Subscribe:

ကိုယ်ရေးကိုယ်တာမှတ်တမ်း

အခုတလော လက်သည်းတွေရှည်တာ မြန်မြန်လာတယ်

ညတွေက ညမှန်းမသိလောက်အောင် မှောင်မှောင်လာ

ဆူးတွေက နက်နက်ရှိုင်းရှိုင်း ထူထပ်လာတော့

ဆပ်ပြာပူဖောင်းဖြစ်ရတာ မလွတ်လပ်ဘူး

အရင်ကလို ဟစ်တလာ မဖြစ်ချင်တော့ဘူး

အရင်ကလို ဗင်းဆင့်ဗန်ဂိုး မဖြစ်ချင်တော့ဘူး

အရင်ကလို ဂျော့ကလူနေး မဖြစ်ချင်တော့ဘူး

အရင်ကလို သစ္စာနီ မဖြစ်ချင်တော့ဘူး

ကိုယ့်အိုးနဲ့ ကိုယ့်ဆန် ဆန့်သလောက်ပဲ

အားရင် ကဗျာရေးတယ်

အားရင်ကဗျာရေးတယ်

အားရင်ကဗျာရေးတယ်

ကျွန်တော့ တာဝန် အရေးသုံးပါးပေါ့

အခုတလော လက်သည်းတွေ ရှည်တာ မြန်မြန်လာတယ်

ငှက်တွေကို ကြည့်တယ်

ငါးတွေကို ကြည့်တယ်

ကိုယ့်ကိုကိုယ်ပြန်ကြည့်တယ်

လက်သည်းတွေတောင် တော်တော်ရှည်နေပြီပဲ

ဒါနဲ့ပဲ ...စိတ်တွေကို ညှပ်ပစ်လိုက်တယ်

ဟိုတစ ဒီတစ ပစ်စလတ်ခတ်..

အရင်ကလို ကောင်းကင်နောက်မှာ ဘာရှိမလဲ မတွေးတော့ဘူး

အရင်ကလို အိပ်ခါနီးတိုင်း ကဗျာမရွတ်တော့ဘူး

အရင်ကလို အနာဂတ်ဆိုတာ
ဘယ်နေ့ကိုပြောတာလဲလို့မမေးတော့ဘူး

ဒီလိုနဲ့ပဲ

လူတလုံးသူတလုံးတော့ဖြစ်လာပြီထင်တယ်

ဒါနဲ့ပဲ ..ကိုယ့်နှလုံးသွေးကိုယ် ဖောက်သောက်ကြည့်လိုက်တယ်

တားမြစ်ချက် တစုံတရာမပါပဲ ကြက်ခြေခတ်တွေ

ဖောဖောသီသီ ထွက်ကျလာ...

ကိုယ့်အရေပြားကို ပြန်ခြုံပြီး စနစ်တကျ ပြန်ထုတ်သိမ်းထားလိုက်တယ်

လက်သည်းတွေကတော့ ရှည်နေတုန်း...။

နှုတ်ခမ်းတွေက တဖြည်းဖြည်း အမဲရောင်သန်းလာပြီ

လူတလုံးသူတလုံးဖြစ်လာလို့ ထင်ပါ့

ပါးစပ်ကထွက်တိုင်းစကားမဟုတ်တော့ဘူး

ပါးစပ်က ထွက်တိုင်း မြှားချက်ထိ စပျစ်သီးတွေ ဖြစ်ဖြစ်လာတယ်

အကျအပေါက်များတဲ့ ကျို့တို့ကျဲတဲ ဓမ္မတွေဖြစ်လာတယ်

ရေမရှိတဲ့ ငါးတစ်ကောင်ဖြစ်လာတယ်

အစွယ်မပါတဲ့ ကျားသစ်တစ်ကောင်ဖြစ်လာတယ်..

လက်သည်းတွေကတော့ ရှည်လို့ကောင်းတုန်း...။

...............................................(မင်းလုလင်)

စိတ်ကောက်နတ်သမီး

သူ့မျက်ဝန်းလေးတွေက

လေမတိုက်တဲ့ ညနေခင်းတွေလို

သူ့နှုတ်ခမ်းလေးတွေက

လိပ်ပြာတောင်ပံပေါ်က လရောင်လို

သူကလေးပဲပေါ့

ကျွန်တော် ၀င်သက်ထွက်သက်ကို ဆေးဆိုးထား...

