ။

လောကများရဲ့  ကောင်းမြတ်ခြင်းတရား
မမ ဖ၀ါးမှာကပ်တွယ်နေပါလား။

ကျွန်တော်ဆိုတာက
ငရဲကျမှာထက်
မမ မုန်းမှာကို ပိုကြောက်တဲ့ သွေးနွေးသတ္တ၀ါ။

မမ ပြုံးရင်
ကျွန်တော့်ကိုယ်ကျွန်တော် ပိုပို မုန်းမိရဲ့ ။

သလင်းကျောက်သား၊
စကားမဲ့ ရေအိုးစင်၊
အမေ့ ပုံပြင်ထဲက နတ်သမီး၊
မမ ဟာ ကျွန်တော်မပိုင်တဲ့ ထီးကလေးဖြစ်တယ်။

ကျွန်တော်က နွားကျောင်းသား
မြက်ခင်းစိမ်းကို ချစ်တယ်။

မမက စစ်ဘုရင်မ
မြင့်မိုရ်တောင်ထိပ်က
အလံဖြူကို ရသွားခဲ့သူ။

စစ်မြင်းတွေမောင်း
တံပိုးခရာတွေ တထောင်းထောင်းနဲ့ 
အရှင်လတ်လတ် ဘ၀ပြောင်းရပေါ့။

မမက
မြန်မာလို ယဉ်တယ်၊
အင်္ဂလိပ်လို လှတယ်။


မြစ်ရေကြီးမယ့် နောင်နှစ်များ
နယူးယောက်မြို့ ရဲ့  အခေါင်အမြင့်ဖျားမှာ
မမ ဟောမယ့်တရား
ကျွန်တော် နာမယ်။

နောင်နစ်များစွာ
နောင်နှစ်များစွာ
ကျွန်တော့် မမ
ဒီလိုလေးပဲ
လှနေပါစေ။

ဤကမ္ဘာမြေ
ဤကမ္ဘာရေ
ဤကမ္ဘာလေ
မမပဲ ပိုင်ဆိုင်စေ။

တိုက်ပုံမ၀တ်တတ်ဘူး
ဖိနပ်ပါးပါးပဲ စီးတယ်
ကားမှန်မှာတော့ ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်ဖူးတယ်
ဒီလိုပဲ ကျွန်တော်က
ပေါ့ပါးတယ်။

ကျွန်တော့် ရုပ်ပုံကားချပ်
မမ အသက်ရှူရတာ မွန်းမှာ စိုးရဲ့ ။

အင်္ဂလိပ်လို မပြောတတ်လို့ 
ကော်ဖီမသောက်ဘူး
........ ..........
မမ ရယ်တယ်။

မမ
မြို့ ကြီးသူ မမ။


ကျွန်တော့်ကလေးဘ၀က
ကျောင်းအင်္ကျီအဖြူလေး
ကွမ်းသွေးတွေ စွန်းပေ
အမေ့မလည်း မျက်ရည်ဝေရတယ်။

ကျွန်တော်
မမကို ချစ်တာ
ပုဒ်မအပေါင်းနဲ့  ငြိစွန်းခဲ့ရ။

မမ မစီးတဲ့ ဖိနပ်အဟောင်းလေး
ကျွန်တော်ငေးကြည့်နေမယ်။

မမ လျှောက်ခဲ့တဲ့ လမ်းတကာ
ကျွန်တော့်သွေးတွေ လဲ့ဖြာစေမယ်။

မမ
မြို့ ကြီးသူမမ
ကချေသည်ဘ၀နဲ့ 
ကျွန်တော် ကပြပါ့မယ်။

နားဆင်လော့
ရှုလော့
ခံစားလော့။

................(နေ့သစ်)

ကျွန်တော်အရမ်းကြိုက်တဲ့ ညီငယ်လေးနေ့သစ်ရဲ့ ကဗျာလေးပါ

လိပ်ပြာလွင့်ခြင်း

သွေးပြန်ကြော တလျှောက်
မီးခိုးငွေ့တွေနဲ့
ငါက အမှောင်ကိုကြောက်တဲ့ တစ္ဆေတစ်ကောင်....။

ယဇ်ပူဇော်ခံရတော့မဲ့ ယုန်တစ်ကောင်လို
ကိုယ့်နှလုံးခုန်သံ
ကိုယ်ပြန်ကြောက်နေရတဲ့ အဖြစ်....။

တောအုပ်လို့အခေါ်ခံရဖို့
သစ်ပင်ဖြစ်ခဲ့တာမဟုတ်တော့လဲ
အ၇ိပ်တွေက အကိုင်းအခက်မစုံဘူး

အမှတ်မရှိတဲ့ လက်ဖျံရိုးတွေက
..(ခုထိကို အပိုးမကျိုးသေး)..
ဒါဏ်ရာတွေကို ညှစ်ချနေတုန်း
သူရဲကောင်းတံဆိပ်နဲ့တော့
အသတ်မခံချင်ဘူး......။

ကြိုးပြတ်တော့မှ
စွန်ဖြစ်မှန်းသိရတာ
အသည်းနာတယ်..။

မပြောပါဘူး
မ...ပြော...တော့...ပါ...ဘူး
အသံတွေတခါပြန်မျိုချ...။

ကစားမိတဲ့ပွဲက
ဒုက္ခချင်းလောင်းကြေးထပ်ထားသတဲ့
ဖြစ်နိုင်မယ်ဆိုရင်ဗျာ
ကျွန်တော့အလှည့်ကို ခဏလောက်ကျော်ပေးထားပါ...။

ချိန်ကိုက်ဗုံးတလုံးကို မျိုချထားရသူလို
နာရီသံကြားရတာ စိတ်မလုံတော့
ကိုယ့်နာမည်ကိုယ်ခေါ်ပြီး
လင်းလင်းချင်းချင်းတနေရာမှာ
မှတ်တိုင်စိုက်ထားလိုက်တယ်
ငါက အမှောင်ကိုကြောက်တဲ့ တစ္ဆေတစ်ကောင်
ထင်းရှူးပင်တစ်ပင်တောင် လာမစိုက်ကြပါနဲ့......။

ဖြေရှင်းချက်တွေ
ဖွင့်ဆိုချက်တွေ ခဏမေ့ပြီး
ကိုယ့်ကိုခုတ်မဲ့ ဓါးကို
ကိုယ်တိုင်သွေးနေရတဲ့ ဘ၀မှာ
မေမေရေ....ကျွန်တော်အဝေးကြီးမှာ မဟုတ်ပါဘူး
အမဲရောင်လက်ဝါးကပ်တိုင်လေးနဲ့
ကျောချင်းကပ်ရပ်နေခဲ့တာပါ
လေချွန်သံတွေတောင် လှိုဏ်သံပါလာတယ်လေ....။

မွန်းတည့်ချိန်ရောက်တာတောင်မသိ
အမှောင်တွေ ထစ်ထစ်ချုန်းချုန်းရွာတဲ့အချိန်မှာမှ
တယောက်ထဲ
မိုးမိနေခဲ့တော့...တကိုယ်စာအလင်းဆိုတာ.....။

ငါက
အမှောင်ထဲမှာနေရတဲ့
အမှောင်ကိုကြောက်တဲ့ တစ္ဆေတစ်ကောင်........။

ခံစားချက်ကုန်ခမ်းသည့်ရောဂါဖြင့်ကွယ်လွန်သည်


..............(၁)................

ငါ့ခြေထောက်တို့ ကန်းခဲ့ပြီ......။

အလင်းမသိ

အမှောင်မသိ

..............(၂)................

လှေကားဆိုတာ

တက်ဖို့ ဆင်းဖို့ပဲမဟုတ်ဘူး

ထိုင်နေလို့လဲ ရတယ်ဆိုတာ

အသိနောက်ကျလေခြင်း...။

...............(၃)...................

