Subscribe:

အိမ်ဝေး


ဒီညလဲ ကြယ်တွေမစုံဘူး။
ဘယ်လမ်းခွဲထဲမှာအိမ်ရှိမလဲ
ပလက်ဖောင်းဟာ ကိုယ့်ညကို တစ်ရေးသိပ်တယ်
တိုးတိုးလေး  .... တိတ်တိတ်လေး
အိပ်ပျော်နေတဲ့ ညရဲ့ နံဘေးမှာ ကိုယ်ဟာ
ကြယ်အကြွေတွေကို ငေး
ဟိုး . . . ဝေးဝေးက အိမ် ဆီ အလန့်တကြား ဖက်တွယ်ထားမိ ။

မနှိုးနဲ့
သူနိုးလာရင် မေမေ မရှိဘူး
မနှိုးနဲ့
သူနိုးလာရင် ဖေဖေ မရှိဘူး
သူမရှိတဲ့ အိမ် သူ့ဆီမှာရှိမနေဖို့ ဝေးရတယ်  ။

ကြယ်အကြွေကလေးထဲမှာများ အိမ်ရှိနေမလား
ကြယ်အကြွေလေးနဲ့များ အိမ်ကဆောက်ထားတာလား
စိတ်အလျင်တွေကအစ ကျုံ့ကျုံ့လာတယ်
အိမ်ကိုလက်ဖျံထဲထည့်ချင်တဲ့ ဝေဒနာ
( မဟုတ်ဘူး ) ( မဟုတ်ဘူး )
ဒါဏ်ရာဟာ လက်ဖျံရိုးထဲက ထွက်ကျလာတာ
အိမ်ကလေးထဲ မိုးတွေ ရွာနေမလား
အိမ်ကလေးထဲ နှင်းတွေ ဝေနေမလား
ရာသီဥတုတွေရဲ့အဆုံးအထိ ပြေးကြည့်တော့လဲ
အိမ်ကလေးကို မမြင်ရဘူး
အတွေး နဲ့ အတွေး နဲ့ အတွေး နဲ့
ဝေး ချင် တိုင်း . . . . . ဝေး  ။

ဦးထုပ်တစ်လုံးထဲမှာလား
စားပွဲခုံရဲ့ နောက်ကျောဘက်မှာလား
ကမ္ဘာကျော်မျက်လှည့်ပညာရှင် ရဲ့ လက်ထဲ
အိမ်ကလေး ပါသွားတာမျိုးလား
မျက်ရည်တွေနဲ့ ကွယ်သွားတာမျိုးလား
ယိုယွင်းနေတဲ့ မနက်ဖြန်မနက်
အိပ်ယာဘေးတဖက် ယောင်ယမ်းကြည့်မိတော့
မနက်စာနွေးနွေး ဟာ သွေးဆုတ်ဖြူလျော်လို့  ။

ဖိနပ်မပါလည်း အိမ်ပြန်ချင်တဲ့ စိတ်မျိုးနဲ့
မြေပုံမပါလည်းအိမ်ပြန်ရဲတဲ့စိတ်မျိုးနဲ့
သံလိုက်အိမ်မြှောင်ညွှန်ပြရာအရပ်မှာ
ခပ်စုတ်စုတ် မျှော်လင့်ချက်လေး ရှိမယ်
အရောင်ဟာ ပေရေ ညှို့မှိုင်း
စိုထိုင်းစပြုလာတဲ့ အလင်းတ၀ိုက်မှာ
ဒီညစာ ဘယ်သူ့မျက်နှာကြည့်ပြီးစားမလဲ
ဘယ်အရပ်မျက်နှာမှာကော အိမ်ရှိနေမလဲ
ကန်ထွက်သွားတဲ့ အလျင်ဟာ
ပြန်လည်တူးဖော်ခွင့်မရှိတော့တဲ့ ပြက္ခဒိန်အဟောင်းတွေဆီ
ဦးတည်ရာမဲ့ ကုန်းဆင်းအတိုင်း လိမ့်ဆင်းသွားတဲ့အထိ . . . . . ။