မျက်စောင်းလေး တချက်အ၀င့်မှာတင်

ကျွန်တော့ရပ်ဝန်း မိုးခေါင်သွားတယ်...။

........................................(မင်းလုလင်)

ဘ၀ကူးကောင်းအောင် ၀တ်တဲ့အရေခွံ

စပျစ်သီးတွေကိုအရည်ဖျော်သောက်လိုက်တယ်

ခါးရစ်ရီဝေ..

မနေ့ညက အိပ်လိုက်မိသလား..(မသေချာဘူး)

ဝတ်ထားတဲ့ အရေခွံကတော့ နွမ်းရိလို့

ပေါက်တူးကိုချ

ပေါက်ချွန်းကိုချ

လှလှပပဖြစ်ဖို့ဆိုရင် စိတ်တွေနဲ့ ထွန်ယက်မှရမယ်

မနေ့က....ခိုတွေအကြောင်းရေးတဲ့ ကဗျာတပုဒ်ဖတ်တယ်

မနေ့က....ဒေလီယာနဲ့ စကားစမြည်ပြောတယ်

မနေ့က....ကျောက်သင်ပုန်းတချပ်ဝယ်တယ်..

မနေ့က...

မနေ့ညက အိပ်လိုက်မိသလား

ဝတ်ထားတဲ့ အရေခွံကတော့ နွမ်းရိနေတယ်

ကောင်းကင်ယောင်ဆောင်ချင်တဲ့ ပန်းချီကားကိုဖြုတ်ချပြီးရင်

ကိုယ့်တွင်းကိုယ် နက်နက်ကလေးဆက်တူး

ဘ၀ကူးကောင်းဖို့...။

ဒီလိုနဲ့

ပြောကြတာပါပဲ

ရင်ဘတ်ပေါ်ဆွဲတင်ကြည့်တော့မှ လက်တံတွေကို အတိုအရှည်မညီဘူး

မနေ့က

မုန်တိုင်းမိတဲ့စကားသံတွေမှာ

စက္ကန့်တံမပါဘူး.....တယောထိုးသံမပါဘူး

ကိုယ့်တွင်းကိုယ် နက်နက်ကလေးဆက်တူး

ဘ၀ကူးကောင်းဖို့...။

အမဲရောင် ခြေထောက်တွေကို တံဆိပ်တပ်

မျက်နှာပေါ် ကန့်လန့်ဖြတ် ဆွဲချ

မျက်စောင်းထိုးသံဆုံးရင် မိုးရွာမယ်ထင်လို့

ကိုယ့်ဆံပင်ကိုယ်မိုးပြီး

စိုရွှဲနေလိုက်တယ်...(တစ်ယောက်တည်း)

မညီမညွတ်ဖြစ်နေတာလဲကြာပေါ့

မနေ့က......ပင့်ကူတစ်ကောင်နဲ့ ရန်ဖြစ်တယ်

မနေ့က......ကြွေကျလာတဲ့ သစ်ရွက်တွေကို မီးသဂြိ င်္ုလ်တယ်

မနေ့က........ဗုံသံမပါတဲ့ သီချင်းတပုဒ်နားထောင်တယ်

မနေ့က...

မနေ့ညက အိပ်လိုက်မိသလား

ဝတ်ထားတဲ့ အရေခွံကတော့ နွမ်းရိနေတယ်

ကိုယ့်ကိုကိုယ် ကြည့်ရှစောင့်ရှောက်ဖို့

သူငယ်အိမ်က ကျဉ်းလွန်း

အစွယ်တွေက တိုလွန်းနေတော့

ကိုယ့်တွင်းကိုယ် နက်နက်ကလေးဆက်တူး

ဘ၀ကူးကောင်းဖို့......။။။။

..................................................(မင်းလုလင်)