ကန္တာရထဲမှာ ရေငတ်နေသလိုမျိုး

ကိုယ့်ကိုကိုယ် ပြန်ငတ်တယ်.....။

................(၄)..................

အထိတ်တလန့်အော်လိုက်တဲ့ ငါ့အသံမှာတောင်

ထုံဆေးနံ့တွေနဲ့ မွှန်လို့............။

................(၅)................

သေလို့သေမှန်းမသိ..။

...............(၀).................

ဘာ

ဆို

ဘာ

မှ



သိ

...............(၀)...............

ဘာဆို...ဘာ....မှ.....မ....သိ...။

................(၅)................

သေလို့သေမှန်းမသိ.....။

................(၄)...............

အသံတွေမသိ..။

...............(၃).............

ဆန္ဒတွေမသိ.....။

...............(၂)...............

အတွေးတွေမသိ....။

...............(၁)..............

ငါ့ခြေထောက်တို့ ကန်းခဲ့ပြီ...။

အတိတ်မေ့ခြင်း

အတ္တနဲ့ အနတ္တ

ဘူတာနှစ်ခုကြား

ရထားစီးမှားခဲ့တဲ့ကောင်

ခေါင်းထဲက မြစ်က

ပင်လယ်ရောက်မှ ပြာတယ်....။

အလွမ်းနာ

ဆေးထိုးမှားခဲ့ခြင်းပါ

ဝဋ်နာကံနာတစ်ခုကို

အရိုးမှာ ဆေးမင်ထိုးလိုက်သလို

စိတ်တွေက မှောင်တလှည့် လင်းတလှည့်နဲ့

လည်ပင်းကြောတွေ ထောင်းထောင်းထသည်အထိ

ကျွန်တော်နဲ့ ( ကျွန်တော် )

တစတစ ဝေးကွာသွား.............။

သက်တန့်

လှလွန်းလို့ထင်ပါ့

ညနေကတောင် မျက်လွှာချတယ်

ကောက်ကြောင်းတွေက တခမ်းတနားနဲ့

ဘာသာပြန်ဆိုစရာ စကားလုံးမရှိတော့ဘူး

လှလွန်းလို့ထင်ပါ့

သူကလေးသို့.....

အနမ်းတွေအကြောင်းပြောရင်

နင်းထားတဲ့မြေကြီး ကျွံဝင်သွားသလို

စိတ်တွေ တလှပ်လှပ်တုန်တယ်

သူကလေးပေါ့

တံပိုးခရာမပါပဲ ခြေရာလက်ရာ မပျက်မယွန်းနဲ့

ရင်တစ်ခုလုံးသိမ်းပိုက်သွားတယ်

ကျွန်တော်တောင်မသိလိုက်ပါပဲကွယ်

အသက်ရှူသံတိုင်းမှာ

သူ့နာမည်လေး ကပ်ပါနေတော့

ကျွန်တော် မသေချင်တော့ဘူး

သူ့မျက်လုံးလေးတွေနဲ့ဆုံတိုင်း

ကျွန်တော့တကိုယ်လုံး ပေါ့ပေါ့ပါးပါးလင်းတယ်

နေအိပ်ချိန်တိုင်း

သူကလေးအကြောင်းတွေး

ကိုယ့်ရင်ဘတ်ကို အလံဖြူလွှင့်ပြီး

အုံ့အုံ့သည်းသည်းလွမ်းတယ်

သူကလေးပေါ့

ကျွန်တော့ အိပ်မက်တွေကို အကျဉ်းချထား

သူ့အကြောင်းမပါရင်

ကျွန်တော် အိပ်လို့ကို မပျော်ဘူး

သူကလေးပြုံးလိုက်တိုင်း

ပန်းတွေကြွေတယ်

လိပ်ပြာတွေသေတယ်

သူတို့အလှကိုသူတို့ သိမ်ငယ်လို့သတဲ့

မထူးဆန်းဘူးလားကွယ်

တစ်ခါတစ်ခါ

နှုတ်ခမ်းလေးကို စူထား

စိတ်ကောက်တတ်တဲ့ နတ်သမီး

သူ့နှုတ်ခမ်းလေးတွေပေါ်

ကျွန်တော့ နှုတ်ခမ်းတွေ ထွန်ယက်စိုက်ပျိုးချင်တယ်

နည်းနည်းများ ရိုင်းသွားမလား

သူကလေးနဲ့ပတ်သတ်ရင်

(ကျွန်တော်ဆိုတာ)

ကမ္ဘာ့အယဉ်ကျေးဆုံး သွေးနွေးသတ္တ၀ါ

သူကလေးအမိန့်နဲ့

ကျွန်တော့သွေးတွေစီးတယ်

သူ့ဆံပင်မွမွကလေးတွေပေါ်

ကျွန်တော့မာနတွေဖြန့်ကျက်ထား

သူ့သွေးကြောစိမ်းလေးတွေ

ကျွန်တော်ချစ်တယ်

နည်းနည်းများ ရိုင်းသွားလေမလားကွယ်

အပူဒီဂရီလွန်နေတဲ့ ကျွန်တော့ရင်ဘတ်အတွက်

သူကလေးက ...ချွေးသိပ်မိုး

ကပိုကရိုလေးနဲ့ ပြိုတဲ့တိမ်

သူ့စကားသံလေးတွေနဲ့တင်

ကျွန်တော့နွေရာသီလှတယ်..။

...........................(မင်းလုလင်)

ကိုယ်ရေးကိုယ်တာမှတ်တမ်း

အခုတလော လက်သည်းတွေရှည်တာ မြန်မြန်လာတယ်

ညတွေက ညမှန်းမသိလောက်အောင် မှောင်မှောင်လာ

ဆူးတွေက နက်နက်ရှိုင်းရှိုင်း ထူထပ်လာတော့

ဆပ်ပြာပူဖောင်းဖြစ်ရတာ မလွတ်လပ်ဘူး

အရင်ကလို ဟစ်တလာ မဖြစ်ချင်တော့ဘူး

အရင်ကလို ဗင်းဆင့်ဗန်ဂိုး မဖြစ်ချင်တော့ဘူး

အရင်ကလို ဂျော့ကလူနေး မဖြစ်ချင်တော့ဘူး

အရင်ကလို သစ္စာနီ မဖြစ်ချင်တော့ဘူး

ကိုယ့်အိုးနဲ့ ကိုယ့်ဆန် ဆန့်သလောက်ပဲ

အားရင် ကဗျာရေးတယ်

အားရင်ကဗျာရေးတယ်

အားရင်ကဗျာရေးတယ်

ကျွန်တော့ တာဝန် အရေးသုံးပါးပေါ့

အခုတလော လက်သည်းတွေ ရှည်တာ မြန်မြန်လာတယ်

ငှက်တွေကို ကြည့်တယ်

ငါးတွေကို ကြည့်တယ်

ကိုယ့်ကိုကိုယ်ပြန်ကြည့်တယ်

လက်သည်းတွေတောင် တော်တော်ရှည်နေပြီပဲ

ဒါနဲ့ပဲ ...စိတ်တွေကို ညှပ်ပစ်လိုက်တယ်

ဟိုတစ ဒီတစ ပစ်စလတ်ခတ်..