အိမ်ကလေးဟာ ကိုယ့်ဆီ ပြန်မလာဖြစ်သေးဘူး
ကိုယ်ဟာ အိမ်ကလေးဆီ ပြန်မလာဖြစ်သေးဘူး
တနေရာရာမှာ အိမ်ကလေး ရှိနေဦးမယ်
တနေရာရာဆီမှာပဲ ကိုယ်ရှိနေဦးမယ်  ။

မိုးတွေရွာတုန်းကပေါ့
ပုရွက်ဆိတ်လေးတွေဟာ တွင်းဆီ အပြေး
ငှက်ကလေးတွေက အသိုက်ဆီ အပျံ
ကိုယ့်တစ်ယောက်တည်း အထီးကျန်နေရ
မိုးတွေရွာတုန်းကလေ
မိုး နဲ့ ကိုယ် နဲ့ ချော်လဲရောငို ။

မနှိုးပါနဲ့
ညဟာ ကိုယ့်ဘေးမှာ တိတ်တိတ်လေးအိပ်နေ
ကိုယ်မရှိတဲ့ အိမ်လေးထဲ အိမ်မရှိတဲ့ ကိုယ်
ခိုး ခိုးပြီး ငေး  တိုးတိုးလေး ဆွေးတယ်
ဘယ်သူမှ မသိလိုက်ပါဘူးကွယ်

မနေ့ကလေ
အိမ်ကလေးဟာ ကိုယ့်ဆီပြေးလာခဲ့
မနက်ဖြန်ကျရင်ရော
အိမ်ကလေးဆီ ကိုယ်ပြေးသွားနိုင်ပါ့မလား
မေးခွန်းဟာ အလန့်တကြား ကိုယ့်ကို လှုပ်နှိုးလိုက်တယ်
အိပ်မက်ထဲ အိမ်ကလေးဟာ ၀ိုးဝိုးဝါးဝါးသာ ကျန်နေခဲ့ရပေါ့ ။