လွမ်းလို့ရေးတဲ့ကဗျာ

နင့်ညနဲ့ ဆန့်သလောက်ပဲ အိပ်မက်ပါ...ဒေလီယာ

လတပြိုက်နှစ်ပြိုက်သာရုံနဲ့

ညရဲ့ အရောင်က လဲ့ဖြာမလာနိုင်ဘူး

တကယ်တော့ ဘ၀ဆိုတာ အဖြူအမဲ ပန်းချီကား တချပ်ပါ

နင်သိခဲ့ရဲ့လား ...ဒေလီယာ

အလွမ်းအကြောင်းပြောကြမယ်ဆိုရင်

ငါ့အသံတွေ ကျီးပြိုနေခဲ့တယ်ဆိုတာ....

နင်ခြွေချလိုက်တဲ့ပန်းတပွင့်ရဲ့ငိုသံကို

နင်မကြားမိဘူးထင်ရဲ့

ငါအုပ်မိုးပေးခဲ့တဲ့ အရိပ်တခြမ်းက

ငါ့တကိုယ်စာတောင်မလုံခြုံနိုင်ဘူးဆိုတော့

နင်ကိုယ်တိုင်ပဲ မိုးပါ..ဒေလီယာ

ငါကတော့....

နေ တရစ် လ တရစ်နဲ့ နွမ်းတယ်...။

နင်လဲ နင့်လမ်းနင်လျှောက်

ငါလဲ ငါ့လမ်းငါလျှောက်

မတော်တဆများ ဆုံမိကြရင် ငါခေါင်းငုံ့ထားမယ် ဒေလီယာ

နင်ကတော့ ခမ်းခမ်းနားနား ပွင့်ဝေပါ...

နင်က ကောင်းကင်ခြုံထားတဲ့ အလင်းသစ်

ငါက မိုးမိခဲ့တဲ့ စက္ကူလှေ

တစ်ယောက်စီ တစ်နေရာစီ တဘ၀စီ

ငါ့ဝဋ်နဲ့ငါ လွမ်းတတ်သလောက် လွမ်းပါရစေ.... ဒေလီယာ

ကိုယ့်နှလုံးသွေး ကိုယ်ဖောက်သောက်ရင်း

ငါ အနက်ရှိုင်းဆုံး ကျိမ်စာတစ်ခု ရွတ်မယ်

ငါ့ကို မုန်းလိုက်ပါ ..

နင့်နှုတ်ခမ်းတချက်အလှုပ်နဲ့တင် ငါ့ကို ပစ်စလက်ခတ် မုန်းပစ်လိုက်ပါ....ဒေလီယာ

နင့်နက္ခတ်တွေတထပ်ချင်း ခင်းရင်း

ငါ့ကို ရိုးရိုးသားသား မေ့ပစ်လိုက်ပါကွယ်....။

ဖေဖော်ဝါရီအတွက် ရိုးလွန်းတဲ့ ကဗျာ



အိုင်ယာလန်မလေး…
မြန်မာသွေး မစစ်တဲ့  မြန်မာပြည်ကို..ချစ်တဲ့ ကောင်မလေး
စကပ်ကလေးနဲ့ လှ…
သွားလေရာမှာ ခြေကျင်းလေး ငါဖြစ်မယ်




မြောက်လေတွေပျံ့ သင်း
နဂါးတွေရဲ့ ခံတွင်းဝကနေ
လကွေးကွေးလေးနဲ့ ဆွေးနေမယ်



စံပယ်ပန်းလေးကိုပန်
ဘ၀အမှန်ကိုမေ့ ကွယ်


ပါးကွက်ကြားလေးနဲ့ ငါ့ရာဇ၀င်ကိုချီ
တေးတွေလည်းသီပေးမယ်


ချည်ချောထမီလေးနဲ့ ယဉ်
မြန်မာလိုပြော….
ငှက်တွေကူးခတ် ..ငါးတွေပျံသန်း
တယောအိုတစ်လက်.....နဲ့ 
ဧဒင်ဥယျာဉ်ကြီးမှာ ပန်းပုခက်လည်းစီးကွယ်