အရင်ကလို ကောင်းကင်နောက်မှာ ဘာရှိမလဲ မတွေးတော့ဘူး

အရင်ကလို အိပ်ခါနီးတိုင်း ကဗျာမရွတ်တော့ဘူး

အရင်ကလို အနာဂတ်ဆိုတာ
ဘယ်နေ့ကိုပြောတာလဲလို့မမေးတော့ဘူး

ဒီလိုနဲ့ပဲ

လူတလုံးသူတလုံးတော့ဖြစ်လာပြီထင်တယ်

ဒါနဲ့ပဲ ..ကိုယ့်နှလုံးသွေးကိုယ် ဖောက်သောက်ကြည့်လိုက်တယ်

တားမြစ်ချက် တစုံတရာမပါပဲ ကြက်ခြေခတ်တွေ

ဖောဖောသီသီ ထွက်ကျလာ...

ကိုယ့်အရေပြားကို ပြန်ခြုံပြီး စနစ်တကျ ပြန်ထုတ်သိမ်းထားလိုက်တယ်

လက်သည်းတွေကတော့ ရှည်နေတုန်း...။

နှုတ်ခမ်းတွေက တဖြည်းဖြည်း အမဲရောင်သန်းလာပြီ

လူတလုံးသူတလုံးဖြစ်လာလို့ ထင်ပါ့

ပါးစပ်ကထွက်တိုင်းစကားမဟုတ်တော့ဘူး

ပါးစပ်က ထွက်တိုင်း မြှားချက်ထိ စပျစ်သီးတွေ ဖြစ်ဖြစ်လာတယ်

အကျအပေါက်များတဲ့ ကျို့တို့ကျဲတဲ ဓမ္မတွေဖြစ်လာတယ်

ရေမရှိတဲ့ ငါးတစ်ကောင်ဖြစ်လာတယ်

အစွယ်မပါတဲ့ ကျားသစ်တစ်ကောင်ဖြစ်လာတယ်..

လက်သည်းတွေကတော့ ရှည်လို့ကောင်းတုန်း...။

...............................................(မင်းလုလင်)

စိတ်ကောက်နတ်သမီး

သူ့မျက်ဝန်းလေးတွေက

လေမတိုက်တဲ့ ညနေခင်းတွေလို

သူ့နှုတ်ခမ်းလေးတွေက

လိပ်ပြာတောင်ပံပေါ်က လရောင်လို

သူကလေးပဲပေါ့

ကျွန်တော် ၀င်သက်ထွက်သက်ကို ဆေးဆိုးထား...

မျက်စောင်းလေး တချက်အ၀င့်မှာတင်

ကျွန်တော့ရပ်ဝန်း မိုးခေါင်သွားတယ်...။

........................................(မင်းလုလင်)

ဘ၀ကူးကောင်းအောင် ၀တ်တဲ့အရေခွံ

စပျစ်သီးတွေကိုအရည်ဖျော်သောက်လိုက်တယ်

ခါးရစ်ရီဝေ..

မနေ့ညက အိပ်လိုက်မိသလား..(မသေချာဘူး)

ဝတ်ထားတဲ့ အရေခွံကတော့ နွမ်းရိလို့

ပေါက်တူးကိုချ

ပေါက်ချွန်းကိုချ

လှလှပပဖြစ်ဖို့ဆိုရင် စိတ်တွေနဲ့ ထွန်ယက်မှရမယ်

မနေ့က....ခိုတွေအကြောင်းရေးတဲ့ ကဗျာတပုဒ်ဖတ်တယ်

မနေ့က....ဒေလီယာနဲ့ စကားစမြည်ပြောတယ်

မနေ့က....ကျောက်သင်ပုန်းတချပ်ဝယ်တယ်..

မနေ့က...

မနေ့ညက အိပ်လိုက်မိသလား

ဝတ်ထားတဲ့ အရေခွံကတော့ နွမ်းရိနေတယ်

ကောင်းကင်ယောင်ဆောင်ချင်တဲ့ ပန်းချီကားကိုဖြုတ်ချပြီးရင်

ကိုယ့်တွင်းကိုယ် နက်နက်ကလေးဆက်တူး

ဘ၀ကူးကောင်းဖို့...။

ဒီလိုနဲ့

ပြောကြတာပါပဲ

ရင်ဘတ်ပေါ်ဆွဲတင်ကြည့်တော့မှ လက်တံတွေကို အတိုအရှည်မညီဘူး

မနေ့က

မုန်တိုင်းမိတဲ့စကားသံတွေမှာ

စက္ကန့်တံမပါဘူး.....တယောထိုးသံမပါဘူး

ကိုယ့်တွင်းကိုယ် နက်နက်ကလေးဆက်တူး

ဘ၀ကူးကောင်းဖို့...။

အမဲရောင် ခြေထောက်တွေကို တံဆိပ်တပ်

မျက်နှာပေါ် ကန့်လန့်ဖြတ် ဆွဲချ

မျက်စောင်းထိုးသံဆုံးရင် မိုးရွာမယ်ထင်လို့

ကိုယ့်ဆံပင်ကိုယ်မိုးပြီး

စိုရွှဲနေလိုက်တယ်...(တစ်ယောက်တည်း)

မညီမညွတ်ဖြစ်နေတာလဲကြာပေါ့

မနေ့က......ပင့်ကူတစ်ကောင်နဲ့ ရန်ဖြစ်တယ်

မနေ့က......ကြွေကျလာတဲ့ သစ်ရွက်တွေကို မီးသဂြိ င်္ုလ်တယ်

မနေ့က........ဗုံသံမပါတဲ့ သီချင်းတပုဒ်နားထောင်တယ်

မနေ့က...

မနေ့ညက အိပ်လိုက်မိသလား

ဝတ်ထားတဲ့ အရေခွံကတော့ နွမ်းရိနေတယ်

ကိုယ့်ကိုကိုယ် ကြည့်ရှစောင့်ရှောက်ဖို့

သူငယ်အိမ်က ကျဉ်းလွန်း

အစွယ်တွေက တိုလွန်းနေတော့

ကိုယ့်တွင်းကိုယ် နက်နက်ကလေးဆက်တူး

ဘ၀ကူးကောင်းဖို့......။။။။

..................................................(မင်းလုလင်)

လွမ်းလို့ရေးတဲ့ကဗျာ

နင့်ညနဲ့ ဆန့်သလောက်ပဲ အိပ်မက်ပါ...ဒေလီယာ

လတပြိုက်နှစ်ပြိုက်သာရုံနဲ့

ညရဲ့ အရောင်က လဲ့ဖြာမလာနိုင်ဘူး

တကယ်တော့ ဘ၀ဆိုတာ အဖြူအမဲ ပန်းချီကား တချပ်ပါ

နင်သိခဲ့ရဲ့လား ...ဒေလီယာ

အလွမ်းအကြောင်းပြောကြမယ်ဆိုရင်

ငါ့အသံတွေ ကျီးပြိုနေခဲ့တယ်ဆိုတာ....

နင်ခြွေချလိုက်တဲ့ပန်းတပွင့်ရဲ့ငိုသံကို

နင်မကြားမိဘူးထင်ရဲ့

ငါအုပ်မိုးပေးခဲ့တဲ့ အရိပ်တခြမ်းက

ငါ့တကိုယ်စာတောင်မလုံခြုံနိုင်ဘူးဆိုတော့

နင်ကိုယ်တိုင်ပဲ မိုးပါ..ဒေလီယာ

ငါကတော့....

နေ တရစ် လ တရစ်နဲ့ နွမ်းတယ်...။

နင်လဲ နင့်လမ်းနင်လျှောက်

ငါလဲ ငါ့လမ်းငါလျှောက်

မတော်တဆများ ဆုံမိကြရင် ငါခေါင်းငုံ့ထားမယ် ဒေလီယာ

နင်ကတော့ ခမ်းခမ်းနားနား ပွင့်ဝေပါ...

