Subscribe:

သတိရခြင်းဆိုတာကလဲ ရယ်မောခြင်းအတတ်ပညာပဲ ကိုဘခက်



သံလမ်းပေါ်မှာ အက်ကွဲကြောင်းတွေထဲမှာ ကော်ဖီခွက်တွေအပူချိန်လျော့လာပြီ ကိုဘခက်
ဒါ  Shock ပဲ ထိလွယ်ကွဲကြေလွယ်လူငယ်ဘ၀ဆိုတာ သွေးအေးဖို့ကျ သိပ်ခက်နေပြန်ရော
နေ့ ည လေရသည် ဆိုတဲ့ဆိုင်းဘုတ်ဟာ ညနေကပြိုကျသွားတယ် ဒီအရည်တွေကို မျိုမကျတော့ပါဘူး
လက်ဆောင်ပေးခြင်းသည်းခံပါ  မင်္ဂလာဆောင်ခြင်းကို သည်းခံပါ ဆောင်းဘောက်စ်ကျယ်ကျယ်ဖွင့်ခြင်း
ကျွန်တော်သည်းမခံနိုင်တော့ဘူး ကိုဘခက် တဖြည်းဖြည်းချင်းဆိုတာကလဲ ခရီးရောက်တယ်
ရွေ့ချင်တာရွေ့ စိတ်ဓါတ်တော့မရွေ့စေနဲ့  ဒါက ကျုပ်တို့ခေတ်ရဲ့ဝိနည်းပဲ  သစ်ရွက်တွေ ကြွေလာပြန်ပြီ
အိမ်ရှေ့ အမှိုက်ပုံထဲမှာ အနာဂတ်တွေဖားခုန်ခုန်နေတယ် ဘယ်သူအပြစ်ပေးထားပါလိမ့် လေ့ကျင့်ခန်းများလား
ကြာခဲ့ပြီပေါ့ မီးခိုးတလူလူနဲ့ရထားကြီးမစီးဖြစ်တာ အချိန်ဘယ်လောက်ဝေးဝေးမှာ မမှတ်မိတော့ဘူး
မမှတ်မိချင်တော့ဘူး ဆိုကာမှ လိုချင်တောင့်တမှုက သွေးယားတယ်  ခက်တယ် ကိုဘခက်
လွန်ဆန်ရခက်တာတွေကလည်း လွန်ဆန်ရခက်လိုက်တာ  တိုးတိုးလေး ငြီးမယ် ခင်ဗျား နည်းနည်းလောက်ရယ်ပါ
ကော်ဖီဆက်သောက်ကြဦးစို့ဗျာ  ကော်ဖီစေ့လေးတွေပုံဖော်ထားတဲ့ ပလက်စတစ်အိတ်အခွံနဲ့ မနက်ခင်းနဲ့
အကျီ င်္ခပ်ကြီးကြီးနဲ့ မီးလောင်ပေါက်တစ်ချို့နဲ့ ယုတ္တိဗေဒပုံပြင်တစ်ချို့ကလဲ မျက်လုံးကို လှည့်စားလွန်းတယ်
ဟော . . . ပြေးထွက်လာပြန်ပါပြီ လဲပြိုကျဖို့အတွက် ဒါနဲ့များ ဖြည်းဖြည်းချင်း လဲပေါ့ ပင်ပန်းခံလို့
စကားကြီးစကားကျယ်ဆိုတာ ဘယ်လိုစာလုံးပေါင်းသလဲ ကိုဘခက် အနုပညာနဲ့များ သံတူကြောင်းကွဲမလား
မေးခွန်းတွေကျွန်တော် ထုတ်လုပ်နေပြန်ပါပြီ မနက်ခင်းက အကျည်းတန်သွားတော့မှာပဲ စိုးရိမ်စရာ
နေ့ ည လေပြန်ရအောင်လုပ်ရမယ် ဥပဒေရုံးရှေ့မှာပဲဖြစ်ဖြစ် ဥပဒေဘောင်ထဲကဖြစ်ဖြစ်
မရောက်ဖြစ်တာ သုံးလေးနှစ်ကြာတဲ့နေရာတစ်ခုကိုလဲ အရောက်သွားရမယ် စက်ဘီးကလေးစီးပြီး
ကိုဘခက်ရေ . . . ကျွန်တော့လက်ဖျားကအသံတွေအရင်လိုမကျယ်တော့ဘူးဗျ ခင်ဗျားလည်ချောင်းရှင်းရဲ့လား
စင်ယော်တွေဟာ ကျောင်းဆင်းချိန်ခေါင်းလောင်းသံမှာ သူတို့  ကျွန်တော့ဆီမလာတော့ဘူး ထင်တယ်
ကျောင်းစိမ်းလေးတစ်ယောက်လောက်ပါရင်ပိုကောင်းမလားပဲ လို့ ကျွန်တော့ကို ပြောခဲ့ဖူးတယ်ထင်တယ်
ထင်ထင်ရှားရှားမမှတ်မိတော့တဲ့အထင်တွေကလဲ စိတ်ကို ချောက်ချတာ သိပ်တရားလွန်တာပဲ
နေရထိုင်ရတာ သံလမ်းပေါ်မှာခြေတပေါင်ကျိုးလမ်းလျှောက်ခဲ့တဲ့ညက ပြုတ်ကျုသွားသေးလား
Dream Walker ဖြစ်နေရတာကအပြစ်အကြီးကြီးလွန်ထားသလို ကျူးကျူးကျော်ကျော်စိတ်ပူနေမိသေး
ထပ်တွေ့ပြန်ပြီ ကိုဘခက်ရေ Cyril Takayama တဲ့ ဓါတ်ပုံတွေထဲကဆွဲယူသုံးစွဲနေပုံပြောပါတယ်
ကျွန်တော့ခေါင်းရင်းမှာ ကတ်ကိုဘိန်းရှိတယ် ဆွဲထုတ်ပေးလို့ရမလား ကျွန်တော့ဂစ်တာအသံလွဲနေတာ ကြာပြီ
နိုးစက်ကိုပိတ်ထားလိုက်ပါဗျာ အိပ်မက်ကိုအရောတ၀င်လုပ်ခွင့်လေးတော့ လွတ်လွတ်လပ်လပ်ပေးပါ
ဒီလိုဗျ ကိုဘခက် ရယ်ရလွန်းတော့လဲ မျက်ရည်များတောင် လည်မိတယ် တစ်ခါထဲပါ သွေးအကြီးကြီး နဲ့ ။