| နေပိုင် | မင်းလုလင် |

ဤတွင် သတင်းများကို သင်းတို့ ကြေညာခြင်း ပြီးလုပြီးခင်



ကြားဖူးတဲ့အခါ နားဝမှာ မြဲတယ် ဆို အပို အလို မရှိတဲ့ နေရိပ်အညို သစ်ပင်
တိုမှာ နားနေတဲ့ နံငယ်ပိုင်းနဲ့ အကို ချွေးစိုစို လေပြိုတာထက် တောင်ကြီးကို
ဖြို   ငို  ခါးမသန်တော့ဝှီးချဲပေါ်ထိုင်သွားရတဲ့ လူအို  ပျိုချင်နေသလိုလို ဟန်ကိုယ့်ဖို့
အဆို ယိုစုံကို နှုတ်ခမ်းမှာတပ်ပြီး ငေးနေတဲ့ အပျို မှောင်ပြီဆို သူ့တရားကို သူ
ကျစ်ကျစ်ပါအောင်ပိုက် အနှိုက်မလွတ်တဲ့ ကံစမ်းမဲ မရဲတရဲ  ကျွဲပြဲ
ပေါ်က သရဲလက်ထဲ ဝေ့၀ဲသွားပြန်တဲ့အခိုက် Night ခပ်နစ်နစ်စိုက်တဲ့ Knife
မိုးထဲ လေထဲ ဆိုးဆဲ ပေဆဲ သရဲ ပုဆိုးအသာစွဲပြီး ဆေးဆိုးပန်းရိုက် က
ခိုက် ဒုတ်စွဲဓါးစွဲ တိုက်မယ်ဆိုတဲ့သူတွေ အထုတ်ကလေးအသာပိုက် ငိုက်မနေရအောင်
ပိတ်ထားပြန်တဲ့ တိုက်  ငါးထပ် ခြောက်ထပ် ပါတယ်ဆိုတဲ့အပျိုတသိုက် သူ့ထက်သူ
လင်နောက်လိုက် စရိုက် တခါစိုက်ရင် တသက်လုံးခံပါတယ် သွားရမ်းကု ကျင်ဟိုက်
ကြောင် တောင် နှိုက်  နို့မပြတ်သေးတဲ့သားပေါက်ကလေးတွေ တစာစာအော်ငိုခိုက်
ကြက်ဆူပင်တွေ ညွှတ်နေအောင်စိုက်  မယားမရှိတဲ့  နိုက် ကလပ်ပေါ်တင်ထားတဲ့
မုန့်လုံးရေပေါ်တွေ ၀င်ကိုက်သူကိုက် ရိုက်မှုတဲ့ ကြာကြာမနေလိုက် ပဒေသာပင်စိုက်တော့
ရုံးက ပြုံးပြလိုက် အဆုံးမရှိတဲ့ ၀ရုန်းသုန်းကားတွေ သုံးလိုက် ဖြုန်းလိုက် ဆရာကြိုက်
အနေတတ်တော့ လေလာရာလှန်ထားတတ်တဲ့ ဆိုဒ်  အပေါ်တက်လိုက် အောက်ဆင်းလိုက်
ဆန့်ငင် ဆန့်ငင်ဖြစ်ရရှာတဲ့ အရိုက် သူတို့အဆိုမှာ ငမိုက် သားလေးပြန်လာမလား မျှော်
နေလိုက် ထိုင်လိုက် ထလိုက် သွားလိုက် ဒါကိုပဲဗီဒီယိုတွေ ရိုက်  အေဆိုဒ် ဘီဆိုဒ် မရှိတော့တဲ့
Drive ထဲမှာ လုံးချာလိုက် ကွေးလိုက် ဆန့်လိုက် မသိတဲ့ ဂိုက်နဲ့ ဘီယာပုလင်းကို ကိုက်
ဝေလိုက် ၀ါးလိုက် Night သန်ချဆေးမတိုက်နိုင်လို့ နာနေတဲ့ ကလေးရဲ့ဗိုက်
ငိုလိုက် အဆိုကြိုက်တဲ့ အစ်ကိုကြီးက ဆင်ဖြူတသိုက် ဝေဖြာသွားခိုက်
ဒီစရိုက် အမှိုက်တွေ နဲ့ မှောင်မိုက် နေတိတ်တာတောင် ပူစပ်ပူလောင်ဖြစ်နေသလိုလို  နီးလာလိုက်
နီသွားလိုက် နွမ်းနေတဲ့ အနမ်းတွေ ချွေးတပြိုက်ပြိုက်  ဆို  နေညိုတိုင်း ခိုးခိုး ငို
ဒီလိုနဲ့ အို  . . . မိဘမဲ့ဂေဟာက အပျို  သားသမီးမဲ့ဂေဟာထဲမှာ  မန်းတောင်ရိပ်ကို မခိုမိလို့
အသက်ကလေးရယ် တို  . . . . . . ဤတွင် သတင်းများကို ကြေငြာလို့ ပြီးပစ်လိုက်ပါပြီ ။