နင်က ကောင်းကင်ခြုံထားတဲ့ အလင်းသစ်

ငါက မိုးမိခဲ့တဲ့ စက္ကူလှေ

တစ်ယောက်စီ တစ်နေရာစီ တဘ၀စီ

ငါ့ဝဋ်နဲ့ငါ လွမ်းတတ်သလောက် လွမ်းပါရစေ.... ဒေလီယာ

ကိုယ့်နှလုံးသွေး ကိုယ်ဖောက်သောက်ရင်း

ငါ အနက်ရှိုင်းဆုံး ကျိမ်စာတစ်ခု ရွတ်မယ်

ငါ့ကို မုန်းလိုက်ပါ ..

နင့်နှုတ်ခမ်းတချက်အလှုပ်နဲ့တင် ငါ့ကို ပစ်စလက်ခတ် မုန်းပစ်လိုက်ပါ....ဒေလီယာ

နင့်နက္ခတ်တွေတထပ်ချင်း ခင်းရင်း

ငါ့ကို ရိုးရိုးသားသား မေ့ပစ်လိုက်ပါကွယ်....။

ဖေဖော်ဝါရီအတွက် ရိုးလွန်းတဲ့ ကဗျာ



အိုင်ယာလန်မလေး…
မြန်မာသွေး မစစ်တဲ့  မြန်မာပြည်ကို..ချစ်တဲ့ ကောင်မလေး
စကပ်ကလေးနဲ့ လှ…
သွားလေရာမှာ ခြေကျင်းလေး ငါဖြစ်မယ်




မြောက်လေတွေပျံ့ သင်း
နဂါးတွေရဲ့ ခံတွင်းဝကနေ
လကွေးကွေးလေးနဲ့ ဆွေးနေမယ်



စံပယ်ပန်းလေးကိုပန်
ဘ၀အမှန်ကိုမေ့ ကွယ်


ပါးကွက်ကြားလေးနဲ့ ငါ့ရာဇ၀င်ကိုချီ
တေးတွေလည်းသီပေးမယ်


ချည်ချောထမီလေးနဲ့ ယဉ်
မြန်မာလိုပြော….
ငှက်တွေကူးခတ် ..ငါးတွေပျံသန်း
တယောအိုတစ်လက်.....နဲ့ 
ဧဒင်ဥယျာဉ်ကြီးမှာ ပန်းပုခက်လည်းစီးကွယ်



အနီရောင်မြို့ ပြထဲကျေးလက်ပုံစံနဲ့ …
ဘာဖြစ်သေးလဲကွယ်…
လေထဲက… ရဲတိုက်ကြီးကိုဆွဲထုတ်
နင်က ဘုရင်မလုပ်
ငါကအိပ်ဖန်စောင့်လုပ်မယ်



နင့် ..လက်ဖျားထိပ်မှာ
ကြယ်တွေ ပွင့် …..
နတ်ဘီလူးတွေစစ်လက်နက်တွေချ
ခေါင်ရမ်းတစ်ပွင့်ပျိုးလို့ ..နှင်းဆီပွင့် တဲ့ …
မှော်ရာသီမှာ …ရင်ဘတ်ထူထူနဲ့ 
မာနရူး…ရူးနေတဲ့ ….
ငါ..ဟာ အဆိပ်ဆူးလည်းဖြစ်ချင်တယ်



လှပြီးသားကွယ်….
သနပ်ခါးလေးနဲ့ လည်း….
ငါ့ အိမ်မက်တွေကို နင်..ပိုင်တယ်


ကတ္တီပါဖိနပ်လေးနဲ့ …
ပုသိမ်ထီးကလေးကိုဆောင်း
နတ်လုလင်တို့ ဗျတ်စောင်းကိုတီးကြ
ပွင့်သောပန်းတိုင်းလည်းလှစေ


ကျေးတောသူတတ်တဲ့ ပဉ္စလက်နဲ့ 
ပင်လယ်ကြီးကို မျှားကြစို့ 
သောကြာနေ့ မှာ စနေနံ အင်္ကျီကြီးမ၀တ်နဲ့ 
တိုးတိုးလေးပဲပြောပါကွယ်....
တိတ်တိတ်ကလေးနားထောင်မယ်....


ကန္တာရင်ဘတ် ကြက်ခြေခတ်တွေတလက်လက်နဲ့ 
ရေငတ်နေတာကြာပေါ့ ....။
အိုင်ယာလန်မလေးရေ....
ညောင်ရေအိုးထဲက ရေတစ်စက်နဲ့ ....
ငါ့ အသက်ကို ဆက်ပါ ....။


မြူမှုန်တွေကျဲပက်...
ရာဇ၀င်အထပ်ထပ်နဲ့ ...
ဟင်းလင်းပြင်မှာညပ်နေတဲ့ ...ဓါးတစ်ချောင်း
ငါ... မနေ့ ကအင်္ကျီကိုပြောင်းပြန်..ပြန်ဝတ်တယ်


ကာရန်မညီလဲ...ချစ်ပါရစေ
အိုင်ယာလန်မလေးရေ....။
နင့်နာမည်ခေါ်ရတာခက်တယ်....
နှင်းဆီနက်လို့ ပေးထားမယ်...
နာမည်ပေး ကင်ပွန်းတပ်ကို...
(၁၃) ရက်နေ့ မှာလုပ်မယ် ..... ။
(၁၄) ရက်နေ့ မှာ နင့် အတွက်ဆိုပြီး...
ဒီကဗျာကို ငါရေးမယ်.......။


ရင်ခွင်ရှိန်း


.......ရင်ခွင်ရှိန်
းရဲ့ ကဗျာလေးပါ ....ကျွန်တော်အကြိုက်ဆုံးတွေထဲက တပုဒ်ပေါ့.......


...........

ဆောင်းတစ်ခုရဲ့ အလွန်

နှင်းရိပ်တွေတသွင်သွင်နဲ့ 

နေပီပီမလင်းတဲ့ နံနက်ခင်းတစ်ခု

နင့်ကိုစောင့်ရင်း ဘုရားမှာ ငါဆုတောင်းမယ်

အချစ်ဆိုတာ ဘယ်သူမှမပိုင်ဆိုင်တဲ့

ကောင်းကင်လက်ဆာင်ပါကွယ်။



ဆန္ဒရဲ့  ရောင်နီဦးတွေနဲ့ 

နီလွင်ထစ်ချူန်း

မသိခြင်းဥတုရာသီထဲက

ကမ္ဘာဦးတစ်နေ့ ဟာ

ငါ့ရစ်သမ်တွေကို ခါးခါးသီးသီးငြင်းပယ်ပစ်ခဲ့တယ်။

ဗီးနပ်စ်ဆိုတာ တစ်ချို့ လူတွေအတွက် စေတန်ပါပဲ။



ငါဆိုတဲ့ကောင်က မိုးမြေသက်တန့် အလယ်

ချစ်သူကို ထည်ဝါစွာ တင်မြှောက်ခစားချင်တဲ့

ပူအိုက်အိုက် ပုစဉ်းရင်ကွဲဂီတပါ..။



လျှပ်ဝါ မီးပန်းတွေနဲ့ 

မှိုင်းပြာရီဝေနေတဲ့

သစ်ရွက်စာ တစ်အုပ်သာ ကျန်ခဲ့ပါစေ......