အနီရောင်မြို့ ပြထဲကျေးလက်ပုံစံနဲ့ …
ဘာဖြစ်သေးလဲကွယ်…
လေထဲက… ရဲတိုက်ကြီးကိုဆွဲထုတ်
နင်က ဘုရင်မလုပ်
ငါကအိပ်ဖန်စောင့်လုပ်မယ်



နင့် ..လက်ဖျားထိပ်မှာ
ကြယ်တွေ ပွင့် …..
နတ်ဘီလူးတွေစစ်လက်နက်တွေချ
ခေါင်ရမ်းတစ်ပွင့်ပျိုးလို့ ..နှင်းဆီပွင့် တဲ့ …
မှော်ရာသီမှာ …ရင်ဘတ်ထူထူနဲ့ 
မာနရူး…ရူးနေတဲ့ ….
ငါ..ဟာ အဆိပ်ဆူးလည်းဖြစ်ချင်တယ်



လှပြီးသားကွယ်….
သနပ်ခါးလေးနဲ့ လည်း….
ငါ့ အိမ်မက်တွေကို နင်..ပိုင်တယ်


ကတ္တီပါဖိနပ်လေးနဲ့ …
ပုသိမ်ထီးကလေးကိုဆောင်း
နတ်လုလင်တို့ ဗျတ်စောင်းကိုတီးကြ
ပွင့်သောပန်းတိုင်းလည်းလှစေ


ကျေးတောသူတတ်တဲ့ ပဉ္စလက်နဲ့ 
ပင်လယ်ကြီးကို မျှားကြစို့ 
သောကြာနေ့ မှာ စနေနံ အင်္ကျီကြီးမ၀တ်နဲ့ 
တိုးတိုးလေးပဲပြောပါကွယ်....
တိတ်တိတ်ကလေးနားထောင်မယ်....


ကန္တာရင်ဘတ် ကြက်ခြေခတ်တွေတလက်လက်နဲ့ 
ရေငတ်နေတာကြာပေါ့ ....။
အိုင်ယာလန်မလေးရေ....
ညောင်ရေအိုးထဲက ရေတစ်စက်နဲ့ ....
ငါ့ အသက်ကို ဆက်ပါ ....။


မြူမှုန်တွေကျဲပက်...
ရာဇ၀င်အထပ်ထပ်နဲ့ ...
ဟင်းလင်းပြင်မှာညပ်နေတဲ့ ...ဓါးတစ်ချောင်း
ငါ... မနေ့ ကအင်္ကျီကိုပြောင်းပြန်..ပြန်ဝတ်တယ်


ကာရန်မညီလဲ...ချစ်ပါရစေ
အိုင်ယာလန်မလေးရေ....။
နင့်နာမည်ခေါ်ရတာခက်တယ်....
နှင်းဆီနက်လို့ ပေးထားမယ်...
နာမည်ပေး ကင်ပွန်းတပ်ကို...
(၁၃) ရက်နေ့ မှာလုပ်မယ် ..... ။
(၁၄) ရက်နေ့ မှာ နင့် အတွက်ဆိုပြီး...
ဒီကဗျာကို ငါရေးမယ်.......။


ရင်ခွင်ရှိန်း


.......ရင်ခွင်ရှိန်
းရဲ့ ကဗျာလေးပါ ....ကျွန်တော်အကြိုက်ဆုံးတွေထဲက တပုဒ်ပေါ့.......


...........