- မင်းလုလင် -

ခင်ဗျားနာမည်နောက်က ကွင်းစကွင်းပိတ်ထဲမှာ ကွယ်လွန်ရှိတယ် ကိုဘခက်



ခင်ဗျားကိုခင်ဗျားပြန်ရလိုက်တဲ့နေ့က ပြက္ခဒိန်မှာဘာသင်္ကေတနဲ့လဲ ကိုဘခက်
- လည်ချောင်းထဲကဖြတ်ဆင်းသွားတဲ့အောက်ဆီဂျင်ကို မီးခိုးငွေ့တွေနဲ့
  မျောချပစ်လိုက်တာပဲလား ခင်ဗျားပြောတဲ့ လူငယ်ပန်းချီကားတချပ်ပဲလား
  မနေ့ကညနေဆီကိုရောက်ခဲ့သေးလား မိုးကိုမျှော်တုန်းပဲလား ရမ်ကော်ဖီ
  သောက်တုန်းပဲလား ( ခင်ဗျားပြောနေကျ ) စောက်သုံးမကျတဲ့ငတုံးတွေချည်း ကြီး
  စိုးနေတုန်းပဲလား သွေးကြီးကြီးနဲ့ပဲလား ဖြတ်လမ်းကကြမ်းတုန်းပဲလား မနက်ဖြန်ဆီ
  ဖုန်းခေါ်နေတုန်းပဲလား မျက်ရည်တွေစိုနေတုန်းပဲလား လေတွေပြိုနေတုန်းပဲလား
  နေ့ နဲ့ ည ရဲ့ အလယ်ခေါင်မှာရပ်နေတုန်းပဲလား မှတ်တိုင်ကျော်နေတုန်းပဲလား
  ဝေးသွားတဲ့အခါသီချင်းကို ရေနွေးကြမ်းနဲ့မြည်းနေတုန်းပဲလား မီးခြစ်မေ့နေခဲ့ပြန်ပြီလား
  အသံတိတ်ရုပ်ရှင်တွေကြည့်ဖြစ်သေးလား ငါးမျှားခြင်းဟာတက်ကြွမှုကိုဆိုးရွားစွာထိ
  ခိုက်နေတုန်းပဲလား အိပ်မက်နဲ့အဆက်အသွယ်ရသေးလား နီယွန်မီးရောင်ထဲ
  စီးကရက်အစီခံတွေထိုးစိုက်နေတုန်းပဲလား ပင်လယ်ဆီရောက်ဖြစ်သေးလား
  ခံစားမှုဝါဒီပဲလား ခင်ဗျား သွေးအေးသတ္တ၀ါ ဖြစ်နေပြီလား . . . လား . . . လား
  လား . . . လား . . . လား . . . လား . . . လား . . . လား . . . လား . . . လား -

အဲ့ဒါပဲ ကိုဘခက်
အညိုရောင် ညနေအနာ
သွေးမထွက်ဘူးဆိုပေမဲ့ သတိရတိုင်းနာတယ် ။
ကွင်းဖွင့်ပွဲမှာလဲ ခင်ဗျားတစ်ယောက်ထဲ ။
ကွင်းပိတ်ပွဲမှာလဲ ခင်ဗျားတစ်ယောက်ထဲ ။

မနက်ဖြန်ကျရင်စောစောရောက်နေဖို့ ဒီနေ့ကတည်းကမပြန်တဲ့စိတ်ဟာ သွေးတိုး
နေ့ဖို့ညစာချန်ထားခဲ့ပြီးရင် အလျှင်လိုတဲ့သူတွေလဲ လမ်းအိုထဲဝင်သွားကြပေဦးမှာပေါ့
အဲ့ဒါကို ဖြတ်လမ်းလို့ ခေါ်လေမလား ကိုဘခက် ဖန်ခွက်ချင်းတိုက်တဲ့အနုပညာမှာ
ခင်ဗျားကမွေးရာပါအနာ အဲ့ဒီညနေတ၀ိုက်ထဲ အရောင်တွေပစ်ထည့်ထားခဲ့ဦးဗျာ
အဖြူဖြစ်ဖြစ် အမည်းဖြစ်ဖြစ် ဒါမှမဟုတ် ခရမ်းရောင်ကျောပိုးအိတ်လေးတစ်လုံးဖြစ်ဖြစ်
ခင်ဗျားနာမည်အနောက်က ကွင်းစကွင်းပိတ်လေးပဲ ဖြစ်ဖြစ် ။

- မင်းလုလင် -