အရာရာဟာ ဈာပန သာ ဖြစ်စေသားကွယ်။

...............................(-နေ့ သစ်)


နေ့သစ်ရဲ့ ထိုနေ့ကဆိုတဲ့ အက်ဆေးလေးထဲက ကဗျာလေးပါ ခွင့်မတောင်းမိတဲ့အတွက် ညီငယ်နေ့သစ်ကို

ဒီကနေပဲ တောင်းပန်လိုက်ပါတယ်....။

သစ်ရွက်ကလေးသို့ နောက်ဆုံး အနမ်း

အချိန်တွေက တဖြည်းဖြည်း အညိုရောင်သန်းလာတယ်

တစက္ကန့်.....ပြီး.....နောက်တစ်စက္ကန့်

ဝေးရမယ်ဆိုတော့လဲ ကိုယ့်ဗီဇက မခမ်းနားနိုင်တော့ဘူးလေ

ကကြိုးပျက်ခဲ့တဲ့ ရုပ်သေးရုပ်လို

ကိုယ့်အသွေးအသားနဲ့ကိုယ် ကြိုးမိန့်ကျသွားတယ်


ငါ့ရဲ့ သစ်ရွက်ငယ်လေးရေ...

တိုးတိတ်တိုက်ဆိုင်စွာ နင်ကြွေခဲ့တဲ့နေရာက

ငါ့ရင်တည့်တည့်ဖြစ်နေခဲ့တော့...

.................................................



ငါ့ကိုယ်ငါ တံခါးလုပ်ပြီး

နင့်အတွက် ဖွင့်ထားပေးလိုက်တယ်

သွားလိုရာသွားပါတော့ သစ်ရွက်လေးရေ...



ပြက္ခဒိန်တွေကို ခေါက်သိမ်းပြီး

ငါ့သမိုင်း တပိုင်းတစ

နင့်ဘ၀အတွက် ရေမျောကမ်းတင် သံယောဇဉ်တောင် ကျန်မနေပါစေနဲ့

နင်သိမ်ငယ်မှာ စိုးလို့ပါကွယ်



ရာသီအသစ်အသစ်တွေရဲ့ တောက်ပမှုနဲ့

နင်ပြန်လည် ပွင့်ဖူးပါ သစ်ရွက်ငယ်

ရေလောင်းပေါင်းသင်ဖို့မေ့လျော့ခဲ့တဲ့ ဥယျာဉ်မှူးအတွက်

ပန်းပွင့်လေးကို ခူးဆွတ်ဖို့ဆိုတာ ...........

..................................................



လေပြေတွေကို လိမ်းခြယ်ရင်း

နေရောင်ခြည်ကိုသောက်သုံးရင်း..

ငါ့ကိုမေ့ထားခဲ့ပါကွယ်....



လရောင်စိုစိုတွေကို ရှူရှိုက်ရင်း

လေချွန်သံလှလှလေးတွေကို ဖန်တီးရင်း

ငါ့ကိုမေ့ထားခဲ့ပါကွယ်....



ဂီတသံတွေကို နားစွင့်ရင်း

တိမ်တွေကိုငေးမောရင်း

ငါ့ကိုမေ့ထားခဲ့ပါကွယ်...



....ငါ့ကို.....မေ့.....ထား.......ခဲ့......ပါ.......ကွယ်........။

အနာဂတ်သို့ ခရီးထွက်ခြင်း

အေဒီ 2800...

ရုပ်ဖျက်ဝင်ရောက်လာတဲ့ အရွယ်လွန် ကန့်သတ်မဲ့ အိပ်မက်တွေနဲ့

ကွဲပြားခြားနားနေတဲ့ အရောင်စုံအမြင်သီအိုရီ

ခလုတ်နှိပ်လိုက်ရုံနဲ့ ဖြစ်တည်လာတဲ့ မျိုးရိုးဗီဇကောက်ကြောင်း

သံသရာဆိုတာ ကြားဖူးနားဝ ရှိရုံမှတပါး

အ၇င်းအနှီးတွေနဲ့ ဇာစ်မြစ်မဲ့လူတန်းစား

အရိပ်တွေရွေ့တယ်.

အလင်းတွေရွေ့တယ်..

"နေ" သေ "လ " သေ ကမ္ဘာသစ်ထဲ

အတိတ်မရှိ အနာဂတ်မရှိ တခုထဲသော ပစ္စုပ္ပန်ပေါ်က

" လူယောင်ဆောင်သော လူ "

ခပ်အေးအေး သွေးတွေစီးတယ်...။

ယဉ်ကျေးမှုမရှိ....လူကြီးလူငယ်ပြဿနာမရှိ...ရာဇ၀တ်မှုမရှိ

ဂီတမရှိ...ကဗျာမရှိ....အသားအရောင် ကွဲပြား/ ခွဲခြားမှုမရှိ

ပြိုင်ပွဲမရှိ....အိပ်မက်မရှိ....အစိမ်းရောင်မရှိ

သဘာဝမျဉ်းကွေးတွေနဲ့ လျှပ်စစ်ရိုး၇ာ...နေ့မဲ့ ညမဲ့ ၀ိဥာည်မဲ့

ယန္တရားဆန်ဆန် ဖော်မြူလာ အပြုံး

ပုံစံခွက်ထဲက ခုန်ပေါက်ဆွဲသုံး

နူကလီးယားစွမ်းအင်သုံးချစ်သူမ

ခလုတ်နှိပ်လိုက်တိုင်း ပြုံးပြုံးပြတယ်

ဒိုင်မေးရှင်းလွန်ပြဇာတ် ..စက်ရုပ်တသိုက်နဲ့ညီညာဖျဖျ

လက်ခုပ်သံအတုတွေနဲ့ စည်စည်ကားကား လှတယ်...။

ဝေးခြင်း နီးခြင်း ကင်းမဲ့ခြင်း မရှိ

လက်ဖျောက်တချက်အတီးမှာတင် သံသရာကြီးအသစ်ဖြစ်တယ်

မွေးဖွားခြင်း သေဆုံးခြင်း မကွဲမပြား

ဇီဝကမ္မ ဖြစ်စဉ်ဆိုတာ အိပ်ယာဝင် တစ်ထောင့်တစ်ည ပုံပြင်.......။

အေဒီ 2000 သမိုင်းကြောင်းပြောတိုင်း

အနံ့ပါတဲ့ ကြက်သွန်တွေကို လွမ်းတယ်.............။။....။။

ပန်းဝေတံခါးပိတ်

အလွမ်းတွေရှိထားကြောင်း
'ပန်းဝေ' သိလားမေးချင်တယ်..
လမ်းတွေ့ရင်ခေါ်ခွင့်မပိုင်ပါဘူး
ကျွမ်းမြေ့ချင်မျှော်လင့်နိုင်မှာလားရယ်လို့
ခိုးဝှက်ကာ အကြည့်ပုန်းတွေနဲ့
တိုးရှက်ရာ မချိဆုံးပါပဲ
ငြိထုံးလာ အလွမ်းတွေဝေတော့
'ပန်းဝေ' သိမယ်.....။
ကိုယ့်မျက်ရည် ကိုယ်မတွေ့ရှာပါဘူးတဲ့
ညှို့ချက်တွေ အငိုဝှေ့ပါရင်း
ကမ္ဘာချဉ်းအောင် ပန်တော်ပွင့်မဲ့
သခင့်အတွက် ပန်းတွေရယ်
နွမ်းလေတယ် ကျွန်တော် မျက်ဖြေရူး
သြော်...တို့ဘ၀က
တမ်းမပြေတယ်နော် မျက်ရည်ဦး....။
နှောင်တွယ်ကာ ခက်တာပဲ ပန်းရယ်လို့
ရှောင်ဖယ်ကာ မျက်နှာလွှဲစမ်းချင်တာပေါ့
ကျောင်းခန်းဆီ ခြေလှမ်းတွေ အရောက်ယူဆဲမှာပင်
တစ်ယောက်သူနောက်လူ တွေ့နေနှင့်ပြီမို့
ရင်နှင့်စွာ ကျွန်တော် ချစ်ပေမဲ့
မြင်ခွင့်မှာ အဖော်အသစ်တွေနဲ့
" ပန်းဝေ" ရယ်
(တို့လေ...)
မခေါ်ဖြစ်ပါဘူး......။
......................................................(တာရာမင်းဝေ)