- မင်းလုလင် -

မျက်လှည့်ဆရာ



လက်ဖျားမှာ ပေါ်လိုက်ပျောက်လိုက်
ဘ၀က ရေပေါ်လမ်းလျှောက်သလို ဖဲချပ်တွေ အရောင်ပြောင်းသွားသလို
အရိပ်ကို အရောင်တင်ခဲ့သူဟာ ငါးပါးသီလနဲ့ ကစားတယ်
ဒီလိုပါပဲ ကြားဖူးနားဝ ပုံပြင်လေးတွေပြောပြောပြီး
မနက်ဖြန်ကို ဖျောက်ပစ်လိုက်တယ်  အလင်းတွေ
အထိတ်တလန့် ထွက်ပြေးကုန်ကြပေါ့ ။

- မင်းလုလင် -

အဲ့ဒီနေ့ ရဲ့ ကိုက်တစ်ရာအကွာမှာ ကိုယ်ရပ်နေတယ်



ပုလင်းထဲ သံယောဇဉ်ကျန်သေးတယ်ထင်တယ်

ဘယ်လိုလုပ်မလဲ စစ်နိုင်

လမ်းတဲ့

သူ့ ကိုယ်သူ တစ်ခြမ်းစောင်းပြီး မောင်းနေတယ်။



လက်သည်းကြားကို အလွမ်းစိုက်ပြီး တူနဲ့ ထုလိုက်တော့လည်း

တစ်ကိုယ်လုံးတုန်ရင်သွားတာက လွဲလို့ ။



မြင်နေကျ နက္ခတ်ဆီက

တံခါးပိတ်သံ ကြားလိုက်ရသလို

သိမ်းထားတဲ့ စံပယ်တစ်ချို့ 

အလိုမတူပဲ အလင်းဝင်ကြ

သေချာတယ် သူမ ကိုယ့်ကို ရန်သူမျိုးတစ်ပါးပါးနဲ့  လူမှားနေပြီ။



ဟိုမှာ မုဆိုးငိုက် ငိုက်နေတာ တွေ့ လား

အိမ်ပြန်ချိန်နောက်ကျ ဖျားနေတဲ့ ဓာတ်တိုင်

ကိုယ်သူ့ ကို အစာတွေ ကျွေးနေမိတယ်။

လန်ချားတစ်စီးဟာ ကိုယ့်ကို မနက်စာပါမုန့် တစ်လုံးလို ကြည့်နေတယ်

ကိုယ့်လက်ဖ၀ါးပြင်မှာထင်ရှားနေတာ အသက်ရှူမှားခြင်းတွေ

ကိုယ့်ကိုယ်ရွံရှာနေတာ ကိုယ့်ကဗျာထဲက မနက်ခင်းတွေ

ဖုန်းနံပါတ်အမှားတွေမှာပဲ အမွှေးတိုင်တစ်ချို့ ထွန်းမိတယ်။



ကိုယ်မလိုချင်ပါဘူး စစ်နိုင်

ဘယ်ကမ်းနားမှလည်း မထိုင်ဖြစ်ဘူး။



ဦးစစ်နိုင် သိလား

ချွန်မြနေတာပဲ

အသည်းကွဲတယ်ဆိုတာလည်း

သူ့ ဂျိုနဲ့ သူပဲ။



မီးမထွန်းပဲ ထ ထ လင်းနေတဲ့ ညရယ်

ယောင်ယမ်းဆွဲနှုတ်မိတဲ့ မျက်ခုံးမွှေးတစ်ချို့ ရယ်

ကိုယ့်ဆီ မပျက်မကွက် ဂါရ၀ပြုနေတဲ့ ညနေငါးနာရီရယ်

သူမ တံတွေးစွတ်ပြီးဖတ်သွားတဲ့ ကဗျာဆရာတစ်ယောက်ရယ်။



ကိုယ်အခြေအနေမကောင်းဘူး စစ်နိုင်

သူမ လမ်းပြောင်းပြန်ကြီးမောင်းနေတယ်။



- ညီဇံလှ  -


( ကဗျာဆရာ ညီဇံလှရဲ့ လက်ရာကောင်းလေးတစ်ခုပါ ။ ကျွန်တော်ကတော့ 
   အရမ်းကိုကြိုက်ပါတယ် ။ )