ဆောင်းတစ်ခုရဲ့ အလွန်

နှင်းရိပ်တွေတသွင်သွင်နဲ့ 

နေပီပီမလင်းတဲ့ နံနက်ခင်းတစ်ခု

နင့်ကိုစောင့်ရင်း ဘုရားမှာ ငါဆုတောင်းမယ်

အချစ်ဆိုတာ ဘယ်သူမှမပိုင်ဆိုင်တဲ့

ကောင်းကင်လက်ဆာင်ပါကွယ်။



ဆန္ဒရဲ့  ရောင်နီဦးတွေနဲ့ 

နီလွင်ထစ်ချူန်း

မသိခြင်းဥတုရာသီထဲက

ကမ္ဘာဦးတစ်နေ့ ဟာ

ငါ့ရစ်သမ်တွေကို ခါးခါးသီးသီးငြင်းပယ်ပစ်ခဲ့တယ်။

ဗီးနပ်စ်ဆိုတာ တစ်ချို့ လူတွေအတွက် စေတန်ပါပဲ။



ငါဆိုတဲ့ကောင်က မိုးမြေသက်တန့် အလယ်

ချစ်သူကို ထည်ဝါစွာ တင်မြှောက်ခစားချင်တဲ့

ပူအိုက်အိုက် ပုစဉ်းရင်ကွဲဂီတပါ..။



လျှပ်ဝါ မီးပန်းတွေနဲ့ 

မှိုင်းပြာရီဝေနေတဲ့

သစ်ရွက်စာ တစ်အုပ်သာ ကျန်ခဲ့ပါစေ......

အရာရာဟာ ဈာပန သာ ဖြစ်စေသားကွယ်။

...............................(-နေ့ သစ်)


နေ့သစ်ရဲ့ ထိုနေ့ကဆိုတဲ့ အက်ဆေးလေးထဲက ကဗျာလေးပါ ခွင့်မတောင်းမိတဲ့အတွက် ညီငယ်နေ့သစ်ကို

ဒီကနေပဲ တောင်းပန်လိုက်ပါတယ်....။

သစ်ရွက်ကလေးသို့ နောက်ဆုံး အနမ်း

အချိန်တွေက တဖြည်းဖြည်း အညိုရောင်သန်းလာတယ်

တစက္ကန့်.....ပြီး.....နောက်တစ်စက္ကန့်

ဝေးရမယ်ဆိုတော့လဲ ကိုယ့်ဗီဇက မခမ်းနားနိုင်တော့ဘူးလေ

ကကြိုးပျက်ခဲ့တဲ့ ရုပ်သေးရုပ်လို

ကိုယ့်အသွေးအသားနဲ့ကိုယ် ကြိုးမိန့်ကျသွားတယ်


ငါ့ရဲ့ သစ်ရွက်ငယ်လေးရေ...

တိုးတိတ်တိုက်ဆိုင်စွာ နင်ကြွေခဲ့တဲ့နေရာက

ငါ့ရင်တည့်တည့်ဖြစ်နေခဲ့တော့...

.................................................



ငါ့ကိုယ်ငါ တံခါးလုပ်ပြီး

နင့်အတွက် ဖွင့်ထားပေးလိုက်တယ်

သွားလိုရာသွားပါတော့ သစ်ရွက်လေးရေ...



ပြက္ခဒိန်တွေကို ခေါက်သိမ်းပြီး

ငါ့သမိုင်း တပိုင်းတစ

နင့်ဘ၀အတွက် ရေမျောကမ်းတင် သံယောဇဉ်တောင် ကျန်မနေပါစေနဲ့

နင်သိမ်ငယ်မှာ စိုးလို့ပါကွယ်



ရာသီအသစ်အသစ်တွေရဲ့ တောက်ပမှုနဲ့

နင်ပြန်လည် ပွင့်ဖူးပါ သစ်ရွက်ငယ်

ရေလောင်းပေါင်းသင်ဖို့မေ့လျော့ခဲ့တဲ့ ဥယျာဉ်မှူးအတွက်

ပန်းပွင့်လေးကို ခူးဆွတ်ဖို့ဆိုတာ ...........

..................................................



လေပြေတွေကို လိမ်းခြယ်ရင်း

နေရောင်ခြည်ကိုသောက်သုံးရင်း..

ငါ့ကိုမေ့ထားခဲ့ပါကွယ်....



လရောင်စိုစိုတွေကို ရှူရှိုက်ရင်း

လေချွန်သံလှလှလေးတွေကို ဖန်တီးရင်း

ငါ့ကိုမေ့ထားခဲ့ပါကွယ်....



ဂီတသံတွေကို နားစွင့်ရင်း

တိမ်တွေကိုငေးမောရင်း

ငါ့ကိုမေ့ထားခဲ့ပါကွယ်...



....ငါ့ကို.....မေ့.....ထား.......ခဲ့......ပါ.......ကွယ်........။