ဆရာတာရာမင်းဝေရဲ့ ကဗျာများစွာထဲမှ ကျွန်တော် အကြိုက်ဆုံးတွေထဲက တပုဒ်ပါ

တနင်္ဂနွေယောင်ဆောင်တဲ့ တနင်္ဂနွေ

တနင်္ဂနွေဟာ
ရောမခေတ် ကျွန်ပိုင်ရှင်တံဆိပ် သံပူတုံးကို ကိုင်လာတယ်
အဲဒီသံပူတံဆိပ်ထဲမှာ တနင်္ဂနွေယောင်ဆောင်တဲ့ တနင်္ဂနွေ တချပ်ရှိတယ်

တနင်္ဂနွေဟာ
ဝတ်ကောင်းစားလှတွေရှိတယ်
တခါတလေ လူကြီးလူကောင်းဆန်ဆန် သူ့ကိုသူ ၀တ်ဆင်တယ်

တနင်္ဂနွေဟာ
ထီးကိုင်ရမှာလက်ညောင်းတတ်သူဖြစ်တယ်

တနင်္ဂနွေဟာ နွမ်းရိနေတဲ့ အရေပြားအရှည်ကြီးနဲ့
တခါတခါ ဟောင်းနေတဲ့ကောင်းကင်အတွက် ခေါင်းကုတ်နေတတ်သေးတယ်

တနင်္ဂနွေဟာ
သူ့တကိုယ်စာ အလင်းအတွက် ညနဲ့ စစ်ခင်းတတ်သေးတယ်

တနင်္ဂနွေဟာ
အဆက်မပြတ်တဲ့လောကဓံကို ခဏလေး ဇစ်ဆွဲပိတ်တယ်

တနင်္ဂနွေဟာ
ကြောက်တတ်တဲ့ ကြောင်လေးတကောင်လို ခွေခေါက်နေတယ်
ကြောက်စရာကောင်းတဲ့ ကျားသစ်တကောင်လိုလဲ ဟိန်းဟောက်နေတယ်

တနင်္ဂနွေဟာ
ကိန်းဂဏန်းတွေနဲ့ ကင်းလွတ်ရာ နယ်မြေလဲ ဖြစ်တယ်
တနင်္ဂနွေဟာ ပြိုင်ဆိုင်မှုတချို့တလေရဲ့ ရင်ခုန်သံလဲဖြစ်တယ်

တနင်္ဂနွေဟာ
ညနေခင်းတွေနဲ့လှပနေတဲ့ သနပ်ခါးရနံ့တွေရဲ့ စုရပ်ဖြစ်တယ်
တခါတလေ ရေဆိုးမြောင်းထဲက မြုပ်လှည့်ပေါ်လှည့် နို့ဆီခွက်ဖြစ်တယ်

ဒါပေမဲ့ တနင်္ဂနွေဟာလေ
သူ့ကိုယ်သူ တနင်္ဂနွေဖြစ်မှန်း မသိရှာဘူး

............................................................အုပ်စိုးကြီး + မင်းလုလင်

ဖယောင်းတိုင်

ကိုယ်တိုင်ရှူသွင်းလိုက်တဲ့လေက
ကိုယ့်ကိုကိုယ် ကျွမ်းလောင်သွားစေတယ်
အသွေးအသားတွေ မခမ်းသရွေ့
ငါ့အ၀ိဇ္ဇာနဲ့ငါ
မသေမချင်း လင်းတယ်...။

ဂီတနှင့်လူ

ခွင့်လွတ်ပါတယ် သမီးရယ်
စောင်းကြိုးဖြတ်ခဲ့ရုံနဲ့
ဂီတဆိုတာ အသက်မဲ့မသွားပါဘူး


ဟုတ်တယ်အဖေ
အဲ့ဒီ့ညတုန်းက
မြစ်ငိုသံတောင် ဂီတအပါးမှာ
ပျော်လို့မြူးလို့
ဝတ်လစ်စလစ်တွေများတယ်အဖေ


ထားလိုက်ပါသမီးရယ်
ငိုသံတွေကို မထူမပါးယှက်ချည်ပြီးရင်
ဝတ်လစ်စလစ် ဂီတ ကို အုပ်မိုးပေးကြတာပေါ့

ဒါတော့ဒါပေါ့
အမှတ်မရှိတဲ့သံစဉ်တွေကျတော့
ဘယ်လိုပုဒ်ကျိုးပုဒ်မနဲ့
ဒဏ်နာနာခတ်မလဲအဖေ

သံစဉ်တွေကို အပြစ်ပေးဖို့
ရက်စက်လွန်းပါတယ် သမီးရယ်
ခပ်တိုးတိုးလေးပဲ ငိုလိုက်ပါ


ဖြစ်ပါ့မလား
သူ့နည်းသူ့ဟန်နဲ့တောင်သိပ်ဟန်ပုံမရတာ
မလိုတာတွေဖြုတ်တပ်
ပိုနေတာတွေကျမှ
ဒုက္ခတန်းလန်းနဲ့ သမီးမှာ
ငိုချင်ယောင်ဆောင်ရင်း ပိုပိုညစ်လာတယ်အဖေ

အရောင်ဆိုးရွားတဲ့ ဒုက္ခဆိုတာ
မျက်ရည်မကျတတ်ဘူးသမီး
လူပီသဖို့အတွက် ဒုက္ခကိုမျက်ရည်တိုက်လိုက်စမ်းပါ


မရတော့ဘူးအအဖေ
ခြေရာလက်ရာပျက်လွန်းနေပြီ
သူ့ဘက်ကိုယ့်ဘက်တောင်
လှလှပပစည်းမခြားတတ်မှတော့
မထူးပါဘူး
စိတ်လိုလက်ရ ၀င်ရူးနှမ်းဦးမှပါ

ကောင်းတယ် သမီး
မထိတထိ ကြည့်နေကျတဲ့ စည်းတွေမှာ
သမီးဘက်သမီး ပြန်ပြန်မကျော်မိစေနဲ့
ခေတ်ရဲ့ အလင်းအတိုင်း သမီး ပြုံးပြုံးလေး မှောင်ထားလိုက်ပါ

ဟုတ်အဖေ
တစ်ချီတစ်ချီတော့ကိုယ့်ဘက်ကစကျူး
မှ ငြိမ်ငြိမ်ကျသွားတဲ့ ဂီတာပေါက်စလေးကို
ည.....................ကျရင်
နဲနဲတော့...........

ပူဇော်လိုက်ပါသမီး
အဲ့ဒီ့ဂီတပေါက်စလေးကိုသမီးရဲ့မျက်ရည်တွေနဲ့
ပူဇော်လိုက်စမ်းပါ
အဲ့ဒီ့ဂစ်တာလေးထဲမှာ သမီးရဲ့အနာဂါတ်တွေ
မပုပ်သိုးစေချင်ဘူးကွယ်
သမီးရဲ့မျက်ရည်နဲ့
ဂီတစစ်စစ်
ဒီည.............အဖေကြားချင်တယ်သမီးငယ်

ဂီတာသပ်သပ်နဲ့တော့
အငိုတိတ်ပုံမပေါ်ဘူး..အဖေ
သူတို့စရိုက်ကိုက
လေနှင်ရာလွင့်ချင်နေတာကိုး......။

.........................................................................မင်းလုလင် + အကယ်ဒမီ

လူရွှင်တော်....(2)

သွေးနဲ့သားနဲ့ ဟာသနဲ့ဆောက်တဲ့တံတိုင်း
မကြာခဏပြိုကြတိုင်း ပြုံးတယ်....
အစာမရှိတဲ့ အစာအိမ်နဲ့ ဖိနပ်မပါတဲ့ ခြေထောက်
စင်ပေါ်ရောက်တိုင်း ဟာသမြောက်တယ်
ဆီကခမ်းနေပေမဲ့
အရှိန်ကောင်းကောင်းနဲ့ မီးတောက်
စင်ပေါ်ရောက်တိုင်း
ဟာသမြောက်မြောက်
ထထတောက်တယ်.......။

ကြယ်မလေးအတွက်အလင်းဖတ်စာ

ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ

ကြယ်ကလေးတစ်စင်းကို ချစ်မိတဲ့အခါ

ကျွန်တော်ဟာ . . . . သူ့အနားက

အိမ်နီးချင်းကြယ်တစ်စင်းဖြစ်သွား

ကျွန်တော့်စိတ် . . . .