မြို့ ပြ နာ



လမ်းတွေက မှောင်သလို လင်းသလို ကွေ့သလို ကောက်သလို တစ်ခုခုလိုနေသလိုလို
ဖြတ်စီးသွားတဲ့ခေတ်က ငရဲသားဇာတ်ကားကို 3D နဲ့ ကြည့်ရသလို ရုပ်လုံးကြွ
နေတယ် နဲ့ သေတယ်ကြားမှာ နာတယ် သတ်တယ် ငတ်တယ် ပြတ်တယ် မျက်နှာလေးငယ်
ငယ်ငယ်တုန်းကလို အော်ငိုပစ်လိုက်ချင်တယ်လို့ဆိုပြန်တော့ ရေများရေနိုင် မီးများမီးနိုင်
မလာနိုင်တော့ပါဘူး ရေလဲမလာ မီးလဲမလာတဲ့အခါ အမှောင်ထဲမှာ တိတ်တိတ်ကလေးရယ်
ရပါတယ် သူ့ခေတ်ကိုယ့်ခေတ် ခင်ဗျားခေတ် ကျွန်တော့ခေတ် ခိုးခိုးခစ်ခစ်ရယ်သံကလေးတွေ
ကျယ်လာပြီ ၀တ်ထားတဲ့အကျီ င်္ဟာလောကဓံနဲ့ငြိလွယ် စွန်းထင်းလွယ်မို့ ရေခပ်မကြုံ ထင်းခွေ
ကြုံမှာပေါ့ ဒီလိုညမျိုးနောက်ထပ်ပေါင်းများစွာ ရွတ်စရာကဗျာနဲ့ ရိုက်စရာဂစ်တာနဲ့ နီယွန်မြို့ပြဟာ
သောကြာဂြိုလ်ဆီအလည်ရောက်လာလေဦးမလား မရောက်လာသေးတဲ့ပစ္စုပ္ပန်တစ်ခုခုဆီမှာ Outsider
တစ်ယောက်နဲ့စကားစမြည်ပြောဖြစ်လေဦးမလား ချစ်ခြင်းမေတ္တာကို အယုံအကြည်မရှိ
အဆိုတင်သွင်းလိုက်ဖို့ကြောက်နေတယ်( ထင်တယ် )တစ်ခုခုဟာကြောက်စရာအသွင်အပြင်မျိုးနဲ့
ဦးနှောက်ထဲဝင်ခုနေတဲ့အကြောင်းတရား စကားနောက်ကိုပါသွားလေမလား မပြောမဆို မားဆိုးနဲ့
လက်ဆွဲနှုတ်ဆက်လိုက်တယ် ငါးတစ်ကောင်ဖြစ်မလာသေးကြောင်း အေးချမ်းကိုပြောပြရဦးမယ်
မြို့ဟာအသက်ကြီးသွားမှရာထူးတိုးသွားကြောင်း ဒါမှမဟုတ် မြို့ဟာ အချိုမကုန်သေးကြောင်း
လူကြိုက်များတဲ့အသုံးအဆောင်တွေကို အန်ထုတ်ပစ်လိုက်ဖို့ သွေးပူလေ့ကျင့်ခန်းမရှိတဲ့နေရာမှာ
အနွေးဓါတ်ကလေးမပြတ်ရဖို့ ကော်ဖီပူပူလေးလဲရနိုင်သေးတယ် သိရှိခဲ့ရသမျှ ဟာ
စိတ် ရဲ့ ဆက်သွယ်မှုဧရိယာပြင်ပမှာ ရေဒီယိုသတ္တုကြွနေတယ် ရေဒီယိုသီချင်းလေး မငြီးဖြစ်တာ
ကြာပြီပေါ့ မှတ်မိပါဦးမလား ယဉ်ကျေးမှုကို ခေတ်ပေါ်သွေးနဲ့ ရူးပစ်ချင်တာပဲ သူလိုကိုယ်လို
အလွမ်းဓါတ်ခံလေးနဲ့ မြို့ပြတမ်းချင်းဟာအငွေ့မသေသေးတဲ့ စီးကရက်တိုအညို နဲ့ ကိုယ်နဲ့
လမ်းအဟောင်းထဲ ပြန်လည်အလင်းဝင်လာမဲ့ မနက်ဖြန် နဲ့ စိတ်ဓါတ်ထဲက အဆိပ်ဓါတ်ငွေ့တွေနဲ့ ။

- မင်းလုလင် -