မှိတ်တုပ်မှိတ်တုပ်ဖြစ်ရတယ် ကြယ်လေးတွေလို ။



ကျွန်တော့်ရင်ခုန်သံဟာ ကြယ်မလေးဆီ ရိုးမြေကျ

ကျွန်တော် မရိုးမရွဖြစ်ရတယ်

ကြယ်မလေးကိုချစ်မိသွားကတည်းက

ကျွန်တော်ဆံပင်နီမဆိုးချင်တော့ဘူး

ဘာမှလည်းမဆိုင်ပါပဲနဲ့

ကျွန်တော် တီရှပ်မ၀တ်ချင်တော့ဘူး

ဘာမှလည်းမဆိုင်ပါပဲနဲ့

ကြယ်မလေးရယ် . . . . ကျွန်တော်က တကယ်ကိုချစ်မိသွားတာ

ဘာမှလည်းမဆိုင်ပါပဲနဲ့ကွယ် . . . . နော်။


ကြယ်မလေး . . . .

ဘယ်ကိုများငေးနေလဲ

ကျွန်တော့်ကိုပဲကြည့် ၊ ကျွန်တော့်အကြောင်းပဲ . . . .

သိ ပါ ကွယ် ။



လွမ်းတိုင်း . . . ကောင်းကင်ပေါ်မော့ မော့ကြည့်ရုံနဲ့

မကျေနပ်နိုင်တော့တဲ့အခါ . . . .

ကျွန်တော်ဟာ ကြယ်ပွင့်လေးတွေကို

ကျွန်တော်ပိုင် လယ်ယာစိုက်ခင်းအဖြစ်စိုက်ပျိုးချင်လာတယ်

`သူမ´က ကြယ်စိုက်ခင်းလေးပေါ့

ကျွန်တော်က ကြယ်ယာစိုက်ပျိုးရေးသမားပေါ့

ကြယ်ပျိုးသူပေါ့ . . . . အဲဒီလိုလေး . . . .

ဖြစ် ချင် တယ် ။



သူ့မျက်လုံးလေးတွေကိုရှေ့ထားပြီး

ကျွန်တော်ကြည့်ချင်တယ်

သူ့အသံစူးစူးလေးကို ရှေ့ထားပြီး

ကျွန်တော်သီချင်းဆိုပြချင်တယ်

သူ့နှုတ်ခမ်းလေးကိုရှေ့ထားပြီး . . . . .

အင်း . . . ကြယ်လေးရေ . . .

နှုတ်ခမ်းလေးကိုရှေ့ထားပြီး ကျွန်တော်ဘာလုပ်ရင်ကောင်းမလဲ

. . . . . . . မလန့်ပါနဲ့ ကြယ်မလေးရယ်

ချစ်လို့စတာပါကွယ် ။



သမာရိုးကျမဟုတ်ဘဲ

ကြယ်လေးတစ်ပွင့်ကိုချစ်မိတဲ့အခါ

ကျွန်တော် . . . ကြယ်ကြည့်သူတစ်ဦးဖြစ်သွား

ကြယ်ကလေးကြွေကျလာဖို့ ဆုတောင်းမိတယ်

ကျွန်တော့်နံဘေးနားကို . . .



ကျွန်တော်လေ . . .

`ဟိုတစ်နေ့တုန်းက´ ကိုပြန်ရောက်သွားတော့

ပွဲတော်ကို မျက်ဝါးထင်ထင်ပြန်မြင်တယ်

ကြယ်မလေးရေ . . . ကြယ်မလေးရေ . . .



ကျွန်တော်ဟာ ကြယ်မလေးယက်လုပ်တဲ့ အ၀တ်လေးတစ်ထည်ဖြစ်ချင်တယ်

ကျွန်တော့်ကို သူဝတ်ဆင်တဲ့အခါ

ကျွန်တော် နွေးနွေးထွေးထွေးဖြစ်သွားချင်တယ်

ကျွန်တော်ဟာသူ့ရဲ့ မီးလင်းဖိုလေး

သူဟာကျွန်တော့်ရဲ့ဆောင်းတွင်းလေး . . .

အဲဒီလိုလည်း ဖြစ်ချင်တယ် ။



တကယ်တော့ `သူမ´ဟာ

လှလှပပ ကြယ်နတ်သမီးလေးတစ်ပါးမဟုတ်ပါဘူး

ပြောင်စပ်စပ်နိုင်တဲ့ ကြယ်ရူးမလေးတစ်ဦးဖြစ်တယ်

ပြောရင်းနဲ့ကို . . . ချစ် ချစ်လာမိတာ

ကြယ်မလေးရေ . . . ကျွန်တော့်ဆီကြွေပါ ။



ကြယ်မလေးအတွက် အလင်းတွေသွန်းထားတဲ့ဖတ်စာ

ဒီကဗျာရေးပြီးတော့ ကြယ်မလေးကို ပေးမဖတ်ဝံ့ပြန်ဘူး

ရှက်တာပေါ့ကွယ် . . . . ကြယ်စင်မလေးရယ်

ကျွန်တော်က ချစ်မိသွားတဲ့အခါ . . . .

သူရဿဝါ
===============================================
===============================================

ဒီကဗျာလေးကိုဖတ်ပြီးကြိုက်လွန်းလို့ ကိုသူရဿဝါဆီမှာ ခွင့်တောင်းပြီးတင်ထားတာပါ

ကိုသူရဿဝါက ဒီကဗျာလေးကို ရေးဖြစ်ပုံလေးကိုလဲ ပြောပြခဲ့ပါတယ် အမှတ်တရအနေနဲ့ သူနဲ့ပြောဖြစ်ခဲ့တဲ့ ကြယ်မလေးရဲ့ အစကိုလဲတင်ပေးလိုက်ပါတယ်..ကျေးဇူးပါ ကိုသူရဿဝါ

""အဲဒီကဗျာမရေးခင် ရှေ့ကဗျာတွေတုန်းက ကျွန်တော် ဒဿနကဗျာတွေ ၊ ဘဝကဗျာတွေလျှောက်ရေးနေတာ
နည်းနည်းငြီးငွေ့လာတော့ အချစ်ကဗျာလေးတစ်ပုဒ်လောက်ရေးမယ်ဆိုပြီး
အဲဒါလေးရေးဖြစ်တာ
အဲဒီလိုပုံစံမျိုးက ကျွန်တော်ကဗျာတွေစရေးတုန်းကပုံစံမျိုးလေးပေါ့
စကားလုံးအားကောင်းကောင်းနဲ့
အဲဒါလေးကို အလွမ်းပြေပြန်ရေးတာပါ
း))
ကြယ်မလေးဆိုတာက စကားလုံး အဆန်းဖြစ်အောင် သုံးထားတာပါ ""

ကြွေခဲ့တဲ့....မကြွေသေးတဲ့.....ပန်းမဟုတ်သောပန်း

သူကပြောတယ်

အချစ်ဆိုတာ ကိုးကွယ်ရာတဲ့

ဒီလိုနဲ့ပဲ သူဟာ အချစ်ရဲ့ကျေးကျွန်ဖြစ်လာတယ်

သူ့ကို လူတွေက တခမ်းတနား ကျိမ်ဆဲကြတယ်

သူလဲ လေတိုက်ခံပြီး လူတလုံးသူတလုံးဖြစ်လာတယ်

တချို့လူတွေက သူ့အကြောင်းပြောရင်းနဲ့

သူ့ကို မေ့လျော့သွားကြတယ်

သူဆိုတာကို သူမှန်းမသိတော့တဲ့အထိ

သူ့ကို ချစ်ခဲ့ကြတယ်

သူ့အမှတ်တရတွေ ရေးဖွဲ့တယ်

သူ့အကြောင်းဇာတ်ထုပ်တွေမှာ သူကမင်းသားပဲ

(ဒါပေမဲ့)...

ဗီလိန်ဆန်ဆန် ဇာတ်ရုပ်အကြောင်းပြောတိုင်း

သူ့ကို မထိတထိ သတိရကြတယ်

သူ့ကိုပုံကြီးချဲ့ကြတယ်

သူ့ကို ခိုးကူးကြတယ်

သူကတော့တိတ်တိတ်နေတယ်

စကားတခွန်းပဲ ထပ်တလဲလဲပြောတယ်

""စာရွက်ပေါ်မှာဘောပင်နဲ့ရေးမှ ကဗျာမဟုတ်ဘူး

မြေကြီးပေါ်မှာ တုတ်နဲ့ရေးလဲ ကဗျာပဲ "" ....

သူထပ်တလဲလဲ ပြောတယ်

ထပ်တလဲလဲပြောတယ်

ထပ်.....တ......လဲ......လဲ ...ပြောတယ်

ပြောရင်းနဲ့ သူလဲကျသွားတယ်

သူ့ဘေးမှာ ကဗျာရေးတဲ့ တုတ်ချောင်းလေးနဲ့

သူ့ဘေးမှာ သူရေးထားတဲ့ ကဗျာလေးနဲ့
.......................................................................
...........................................................................
.......................................................................။။။။
=============================================

ကျွန်တော့လက်ပေါ်မှာတင် ဆုံးပါးသွားတဲ့ ကျွန်တော့်သူငယ်ချင်းကဗျာဆရာလေး တနှစ်ပြည့်အမှတ်တရလေးပါ

ညစုန်း

ညစုတ်ညပဲ့
"လ" တစ်ကောင် "ကြယ်" တစ်မြီးမှမလင်း
ပုပ်အက်အက်လေပြည်ရနံ့သင်းတယ်....။

အတ္တုပ္ပတ္တိ

ကိုယ့်ကိုကိုယ် ပြန်ပြန်ခိုးကြည့်ရတာ

စိတ်တွေတောင် ညောင်းတယ်

အတ္တသို့ ခရီးတခေါက်.....

ဘယ်သူမှမပါလဲ ငါ့ရထားက ဘူတာကိုဝင်မှာပါ

လောင်စာဖြစ်သွားတဲ့ ပြက္ခဒိန်အတွက်

မီးတောက်လေးက ငိုနေမယ်ထင်သလား

ဒါနဲ့ပဲ မျက်လုံးတွေက ထူထူထဲထဲ ကျလာတယ်

သူများလျှာပေါ်လဲ လျှောက်တတ်ခဲ့ပြီးပြီ

အဆိပ်ယောင်ဆောင်တဲ့ အဆိပ်တွေလဲ သောက်တတ်ခဲ့ပြီ

ဖိနပ်မစီးတတ်ရုံနဲ့ ဘ၀ပျက်သွားတဲ့ အန္ဓတယောက်

ထပ်တလဲလဲ သေတယ်..

အလင်းမရှိတဲ့ မီးအိမ်ကို ကိုင်မိရုံပါ

လမ်းမပြနိုင်တဲ့ သံလိုက်အိမ်မြောင်တခုရဲ့ မျက်ရည်ဆိုတာ

စိတ်ပျက်လက်ပျက် လွမ်းမိတဲ့ မိုးရာသီပဲ

အဖော်မပါပေမဲ့ တယောက်ဆိုတယောက်ပဲ ဒုက္ခရေ

သူရဲကောင်းဆိုတာ ရန်သူဘက်ကကြည့်ရင်

အကြီးဆုံး ရန်သူပဲ...

ငါ့ဝဋ်နာနဲ့ငါ ခပ်တိုးတိုးမိုက်ပါရစေ...

ဖြတ်လျှောက်မိတဲ့ ခရီးက နွံအိုင်ဖြစ်နေတော့လဲ

ငါ့ခြေထောက်မှာ ရွံ့ပေတာ မဆန်းခဲ့ဘူးပေါ့......။။။။

သူမ စုတ်ဖြဲသွားတဲ့ တနင်္ဂနွေတခြမ်း

ရူးရူးမိုက်မိုက်ပါပဲ…
တနင်္ဂနွေတွေဆီကို ပြေးလာလိုက်ရတာ
တစ်နေ့က သောကြာနေ့လေးအထိ
ငါ ပြုံးနေတတ်ခဲ့တယ် ၊၊ ၊၊

ပြန်မလာနိုင်တော့ဘူးတဲ့…
အခုတော့ ပင်လယ်မဖြစ်လိုက်ရတဲ့ လှိုင်းလေးကို
ပွေ့ပိုက်သိမ်းဆည်းခဲ့ရ…
သင်းကွဲတယ်ဆိုတာ..
ပလက်ဖောင်းလေး နံဘေးက
ခြောက်ကပ်စွာတိုးတိတ်သွားတဲ့ သီချင်း
တယောသံလေးလည်း ငိုနေခဲ့ပြီ ၊၊

သင်္ကေတလေး ကွဲရှသွားတဲ့ညနေမှာပေါ့
ဘာမှ မရလိုက်ပေမယ့်
ငါ အားလုံးကို ထားခဲ့လိုက်ရတယ် ၊၊

ငါ မငိုခဲ့ပါဘူး . . .
စိုမှာစိုးလို့ တိတ်ပစ်လိုက်ရတဲ့ မိုးတွေလို
ငါ မငိုခဲ့ပါဘူး ကွယ်

ဒီ အငေးလေးတွေ တဖြည်းဖြည်းဝေးတော့မယ် ၊၊

ဘယ်လိုမှ ဖြေလို့မရခဲ့ဘူး .. ၊၊
နောင်လာမယ့် တနင်္ဂနွေတွေဆို
သူမကို ပြန်မရတော့ဘူး
ဘယ်လိုမှ ဖြေလို့မရခဲ့ဘူး ...၊၊
မနက်ဖြန်တွေကို စိုက်ပျိုးပေးနိုင်မလား တဲ့ ...
........................................
ဘယ်လိုမှ ဖြေလို့ မရခဲ့ပါဘူး ...
မေးခွန်းတိုးတိုးလေးတွေရယ် ၊၊

သူမ မျက်နှာအလွှဲမှာ

တနင်္ဂနွေလေး ပြတ်ရှသွား……

ကြယ်တွေကိုယ်စား ကြွေသွားခဲ့ရတယ်

နောင်လာမယ့် တနင်္ဂနွေတွေဆို

သူမ ပြန်မလာတော့ဘူး ၊၊


................................................ဇာတိ...................


ကိုဇာတိရဲ့ ကဗျာလေးပါ ..ကျွန်တော့ရဲ့ အဖြစ်အပျက်တချို့နဲ့ တိုက်ဆိုင်နေလွန်းလို့ပါ